Chapter : 115

9.4K 1.1K 340
                                    

Unicode

အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အား ချမှတ်လိုက်ခြင်း

_____________

မောင့်​၏ကလေး....

ကြားလိုက်ရသောစကားလုံးသည်ကား ယုဂန်​၏ခန္ဓာကိုယ်ကို တုပ်တုပ်မျှလှုပ်မရအောင် အေးခဲတောင့်တင်းသွားစေသည်။

အဆိုပါစကား မှန်​၏၊မမှန်​၏ သေချာစွာမသိရှိသေးခင်မှာပင် ယုဂန်​၏ရင်ထဲ၌ နင့်စူးမွန်းကြပ်သွားသောခံစားချက်က ဦးစွာဖြစ်တည်လာသည်။ မီးကျီတစ်စသည် အေးခဲနေသောဆီးနှင်းထဲသို့ ပြုတ်ကျကာ လောင်ကျွမ်းနှစ်ဝင်သွားသည့်အလား ပူလောင်သွားသော သူ​၏နှလုံးသားတစ်စုံသည်လည်း အေးစိမ့်ကာ ချောက်ခြားဖွယ်အတိပြီးသော တစ်နေရာဆီ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွား​သည်။

မောင်နှင့် ရှင်ထွေးနှင့် မှားယွင်းခဲ့ကြသည်။
ဤစကားက ဖြစ်နိုင်ပါ့မည်လား။

မောင် သူ့ကိုမည်မျှချစ်မြတ်နိုးမှန်း ကာယကံရှင်ဖြစ်သသော သူအသိရှိဆုံးသာ။ ထို့ကြောင့် မောင်ဟာ တခြားသောအမျိုးသမီးတစ်ဦးနှင့် တစ်ညကလေးအတူရှိလိုက်ရုံနှင့် မှားယွင်းလာမည်ဟူသောစကားမှာ သူ့အတွက် ယုံကြည်နိုင်ရန် ခက်ခဲလွန်းလှသည်။ သူ့အတွက်နှင့် ပန်သျှားမင်းသမီးကို အတင်းကာရောငြင်းဆိုခဲ့သည့်မောင်က ယခုကျမှ တခြားတစ်ဦးအပေါ် မေတ္တာရှိလာမည်၊ ထပ်မံပေါင်းသင်းမည် ဆိုခြင်းက မယုံကြည်နိုင်စရာကောင်းလွန်းသည်။

သို့ပေမဲ့...
တစ်ဖက်ကပြန်ကြည့်လျှင်လည်း ဒီကိစ္စက ဖြစ်နိုင်သည့်အရာမဟုတ်ပါလား။

မောင်ဟာ ဘုရင့်သားတော်၊ ဘုရင့်ညီတော်။ တော်ဝင်မျိုးနွယ်။ ကြင်ယာတော်များစွာထားခွင့်ရှိသော တော်ဝင့်သွေးတစ်ဦး။

အကယ်၍များ မောင့်စိတ်ထဲ၌ အပြစ်ကျူးလွန်သည်ဟူသော ခံစားချက်မျိုးမဖြစ်ဘဲ တခြားသောအမျိုးသမီးနှင့် သွေးသားဆန္ဒအရ တစ်ညတာ ပျော်ပါးခဲ့ခြင်းမျိုးဖြစ်နိုင်သေးပြန်သည်။ ပျော်ပါးဖို့အတွက် ချစ်ခြင်းတရားဟာ မရှိမဖြစ်လိုအပ်တာမျိုးမှ မဟုတ်လေဘဲ။ ကြင်ယာတော်ထပ်တင်မြှောက်လျှင်တောင် တင်မြှောက်ပိုင်ခွင့်ရှိသောသူမို့ မောင်ဟာ တခြားသူနှင့်ထပ်မံချစ်ကြိုက်မိလျှင်တောင် အပြစ်ရှိသည်ဟု ခံစားမိမည်မဟုတ်ပေ။

The Everlasting One (volume 2 + 3 )Where stories live. Discover now