Part-23

3.7K 197 18
                                    

Unicode

🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၂၃)

ခပ်ထင်းထင်းမျက်ခုံးတွေအောက်က မျက်တောင်ရှည်တွေက ကောက်စက်မလိုဘဲကို ကော့ညွှတ်နေသည်။ မျက်လုံးဝိုင်းဝိုင်းလဲ့လဲ့လေးတွေက အပြစ်ကင်းစင်မှုတွေနှင့် ရိုးစင်းစွာ လှပနေသည်။

နှာတံချွန်လုံးလုံးအောက်က ပါးလျလျ နှုတ်ခမ်းဖူးတို့ကလည်း အိစက်နီထွေးနေသည်မှာ နှင်းဆီပန်းဖူးတစ်ပွင့် မိုးရေစမ်းထားသကဲ့သို့ကို လှရက်နေပါ၏။

ပါးမို့မို့လေးတွေက ဖြူနုအုဖက်နေသော အသားအရည်ကြောင့် ပါးနီမခြယ်ဘဲကို နီရဲရဲလေးဖြစ်နေတော့၏။ ပုခုံးကျော်ကျော်လောက် စင်းကျနေသည့်ဆံပင်ကြားမှ ဒီမျက်နှာဝိုင်းဝိုင်းလေးက မြင်သူတကာငေးမောအောင် သိပ်လှနေတာမျိုးမဟုတ်သူ့တိုင် အင်မတန်ချစ်စရာကောင်းသည်ဆိုတာကတော့ မငြင်းသာနိုင်ပါ။ လှသည်ဆိုတာထက် အသည်းတယားယား ဖြစ်စေအောင် သိပ်ကိုချစ်စဖွယ်ကောင်းနေသော ထိုမိန်းကလေးငယ်ကတော့..

"အဟ .. ငါလေးက ချစ်စရာလေးပါလား"

မှန်ထဲကကိုယ့်မျက်နှာကို တစိမ့်စိမ့်ကိုကြည့်ပြီး ကိုယ့်ဘာသာပြန်ချီးကျူးနေသည့် တာရာနှင်းမြူပင် ဖြစ်ပါလေရဲ့...။

ရှည်လာသည့်ကိုယ့်ဆံပင်ကိုကြည့်ပြီးလည်း ကျေနပ်နေမိသည်။ ပုံမှန်ဆို တာရာကဆံပင်ကိုအတိုပဲကြိုက်သော်လည်း မှိုင်းအမြင်၌ သူမကယောင်္ကျားလေးလို ဖြစ်မနေချင်၍ တမင်တကာအရှည်ထားခြင်းပင်။ မှိုင်းပြန်ရောက်လာပါက တာရာ့ကို အရွယ်ရောက်သည့်မိန်းကလေးလိုသာ မြင်လိုသည့်ဆန္ဒရှိသည်မှာအမှန်။

ထို့ကြောင့်လည်း skin careလေးတွေလုပ်ပြီး မိန်းကလေးဆန်ဆန် ပြင်တတ်ဆင်တတ်ဖို့ ကြိုးစားရတော့သည်။ သို့သော် ဘယ်လောက်ကြိုးစားနေပါစေ။ အခြားမိန်းကလေးတွေလိုတော့ တာရာမပြင်တတ်သေးပါ။ နောက်တော့လည်း မပြင်တတ်သည့်အဆုံး creamတစ်ခုကိုလိမ်းပြီး နှုတ်ခမ်းနီပါးပါးလေးသာ ကောက်ဆိုးပစ်လိုက်သည်။ ပြီးပြီ..။ တာရာကဒီလောက်ပဲပြင်တတ်သည်။

🖤Until the End of Time 🖤 Where stories live. Discover now