🌻အခန်း(၁၃)🌻

16.9K 497 32
                                    


'အဲဒီ့ချာတိတ်က တို့ဆီက ငွေပြန်ညှစ်ပြီး ကလေးကလားတွေလျှောက်လုပ်ခဲ့တဲ့ကောင်ဆိုတာ ကိုယ်တိုင် မမြင်ရမတွေ့ရရင် ယုံမိမှာတောင်မဟုတ်ဘူး.. အတော်တည်ငြိမ်သွားတာပဲ..'

ရာမက Royal၏ဆက်ခံသူ စျာန်ရဲတိုက်၏ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှ လိုက်ဖ်ကြည့်ရင်း မှတ်ချက်ချသည်။

'မတည်ငြိမ်လို့မရတော့ဘူးလေ..စက်ကွင်းရဲ့ထိုးနှက်ချက်ကလည်း ပြင်းတာကိုး၊ အဲဒီ့ချာတိတ်သာ စိတ်ပျော့ရင် လူမြင်ကွင်းမှာတောင် ပေါ်လာမှာမဟုတ်ဘူး၊ အခုတောင် ဘော်ဒီဂတ်တွေခေါ်လာတာ မတွေ့ဘူးလား..'

'သူက အရည်အချင်းရှိပါတယ်.. ငယ်သေးလို့ဆိုးပေဖြစ်နေတာ..'

သင်္ဂိုရ်နှင့်ရာမ တစ်ယောက်တစ်လှည့်ဝေဖန်နေကြ၏။
'မင်းက Royalကို ဘယ်လိုစီရင်ဦးမှာလဲ စက်..လဲပြိုသွားအောင် လုပ်မယ်ဆိုပြီး ဒီလောက်နဲ့ရပ်တန့်လိုက်ပြီလား...'

သင်္ဂိုရ်က ဆက်တီပေါ်ခြေဆန့်လှဲနေသည့်စက်ကို မျက်စပစ်၍မေးသည်။

'တမင်လွှတ်ထားတာပါ၊ ဒီကောင် ဘယ်လောက်လုပ်နိုင်စွမ်းရှိလဲ၊ ဘယ်လောက်စိတ်မာနိုင်မလဲ သိချင်သေးတယ်... ကိုယ့်ရဲ့သားကောင်က ချိနဲ့အားနည်းနေတာမျိုးဆိုရင် အမဲလိုက်ရတာ ဘယ်ပျော်ဖို့ကောင်းတော့မလဲ၊ သူ ဘယ်နှခါ ပြန်ထနိုင်မလဲ၊ ရပ်တည်နိုင်မလဲ စမ်းသပ်ရတာ စိတ်ဝင်စားဖို့တော့ကောင်းမှာပါ..'

'သတိလည်းထားဦး စက်...ကျားနာတွေကပိုကိုက်တတ်တယ်၊ သူ့အဖေကိစ္စ သွေးရိုးသားရိုးမဟုတ်မှန်းသိလို့ အပူတပြင်းလိုက်စုံစမ်းနေတာနော်..'

'စုံစမ်းပါစေ .. သူလည်း သူ့အဖေလို ဖြစ်မလား၊ သူ့အစ်ကိုနောက်ပဲ လိုက်သွားမလား သူကိုယ်တိုင်ရွေးချယ်ရမှာပဲ...'

ရာမတို့ တွေးပူနေကြပေမဲ့ စက်က သူ့ဝသီအတိုင်း ဘာကိုမှမမှုသော သွေးအေးခြင်းဖြင့် တည်ငြိမ်နေသည်။

'ဒါနဲ့ နေရော အဆင်ပြေရဲ့လား...ငါတို့လည်း စိတ်ရှိပေမဲ့ လူက သူ့ဆီမရောက်ဘဲဖြစ်နေတယ်..'

'သူ အဆင်ပြေသွားပါပြီ ..'

သူ ပြန်ဖြေလိုက်သော်လည်း ထိုကဲ့သို့သောအဖြစ်မျိုး နောက်တစ်ကြိမ်ထပ်ဖြစ်လာမှာကို စိုးရိမ်စိတ်က ရှိနေသည်။ နေ့အတိတ်ဆိုးကို မေ့ပျောက်သွားစေဖို့ မှတ်ဉာဏ်ဖျောက်ပစ်နိုင်လျှင်လည်း အကောင်းသား။

'အဆင်ပြေသွားပြီသာဆိုတယ်...မင်းမျက်နှာက ဘာဖြစ်နေတာလဲ..'

'ဘာမှမဖြစ်ဘူး...ငါပြန်တော့မယ်.. ဒီည နေ့ကို Miss Grandပွဲလိုက်ပို့ရဦးမှာ...နောက်မှဆုံကြမယ်...'

သူ သင်္ဂိုရ်တို့ကိုနှုတ်ဆက်၍ အိမ်ပြန်လာခဲ့သည်။ သူ့အိမ်က ထုံးစံအတိုင်း အလုပ်သမားများ အလုပ်လုပ်နေကြရုံမှလွဲ၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။ မာမီက မြန်မာပြည်မှာနေလည်း ခဏပဲဖြစ်ကာ ဒက်ဒီ့ဆီလိုက်သွားရသည်ကများ၏။

မိသားစုဟူသည့် နွေးထွေးမှုတွေကို ဒက်ဒီနှင့်မာမီ့ဆီက မတောင့်တတတ်ခဲ့တာကြာပြီ။ သူ့ဘေးမှာ မခွဲမခွာရှိနေပေးခဲ့သည့် မိသားစုဟူ၍ နေတစ်ယောက်တည်းသာဖြစ်၏။ ထို့ကြောင့် နေသည်သာ သူ့အတွက် တွယ်တာစရာ သံယောဇဥ်နှောင်ကြိုးတစ်မျှင်။

'သား... ပြန်လာပြီလား...နေ့လယ်စာ ပြင်လိုက်ရမလား...'

သူ့နို့ထိန်း နာနီကြီး ဒေါ်မာတာက သူရောက်ရောက်ချင်း လာမေးသည်။ သူ နံရံကပ်နာရီကိုကြည့်၍ ခေါင်းခါလိုက်၏။

'မစားတော့ဘူး တာကြီး...ကျွန်တော် ဒီညခရီးသွားစရာရှိလို့..'

တာကြီး ခေါ် ဒေါ်မာတာကတော့ သူ့ကိုတူသားအရင်းလို ခင်တွယ်ရှာသူမို့ အစားအသောက်ကအစ အချိန်မှန်မှန်ကျွေးဖို့ သူ့ဝေယျာဝစ္စတွေလုပ်ပေးဖို့ ဘယ်တော့မှ ဝတ္တရားမပျက်ကွက်ခဲ့ပါ။

ဒေါ်မာတာပြန်ထွက်သွားတော့ ရေမိုးချိုး၊အဝတ်အစားလဲကာ ခရီးသွားဖို့ ထုပ်ပိုးပြင်ဆင်နေဆဲမှာ တံခါးခေါက်သံကြားလိုက်ရသည်။

'ဝင်ခဲ့..'

ဝင်ခဲ့ ဆိုတော့ တံခါးပွင့်သွားကာ နေက ပြင်ဆင်ပြီးပုံစံနှင့် ထွက်လာသည်။

'ထင်သားပဲ...နင်မပြီးသေးဘူးဆိုတာ ..'

နေ သူ့အဝတ်အစားတွေ ကူ၍ထုပ်ပိုးပေးရင်း လက်အိတ်၊ခါးပတ်ကအစ မမေ့မလျော့ထည့်သည်။

'အချိန်မီတော့ ရောက်မှာပါနော်...'

'ရောက်မှာ..ခင်ဗျားသာ အိပ်ဆေးသောက်ဖို့မမေ့နဲ့..'

'မေ့ပါဘူး...'

'အဲဒါမျိုးသွားဖို့ကျ တက်ကြွနေတာပဲနော်.. တကယ်ဆို ခရီးဝေးမသွားစေချင်သေးဘူး နင့်ကို...'

စက်က ဂျက်ကက်အင်္ကျီကို လက်လျှိုဝတ်ပြီးနောက် ဖြောင့်စင်းသည့်ဆံပင်ရှည်တွေကို သားရေကွင်းနှင့်စည်းနှောင်လိုက်သည်။ နေကလည်း သူ့လိုပဲ ဆံပင်တွေစည်းထားကာ သူနှင့်အရောင်တူဆိုက်ကွဲဂျက်ကက်ဝတ်ထား၏။

'ဘာမှမဖြစ်ပါဘူး၊ နင်နဲ့သွားမှာပဲဟာ.. သာသာ့ကိုလည်းပြောပြီးပြီ..'

နေက ကင်းသွားလေရာတိုင်း လိုက်ပါတတ်သူမို့ သူ့ရန်ပွဲများကြား ထိပ်တိုက်တိုးလျှင်တောင် နေ့ကိုမထိခိုက်အောင် ကာကွယ်ပေးဖို့တော့ သူ တတ်နိုင်ခဲ့သည်။ ကင်းဖြစ်နေသောကြောင့်လည်း ယုံကြည်စိတ်ချရခြင်းဖြစ်၏။

'နင်လည်း မာန့်ကိုတွေ့ချင်တယ်မို့လား..'

နေက မေးတော့ စက် ရေမွှေးဆွတ်ရင်း ပြုံးသည်။

'နင် ငါ့ကို မာန်နဲ့သဘောတူလို့လား..'

'ဟင်...'

သူ ပြန်မေးလိုက်တော့ နေ 'ဟင်'ခနဲ ဖြစ်သွား၏။ စက်က နေကြိုက်သော Clive Christian ရေမွှေးကို နေ့ကိုပါဖျန်းပေးပြီးမှ..

'နင် ငါ့ကို မာန်နဲ့ငြိသွားမှာ စိုးရိမ်နေတယ်မို့လား..'

'ဟာ...မဟုတ်ပါဘူး..'

မထင်မှတ်သည့် သူ့အမေးကြောင့် နေ့မျက်နှာ ရဲသွားကာ မညာတတ်သော မျက်ဝန်းများကို မျက်နှာလွှဲ မျက်လွှာချခြင်းဖြင့် ဖုံးကွယ်ပစ်သည်။

'ဟားဟားဟား...'

စက်က နေ့မျက်နှာပေါ်က စာတွေကို နောကျေနေသူပီပီ သဘောကျစွာရယ်၍ သူမ နားရွက်ဖျားလေးကို ညင်သာစွာ ဖိကိုက်လာကာ...

'နင် ညာရင် ဟောဒီနားရွက်တွေနီလာတတ်တာ မေ့နေပြီလား..'

နေ သူကိုက်ထားသည့် နားရွက်ကိုလက်နှင့်ပွတ်ရင်း လူမိသွားသည့် မျက်ဝန်းလေးများက ဂဏှာမငြိမ်တော့။ စက်က သူမပခုံးလေးနှစ်ဖက်ကို ဖိဆုပ်လိုက်ပြီး ပြေးကွယ်ရာရှာနေသည့် မျက်နှာလေးကို စူးစိုက်ကြည့်ကာ..

'နေ... ငါအတည်ပြောမယ်..နားထောင်..ငါ နင့်ကိုထားခဲ့ပြီး မိန်းမယူဖို့ တစ်အိုးတစ်အိမ်ထူထောင်ဖို့ အစီအစဥ်မရှိဘူး..တစ်ခါမှတောင် မတွေးခဲ့ဖူးသေးဘူး၊ နင်က ငါ့ဘေးမှာအမြဲရှိပေးခဲ့တဲ့ တစ်ဦးတည်းသော မိသားစုဝင်မို့လို့ ငါ့ကို စိတ်ပူတာ၊နှမြောတာ ငါနားလည်တယ်...ငါ မိန်းမယူဖြစ်ရင်တောင် နင်ကြည်ဖြူလက်ခံတဲ့သူကိုပဲယူမှာ.. ငါ ရည်းစားများပေမဲ့ မချစ်တတ်ဘူး၊ ချစ်လှပါတယ်ဆိုပြီးတော့လည်း ဘယ်သူ့အပေါ်မှာမှ မဖြစ်ခဲ့ဘူး.. ရှေ့ဆက်ပြီးတော့လည်း ချစ်တဲ့မိန်းမ တွေ့နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့ နင် ငါ့ကိုစိတ်ချပြီး ငါ စိတ်ပူစေမယ့်အရာတွေ ထပ်မလုပ်မိစေဖို့ပဲကြိုးစား...'

စက် လေးနက်စွာဆိုလျှင် နေက သူ့မျက်လုံးတွေကို တန်ပြန်စိုက်ကြည့်၍...

'ကတိပေးလား..'

ဟု ခပ်တိုးတိုးမေး၏။ သူက နေနှင့်နဖူးချင်းကပ်၍ ခေါင်းညိတ်ပြသည်။

'ပေးတယ်...'

'ဘယ်အချိန်ထိ ငါ့ဘေးမှာရှိနေပေးမှာလဲ..'

'ကင်းဆိုတဲ့ကောင် သဟောက်သဟမ်းနဲ့အမြဲဆူပူနေတာ...မိန်းမ မြန်မြန်ယူမှအေးမယ်လို့ မပြောမချင်း..'

ထိုစကားကြောင့် နေ တခစ်ခစ်ရယ်တော့သည်။

'ကျေနပ်ပြီလား..'

'အင်း...'

☀️The Will Of The Heart🌻Where stories live. Discover now