အခန်း (၃) - အလုပ်သင် (၃)

485 87 5
                                    

[Unicode]

Southcross ဥပဒေအကျိုးဆောင်ဌာန၏ ဖွဲ့စည်းတည်ဆောက်ပုံက တွေ့ရများသော အကျိုးဆောင်ဌာန ပုံစံမျိုးပင်။ အခြေခံ လုပ်ငန်းကိစ္စရပ်များကို ​အကျိုးဆောင်ရုံးက ၎င်း၏ ​ရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော်လည်း ​ရှေ့နေတစ်ဦးချင်းစီကတော့ ကိုယ်ပိုင် လွတ်လပ်ခွင့် အပြည့်အဝရှိလေသည်။ ထို့ကြောင့် ​ရှေ့နေတစ်ယောက်၏ အလုပ်ကိစ္စများက အခြားသူများ၏ အလုပ်နှင့် ရောထွေးယှက်နွယ်ခြင်း မရှိပါဘဲ ​သူတို့တစ်ဦးချင်းစီကိုလည်း ကိုယ်ပိုင် ရုံးခန်းကျယ်တစ်ခုစီ ပေးထား၏။ ရုံးခန်းတံခါးကို ပိတ်လိုက်သည်နှင့် သူတို့ဟာလည်း ရုံးအတွင်းရှိ အခြားသူများနှင့် ခွဲထွက်ပြီးသား ဖြစ်သွားပြီး အထူးအခြေအနေများမှလွဲ၍ အနှောင့်အယှက်ကင်းကာ တစ်ဦးတည်း သီးသန့်နေနိုင်မည်ဖြစ်သည်။

ယင်းက 'မျက်မမြင်၊ နားမကြားသယောင် ဟန်ဆောင်နေပါ၊ ငါ့ကိုလာမနှောင့်ယှက်ပါနှင့်' ဆိုသည့် လုပ်ငန်းခွင်ပုံစံမျိုးပင်။ ယန့်ဆွေကျီးသည်လည်း ဤသို့သော ရုံးခန်းပတ်ဝန်းကျင်မျိုးကို နှစ်ပေါင်းများစွာ ကတည်းက ကျင့်သားရနေခဲ့ပြီး ဖြစ်၏။

သို့သော် Ms. Fitz ကတော့ သူအတွေ့အကြုံရှိပြီးသားမှန်း မသိရှာတာမို့ သူ့ပစ္စည်းများကို ရုံးခန်းထဲ ရွှေ့နေချိန်အတွင်း သူမအသံကိုနှိမ့်ကာ အထူးတလည် သတိပေးခဲ့လေသည်။

"​ရှေ့နေတစ်ယောက်နဲ့ ရုံးခန်းတစ်ခန်းထဲ မျှသုံးရတယ်ဆိုတာ တကယ်မလွယ်ဘူး.. အလုပ်သင် အသစ်လေးတွေက အဲ့ဒါနဲ့ ပတ်သက်ပြီး အမြဲလိုလို ပူပန်တတ်ကြတာ ကျွန်မနားလည်ပါတယ်.. မနှစ်ကဆိုရင် သူ့ရဲ့ ပထမဆုံး အလုပ်စဆင်းတဲ့နေ့မှာ သန့်စင်ခန်းတောင် မသွားရဲတဲ့ ကောင်လေးတစ်ယောက်ရှိတယ်.. ကျွန်မသူ့ကို မှတ်မိသေးတယ်.. နေ့လည်စာစားချိန်မှာ ကျွန်မနဲ့တွေ့တော့ သူ့မျက်နှာကြီးက စိမ်းဖန့်လို့.. အဲ့ဒါနဲ့ ကျွန်မက ဘာလို့လဲလို့ မေးတော့ သူက ရုံးခန်းက တအားကို တိတ်ဆိတ်လွန်းပြီး စိတ်ကျဥ်းကျပ်တယ်လို့ ခံစားရတယ်တဲ့.. သူနည်းနည်းလေး လှုပ်လိုက်ရင်တောင်မှ သူ့ဆရာက သူ့ကို သတိထားမိပြီး အာရုံပျက်သွားမှာစိုးရလို့တဲ့.."

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Where stories live. Discover now