အခန်း (၂၅) - ဖျားနာခြင်း (၂)

299 49 4
                                    

[Unicode]

​ရှေ့နေတစ်ယောက်၏ နေ့စဉ်ဘဝဆိုသည်က အမြဲလိုလို အလုပ်တာဝန်များနှင့် ရှုပ်ယှက်ခတ်နေပြီး စားပွဲတစ်နေရာထဲတွင် ကျောက်ချထိုင်နေရန် အချိန်သိပ်မရှိလှပါချေ။ Southcross ဥပဒေအကျိုးဆောင်ရုံးတွင် ပြောနေကျ စကားတစ်ခွန်းရှိပါ၏။ အမှုသည်အသစ်တစ်ယောက် လာပြီဆိုလျှင် သူတို့ကို ​ရှေ့နေနှင့် ကြိုတင်ရက်ချိန်းယူရန်လိုအပ်ပြီး အကျိုးဆောင်ရုံးသို့ ဆိုင်းမဆင့် ဘုံမဆင့် လာရောက်ခြင်း မပြုရန် ကြိုတင်အသိပေးထားရမည် ဟူ၍ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ရှာနေသည့် ​ရှေ့နေက သူ့ရုံးခန်းမှလွဲ၍ အခြား ဘယ်နေရာမှာမဆို ရှိနေနိုင်သောကြောင့် ဖြစ်လေသည်။

ပုံမှန်အခြေအနေဆိုလျှင်တော့ ကုရန့်သည်လည်း ထိုအတိုင်းပါပင်။

သို့ပေမယ့် သည်ကနေ့မှာတော့ သူဟာ စည်းမျဉ်းများကို ချိုးဖောက်နေလျက်။

နံနက်ခင်းမှာ သက်သေအသစ်များ စုဆောင်းရန်အတွက် အပြင်ခဏ သွားခဲ့သည်မှလွဲ၍ သူဟာ တစ်နေကုန်တစ်နေကန်း ဟိုတယ်ထဲမှာပဲ အောင်းနေပြီး သူ့ကွန်ပြူတာတစ်လုံး၊ ဖောင်တိန်တစ်ချောင်းနှင့် ငြိမ်ငြိမ်လေးထိုင်ရင်း အလုပ်လုပ်နေခဲ့သည်။

သူ့ရှေ့က ပုံရိပ်ယောင်မျက်နှာပြင်ပေါ်မှာတော့ နံနက်ပိုင်းတုန်းက သူစုဆောင်းသိမ်းဆည်းခဲ့သည့် ဗွီဒီယိုမှတ်တမ်းဖိုင်များကို ဖွင့်ထားလျက်သား။ နားကြပ်အဖြူရောင်ကို တပ်ထားပြီး လက်တစ်ဖက်ကို ထိုင်ခုံလက်တန်းပေါ် တင်ထားကာ အခြားတစ်ဖက်က ကော်ဖီခွက်ကို ကိုင်ရင်း သူဟာ ကုလားထိုင်ပေါ် မှီချလိုက်၏။

သူ့ပေါင်ပေါ်မှာတော့ စာမျက်နှာအလွတ်အနည်းငယ်ကို တင်ထားလျက်။ တစ်ချက်တစ်ချက်၌ သူဟာ ၎င်းတို့ပေါ်တွင် စာလုံးလေး တစ်လုံးစ၊ နှစ်လုံးစကို သပ်သပ်ရပ်ရပ် ချရေးတတ်လေသည်။

ဟိုးအရင် သူကျောင်းတက်နေစဉ်အခါက သူ့အမူအကျင့်ဟာ မာနကြီးပြီး ဝင့်ဝါတတ်ခဲ့၏။ သူ့ဦးနှောက်ကလည်း ဖတ်ပြီးသမျှ၊ သင်ယူခဲ့ပြီးသမျှ အရာအားလုံးကို တစ်လုံးမကျန် မှတ်မိသည်မို့ သူဟာ ေဖာင်တိန်နှင့် စာချရေးရခြင်းက သက်သက်အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ခံစားခဲ့ရဖူးလေသည်။ ပထမတစ်ချက်က သူ့စာရေးနှုန်းဟာ သူ့အတွေးများ၏ အရှိန်အတိုင်း လိုက်မမီနိုင်သလို ခံစားရသောကြောင့်ဖြစ်ပြီး၊ ဒုတိယတစ်ချက်ကတော့ သူဟာ အရာရာတိုင်းကို သပ်ရပ်သန့်ရှင်းနေမှ ကြိုက်သောကြောင့်ပင်။ လက်ရေးမူနှင့် ချရေးထားသော စကားလုံးများက သန့်ရှင်းသေသပ်မှုနှင့် ပတ်သက်လာလျှင် အီလက်ထရောနစ်ပညာကိုသုံးပြီး ရိုက်နှိပ်ထားသည့် အက္ခရာများလောက် စိတ်ကျေနပ်စရာမကောင်းသည်မှာတော့ အမှန်ပင် ဖြစ်လေသည်။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Where stories live. Discover now