Chapter : 111

12.1K 1.1K 228
                                    

Unicode

မယ်တော်ကြီး၏တိုက်စစ်

______________________

​အရီးတော်​၏ ခဲအိုဟောင်းဖြစ်သူ သျှသိမြို့စားသည် လွန်ခဲ့သောလေးနှစ်ကျော် နန်းသိမ်းသည့်ကိစ္စ ပြီးစီးကတည်းက နိုင်ငံ့သစ္စာဖောက်မှုဖြင့် သေဒဏ်ပေးအပ်ခြင်းခံလိုက်ရသူ ဖြစ်သည်။

ထို့ကြောင့် သူအပိုင်စားရခဲ့သော သျှသိမြို့ကို မြို့စားအသစ်လက်ထဲ အပ်နှံလိုက်ရလေသည်။

ထိုမြို့စားအသစ်မှာ တခြားသူမဟုတ်။ နန်းတော်ကိုပြန်သိမ်းရာတွင် မင်းသားဘရဏသူဘက်မှ တိုက်ခိုက်ပေးခဲ့သည့် တပ်မှူးစိတ္တပင်ဖြစ်​၏။

တပ်မှူးစိတ္တသည် ကျိန်စာနှင့် အင်းအိုင်ကွက်များကို အလွန်တရာကျွမ်းကျင်သူဖြစ်ပြီး မှော်နက်စွမ်းအင်များအကြောင်းကိုလည်း နှံ့စပ်သူတစ်ယောက်ဖြစ်သည်။ မြားရေးတွင်လည်း အတော်ဆုံးလေးသည်တော်ထဲ တစ်ဦးအပါအဝင်ဖြစ်​၏။ တပ်မှူးစိတ္တနှင့် ယုဂန်သည် သန္နီးစစ်ပွဲတုန်းက တွေ့ဆုံခဲ့ကြရာ အထိုက်အလျောက်သိကျွမ်းခဲ့ကြသည်။

အသက် ၃၅ နှစ်မျှရှိပြီဖြစ်သော တပ်မှူးစိတ္တသည် လူပျိုကြ်ီးတစ်ဦးဖြစ်သလို အနေအေးပြီး၊ လိုအပ်မှသာ စကားပြောသောသူဖြစ်မှန်း တပ်မှူးစိတ္တနှင့်တွေ့ဆုံစဉ်အခါက ယုဂန်ကောက်ချက်ချမိသည်။ သူဟာ အတိုက်အခံဆွေးနွေးသည်မျိုးမပြုတတ်ဘဲ သူ​၏ထင်မြင်ချက်၊ ယူဆချက်များကို တစ်ဖက်လူနားလည်အောင် လေသံအေးအေးနှင့်ရှင်းပြတတ်လေ့ရှိသည်။ ထို့ကြောင့် တပ်မှူးစိတ္တကို စိတ်ခုသူ၊ အမြင်မကြည်သူဟူ၍ နန်းတွင်း၌မရှိပေ။

ထိုကဲ့သို့သော သျှသိမြို့စားအသစ် တပ်မှူးစိတ္တသည် တန်ခူးလကုန်၍ ကဆုန်လသို့ အကူးအပြောင်းကာလ၌ မင်းသားအရုဏနှင့်လာရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် လက်ဆောင်ဘဏ္ဍာများ ဆောင်ကြဉ်းလာကာ မင်းသားအရုဏ​၏လုပ်ဆောင်ချက်များကို ထောက်ခံကြောင်း၊ စိတ်ဓာတ်နှင့်ခံယူချက်များကို လေးစားကြောင်း စသဖြင့် လေသံအေးအေးနှင့် ချီးမွမ်းစကားဆိုသည်။ နောက်ဆုံးတွင် မင်းသားအရုဏ​၏လက်အောက်သို့ ဝင်ရောက်လိုကြောင်းပါ ပြောလေသည်။ သစ္စာရေတိုက်ကျွေးသောအခါတွင်လည်း တုံ့ဆိုင်းခြင်းမရှိ သောက်သုံးသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now