🌻အခန်း(၂၁)🌻

16.4K 559 67
                                    

ညသည် အမှောင်ထုကြီးစိုး၍ တိတ်ဆိတ်ခြင်းက မင်းမူနေ၏။ သူ အိမ်ထဲဝင်ခဲ့လျှင် အိမ်ထိန်းကြီးဒေါ်မာတာက အတွင်းတံခါး လာဖွင့်ပေးသည်။

'သား ပြန်မလာတော့ဘူးတောင်ထင်တာ၊ ကိုးနာရီပဲရှိသေးတော့ စောသားပဲ..'

သူ ဘာမှပြန်မဖြေသေးဘဲ ဖိနပ်ချွတ်လိုက်ပြီးမှ အိမ်စီးဖိနပ်ပါးလေးတစ်ရံကိုခြေရင်းမှာ မြင်လိုက်ကာ...

'နေ လာသေးလား တာကြီး...'

'အေး လာတယ်သားရဲ့... သားပြန်လာတဲ့အထိစောင့်မယ်ဆိုပြီး စာကြည့်ခန်းထဲမှာ စာဖတ်နေတယ်ထင်တယ်...'

တာကြီးစကားကြောင့် သူ စာကြည့်ခန်းထဲ လှမ်းဝင်ခဲ့သည်။ စာကြည့်ခန်းထဲမှာ မီးရောင် မှုန်ပျပျ လင်းနေပြီး နေက နှစ်ယောက်ထိုင်ဆိုဖာဆက်တီပေါ်မှာ ခွေခွေလေးအိပ်ပျော်နေ၏။ ဖတ်လက်စ ရှိတ်စပီးယားစာအုပ်က ကော်ဇောကြမ်းခင်းပေါ်မှာ ပြုတ်ကျလို့...။

သူ နေ့မျက်နှာနား လက်ဝါးကပ်၍ ယမ်းခါကြည့်သော်လည်း နေ့ထံမှ မည်သည့်လှုပ်ရှားမှုမှရှိမလာဘဲ ငြိမ်သက်နေ၏။ သူမ တကယ်အိပ်ပျော်နေသည်ပဲ။ ငယ်ငယ်ကတည်းက ညဘက်တွေဆို နေ သူ့စာကြည့်ခန်းထဲလာသည်။ သူနှင့်အတူစာကြည့်ရင်း စာအုပ်တွေဖတ်ရင်း မာမီနှင့်သူ့ကြား တိုးဝင်အိပ်ပျော်သွားတတ်သည်က မရှား။ မနက်မိုးလင်းလို့ သူ့အိမ်ဘက် ပြန်ရောက်မနေလျှင် သာသာက လာမခေါ်ဘူး ဟုဆို၍ စိတ်ကောက်တတ်တာကရှိသေး၏။

အခုလည်း ကလေးငယ်တစ်ယောက်လို လက်နှစ်ဖက်ခေါင်းအုံး၍ အိပ်ပျော်နေသည့်သူမကို မနှိုးရက်တော့ဘဲ ကိုယ်တိုင်ပွေ့၍ အရှေ့ဘက်အိမ်ထဲ ခေါ်လာခဲ့သည်။

'အယ်...ကိုလေး..'

'ရှူး...'

တံခါးပိတ်ဖို့ထွက်လာသည့်မီးမီးက သူ့ကို တအံ့တသြ အသံထွက်ခေါ်လျှင် သူ အသံတိတ်ဖို့ ရှူးခနဲ ဟန့်သည်။ မီးမီး ပါးစပ်ပိတ်ကျန်ရစ်ခဲ့ပြီး သူက အပေါ်ထပ်ရှိ နေ့အခန်းထဲဝင်ခဲ့သည်။

နေ့ကို မွေ့ရာပေါ်မှာ ညင်သာစွာချ၍ စောင်ပါးလေးလွှမ်းခြုံပေးသည်အထိ သူမလေးက မနိုးသေး။ မွေးကတည်းက ဖွားဖက်အဖြစ် အတူတကွ ကြီးပြင်းခဲ့သည့် သူငယ်ချင်းမလေးကို မိဘထက်တောင်ပိုသည့် သံယောဇဥ်တွေနှင့် အရိပ်တကြည့်ကြည့်တွယ်တာခဲ့ရပြီး အခုလည်းပဲ ဖြူစင်မှုတွေအရောင်ပြောင်းလဲကာမြတ်နိုးစွာ ချစ်မိနေပြန်ပြီ။

ပြာလဲ့လဲ့ မီးရောင်အောက်မှာ မျက်တောင်ကော့တွေယှက်ဖြာမှိတ်၍ အိပ်မောကျနေသည့်မျက်နှာလေးကို သူ အချိန်အကြာကြီး ငုံ့ငေးနေခဲ့၏။ ဆံစလေးတွေ၊ ပါးပြင်လေးတွေကို လက်နှင့်ခပ်ဖွဖွထိသပ်ရင်း နှုတ်ခမ်းလေးတွေဆီအရောက်မှာ သူ လျှာတစ်ချက်သပ်မိ၏။ ရင်ခုန်သံတွေက ည၏တိတ်ဆိတ်မှုကိုအန်တု၍ အလုံးအရင်းခုန်ပေါက်နေကြသည်။ အားကောင်းသော နှလုံးခုန်သံ၏စေ့ဆော်မှုကြောင့် ထိုနှုတ်ခမ်းလွှာလေးကို တိတ်တခိုးငုံ့နမ်းမိသွား၏။

စက္ကန့်အနည်းငယ်ခန့်ကျော်လွန်သွားမှ သူ အရှိန်ထိန်း၍ ထရပ်သည်။ နေ့အခန်းထဲမှ ထွက်လာခဲ့ချိန်အထိ ရင်ခုန်သံတွေကသောင်းကနင်းနှင့် မတည်ငြိမ်သေး။ ချိုမြိန်သော နှုတ်ခမ်းတစ်စုံကို နဖူးတွေ့ဒူးတွေ့ ထိတွေ့ယစ်မူးလိုက်ရသဖြင့် ချက်ချင်း တပ်မက်စွဲလမ်းသွားသည့်ခံစားချက်ကြီးကြောင့် သူ့အခန်းထဲ ပြန်ရောက်လာသည်အထိ လူရော၊စိတ်ရော ဂဏှာမငြိမ်သေးပါ။ ဆံပင်တွေသပ်၊ စီးကရက်ရှိုက်ရင်း ထိုစိတ်ကို ဖြေဖျောက်ပစ်ပေမဲ့ မရ။ ထိုနှုတ်ခမ်းတွေကိုပဲ ထပ်ခါထပ်ခါ မြင်ယောင်မက်မောနေတုန်း။
ဘယ်လိုမှစိတ်ဖြေရာ ရှာမရသည့်အဆုံးမှာ ဝီစကီနှင့်စီးကရက်ကို အဖော်ပြု၍ တစ်ညလုံးအိပ်မပျော်ဘဲ ငုတ်တုတ်ထိုင်နေရတော့သည်။

နေရောင်က လိုက်ကာစဆွဲတင်ထားသည့်ပြတင်းမှ အခန်းထဲသို့ ထွင်းဖောက်ဝင်လာသဖြင့် နေ မျက်လုံးများကိုလက်နှင့်ပွတ်သပ်ရင်း နိုးထလာခဲ့သည်။ ကိုယ့်အိပ်ရာကိုယ်ပြန်စမ်းမိတော့ မျက်ခုံးတန်းလေးတစ်ချက်တွန့်ကွေးသွား၏။
သူမ ညက ကင်းစာကြည့်ခန်းထဲမှာ စာဖတ်နေခဲ့တာပါ။ စာဖတ်ရင်းအိပ်ပျော်သွားခဲ့တာကိုလည်း သေချာမှတ်မိနေသည်။ ဘယ်လိုကြောင့် သူမအခန်းထဲပြန်ရောက်လာခဲ့သလဲ။

မဟုတ်မှလွဲရော.. ညက ကင်းပြန်ရောက်ပြီး ပို့ပေးခဲ့သည်လား။ တွေးရင်း ဒီမနက် ရာမ၏ showroomဖွင့်ပွဲရှိတာကိုသတိရသွားသည်။ ဖွင့်ပွဲသွားဖို့ ရေမိုးချိုး ပြင်ဆင်ရဦးမည်မို့ မီးမီးကို အကူခေါ်ဖို့ တံခါးဖွင့်၍ အပြင်ထွက်ခဲ့လျှင် သူမအခန်းဆီလျှောက်လာသည့် မီးမီးကိုတွေ့သည်။

'မမ နိုးပြီလား..'

'ညက မမဘယ်လိုလုပ် ဒီအခန်းထဲပြန်ရောက်နေတာလဲ..'

နေက သိလိုသည်ကိုချက်ချင်းမေး၏။

'ကိုလေးလာပို့တာ မမ.. မမ အနောက်အိမ်မှာအိပ်ပျော်နေလို့လေ..'

'ကင်း ပြန်ရောက်နေပြီလား..'

'ညကပဲရောက်တယ် မမ...'

'ဪ...'

မီးမီးက သူမအတွက် ရေပူရေအေးစပ်ပေးခဲ့ပြီး အဝတ်ခြင်းယူ၍ ပြန်ထွက်သွားလျှင် နေ ရေချိုးခန်းဝင်ရသည်။ ရေချိုးပြီးနောက်မှာ ဖွင့်ပွဲသွားဖို့ ပြင်ဆင်ခြယ်သရင်း မှန်ထဲက ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်မိ၏။ သူမ ညက အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲမှာ ကင်း သူမကို ပွေ့ခေါ်လာပြီး အကြာကြီးစိုက်ကြည့်နေခဲ့၏။ စိုက်ကြည့်နေရုံမျှမကဘဲ..
ကိုယ့်အိပ်မက်ကိုယ်ပြန်တွေးရင်း ရှိန်းတိန်းဖိန်းတိန်းဖြစ်ကာ နှုတ်ခမ်းတွေကို လက်နှင့်ယောင်ယမ်းအုပ်မိသွားသည်။ ဒီနှုတ်ခမ်းတွေကို သူ...

ဘုရား ဘုရား...။ ဆက်မတွေးရဲတော့ဘဲ အဝတ်အစားလဲပြီး mirrorကိုခေါ်၍ သူ့အိမ်ဘက် ကူးလာခဲ့သည်။

'တာကြီး ဘုရားရှိခိုးပြီးတာလား...ကင်းရော..'

ဘုရားခန်းထဲမှထွက်လာသည့်တာကြီးကို အပြုံးလေးနှင့်နှုတ်ဆက်၍ မေးသည်။

'သား သူ့အခန်းထဲမှာ အိပ်နေတုန်းထင်တယ်...ညကပြန်လာတာညဥ့်နက်တယ်လေ၊ သမီးစာကြည့်ခန်းထဲ အိပ်ပျော်နေတော့ သူပဲပြန်ပို့ပေးလေရဲ့...'

' ညက သမီးစာဖတ်ရင်း အိပ်ပျော်သွားတာ တာကြီး၊ ကင်းကိုသွားနှိုးလိုက်ဦးမယ်..'

နေ ဂါဝန်ရှည်ကြီးတဝဲဝဲနှင့် သူ့အခန်းထဲ ခပ်သွက်သွက်ဝင်ခဲ့သည်။ ခြေထောက်က ထော့ကျိုးဖြစ်မနေတော့ဘဲ သွားလာရ ထောက်ရုံမှလွဲ၍ အဆင်ပြေနေပြီ။

ကင်းက သူ့မွေ့ရာထက်မှာ ဝမ်းလျားမှောက်၍ ကို့လို့ကန့်လန့်အိပ်ပျော်နေဆဲဖြစ်ကာ စားပွဲပေါ်မှာ သောက်လက်စ ဝီစကီပုလင်းနှင့်စီးကရက်တွေ ပြန့်ကြဲနေ၏။

'ကင်း...'

သူ့ကို အသံပေး၍ နှိုးပေမဲ့ သူက တုတ်တုတ်မျှမလှုပ်။ mirrorက သူ့မွေ့ရာပေါ်ခုန်တက်သွား၏။

'ကင်း..ထတော့လေ..နေမြင့်နေပြီ..'

ပခုံးကိုလှုပ်နှိုးမှ သူ လူးလွန့်လာကာ မျက်လုံးဖွင့်ကြည့်သည်။

'နေ....'

သံရှည်ဆွဲ၍ ခေါ်ရင်း မျက်လုံးပြန်မှိတ်သွား၏။ နေက ရီမုထ်ယူ၍ အဲရ်ကွန်းအအေးလျှော့လိုက်ကာ သူ့စားပွဲပေါ်က ရှုပ်ပွနေတာတွေကို ရှင်းလင်းသိမ်းဆည်းပြီးသည်အထိ စက်က ထမလာသေး။

'ကင်းရေ...ထတော့လို့.. ရာမ showroomဖွင့်ပွဲရှိတယ်လေ..'

သူ့နားလာ၍ ထပ်နှိုးရပြန်သည်။ Mirrorက သူ့ခြေထောက်တွေကို ကိုက်ဆွဲနေ၏။ နေ သူ့ခြေရင်းမှာ ပုံကျနေသည့်စောင်ကို ဆွဲယူဖို့လက်လှမ်းတော့ စက်က ထိုစောင်ကို အရင်ဆွဲချလိုက်သည်။ နေ သူ့မွေ့ရာပေါ် စောင်ဆွဲလိုက်သည့်အရှိန်နှင့်ပစ်ကျလာလျှင် သူက ပက်လက်လှန်၍ ဖမ်းပွေ့ထိန်းထားလိုက်ပြီး...

'ဘာ shampooသုံးထားတာလဲ၊ အရင် သုံးနေကျအနံ့မဟုတ်တော့ပါလား..'

'နင် လုပ်လိုက်ရင် အဲ့လိုဆိုးဆိုးဆတ်ဆတ်နဲ့ကင်းရယ်...ငါ ကြာရင် နှလုံးရောဂါရတော့မှာပဲ..ဖယ်ပါ...နင်လည်း ထပါတော့ဆို၊ မဟုတ်ရင် ဖွင့်ပွဲကိုငါတစ်ယောက်တည်းသွားလိုက်မှာနော်..'

နေ သူ့ကို မွေ့ရာပေါ်မှ တွန်းထိုးလွှတ်လျှင် စက် မနေသာတော့ဘဲ ဆင်းလိုက်ရတော့သည်။

'အဝတ်အစားထုတ်ထားပေး..'

နေ့ကို မျက်စိတစ်ဖက်မှိတ်ပြ၍ ရေချိုးခန်းထဲဝင်သွား၏။
'တွေ့လား Mirror..နင့်သခင်က အဲ့လို ခပ်ရစ်ရစ် ငဂျစ်ကောင်ပါဆို.. သူ ယူမယ့်မိန်းမအစား ငါတော့ရင်မောတယ်.. ဘယ်လောက်တောင်စိတ်များရမလဲမသိဘူး..'

နေ mirrorကို ပွစိပွစိအတင်းတုတ်ရင်း စောင်တွေခေါက်ရ၊သူ့ဗီရိုထဲမှ အဝတ်အစားတွေရွေးထုတ်ပေးရနှင့် အလုပ်များနေစဥ် စက် ရေချိုးခန်းထဲမှပြန်ထွက်လာ၏။

'mirrorကို ဘာတွေဗျစ်တိဗျစ်တောက်ပြောနေတာလဲ၊ ငါအကုန်ကြားတယ်နော်...'

'မလိုတာဆို အဲဒီ့နားကလည်း ကြားနိုင်လွန်းပါ့...'

သူက Bathrobeကာ၍ boxerခံဝတ်ပြီးမှ နေထုတ်ပေးထားသည့် ဘောင်းဘီကို ကောက်လျှိုဝတ်သည်။ ရှပ်အင်္ကျီဝတ်၍ ခါးပတ်ပတ်ပြီးသည်အထိ နေက သူ့အတွက် ကုတ်အင်္ကျီရွေးလို့မပြီးသေးပါ။

'ကြားရတာပေါ့..ခင်ဗျား တစ်ချိန်လုံး အဘွားကြီးလိုပွစိပွစိပြောနေတာလေ.. ဒီနားက ဖဲချပ်ဝေရင်တောင် ဝှက်ဖဲတွေကိုအလွတ်ရနေတဲ့အထိ ပါးတဲ့နား...'

'ကြံဖန်ပြီး ကြွားနေပြန်ပါပြီ..သိပါတယ်..သိပါတယ်..'

နေက သူ့ကို နက်ခ်တိုင်လာစည်းပေးရင်း နှုတ်ခမ်းလေးစူပွပွနှင့်ခေါင်းညိတ်ပြလျှင် စက်က ချစ်စနိုးမျက်ဝန်းများနှင့်မျက်လွှာစင်းကြည့်နေသည်။ အသည်းယားစရာ နှုတ်ခမ်းလေးကိုကြည့်မိတိုင်း ရင်ခုန်သံက ဗြောင်းဆန်လာပြန်သည်။
သူမ မျက်လွှာပင့်ကြည့်လာမှ သူ မျက်နှာမော့၍ အကြည့်လွှဲရ၏။ ကုတ်အင်္ကျီကိုတော့ သူ့ဘာသာ လက်လျှိုဝတ်လိုက်ပြီးမှ..

'နင်က ဒီအဝတ်အစားနဲ့ပွဲတက်မလို့လား နေ..'

သူ့အမေး​ကြောင့် နေ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်၏။

'အင်းလေ..ခြေထောက်က ထောက်နေသေးတဲ့ဟာ..ဝတ်ရလွယ်တာ ဒါပဲရှိတာကိုး..'

'ဟား.. လှလှပပလေးတော့ဝတ်လာရမှာပေါ့ ..'

'အခုလည်း ငါ့ဘာသာတော့ လှတယ်ထင်တာပဲလေ..'

'No...ဒီပုံစံနဲ့တော့မရဘူး၊ ငါ အဝတ်အစားမှာပေးမယ်..'

'အံမယ်...ကိုကင်း.. ပွဲက အခုပဲသွားရတော့မှာ.. အသစ်မှာဖို့ ဘယ်လိုလုပ်အချိန်ရတော့မှာလဲ...'

'နင့်ရှေ့မှာ ရပ်နေတဲ့ကောင်က black cardကိုင်ထားတဲ့ကောင်လေ.. မရဘူးဆိုတာမရှိဘူး၊ ခဏပဲစောင့်..'

သူက ဖုန်းယူပြီး မက်ဆေ့ချ်ပို့နေသည်။ နေက မယုံသင်္ကာမျက်နှာပေးနှင့် လက်ပိုက်နေပြီး..

'ပွဲတက်ဝတ်စုံမှာပြီး ငါနဲ့မကိုက်ရင်ရော ဘယ်လိုလုပ်မလဲ..'

'ပူမနေနဲ့..နင့်ခါးဆိုက်၊ ရင်ဆိုက်၊ တင်ဆိုက်ကအစ အသေးစိတ်ပြောပြီး မှာထားတယ်.. '

'အယ်..ကြည့်စမ်း..လူဆိုးကောင်...'

နေ့မျက်နှာနီရဲသွားကာ ရှက်ရှက်နှင့်သူ့ရင်ဘတ်ကို လာရိုက်တော့ သူက သွားတွေပေါ်အောင်ရယ်လျက် ထိုလက်ကို ဖမ်းဆုပ်ထားလိုက်ပြီး..

'နင့်ဆိုက် ငါသိတာ ဘာဆန်းလို့လဲ၊ ငါ ဘာတွေသိသေးလဲ ပြောရဦးမလား..'

'No...'

'အရမ်းပြောချင်နေတာ..'

'မပြောနဲ့ဆို..'

နေက သူ့ပါးစပ်ကိုလက်နှင့်ဖိအုပ်လိုက်ပေမဲ့ သူက ထိုလက်ကလေးကိုပါ ပူးယှက်ဆုပ်ထားလျက်..

'နင့်ညာဘက် ရင်ညွှန့်မှာ မှဲ့တစ်လုံး၊ နောက်ကျောဘက်မှာ မှဲ့စလွယ်...ပေါင်မှာ...'

'ကင်းစုတ်ကင်းပဲ့..အဲဲဒီ့ပါးစပ်ပုပ်ကြီးကိုပိတ်ထား.. mirror လာစမ်းပါ..သူ့ကိုလာကိုက်စမ်းပါ...'

သူ့လက်ထဲမှရုန်းမရတော့ Mirrorကိုစစ်ကူခေါ်သည်။ နေ မျက်နှာပူနေလေ သူက စလေ...။
mirrorက စစ်ကူခေါ်သူကိုအရေးမလုပ်ဘဲ ပြတင်းပေါက်ဘက်မှာ လေညှင်းခံရင်း အမြီးနှံ့နေ၏။
ထိုစဥ် တံခါးခေါက်သံကြားလိုက်ရသဖြင့် စက်ကိုယ်တိုင်သွားဖွင့်လျှင် ဒေါ်မာတာက သူ့ကို အဝတ်အစားပုံးတစ်ပုံးလာပေးသည်။

နေက သူယူလာပေးသည့်ပုံးထဲက အဝတ်အစားကိုတအံ့တသြငုံ့ကြည့်နေပြီး..

'တကယ်ကြီးရောက်လာတာပဲ.. ငါက နင်စနေတယ်ထင်တာ...'

'​အဲဒီ့ပုံးထဲက ဂါဝန်က No bra..'

'ဟင်..'

'ဆိုတော့...ငါ ဝတ်ပေးရမလား...ကိုယ့်ဘာသာဝတ်မလား..'

'မဝတ်ပေးနဲ့...ငါ့ဘာသာဝတ်မှာ..'

နေက မျက်နှာနီနီနှင့်မျက်​စောင်းဝင့်လျက် ပုံးကိုဆွဲ၍ တစ်ဖက်ခန်းထဲ ခပ်သုတ်သုတ်​ဝင်သွားသည်။ စက် ခေါင်းတခါခါနှင့်ပြုံး၍ နေ အဝတ်လဲနေတာကိုစောင့်နေစဥ် ရာမဆီက ဖုန်းဝင်လာသဖြင့် ကိုင်လိုက်ရသည်။

'ဘာလဲ..'

'မင်း မလာသေးဘူးလား ငါ့ကောင်.. နောက်ကျနေပြီနော်..မင်းဖိတ်ထားတဲ့မော်ဒယ်လ်လာရင် ငါတို့ကြောင်နေမှာစိုးလို့...'

'နေမပြီးသေးလို့ စောင့်နေတာ.. ဆယ်နာရီရောက်ရင်ပြီးရောမို့လား...ဒါပဲ..'

သူ ဖုန်းပိတ်လိုက်ပြီး နံရံကပ်အံဆွဲ၏ လျှို့ဝှက်ကုဒ်များကိုနှိပ်လိုက်သည်။ ထိုအံဆွဲထဲမှ အနက်ရောင်ကတ္တီပါဘူးကိုထုတ်လိုက်၏။ နေက အနက်ရောင်ပခုံးကြိုးပျောက်ဂါဝန်ကြီးကို ဝတ်ချလာကာ ခါးစည်းကြိုးတန်းလန်းနှင့် ပန်ဆယ်လ်ဟီးကိုလည်း လက်ကကိုင်ထားသေးသည်။

'ကင်း.. ဒီကြိုးကြီးက ဘယ်လိုစည်းရတာတုံး၊ ငါ မလုပ်တတ်ဘူး..'

ဖိနပ်ကို ခါးကုန်းစီးရင်း ကြိုးရှည်ကြီးကိုစိတ်ရှုပ်ဟန်ဖြင့် ဟိုလှည့်ဒီလှည့်လုပ်နေသည်။ စက်က နေ့ပခုံးလေးကိုဆွဲလှည့်ကာ မှန်ရှေ့မှာ ရပ်စေပြီးမှ ခါးစည်းကြိုးကို ဖဲပွင့်သဏ္ဍာန် ပုံဖော်၍စည်းပေး၏။ ရင်ပိုင်းပြတ်၊ ကျော​ဟိုက်ဂါဝန်မို့ အကာအကွယ်မဲ့နေသည့် ရင်ဘတ်နှင့်ကျောပြင်က ဖွေးနုဝင်းထိန်နေသည်။ လည်ကုပ်စပ်က တက်တူးလေးက ထင်းလင်းနေ၏။
သူ ခါးစည်းကြိုးစည်းပေးပြီးနောက် စားပွဲပေါ်တင်ထားသည့် ကတ္တီပါဘူးထဲမှ မဟူရာပုလဲကုံးကို နေ့လည်တိုင်မှာ သူကိုယ်တိုင်ဆင်မြန်းပေးသည်။
နေ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာပြန်ကြည့်ရင်း မျက်လုံးလေးဝိုင်းနေကာ..

'ကင်း..'

'ဆို...'

'ဒါတွေ အခုမှကောက်စီစဥ်လိုက်တာမဖြစ်နိုင်ဘူး...'

'ဟွန်း... ဘာပဲဖြစ်ဖြစ် ပွဲချိန်အမီရလာတာပဲလေ... ဘယ်လိုလဲ..ကြိုက်ရဲ့လား..'

'မေးသေးတယ်...ကြိုက်တာပေါ့..ဖိနပ်လေးက လှနေရော.. ဒါပေမဲ့ ငါကခြေထောက်မကောင်းသေးတော့ ပန်ဆယ်လ်ဟီးနဲ့သွားလို့အဆင်မပြေဘူးလေ..'

'ငါရှိနေတာပဲ...ငါ့လက်ကိုတွဲထား၊ အိုခေသွားလိမ့်မယ်..'

နေက သူ့စကားကိုသဘောကျသွားကာ သွားတွေပေါ်အောင်ရယ်သည်။ သူက ပုလဲကုံးဆွဲပေးပြီးနောက် ဖုန်းယူ၍ နေနှင့်အတူ Mirror selfie photoရိုက်သည်။ selfieဆွဲရင်း နေ့ကို မှန်ထဲမှ လျှာထုတ်ပြောင်ပြ၏။ နေကလည်း နှာခေါင်းရှုံ့ နှုတ်ခမ်းစူ၍ပြန်ပြောင်ပြလျှင် သူ အသည်းယားသွားကာ နေ့လည်ပင်းကို ငုံ့ကိုက်လာ၏။ နေ့ညည်းသံလေး ထွက်လာခဲ့ပြီး..

'ကင်း..ကင်း...မလုပ်နဲ့လို့...ပွဲသွားခါနီး လူမြင်လို့မကောင်းဖြစ်နေမယ်..အာ့..အ..'

သူက နေ ရုန်းကန်တွန်းထိုးနေတာတွေကို ဂရုမစိုက်ဘဲ နေ့လက်ကိုပါ ဖိချုပ်ထားလျက် အရာကြီးထင်လာသည်အထိ ငုံခဲနေသည်။ နေ မျက်နှာမော့ထားမိရင်း သူကိုက်နေသည့်အရှိန်ကြောင့် ခြေဖျားလေးပါ ကြွတက်လာ၏။

'ကင်းနော်...ဖယ်ပါတော့ဆို..'

နေ သူ့ကို အားထည့်၍တွန်းလွှတ်ရင်း မှန်ကြည့်မိတော့ လည်ဆွဲအထက်နားမှာ အနီကွက်ကြီးထင်နေပြီ။

'ကင်း..လူဆိုးကောင်.. ဒီမှာ နီရဲနေပြီ တွေ့လား...ဒုက္ခပါပဲ.. '

'မကျေနပ်ရင် ငါ့ကိုပြန်ကိုက်လေကွာ...'

စက်က သူမအနား ထပ်ကပ်လာပြန်သည်။ နေ မျက်စောင်းလှည့်ထိုး၍ ရုတ်တရက် မျက်နှာမော့လျက် သူ့လည်ပင်းကိုမြှောက်ခုန်ဖက်ကာ အားနှင့်ကိုက်ဆွဲတော့သည်။

'အား...'

စက် လုပ်သံကြီးနှင့်အော်ရင်း သူမပြန်ကိုက်နေသမျှ ငြိမ်ခံ၍ နှုတ်ခမ်းမဖွင့်ဘဲ မပြီးနိုင်မစီးနိုင်ပြုံးနေသည်။ သူနှင့်နေ လုံးထွေးနေဆဲမှာ ဖုန်းသံမြည်နေတာကိုလည်း ဂရုမစိုက်မိကြဘဲ missed callဖြစ်သွား၏။ နေက အားရကျေနပ်အောင် ကိုက်ပြီးမှ သူ့နှာခေါင်းကို ယမ်းခါဆွဲဖျစ်သည်။

'But you'll never be alone..
I'll be with you from dusk till dawn...
Baby, I'm right here...

ဖုန်းသံ ကြားရပြန်သဖြင့် သူ စားပွဲပေါ်ကဖုန်းကို ကောက်ကိုင်လိုက်သည်။
နံပါတ်ကို ကြည့်လိုက်တော့ မွေးသဖခင်ကြီးထံမှ ဖုန်းခေါ်နေခြင်းဖြစ်၏။
သူ ဖုန်းမကိုင်ဘဲ laptopဖွင့်၍ video callပြန်ခေါ်သည်။

'သားရေ...'

screenမှာ ဒက်ဒီနှင့်မာမီ့ကို အတူတွေ့လိုက်ရကာ..

'ငါ့သား... မင်း ငါ့ခေါင်းဆင်နင်းမယ့်ကိန်း ဖြစ်အောင်မလုပ်နဲ့နော်...မင်း ထိုင်းအာဏာပိုင်တွေနဲ့..'

'ထင်သားပဲ...ကျွန်တော့်ကိုသတိရလို့မဟုတ်ဘဲ ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်ဖော်ပြီးအပြစ်တင်ချင်လို့ ဆက်သွယ်တယ်ဆိုတာ...'

ဒက်ဒီနှင့်သူ စကားအပေါက်လမ်းမတည့်တိုင်း မာမီက ဘေးကနေ ရယ်မောနားထောင်နေတတ်သည်သာဖြစ်လျက်..

'သတိရလို့ဆက်သွယ်တယ်လို့များ တစ်ခါလောက်တွေးပါဦးလားကွာ...'

'ကျွန်တော်မှ မယုံတာ..'

ဒက်ဒီ့မျက်နှာကြီး ရှုံ့မဲ့နေပေမဲ့ စက်က မတည်မပြုံးရှိနေ၏။ နေက မှန်ကိုအားရအောင်ကြည့်ပြီးမှ သူ့နား လျှောက်လာကာ သူ့ဘေးမှာရပ်၍..

'ကယ်ကြီး...မာမီ.. long time no see..'

လက်တကာကာနှင့် တာ့တာတွေလုပ်ပြနေ၏။ ဒေါ်မြမိုးစက်က အဝတ်အစား အရောင်ဆင်တူနှင့်သူတို့နှစ်ယောက်ကို သဘောကျစွာကြည့်၍..

'ပန်းကလေးက သားနဲ့အတူရှိနေတာကိုး...ဝတ်ကောင်းစားလှတွေနဲ့ လှလိုက်တာ...ဘယ်သွားကြမလို့လဲ..'

'ရာမ electronic showroomဖွင့်ပွဲသွားမလို့လေ...ကင်း ဝယ်ပေးတဲ့ဝတ်စုံလေးနဲ့ သမီးလှရဲ့လားကယ်ကြီး..'

☀️The Will Of The Heart🌻Where stories live. Discover now