Chapter : 120

10.4K 997 192
                                    

Unicode

ထောင်ချောက်အတွင်း သက်ဆင်းခြင်း
__________________

ယနေ့ မနက်ခင်းကလေးသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးချမ်းချမ်းရှိလှပေ​သည်။

ဟိုးအမြင့်တစ်နေရာမှ တိမ်တိုက်များက အိကျဆင်းကာ မိုးရွာတော့မည့်အသွင် မှိုင်းမှိုင်းအိအိဖြစ်နေသည်။ သို့ရာတွင် အလုံးစုံ မိုးမည်းမှောင်ကျနေခြင်းလည်းမဟုတ်။ မိုးအုံ့နေသည်မှာ တစ်ကွက်စာမျှသာဖြစ်ပြီး ကျန်သောတိမ်တိုက်လှေ​၏ခပ်ဝေးဝေးအစွန်းတွင်တော့ မနက်ခင်းနေရောင်ဖြာနေသောကြောင့် တိမ်​၏အနားသတ်ဟာ ငွေရောင်လင်းလျက် အပြာနုရောင်သန်းနေလေသည်။

ခဏနေသော် လေအဝှေ့ကြောင့် မိုးတိမ်ရွေ့သွားသည်။ တိမ်ကြားမှ နေရောင်ခြည်ကလေးက သူ​၏အခန်းထဲသို့ ချွန်မြစွာစီးကျလာသည်။

သူ နေရောင်ခြည်အောက်တွင် တည့်တည့်မတ်မတ် ရပ်လိုက်သည်။ နေရောင်ခြည်ကလေးက နွေးထွေးလှချည်တကား။

သူ ပျော်ရွှင်စွာတွေးရင်း အရှေ့တည့်တည့်ရှိ မှန်ကိုကြည့်လိုက်သည်။ သန့်ရှင်းကာ ကြည့်ကောင်းနေသော သူ​၏ပုံရိပ်ကို မြင်ရသောအခါ သူသည် ဖောင်းဖောင်းအိအိပါးကလေးနှစ်ဖက် လုံးတက်သွားသည်အထိ တောက်ပစွာပြုံးလိုက်မိသည်။

တစ်ခါမှ မနက်ခင်းစောစောစီးစီး ဒီလောက်စိတ်အေးချမ်းပြီး ပျော်ရွှင်နေမှုကို သူမခံစားဖူးရပေ။ အစက ဥတ္တရကိုရောက်လျှင် မွေးရပ်ကိုလွမ်းပြီး မပျော်မရွှင်ဖြစ်ရမည်ဟု ထင်ခဲ့ဖူးသည်။ အခုတော့ စိတ်ပျော်နေတာများ မနက်ခင်းနေရောင်ခြည်ကတောင် သူ့အတွက်ပဲ ကွက်နွေးပေးသလို ခံစားနေရသည်။

ထိုသို့ အခွင့်ထူးခံလူတန်းစားပမာ ခံစားရသည်မှာလည်း အကြောင်းရှိသည်။

ခုနလေးကမှ အစေခံတစ်ယောက်လာပြောသွားတာ။

"မင်းသားပီယံမိတ်က မနက်ခင်းပွဲတော်စာ အတူတည်ခင်းဖို့ ဖိတ်ခေါ်ထားပါတယ်" တဲ့။

ထိုစကားကြားကြားချင်း သူဘယ်လောက် ပျော်ရွှင်ရင်ခုန်သွားမှန်း မပြောတတ်လောက်အောင်ပေ။ တစ်နေ့ကလေးတင်၊ တိတိကျကျပြောရပါက လွန်ခဲ့သည့် တစ်ရက်ကျော်ကပင် မင်းသားပီယံမိတ်ကို တွေ့ထားသည်ဆိုသော်ငြား ထပ်တွေ့ချင်သေးပေရာ ယနေ့တွင် ထိုစိတ်ဆန္ဒ ပြည့်ဝသွားသည်ဟု ဆိုရမည်ဖြစ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now