Chapter (58-2) - မင်းနဲ့အတူတူ ဖက်အိပ်ချင်ရုံလေးပါ....

16.5K 2.8K 68
                                    

Chapter (58-2) –   မင်းနဲ့အတူတူ ဖက်အိပ်ချင်ရုံလေးပါ....



"မင်း အပြင်ကို လျှောက်သွားချင်လား။ "

 ရထားပေါ်တွင်တစ်နေကုန် လိုက်ပါလာရသဖြင့် ရွှီချန်အန်း  ပျင်းနေလိမ့်မည်ကို ရှောင်ချင်းယန့်က စိုးရိမ်နေခဲ့သည်။ ချင်းယွင်က ရွှီချန်အန်း ၏ မြင်းဖြူကို ခေါ်မလာခဲ့ပေ။ ရှောင်ချင်းယန့်၏မြင်းသည်ပင်လ၊ျှင် တခြားလမ်းကြောင်းကနေ အယောင်ပြသွားနေသည့်အဖွဲ့ထဲ ထည့်လိုက်ရသည်။ အခု သူတို့ ရထားလုံးကို ဝူညီနောင်က မောင်းနှင်ရပြီး သူတို့ရဲ့မြင်းတွေကို အရန်အဖြစ် ရထားလုံးနောက်မှာ ဆွဲခေါ်လာခဲ့သည်။


ရှောင်ချင်းယန့်က ရွှီချန်အန်းကိုခေါ်ပြီး ဝူညီနောင်ရဲ့ မြင်းတွေကို အတူတူစီးကာ လိုက်ပါလာကြသည်။


 ရွှီချန်အန်း က မြို့တော်နဲ့ အဝေးဆုံးကို ရောက်ဖူးတာ  ဆိုလို့ မြင်းစီးသင်စဉ်က မြို့တော်အပြင်ဘက် ကွင်းပြင်က တောစပ်တွင်သာဖြစ်သည်။ ဒါကြောင့် အခုလို ဝေးဝေးလံလံကို ခရီးထွက်လာရတော့ ရွှီချန်အန်း  တကယ်ကို စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။ ယခု သူတို့က တောင်တက်လမ်းကို တက်လာကြပြီဖြစ်သည်။ ဒီနေရာမှာ နွေဦးပေါက်ရာသီဖြစ်ပေမယ့် ဆောင်းရာသီအအေးဓာတ်သည်လုံးဝ ပျောက်ကွယ်သွားပုံမပေါ်ပေ။ မြင်းပေါ်တက်ပြီးနောက် သူ၏မျက်နှာပေါ်၌ တိုက်ခတ်လာသောလေအေးသည် ရွှီချန်အန်း ကို ချက်ချင်းအံ့အားသင့်သွားစေခဲ့သည်။


အချိန် နှစ်နှစ်နီးပါးလောက် သူ့ကျန်းမာရေး ချို့တဲ့ခဲ့ပြီး ငယ်ရွယ်စဉ်ကနဲ့ မတူတော့ပေ။ ခါတိုင်းဆိုရင် ဆောင်းရာသီ ရောက်လျှင် လေအေးခံမိသည်နှင့်အမြဲတမ်းဖျားနာတတ်သည်။ အခုဆောင်းရာသီက ဝမ်အိမ်တော်မှာ နားနားနေနေ နေခဲ့ရသောကြောင့် ကျန်းမာရေးက အတော်လေး တိုးတက်လာသည်ဟု ဆိုနိုင်သည်။  ဒါပေမယ့်အခုတော့ သူတို့ခရီးတစ်ခုကို ထွက်လာစဉ်ဖြစ်သောကြောင့်  သူ နေမကောင်းဖြစ်ရင် ရှောင်ချင်းယန့်က သူ့ကို ဆွဲခေါ်မှာ မဟုတ်ဘူးလား။


" ဝမ်... ချင်းယွင်... အခုရာသီဥတုကအေးနေတုန်းမို့ လေအေးတွေတိုက်ခတ်နေတာကြောင့် အအေးပိုလွယ်တယ်။ ဒါကြောင့် ကျွန်တော် ရထားထဲကို အရင်ပြန်လိုက်တာ ပိုကောင်းပါ့မယ်၊ ပြီးတော့ ရာသီဥတု ပိုပူလာတဲ့အခါမှ အပြင်ထွက်ပြီး မြင်းစီးပါ့မယ် "


ရှောင်ချင်းယန့်က ရွှီချန်အန်း ၏ခန္ဓာကိုယ်အခြေအနေကို သေချာသိသည်၊ ထို့ကြောင့် သူသည်မြင်းပေါ်မှ ဆင်းရန်မနှောင့်နှေးဘဲ ရွှီချန်အန်း အားကူညီရန် သူ၏လက်ကိုဆန့်ပေးလိုက်သည်။ ရွှီချန်အန်း သည်ခဏမျှ တုံ့ဆိုင်းသွားပြီး သူ၏လက်ကို ရှောင်ချင်းယန့်လက်ထဲ ထည့်ပေးလိုက်သည်။  သူသည်မြင်းပေါ်မှဆင်းရန်ကျွမ်းကျင်မှု အဆင့်သို့ မရောက်သေးသော်လည်း ဤနေရာတွင်အပြင်လူ မရှိသဖြင့်သူတစ်ပါးထံမှ အကူအညီရယူရန်ရှက်ရွံ့ခြင်းမရှိပေ။


ရထားလုံးထဲမှ ထွက်လာမိတော့မှ သူတို့က ကျယ်ပြောတဲ့ ကုန်သွယ်လမ်းမကြီးထက်မှာ ခရီးသွားနေမိသည်ကို ရွှီချန်အန်း သေချာသိတော့သည်။   အံ့သြစရာကောင်းတာကသူတို့က တစ်လမ်းလုံး ကြမ်းတမ်းခက်ခဲနေတာကို လုံးဝ မခံစားရပေ။


တစ်ဖန်သူတို့သည် ဝူညီအစ်ကိုများနှင့်အတူ နေရာပြန်ပြောင်းလိုက်ပြီး ရထားလုံးထဲ ပြန်လာခဲ့ကြသည်။ ရွှီချန်အန်း က အပြင်မှာ မြင်းစီးခဲ့သောကြောင့် သူ့အဝတ်အပေါ်ယံက လေအေးကြောင့် အေးတောင့်လို့နေခဲ့သည်။


  သူသည်သူ၏ကိုယ်ပေါ်ရှိအဝတ်များကို တို့ထိကာ အအေးမိပြီး ဖျားမည်ကို ကြောက်ပြီး အပြင်ထွက် မြင်းစီးခဲ့မိသည်ကို နောင်တရနေခဲ့သည်။ ဆောင်းရာသီတွင်သူ၏ခန္ဓာကိုယ်သည် အသုံးမ ၀ င်ကြောင်းရှင်းရှင်းလင်းလင်းသိလိုက်သည်။ သူ ဘယ်လိုကြောင့် ခုထိ သင်ခန်းစာမရသေးတာလဲ။


"ငါ့ အနားကိုလာခဲ့လိုက်။ ဒါဆို ပိုပြီး နွေးထွေးလာလိမ့်မယ်"


သူတို့နောက်က လူတွေ အများကြီးမပါဘဲနဲ့ ခရီးထွက်လာရတာက အများကြီးပိုလွယ်ပေမဲ့ ဝမ်အိမ်တော် ရဲ့ကျယ်ပြန့်တဲ့ ရထားလုံးဆိုရင် အဲ့ထဲမှာ လိုတာ အကုန်ရနိုင်သည်။ အခုတော့ သူတို့က ခပ်သေးသေး သာမန်ဆန်တဲ့ ရထားလုံးနဲ့ခရီးဆက်လာတာဖြစ်လို့ လိုအပ်တာကို မရနိုင်ပေ။ လူသားအနွေးစက်ကြီး ရှောင်ချင်းယန့်က ရွှီချန်အန်း ရဲ့ လက်တွေကို ဆုပ်ကိုင်ထားပြီး နွေးအောင် လုပ်ပေးနေရသည်။
ရွှီချန်အန်းက ရှောင်ချင်းယန့်ရဲ့လက်ထဲကို သူ့လက်ထည့်ပေးဖို့ တိုးကပ်လိုက်စဉ် ရှောင်ချင်းယန့်က လက်ကို ဆုပ်ကိုင်ရံ ုသာမက သူ့တကိုယ်လုံးကို ပွေ့ဖက်ထားကာ အနွေးပေးနေခဲ့သည်။

 
ရွှီချန်အန်း သည် ရှောင်ချင်းယန့်၏လုပ်ရပ်ကိုမခုခံဘဲ အသာတကြည် အဖက်ခံလိုက်ပေမယ့် ရင်ထဲကနေ တိတ်တိတ်လေး သင်ပြင်းချကာ ပြောလိုက်သည်။
 

"အရှင်မင်းသား... ကျွန်တော်က ကျန်းမာရေး မကောင်းဘူးဆိုပေမယ့် ယောကျာ်းလေးတစ်ယောက်ပါ။ ကျွန်တော့်ကို အဲ့လောက်ကြီး  အရမ်း ဂရုစိုက်စရာမလိုပါဘူး"


"မင်း ဘာအကြောင်းပြောနေတာလဲ? လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဂရုစိုက်ပေးတယ်ဆိုတာ သူ့ ရင်ထဲက ဂရုစိုက်ချင်လို့ လုပ်ပေးတာလေ။ အဲ့ဒါ မိန်းကလေး၊ ယောကျာ်းလေးဖြစ်တာနဲ့မဆိုင်ဘူး။ မင်းပြောပုံအရဆိုရင် ဟိုရက် ငါကိုယ်တော်   ခံစားနေရတာက မိန်းမတစ်ယောက်ကြောင့်ဖြစ်ပြီး မင်း ပထမဆုံးတွေးလိုက်တာက ဟိုထူးဆန်းတဲ့ အဲ့အမျိုးသမီးကြောင့်လို့ မင်းက ထင်လိုက်တာပေါ့လေ  "


" အရှင်မင်းသား...အရှင်....."


ရွှီချန်အန်း က သူက ယောက်ျားတစ်ယောက်ဘဲဖြစ်လို့ နေရာတိုင်းမှာ သူ့ကို အရမ်းကို လိုက်ပြီး ဂရုစိုက်စရာမလိုဘူး၊ သူ့ကို အားနည်းတဲ့မိန်းမတစ်ယောက်လို သဘောမထားစေချင်ဘူးလို့ ပြောချင်ပေမယ့် ရှောင်ချင်းယန့်ပြောလိုက်တဲ့ စကားကြောင့် ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။
  ဒါပေမယ့် သူ သေသေချာချာစဉ်းစားကြည့်လိုက်ပြီးတဲ့အခါ ရှောင်ချင်းယန့်ရဲ့ စကားကို သူ ဘယ်လိုပြန်ချေပရမှန်း တကယ်မသိတော့ဘူး။ သူ့နှလုံးသားက ကူကယ်ရာမဲ့နေပေမယ့်လည်း သူ့ပါးစပ်ကတော့ တိုက်ရိုက်ပဲ ဖွင့်ဟ ပြောခဲ့သည်။


"ဘာလဲ? မင်းက ငါကိုယ်တော်ရဲ့ စကားကို ပြန်မဖြေဘူးဆိုတော့ ငါကိုယ်တော်က အဲ့ဒီ ထူးဆန်းတဲ့မိန်းမကို နှလုံးသားထဲ ထည့်ထားတယ်လို့ မင်း တကယ်ထင်နေတယ်ပေါ့လေ...? "


"အရှင်မင်းသား...အရှင်ဟာလေ..တကယ်ကိုပါပဲ..... "


 ရှောင်ချင်းယန့်က သူနဲ့ အခု ကိစ္စနဲ့ပတ်သတ်ပြီး ငြင်းခုန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ ရွှီချန်အန်း ဟာ ပျော်နေပေမယ့် ရှောင်ချင်းယန့် ရဲ့တည်ကြည်တဲ့မျက်နှာကို မြင်လိုက်တော့ သူ လုံးဝ မရယ်ရဲခဲ့ပေ။ ရှောင်ချင်းယန့် ပျော်စေဖို့ သူ့မျက်နှာကိုသာ တဖက်ကိုလှည့်သွားလိုက်ရသည်။


"   အရှင်မင်းသားကသာ ကျွန်တော့် အတွက် အရေးကြီးဆုံးလူသားဖြစ်တာ သဘာဝပါ... "


ထူးဆန်းသောအမျိုးသမီးတစ် ဦးကို စိတ်ထဲ ထည့်စရာပင် မလိုပေ။ ရွှီချန်အန်း အတွက် ရင်ထဲ အသည်းထဲက အရေးကြီးဆုံးလူသားက အခု သူ့ဘေးမှာ ထိုင်နေသည့်လူပင်ဖြစ်သည်။
 ရှောင်ချင်းယန့်က ဘယ်အချိန်ကစပြီး သူ့အတွက်အရမ်းအရေးကြီးဆုံးလူသားဖြစ်ခဲ့တယ်ဆိုတာ ရွှီချန်အန်း  ကိုယ့်ဖာသာ မသိတော့ပေ။


ရွှီချန်အန်း ဒီစကားကို ပြောလိုက်ချိန်မှာ ရှောင်ချင်းယန့်က ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်သည်ကို သတိမထားလိုက်မိပေ။


ညပိုင်း သူတို့ အိပ်တော့မည် အချိန်မှာ ရွှီချန်အန်း က ရှောင်ချင်းယန့် ဝတ်ထားသည့် အတွင်းဝတ် အဝတ်စားကိုတွေ့တော့ အံ့အားသင့်ကာ ကြောင်ငေးသွားမိသည်။


 ရှောင်ချင်းယန့်က သူ ချုပ်ပေးထားတဲ့ လက်ရာ ခပ်ညံ့ညံ့ အဝတ်စားကို ဝတ်ဆင်ထားတာကို မြင်လိုက်ရ သောကြောင့်ဖြစ်သည်။ သူ ချုပ်ပေးထားသည့် အဝတ်တွေက မဟောင်းပေမယ့် ရှောင်ချင်းယန့် ဝတ်နေကျ လက်ရာကောင်းသည့် အဝတ်များနှင့် စာရင် သူ့အဝတ်တွေက  အဝတ်ဟောင်းနှင့် တူနေသည်။


 ရှောင်ချင်းယန့် ပြောခဲ့တဲ့အတိုင်း သူတို့ ခရီးသွားတာ အလျင်မလိုသောကြောင့်  မြို့တစ်မြို့သို့ ရောက်သောအခါ သူတို့သည်နောက်နေ့အထိ  အနားယူကြလိမ့်မည်။ တကယ်လို့ နောက်တမြို့သည် ခရီး အတော်ဝေးကွာပါက သူတို့သည် ညအချိန်တွင်တစ်နေရာတွင် အနားယူပြီး ညအချိန်ကို ခရီးမဆက်ကြပေ။


ဒီနေ့လည်း သူတို့သည်ခရိုင်မြို့ငယ်လေးတစ်ခုရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြသည်။ သူတို့သည်တစ်ခန်းတည်းကို ယူခဲ့ပြီး တကယ့် လင်မယားတွေ ခရီးထွက်သလို နေခဲ့ကြသည်။ ရှောင်ချင်းယန့် ၏ အတွင်းခံ အဝတ်အစားများကို သူမြင်သည်နှင့် ရွှီချန်အန်း အံ့သြသွားသည်။ သူ့ကို အရူးလေးလို ငေးကြည့်အောင် လုပ်နေသည့်လူသားက သူ့ကိုယ်ပေါ်က ရုပ်ဆိုးသည့် အတွင်းဝတ် အဝတ်စားတွေကို ချွတ်နေတာကိုမြင်ရတော့ ရွှီချန်အန်း လည်း သူ့အဝတ်တွေကို အမြန်ချွတ်လိုက်ပြီး စောင်ထဲကို တိုးဝင်ကာ တကိုယ်လုံးကို စောင်နှင့် ထွေးပိုက်ကာ ဖုံးအုပ်ထားလိုက်တော့သည်။


 ခေါင်းလေးပေါ်ရုံသာ စောင်ထဲ ဝင်ပုန်းနေသည့် ကောင်လေးကို ကြည့်ပြီး ရှောင်ချင်းယန့်က သူ့အဝတ်ကို ပြန်ငုံ့ကြည့် လိုက်သည်။ ဘာကြောင့် ရွှီချန်အန်းက သူ့အဝတ်ကိုမြင်တော့ ခုလို ကြီးမားတဲ့ တုန့်ပြန်မှု လုပ်ခဲ့သည်ကို ရှောင်ချင်းယန့် နားမလည်ပေ။


 " ကောင်းပြီ၊ မင်း ဒါကို ကောင်းကောင်းမလုပ်တတ်ရင် နောက်ပိုင်း များများလေ့ကျင့်ပါ။ တကယ်လို့ မင်းက ခုလို ချုပ်လည်း ဘာမှမဖြစ်ပါဘူး။ ဒီလို ရုပ်ဆိုးဆိုးအဝတ်စားကို မြင်ခွင့်ရမယ့်လူက မင်းတစ်ယောက်တည်းဖြစ်လို့လေ....   "


ရှောင်ချင်းယန့်က သူ ငယ်စဉ်က ခမည်းတော်မင်းကြီးက ဘာကြောင့်ထူးဆန်းတဲ့ လက်ရာခပ်ညံ့ညံ့ အဝတ်စားတွေကို ဝတ်ထားခဲ့သလဲ ဆိုတာကို နားမလည်ခဲ့ဘူး။ အခုတော့ သူ သိသွားခဲ့ပြီ။
 

"အရှင်မင်းသား.. ကျွန်တော်တို့ မနက်ဖြန်စောစောထရမယ်၊ အခု စောစောအိပ်ရအောင်"


ရွှီချန်အန်း ၏မျက်နှာသည်ပူလောင်လွန်းသဖြင့် သူ့ဘေးမှ လူကိုမကြည့်ဝံ့ပေ။


သူသည်စောင်အတွင်း၌သာ အတတ်နိုင်ဆုံး တကိုယ်လုံး မြှုပ်နှံပြီးမှအိပ်ချင်ယောင်ဆောင်နေသဖြင့်ထိုလူသည် မီးကိုပိတ်ပြီးမြန်မြန်အိပ်ယာ ပေါ် တက်လာခဲ့ရသည်။


 "အရှင်မင်းသား... ဒါက တည်းခိုခန်းပါ၊ ကျွန်တော်တို့ မနက်ဖြန်လည်း ခရီးဆက်ရဦးမယ်"


  ရှောင်ချင်းယန့်က အိပ်ယာထဲ တိုးဝင်လာပြီး သူ့ကို တင်းတင်းဖက်လိုက်သည်။ ရင်းနှီးသော ထိတွေ့မှုရကို ရလိုက်သောအခါ ရွှီချန်အန်း  ၏ခန္ဓာကိုယ်က ကြောက်လန့်တကြားနှင့် တင်းကျပ် သွားခဲ့သည်။  သူက တည်းခိုခန်က ဘယ်လောက် အသံလုံသည်ကို မသိသောကြောင့် သူများတွေ သူတို့ အသံကို ကြားသွားမည်ကို ကြောက်လန့်နေခဲ့သည်။
 

" မကြောက်ပါနဲ့၊ မင်းနဲ့အတူတူ ဖက်အိပ်ချင်ရုံလေးပါ။ အခုက အိမ်မှာ မဟုတ်ဘူး။ ဒီနေ့ ရာသီဥတုက အတော်လေးကို အေးလို့   တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ပြီး အိပ်တာက ပိုနွေးထွေးစေနိုင်တယ်လေ။ "


ရှောင်ချင်းယန့် ၏ "အိမ်မှာ မဟုတ်ဘူး" ဆိုသည့်စကားကို ကြားလိုက်ရမှ ရွှီချန်အန်း ၏ တောင့်တင်းနေသည့်  ခန္ဓာကိုယ်က သိသိသာသာ ပျော့ပျောင်းသွားခဲ့သည်။   အမှောင်ထဲမှာ ရှောင်ချင်းယန့်က သူ့မျက်နှာကို မမြင်ရဘူးဆိုတာ သိလို့ ရွှီချန်အန်းက တင်းခံမနေတော့ပဲ တဖက်ကိုလှည့်ကာ သူ့ဘေးက လူရဲ့ကိုယ်ကို ဖက်လိုက်သည်။ ပြီးတော့ စကားတစ်လုံးမှ မပြောတော့ပဲ နွေးထွေးသည့် ရင်ခွင်ကျယ်ထဲ ရွှီချန်အန်းတစ်ယောက် စိတ်ချလက်ချ နွေးထွေးစွာ အိပ်မောကျသွားခဲ့တော့သည်။

 
***-****

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now