🌻အခန်း(၇)🌻

17.9K 503 7
                                    

'

ခန်းမထဲမှာ လူစုံနေပြီ။ အားလုံးသည် ယနေ့နွှဲမည့် ပွဲကြီးပွဲကောင်းကို စိတ်ဝင်စား၍ ရောက်လာပုံချင်း တူသော်လည်း ရည်ရွယ်ချက်ကတော့ မတူကြချေ။ တချို့က ပွဲကြည့်ပရိသတ် လုပ်ချင်ရုံသက်သက် ရောက်လာကြခြင်းဖြစ်ကာ လူနည်းစုက တစ်ပွဲတစ်လမ်းဝင်နွှဲဖို့ ဆန္ဒရှိနေကြ၏။ အကောင်ကြီးကြီးတွေချည်း စုဝေးနေသည့် ဒီပွဲမှာ အနိုင်ရသူဟာ အတော်ပေါ်ပြူလာဖြစ်တော့မည်။

'ဉီးကောင်းဈာန်တို့ ရောက်လာပြီ... '

ဒိုင်လုပ်ပေးမည့် အိန္ဒိယလူမျိုး ရပ်ခ်ျကူးမားက ဝမ်းသာအားရ ထွက်ကြိုသည်။ ဉီးကောင်းဈာန်ဟူသည့် Royal Group၏ ဥက္ကဋ္ဌကိုယ်တိုင် ဒီပွဲမှာ ဝင်ကစားမည်ဖြစ်သောကြောင့် ပွဲစည်နေခြင်းဖြစ်ချိမ့်မည်။

'တွေ့ရတာ ဝမ်းသာပါတယ်ဉီးကောင်းဈာန်..'

ခြွေရံသင်းပင်းများနှင့် တခမ်းတနားရောက်လာသည့် ဉီးကောင်းဈာန်ကို လက်ဆွဲနှုတ်ဆက်လိုက်စဉ် ပျော်တော်ဆက်မိန်းမလှလေးတွေ ဉီးကောင်းဈာန်အနားသို့ ဝိုင်းလာကြသည်။ ဉီးကောင်းဈာန်က မိန်းမလှလေးတွေကိုကြည့်၍ စိတ်တိုင်းကျသွားသည့် အပြုံးတစ်ချက်နှင့်...
'မင်း သိပ်အလိုက်သိတယ် ရပ်ခ်ျကူးမား..'
ရပ်ခ်ျကူးမားကို ချီးကျူးလိုက်ပြီး ပွဲအခင်းအကျင်း ပြင်ထားသည့်အခန်းကျယ်ကြီးထဲသို့လျှောက်လာကြသည်။မိုးကုတ်မြို့၏အထင်ကရ Central ကာစီနိုကလပ်ဖြစ်ပေမဲ့ KTV၊မာဆတ်ကဲ့သို့သော ဖျော်ဖြေရေးကဏ္ဍတွေ သီးသန့်ပေးသည့်နေရာဖြစ်ကာ တော်ရုံချမ်းသာသူတွေတောင် စိတ်ကူးမယဉ်ရဲသည်အထိ ကြေးကြီးသည်။
ဉီးကောင်းဈာန်ကဲ့သို့ အပန်းဖြေပျော်ပါးစရာတွေကိုသာ ရှာဖွေနေသူအဖို့ Central၏ အထူးအရေးပေးခြင်းခံရသည့် ဖောက်သည်ဆိုလည်း မမှားပေ။

'ပင်တိုင်ဖောက်သည်ကြီးကို အပြန်အလှန်ကျေးဇူးပြုရတာပေါ့ဗျာ..ဒါနဲ့ ဟိုတယ်အတွက်မြေကွက်လေလံပွဲရှိတယ်ဆို..'

'အဲဒီပွဲက ကိုယ့်သားသွားမှာ...'

'ဪ...သားပါ ပါလာတာကိုး..'

မြန်မာစကား ရေရေလည်လည်ပြောတတ်သည့် ရပ်ခ်ျကူးမားက အပြောကောင်းသလောက် စကားကြွယ်သည်။ အလိုက်သိ၍ အရိပ်ပြအကောင်မြင်သည်။ ဉီးကောင်းဈာန်တို့အတွက်စီစဉ်ထားသည့် စားပွဲဝိုင်းမှာ ထိုင်ခုံကိုယ်စီနှင့် နေရာယူလိုက်ကြသည်။
ဉီးကောင်းဈာန်ဘက်မှ ကစားပေးမည့် ရဲခေါင်ဆိုသူက ဉီးကောင်းဈာန်အနီးသို့ လာရပ်၍ တရိုတသေနှုတ်ဆက်သည်။

☀️The Will Of The Heart🌻Dove le storie prendono vita. Scoprilo ora