🌻အခန်း(၁၈)🌻

16.2K 506 31
                                    


'ကျွန်တော့်အဖေရဲ့အမှုကို လွှဲပြောင်းယူပြီး အဆုံးထိကိုင်တွယ်ဖို့လက်ခံပေးတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာအားတက်မိပါတယ်၊ ဒီ့အတွက် အကျိုးအမြတ်လည်း မနည်းစေရပါဘူး...'

စျာန်ရဲက ဝမ်းသာလှိုက်လှဲသည့်အသံနှင့်ပြော၍ ရဲမှူးကြီးကို လက်ဆွဲနှုတ်ဆက်သည်။ အမှုလွှဲပြောင်း ကိုင်တွယ်ပေးမည့် ရဲမှူးကြီးဦးဇေသူရက ဒက်ဒီ့မိတ်ဆွေဖြစ်ကာ အမှုမှန်ပေါ်အောင် လိုက်ပေးမည်ဟု ကတိပြု၏။ စျာန်ရဲ လက်ဆောင်တွေကမ်းပေးတော့လည်း ကျေနပ်စွာပဲလက်ခံသည်။

'ကျွန်တော် နောက်လည်း လာတွေ့ပါဦးမယ်...ခွင့်ပြုပါဦး...'

သူ ရဲမှူးကြီး ရုံးခန်းမှထွက်လာခဲ့လျှင် ကွယ်ရပ်မှ ကြည့်နေသူကိုတော့ သတိမထားမိခဲ့ပါချေ။

'ဆရာ...လူတစ်ယောက်က တွေ့ခွင့်တောင်းပါတယ်..'

ရဲသားလေးတစ်ယောက်က ဆလံပေး၍ လာပြော၏။ ရဲမှူးကြီး မျက်မှောင်ကြုတ်သွားပြီးမှ ဝင်လာခိုင်းဖို့ မေးဆတ်ပြတော့ ထိုရဲသားလေး ပြန်ထွက်သွားသည်။ ခဏကြာတော့ အခန်းထဲသို့ လူတစ်ယောက်ဝင်လာကာ စီးကရက်လက်ကြားညှပ်၍ ခြေလှမ်းကျဲများနှင့်လျှောက်လာပုံက ထီမထင်ဟန်အပြည့်။ ထိုသူကိုမြင်တော့ ရဲမှူးကြီး အံ့သြသွားရသည်။

သူ လွှဲပြောင်းယူခဲ့သည့် ကားတိုက်မှုမှာ တရားခံကိုနောက်ကွယ်က ကြိုးကိုင်သူဟု စောစောကပဲ တရားလိုဘက်က တပ်အပ်ပြောသွားသည်။ အမှုသည်တောင် စခန်းကပြန်သွားတာ မကြာသေးဘဲ တိုက်ဆိုင်စွာ ရောက်လာသူကို ကြောင်ကြည့်ရင်း နှုတ်ဆက်ဖို့ကိုပင် မေ့နေသည်။

'တွေ့ရတာ ဝမ်းသာပါတယ် ရဲမှူးကြီး...'

အပြုံးနှင့်နှုတ်ဆက်၍ ခြေချိတ်ထိုင်လိုက်ပုံက ရိုသေလေးစားခြင်း အလျှင်းကင်းလျက် ရဲတင်းသည်ထက်ပိုသော ရိုင်းစိုင်းခြင်းများက မျက်နှာထက်မှာထင်ဟပ်နေ၏။

'ကျွန်တော်ဘယ်သူလဲဆိုတာ သိပြီးလောက်ရောပေါ့...အံ့သြသွားလား...'

'မင်း....နေစက်ကွင်း..'

အလွတ်ရနေသည့်နာမည်တစ်ခုကို ရေရွတ်မိလျက်...

'ဒီကိုဘယ်လိုရောက်လာတာလဲ...ဘာကိစ္စနဲ့ရောက်လာတာလဲ..'

'ဘာကိစ္စလို့ထင်လဲ...'

စီးကရက်ရှိုက်ရင်း ပြန်မေးလျှင် ရဲမှူးကြီးက မျက်မှန်ကို လက်ညှိုးနှင့်အသာအယာပင့်၍ အံ့သြနေတာကိုဣန္ဒြေဆည်ဖုံးဖိလိုက်ပြီး...

'မင်းက Royalရဲ့ဥက္ကဋ္ဌ ဦးကောင်းစျာန်ကို ကားနဲ့တိုက်သတ်တဲ့အမှုမှာ ကြိုးကိုင်သူဖြစ်နေတယ်လို့ တရားလိုကိုယ်တိုင် ပြောသွားတယ် ၊ သူ ခုနမှ ပြန်သွားတာ မကြာသေးဘဲ မင်းကိုယ်တိုင် ဒီထိရောက်လာတယ်ဆိုတော့ ထူးခြားနေပြီပဲ၊ မင်းရောက်လာရတဲ့အကြောင်းရင်းက...'

'ခင်ဗျားကိုသတိပေးဖို့လာတာ...'

'ဘာ...'

ရဲမှူးကြီး ခါးမတ်သွားကာ ဘာသံခပ်ကျယ်ကျယ်နှင့် မျက်ခုံးပင့်ကြည့်လာသည်။

'ကျုပ် လိုရင်းပဲပြောမယ်... ခင်ဗျား လုပ်ရမယ့်အချက်(၂)ချက်ရှိတယ်... ပထမအချက်.. (၁၀)ရက်နေ့က ဦးကောင်းစျာန် အက်ဆီးဒန့်မှာ ဖမ်းမိခဲ့တဲ့ ကွန်တိန်နာကားသမား ရဲထွဋ်ကိုပြန်လွှတ်ပေးရမယ်.. ဒုတိယအချက်က အခု ခင်ဗျားလွှဲပြောင်းယူလိုက်တဲ့အမှုကို ပိတ်ပေးရမယ်..'

သူ့စကားကြောင့် ရဲမှူးကြီး အတန်ကြာ ကြောင်ကြည့်နေပြီးမှ ဟာသပြက်လုံးတစ်ခုကိုကြားလိုက်ရသလိုမျိုး တစ်ချက်ရယ်၏။

'မင်းက တရားလိုပြောခဲ့တဲ့အတိုင်း တကယ်ပဲကြိုးကိုင်သူဖြစ်နေတာကိုး၊ ဒါဆို လက်ထိပ်ခတ်ပြီးဖမ်းရုံပဲပေါ့... ငါတောင် အမှုကိုဆက်ကိုင်စရာမလိုဘဲ မင်းကိုယ်တိုင် လာဝန်ခံနေတာပဲ...'

ပြောရင်း ဟက်ဟက်ပက်ပက်ရယ်သံက ပိုကျယ်လာ၏။

'ကျုပ်လာတဲ့ကိစ္စကို အခုလေးတင်ပဲ ပြောလိုက်ပြီးပြီထင်တယ်၊ မြန်မာစကား နားမလည်ဘူးလား...'

သူ ခပ်စူးစူးကြည့်၍ မေးလိုက်ပုံကြောင့် ရဲမှူးကြီး အရယ်ရပ်သွားကာ သူ့ကိုလက်ညှိုးထိုး၍...

'မောင်ရင် ဘယ်ကိုလာပြီးမလေးမစားပြောနေတာလဲ...ဒါ ရဲစခန်းနော်..'

'ယူနီဖောင်းဝတ်လူမိုက်တွေ စုဝေးနေတဲ့နေရာမှာ ကျုပ်က ဘာလေးစားစရာလိုသလဲ..'

'မင်းက လူငယ်သလောက် အတော်ရိုင်းစိုင်းပါလား၊ ယဥ်ကျေးမှုဆိုတာလည်း နားမလည်ဘူးထင်တယ်၊ မင်းကျူးလွန်ထားတာတွေကို ငါရအောင်ဖော်ထုတ်ပြီး မင်းကိုထောင်ထဲထည့်မှာမို့ မင်းကမ်းလှမ်းချက်ကိုလက်မခံဘူး၊ ပြန်လိုက်တော့...'

'ဘာသက်သေခိုင်လုံမှုရှိလို့ အပင်ပန်းခံပြီးဖော်ထုတ်မှာလဲ.. ကျုပ် ခင်ဗျားကို လာကမ်းလှမ်းနေတာမဟုတ်ဘူး၊ လာသတိပေးတာလို့ ဘယ်နှခါပြောရမလဲ..'

'ငါ့လို ဥပဒေဘောင်အတွင်းက ရဲအရာရှိတစ်ယောက်ကို လူမိုက်ဆန်ဆန်လာသတိပေးရအောင် မင်းကဘာကောင်မို့လို့လဲ...'

'ခင်ဗျားလို ဥပဒေဘောင်အတွင်းက လူတွေကိုနည်းနည်းမှ သောက်ဂရုမစိုက်တဲ့ကောင်...ကျုပ်လိုကောင်ကို ဥပဒေဘာညာ လာမပြောနဲ့၊ ကျုပ်နှုတ်က ထွက်သမျှစကားတိုင်းကသာ ကျုပ်ဥပဒေပဲ...ခင်ဗျား ပြန်ဖြေရမှာ Yes or Noပဲ..'

စက်က ခပ်ထန်ထန်ပြော၍ စီးကရက်ကို ရဲမှူးကြီးစားပွဲစောင်းမှာ ထိုးချေပစ်သည်။ ရဲမှူးကြီး ထိုအမူအ ရာကိုပဲ မခံချိမခံသာဖြစ်လျက် လက်သီးဆုပ်အံကြိတ်ရင်း..

'မင်း ဒီထိလာပြီး ဘယ်သူ့အားကိုးနဲ့ ဥပဒေကိုလာပုတ်ခတ်နေတာလဲ... အတော်အတင့်ရဲတဲ့ကောင်ပါလား..'

'ဘယ်သူ့ကိုမှအားမကိုးလို့ ခင်ဗျားရှေ့ထိ တစ်ယောက်တည်းရောက်လာတာပေါ့၊ ခင်ဗျားပြောတဲ့ဥပဒေဆိုတာ ခင်ဗျားအထက်ကဂေါင်းကြီးတွေ သူတို့စိတ်တိုင်းကျ လိုသလိုရေးဆွဲထားတဲ့စာအုပ်စိမ်းကြီးပဲ... ခင်ဗျားတို့ကတော့ ယူနီဖောင်းကြီးဝတ်၊ အဲဒီ့စာအုပ်စိမ်းကြီးကိုကာဗာယူပြီး ပုန်းလျှိုးကွယ်လျှိုး ခြစားတဲ့အုပ်စုလေ..'

'မင်းစော်ကားတာ များနေပြီနော် နေစက်ကွင်း...'

ရဲမှူးကြီး ဒေါသမထိန်းနိုင်တော့ဘဲ စားပွဲကို လက်သီးနှင့်ဒုန်းခနဲမြည်အောင်ထုချကာ...

'အပြင်မှာဘယ်သူရှိလဲ လာခဲ့စမ်း..'

လှမ်းအော်၍ ခေါ်လျှင် ရဲသားလေးတစ်ယောက် အပြေးတစ်ပိုင်းဝင်လာသည်။

'ဒီကောင့်ကို ဖမ်းစမ်း...ဆွဲချုပ်ပြီးခေါ်သွား..'

ထိုရဲသားက သူ့ကိုတစ်လှည့်၊ ရဲမှူးကြီးကိုတစ်လှည့်ကြည့်၍ သူ့ကိုဆွဲခေါ်ဖို့ဟန်ပြင်တော့ စက်က ခြေရင်းက ဝိတ်ပါတုံးလေးကို ဆောင့်ကန်ချ၍...

'ရှေ့မတိုးနဲ့... တစ်လှမ်းကျူးရင် အဲဒီ့ခြေထောက်ကအရိုးတွေ တစ်စစီဖြစ်သွားမယ်..'

ပြောရင်း လက်တစ်ဖက်ချက်ချင်းလှုပ်ရှားသွားကာ စားပွဲပေါ်က အသင့်တွေ့သည့်ချိန်းကြိုးကိုဆွဲ၍ ရဲမှူးကြီးလည်ပင်းကို ကြာပွတ်သဏ္ဍာန် လျှပ်တစ်ပြက်ရစ်ပတ်ချည်နှောင်လိုက်ပြီး ..

'ငါတို့ စကားပြောလို့မပြီးသေးတဲ့အတွက် မင်း အခန်းပြင်ထွက်ပြီး ပါးစပ်ပိတ်နှုတ်ဆိတ်နေလိုက်.. အပြင်ကလူတွေပြေးခေါ်လာတာမျိုးလုပ်ရင် မင်းဆရာကို ကြိုးဆွဲချလိုက်မယ်..'

ရဲမှူးကြီး ကြိုးနှင့်တင်းကြပ်စွာ ရစ်ပတ်ခံနေရသဖြင့် လည်ပင်းအစ်၍ မချိမဆံ့ဖြစ်နေသည်။ ရဲသားလေး အတုန်တုန်အလှုပ်လှုပ်ဖြင့် အခန်းပြင်ထွက်ပေးရင်း အထဲကအခြေအနေကို ဘုရားတနေ၏။ ခြိမ်းခြောက်ထားသည့်အတိုင်း တကယ်လုပ်မည့်ပုံစံမျိုးမို့ သူ ပါးစပ်ပိတ်နေတာသာ အကောင်းဆုံးဖြစ်မည်။
စက်က ကြိုးကို ​ဖြည်လျှော့၍ ပြန်ဆွဲယူလိုက်မှ ရဲမှူးကြီး အသက်ရှူချောင်သွားကာ ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။

'ဘယ်လိုလဲ...ကျုပ်ပြောတဲ့နှစ်ချက် လုပ်ပေးမလား..'

'မင်း မင်း အခုဘာလုပ်နေတာလဲ သိရဲ့လား၊ ငါ့လိုအရာရှိရဲ့အသက်ကိုရန်ရှာမှုနဲ့တင် မင်းကို အလုပ်ကြမ်းနဲ့ထောင်ချပစ်လို့ရတယ်၊ ငါ မင်းကို သက်သေ မရရအောင်ရှာပြီးဖမ်းပြမယ်.. အနည်းဆုံး ထောင်ဆယ်နှစ်ကျအောင် ချပစ်မယ်ဆိုတာ သိထား...အခုချက်ချင်း ငါ့အခန်းထဲက ထွက်သွားစမ်း...'

'ခုနကမှ သေမလိုဖြစ်ထားတာကို လေသံမလျှော့သေးဘူးပဲ.. '

ရဲမှူးကြီး ဒေါသတကြီးမောင်းထုတ်နေသော်လည်း စက်က အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ဘဲ ထေ့ပြုံးနှင့်စိုက်ကြည့်၍ ဂျက်ကက်အင်္ကျီထဲက စာအိတ်တစ်အိတ်ကို ရဲမှူးကြီးရှေ့ ပစ်ချပေးသည်။

'ဒီထဲကပုံတွေကိုမြင်ရင် ခင်ဗျား ကျုပ်ကို အခုလိုမျိုးပြောနိုင်ပါဦးမလား...'

ရဲမှူးကြီးအကြည့်တွေ ထိုစာအိတ်ဆီရောက်သွားကာ ဖွင့်ဖောက်ကြည့်လျှင် ဓာတ်ပုံတွေအထပ်လိုက် ထွက်ကျလာ၏။ ထိုပုံများကိုမြင်တော့ ရဲမှူးကြီး မျက်လုံးပြူးသွားကာ သူ့ကိုအလန့်တကြား ကြည့်လာ၏။

' မင်း...ဒါတွေ..'

'ခင်ဗျား နောက်မီးလင်းနေတဲ့ပုံတွေ ခင်ဗျားမိန်းမနဲ့သားသမီးနှစ်ယောက်ဆီပို့လိုက်ရင် ခင်ဗျားဘာဖြစ်သွားမလဲ..'

'ဟေ့ကောင်..'

ဒေါသထက်ပိုသော တုန်လှုပ်ခြောက်ခြားသံဖြင့် ဟန့်တားလိုက်ပြီး..

'မင်း ဒီပုံတွေဘယ်ကရလာတာလဲ... အတော်ကောက်ကျစ်ယုတ်မာတဲ့ကောင်ပါလား..'

'ယူနီဖောင်းကြီးဝတ်ထားပြီး လူမှုရေးဖောက်ပြန်နေတဲ့ခင်ဗျားကို မမီသေးပါဘူး၊ စိတ်လျှော့ထားစမ်းပါ... ကျုပ်ကိုကြည့်တဲ့အကြည့်တွေပြန်ပြင်ပြီး ကျုပ်ပြောတာကိုလက်ခံမလား.. ဒါမှမဟုတ် ဒီပုံတွေကို publicမှာ ဖြန့်လိုက်ရမလား..'

'မင်းလို မလောက်လေးမလောက်စားကောင်ကများ ငါ့လိုလူကို ခြိမ်းလားခြောက်လားနဲ့.. ဒီပုံတွေလောက်ကိုငါက သောက်ဂရုစိုက်မယ်ထင်နေလား..'

ဒေါသကြောင့် အသားတဆတ်ဆတ်တုန်ကာ စကားကိုဆုံးအောင်မပြောလိုက်ရသေးပါဘဲ ရှူးခနဲအသံကြောင့် ပါးစပ်ပိတ်သွားပြန်၏။

'ကျုပ်က ခြိမ်းခြောက်နေတယ်လို့ ခုထိထင်နေတုန်းပဲလား...ခင်ဗျားလိုရဲမှူးအဆင့်ကို ဒီကအပြန် လက်သည်မပေါ်အောင် အစဖျောက်ပစ်လို့ရတယ်.. ကျုပ် အသာတကြည်ပြောနေတုန်း လက်ခံဖို့ဆုံးဖြတ်ထား.. ငါးမိနစ် အချိန်ပေးမယ် ..ငါးမိနစ်အတွင်း လက်ခံဖို့ခေါင်းမညိတ်ဘူးဆိုရင် ခင်ဗျား ဒီရာထူးကနေ အရှက်တကွဲနှုတ်ထွက်ရတဲ့အထိဖြစ်သွားမယ်.. '

'ငါက ရဲအရာရှိကွ...အမှုပိတ်ပစ်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...'

ရဲမှူးကြီး ဘေးကျပ်နံကျပ်ဖြစ်ကာ စောဒကတက်လျှင် စက်က စူးရဲစွာ စိုက်ကြည့်၍...

'လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်က ပြင်ဦးလွင် ဆောင်းရိပ်မြုံလမ်းက ကားတိုက်မှုကိုတောင် မှတ်တမ်းဖျောက်ခဲ့တဲ့လူက အခုကျမှ တာဝန်သိတတ်နေပါလား၊ ခင်ဗျား တာဝန်သိတတ်မှုကို ဂုဏ်ပြုရမှာပေါ့ ..'

စက် ရိသဲ့သဲ့ပြောရင်း လက်က နာရီကိုမြှောက်ကြည့်သည်။

'အချိန်စေ့တော့မယ်... ဖိုက်ဖ်...ဖော...သရီး...'

'ခဏလေး...ခဏလေး မောင်ရင်..'

သူ ရေတွက်လို့မဆုံးသေးခင် ရဲမှူးကြီး ကပျာကယာ လက်ကာတားရင်း တံတွေးတစ်ချက်မျိုသည်။

'မောင်ရင်ပြောတာကို ကျုပ်လက်ခံပါ့မယ်... လက်ခံရင် ကျုပ်အတွက် အကျိုးအမြတ်..'

'ဟွန်း..ဒီပုံတွေကို မီးရှို့ပေးလိုက်ရုံအပြင် ဘာအကျိုးအမြတ်မှမမျှော်လင့်နဲ့၊ ခင်ဗျားနဲ့မတန်ဘူး... ကျုပ်ပြောတဲ့နှစ်ချက် ဒီနေ့ပြီးအောင်လုပ်ပေး... နေ့ကူးသွားလို့ မပြီးဘူးဆိုရင် ကိုယ့်လမ်းကိုယ်ရှာထား...'

သူက နားထင်ကို လက်ညှိုးနှင့်ထောက်ပြ၍ ထေ့ပြုံးတစ်ချက်နှင့်သတိပေးသည်။ ထို့နောက် ရဲစခန်းမှ ချက်ချင်းပြန်ခဲ့တော့သည်။
သူဦးတည်နေသည့် နောက်တစ်နေရာက Royalဆေးရုံ။ လုံခြုံရေးတင်းကြပ်ထားသည့် VIPအခန်းတစ်ခုထဲသို့ လုံခြုံရေးအစောင့်တွေ အလစ်မှာ လျှပ်တစ်ပြက်ဝင်ခဲ့၏။
အခန်းထဲမှာ လူနာနှင့်သူနာပြုလေးတစ်ယောက်ကိုသာ တွေ့ရပြီး သူနာပြုလေးက သူဝင်လာတာမြင်တော့ အံ့သြသွားဟန်ဖြင့် မျက်လုံးပြူးနှင့်ကြည့်၏။

'ရှင်..ရှင် ဘယ်သူလဲ...'

'လေဒီ...ကိုယ်က သူ့ရဲ့မိတ်ဆွေပါ.. ကိုယ် သူနဲ့အေးဆေးစကားပြောချင်လို့ မင်း အပြင်ခဏထွက်ပေးလို့ရမလား..'

ညှို့ငင်နိုင်စွမ်းသော အကြည့်များဖြင့် ရင်းနှီးစွာပြုံးပြရင်း မျက်စိတစ်ဖက်မှိတ်ပြလျှင် ထိုသူနာပြုဆ ရာမလေးက ငေးခနဲဖြစ်သွားပြီးမှ ရှက်ပြုံးလေးနှင့် ခေါင်းညိတ်ပြသည်။

'ကိုယ် ဒီမှာရှိနေတာ ဘယ်သူမှမသိစေနဲ့နော်... သဘောပေါက်တယ်မို့လား...ရော့ ဒါက မင်းအတွက်...'

သူက လူနာကုတင်ဘေး စားပွဲပေါ်က ပန်းအိုးထဲမှ နှင်းဆီတစ်ပွင့်ကိုယူ၍ ကမ်းပေးသည်။ သူနာပြုလေးက ထိုနှင်းဆီပန်းကို သူ့ရှေ့မှာပဲ ပန်လိုက်ပြီးမှ..

'ရှင် သိပ်တော့မကြာစေနဲ့နော်..'

ဟု သတိပေး၍ ထွက်သွားလေသည်။ စက်က အခန်းထောင့် နံရံထက်က စီစီတီဗီကင်မရာကို ဂျက်ကက်အင်္ကျီအိတ်ထဲက ဓားမြှောင်နှင့်ထိုးခွဲပစ်သည်။ လူနာကုတင်ထက်မှာ အောက်စီဂျင်ပိုက်များနှင့်အသက်ဆက်နေရသူက သူ့ကိုထိတ်လန့်အံ့သြသော မျက်လုံးများနှင့် လှမ်းကြည့်နေ၏။ တစ်ကိုယ်လုံးအကြောသေသွားပြီမို့ အသိစိတ်ယဲ့ယဲ့နှင့်အသက်ရှင်နေသည့် ထိုသူဆီ သူ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။
သူ့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည့်မျက်ဝန်းများကို တန်ပြန်ငုံ့စိုက်ကြည့်ရင်း...

'အံ့သြသွားလား ဦးကောင်းစျာန်... ခင်ဗျား အသက်ရှင်နေသေးတဲ့အဖြစ်ကို သတိရလို့လာကြည့်တာ...'

သူက လက်ထဲကဓားမြှောင်ကို ဖင်ပြန်ခေါင်းပြန်ဆော့ကစားနေပြီးမှ..

'ခင်ဗျားက ခင်ဗျားရဲ့အသုံးမကျတဲ့သားငယ်ကို လက်တွဲခေါ်ချိန်မရလိုက်ဘဲ ဒီလိုဖြစ်သွားရတယ်ဆိုတော့ အတော်မချိတင်ကဲဖြစ်နေမှာပဲ၊ Royalရဲ့ဆက်ခံသူက ဘယ်လောက်ထိအရည်အချင်းညံ့ဖျင်းလဲ၊ သူ့ကြောင့် Royalဘယ်လိုပြိုလဲသွားမလဲဆိုတာ ခင်ဗျား အသက်မထွက်ခင် မြင်သွားစေချင်တယ်၊ ခင်ဗျားကို သေအောင်သတ်ဖို့စိတ်ကူးထားပေမဲ့ မသေခင်ကာလတစ်လျှောက်လုံး ဒီလိုမျိုး သောကရောက်အောင် ညှင်းဆဲရတာလည်း အရသာတစ်မျိုးပဲ...'

ဦးကောင်းစျာန် သူပြောတာတွေကို ကြားနေရသော်လည်း ဘာမှပြန်ပြောဖို့မစွမ်းသာ။ စက်က ထိုမျက်နှာကိုပဲ တစိမ့်စိမ့်အရသာခံကြည့်သည်။

အခု ခင်ဗျား ကျုပ်ပြောတာတွေကိုပဲနားထောင်ရတော့မှာ... ဘာမှပြန်ပြောခွင့်မသာတဲ့အဖြစ်မျိုးနဲ့ ဖြည်းဖြည်းချင်း အသက်ထွက်သွားမှာ.. ခင်ဗျား စိတ်ဆင်းရဲလွန်းလို့ မြန်မြန်သေချင်ရင်တောင် ဦးနှောက်မရှိတဲ့ခင်ဗျားသားငယ်က ခင်ဗျားကို အသက်ရှူခွင့်ရအောင် ဆွဲဆန့်ပေးနေမှာမို့ Royalနဲ့အတူ ခင်ဗျားတစ်မိသားစုလုံး ဘယ်လိုဇာတ်သိမ်းမလဲ ဟောဒီအခန်းထဲကနေ နားစွင့်နေရလိမ့်မယ်...'

သူ တစ်လုံးချင်း အေးဆေးစွာပြောရင်း ဦးကောင်းစျာန်၏ လည်ပင်းကို ဓားမြှောင်ထိပ်ဦးနှင့် သွေးစို့သည်အထိ ဖိထိုးသည်။ ဦးကောင်းစျာန် မျက်ဖြူလန်ကာ ရင်ဘတ်ကြီး မောက်ကြွလာမှ သူ့လက်နှင့်အသာဖိထိန်းထားလိုက်ပြီး...

'စိတ်လျှော့ စိတ်လျှော့... ကျုပ်စကားမဆုံးသေးဘူး...'

သူ့ကို ပြူးကြောင်ငေးကြည့်နေသည့်မျက်ဝန်းများက မေးခွန်းတွေတန်းစီနေ၏။ သူက နားလည်သလိုမျိုး နှုတ်ခမ်းတွန့်ပြုံး၍..

'ခင်ဗျားကို ဒီအခြေအနေဖြစ်အောင်လုပ်ခဲ့တာကျုပ်ပဲ... လူဆိုတာ တစ်ခုခုလိုချင်ရင် တစ်ခုခုပြန်ပေးရတယ်ဦးကောင်းစျာန်၊ ခင်ဗျားလိုချင်တဲ့အရာတွေကို နည်းမျိုးစုံနဲ့ရယူခဲ့ပြီးပြီဆိုတော့ အခု ခင်ဗျားပြန်ပေးရမယ့်အလှည့်ပဲ၊ လွန်ခဲ့တဲ့ ၂၀၀၇က ခင်ဗျား ဘာတွေလုပ်ခဲ့လဲ... လုပ်ခဲ့သမျှ ရယူခဲ့သမျှ တစ်ခုချင်းစီအတွက် မသေခင်ပြန်ပေးဆပ်ရမယ်..'

သူ အံကြိတ်သံနှင့်ပြောနေစဥ် အသံတွေကြားလိုက်ရသဖြင့် ပြတင်းပေါက်လိုက်ကာစကိုဆွဲချ၍ ချက်ချင်းအကာအကွယ်ယူ၏။
အခန်းထဲသို့ လူတချို့ဝင်လာကာ စျာန်ရဲက ရှေ့ဆုံးမှ ပျာယိပျာယာပုံစံနှင့်ဦးကောင်းစျာန်ကုတင်နားရောက်လာသည်။

'ဒက်ဒီ့...'

သူ အသက်ရှူပြင်းနေသည့်ဒက်ဒီ့ကိုငုံ့ကြည့်ရင်း လည်ပင်းက သွေးစို့နေသည့်ဒဏ်ရာကြီးကိုမြင်သွားသည်။ ဒီဒဏ်ရာကြီးက ဘယ်လိုဖြစ်ရတာလဲ။ သူ အံ့သြတုန်လှုပ်သွားလျက် ဘေးဘီဝဲယာကိုမျက်စိကစားကြည့်သော်လည်း ဘာမှမတွေ့။ ပြတင်းပေါက်ဘက်မှ အရိပ်တစ်ခုမြင်လိုက်သလိုရှိ၍ ထိုဆီသို့ အပြေးအလွှားသွားကြည့်သော်လည်း မည်သည့်အရိပ်အယောင်ကိုမျှ မမြင်ရချေ။

'ဒီအခန်းထဲကို ဘယ်သူဝင်သွားသေးလဲ၊ နာ့စ်က ဘယ်ရောက်သွားတာလဲ..'

သူမေးနေဆဲမှာပဲ သူနာပြုလေး တုန်တုန်ယင်ယင်နှင့်ပြန်ဝင်လာသည်။

'ကျွန်မ ဆေးသွားယူနေတာပါအစ်ကိုရယ်... ပေါ့လျော့မိလို့ တောင်းပန်ပါတယ်.. '

ရှိခိုးမတတ် တောင်းပန်နေသဖြင့် စျာန်ရဲ မှုန်ကုပ်ကုပ်ကြည့်၍..

'မင်း အပြင်ထွက်သွားတဲ့အချိန် ဒက်ဒီ့လည်ပင်းမှာ ဘာဖြစ်သွားမှန်းမသိတဲ့ဒဏ်ရာကြီးနဲ့ မြင်ရဲ့လား...'

ဈာန်ရဲ ငေါက်ဆတ်ဆတ်ပြောလိုက်မှ သူနာပြုက ဦးကောင်းဈာန်လည်ပင်းက ဒဏ်ရာကိုမြင်သွားကာ ထိတ်လန့်ပြူးပျာနေ၏။ ချက်ချင်း ထိုဒဏ်ရာကို ဆေးကြောသန့်စင်ပေး၊ဆေးထည့်ပေးနှင့် သူ့ကိုလည်း တတွတ်တွတ် တောင်းပန်လို့မဆုံးတော့ပါ။

'သူဌေးကြီးက လှုပ်ရှားဖို့အားယူလိုက်လို့ တစ်ခုခုနဲ့ထိခိုက်မိသွားတာဖြစ်မယ်...နောက်တစ်ခါ သေချာဂရုစိုက်ပါ့မယ်...ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး..'

သူနာပြုလေးက စောစောက ကိုလူစိမ်းလက်ချက်များလားဟုတွေးမိသွားပြီးမှ သူ့အပြစ်မကင်းသည့်အဖြစ်ကိုဖုံးဖိမျိုသိပ်လိုက်၏။ ကိုလူစိမ်းကတော့ အဲ့လိုလုပ်မည့်ရုပ် မဟုတ်တန်ရာ။
ဈာန်ရဲကတော့ ဒက်ဒီ့ဒဏ်ရာကို သိပ်မသင်္ကာချင်သေးပါ။ လူဝင်သွားသည့်အဖြစ်ကိုတွေးမိသော်လည်း ဘာအရိပ်အယောင်မျှ မတွေ့ရသည့်အဖြစ်ကြောင့် မတင်မကျဖြစ်နေမိဆဲ။

'Boss...စီစီတီဗီကင်မရာက ကွဲနေတယ်...'

အဖော်ပါလာသည့် လုံခြုံရေးနှစ်ယောက်က သူတို့လက်လှမ်းမမီသည့်ကင်မရာကိုမော့ကြည့်ရင်း ဈာန်ရဲဘက် လှည့်ပြောသည်။ ဈာန်ရဲ ထိုနားထိလျှောက်လာပြီး CCTVကင်မရာကိုမော့ကြည့်၍ မျက်လုံးတွေ ချာချာလည်နေကာ...

'အသုံးမကျလိုက်တဲ့ကောင်တွေ.. VIPခန်းထဲက CCTVကင်မရာက ဘာလို့ကွဲနေရတာလဲ၊ ဘယ်သဘောက်မသား ဝင်သွားမှန်းမသိရအောင် မင်းတို့ဘာတွေလုပ်နေကြတာလဲ၊ ဒီတိုင်းဆို မင်းတို့လည်ပင်းကိုဖြတ်သွားရင်တောင် သိလိုက်မှာမဟုတ်ဘူး...'

ဒေါသတကြီးကြိမ်းမောင်းနေစဥ် ဖုန်းဝင်လာသဖြင့် ကိုင်လိုက်ရပြန်၏။

'ဟဲလို....'

'......,.....,...'

'ဘာ...အမှုပိတ်လိုက်ပြီ....မဖြစ်နိုင်တာ...'

'.....,....,........'

'ဟာ ခင်ဗျားဒီလိုလက်ရှောင်လို့မရဘူးလေ...ခင်ဗျားပဲတာဝန်ယူမယ်ပြောထားပြီးတော့.... ဟေ့လူ...ဟေ့လူ..'

သူ့စကားမဆုံးသေးခင် တစ်ဖက်မှဖုန်းချသွားသဖြင့် သူ ကြိတ်မနိုင်ခဲမရဒေါသများနှင့်အံကြိတ်တက်ခေါက်မိသည်။ တစ်ဆက်တည်းမှာပဲ တစ်စုံတစ်ယောက်ကို ပြေးမြင်သွား၏။

'နေစက်ကွင်း...ဒါတွေအားလုံး မင်းလုပ်နေတာပဲ၊ ငါသိတယ်..'

ထိုမိစ္ဆာကောင်ကို လက်ပူးလက်ကြပ်မဖမ်းနိုင်သေးသည့်အဖြစ်ကြောင့် အလဲထိုးခံရတာတွေများနေပြီမို့ သူ့ဘက်က တစ်ခုခုပြန်လည်တုံ့ပြန်မှဖြစ်တော့မည်။ သို့မဟုတ်လျှင် ဘယ်လိုထိုးနှက်ချက်တွေနှင့် အလဲအကွဲထပ်ဖြစ်ဦးမလဲ ကြိုမသိနိုင်။ ထို့ကြောင့်...

☀️The Will Of The Heart🌻Where stories live. Discover now