ဂျန်းနီ ဗီရိုကြီးရှေ့ငူငူကြီးရပ်နေခဲ့သည်။ များစွာသော ဝိုင်အရက်ပုလင်းတွေကို‌မော်မကြည့်ခင် အင်္ကျီလက်နားစကနေ တစက်စက်ကျနေတဲ့ရေစက်တွေကို အရင်ကြည့်မိသည်။ တကူးတက ရွေးချယ်ခြင်းမရှိဘဲ မျက်စိရှေ့တန်းတန်းက ဝိုင်းပုလင်းကိုဆွဲယူတော့-

"1976 Egon Müller"

Germany ထွက်ဝိုင်မျိုးဖြစ်သည်။ ဒေါ်လာဂဏန်းငါးလုံးတန်ဖိုးနဲ့ဒီဝိုင်က သူများဆီက ရခဲ့သည့်လက်ဆောင်ပဲလား၊ ကိုယ်ကိုယ်တိုင်ဝယ်စုခဲ့သည့်အရာပဲလား ဆိုတာ ဂျန်းနီမမှတ်မိ။ မှတ်ဉာဏ်တွေထဲ တကူးတက မရှာဖွေချင်တာလည်းပါမည်။

အဖုံးဖွင့်ကာ တကျိုက်တည်းမော့သောက်ပစ်သည်။ လည်ချောင်းထဲ အရက်ပြန်တွေလျှောဝင်သွားသလို ခံစားချက်က အခုချိန်ထိ အသားမကျသေး။

"မဟုတ်ဘူး ဟျွန်းရဲ့... တကယ်ပါ ဘုရားစူး မိုးရေတွေစက်လက်နဲ့ပြန်လာတာ။ ကားလည်းပါမလာဘူး။ မနက်ကဝတ်သွားတဲ့အင်္ကျီတွေနဲ့လည်း မဟုတ်ဘူး။ ခေါင်းအစခြေအဆုံး မိုးရေတွေရွှဲနေတာပဲ။ သူအိမ်ထဲစစဝင်လာချင်းတုန်းကဆို မတ်တပ်ရပ်နေတဲ့ဝက်ဝံတကောင်  အိမ်ထဲမိုးဝင်ခိုတယ်လို့ပဲထင်တာ"

ဂျန်းနီရဲ့ပုံစံကိုမြင်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ဆူးလ်ဂီဟာ အကြံမရတဲ့အဆုံး ဂျူဟျွန်းဆီကိုသာ ဖုန်းလှမ်းဆက်မိ၏။

📱....

"ဆူးလ်သိပါတယ် ကုမ္ပဏီမှာသူ့ကားကျန်ခဲ့မှန်း . . ဒါပေမယ့် ဆူးလ်ထင်လိုက်တာက တက္ကစီနဲ့ဖြစ်ဖြစ်ပြန်လာမယ်ပေါ့။ အခုက ဘယ်တွေသွားပြီး ဘာတွေလုပ်ခဲ့သလဲတော့ မသိဘူး။ အိမ်ကို လမ်းလျှောက်ပြန်လာတယ်။ ဒီလောက်မိုးတွေသည်းပြီး လေတွေတိုက်နေတာကို"

📱....

"အခု ဝိုင်ခန်းထဲမှာ။ အင်္ကျီတွေမလဲဘဲ အစိုကြီးနဲ့ဝင်သွားတာ။ အထဲကနေ လော့ခ်လည်းချထားတယ်။ ‌သောက်နေပြီနေမှာပေါ့"

📱....

"မလာပါနဲ့။ သူဒီလောက်ခေါင်းမာတာ။ ‌ဟျွန်းလိုက်လာရင် ပိုရှုပ်ကုန်မယ်။ ဆူးလ်ဘာသာပြောကြည့်ပါအုန်းမယ်။ လိုအပ်မှဖုန်းခေါ်လိုက်မယ်လေ"

Dating With Fussy Jane Where stories live. Discover now