အခန်း (၁) - အလုပ်သင် (၁)

1K 93 3
                                    

[Unicode]

နိုဝင်ဘာလ၏နောက်ဆုံးအပတ်၊ De Carma ၏ ဆောင်းရာသီအစပိုင်းအချိန်ဝယ်...

မြို့လယ်ကွက်လပ်မှ နံနက်ခင်း ခေါင်းလောင်းသံများက ထံုးစံအတိုင်း မြည်ဟီးနေလျက်။ မီးခိုရောင် ခိုတစ်အုပ်က အတောင်တဖျပ်ဖျပ်ခတ် ပျံသန်းသွားသည်မှာလည်း အထက်ကောင်းကင်ဆီ တလိမ့်လိမ့်တက်သွားသည့် ဖုန်လုံးကြီးများအလား။

၎င်းသည်ကား မှုန်မှိုင်းအေးစက်၍ ​စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းသော နေ့တစ်နေ့​ဖြစ်သည့်အလျောက် အိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ဖို့ရန်သော်လည်းကောင်း၊ နာရေးအခမ်းအနား ကျင်းပရန်သော်လည်းကောင်း ပြီးပြည့်စုံလွန်းလှသည့် နေ့တစ်နေ့ပါပင်။ ခြုံပြောရလျှင်တော​့ ရာသီဥတု အခြေအနေဟာ ယန့်ဆွေကျီး၏ လတ်တလော စိတ်အခြေအနေနှင့် တစ်ထပ်တည်း ထင်ဟပ်နေပါ၏။

လွန်ခဲ့သော လအနည်းငယ်က သူဟာ ပထမတန်းရှေ့နေဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသည့်အပြင် ကြယ်တာရာအစုအဝေးဆိုင်ရာ Maze တက္ကသိုလ် ဥပဒေဌာန၏ ဌာနမှူးတစ်ဦးလည်း ဖြစ်ခဲ့၏။ ခေါင်းအစခြေအဆုံး ခြောက်​ြပစ်ကင်းသဲလဲစင် ဝတ်စားကာ အထက်တန်းလွှာများအတွက်သာ ကျင်းပသည့် ဥယျာဥ်ဝိုင်ပါတီပွဲကို တက်ရောက်ခဲ့ရာမှ........

မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်း ခြူးတပြားမှမရှိသော ငမွဲတစ်ယောက်ဖြစ်သွားခဲ့လေတော့သည်။

အချိန်ကား နံနက် ၈ နာရီဝန်းကျင်ဖြစ်ပြီး သူကတော့ De Carma ၏ အနောက်ဘက်ပိုင်းက ပျားပန်းခတ်နေသည့် ​မှောင်ခိုစျေးတစ်ခုအတွင်း အေးအေးလူလူ လမ်းလျှောက်လျက် ရှိနေသည်။  ကော်ဖီကို ဖြည်းဖြည်းချင်း တစ်ငုံပြီးတစ်ငုံ သောက်နေရင်း လမ်းတစ်ဖက်တစ်ချက်ဆီရှိ ဆိုင်ခန်းများမှ ဆိုင်းဘုတ်များကို ကြည့်လာလျက်။

သူ့အသားအရေက လှပ ကြည်လင်နေသော်ငြား သူ့မျက်နှာ အမူအရာကတော့ အလွန်တရာမှကို မနှစ်မြို့နေဟန်။ သူတစ်ငုံချင်းသောက်နေသည့် ကော်ဖီမှာပင် ကော်ဖီအစစ်မဟုတ်ဘဲ ကြောင်ချေးကို သောက်နေရသည့်အလား။

၎င်းနေရာ၌ သူ့အတွက် ပစ္စည်းတချို့ကို စစ်ဆေးပေးနိုင်ပြီး စာရွက်စာတမ်းတစ်ခု၊ နှစ်ခုလောက် အတုလုပ်ပေးနိုင်မည့် သင့်တော်သော ဆိုင်တစ်ဆိုင်ကို သူရှာဖွေနေသည်မှာ နေ့တစ်ဝက်လောက်ပင် ရှိလေပြီ။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Where stories live. Discover now