(Z) Chapter (31-1)_ ရွှီချန်အန်းကို အရှက်ခွဲခြင်း

9.1K 692 13
                                    

 Chapter (31-1)_ ရွှီချန်အန်းကို အရှက်ခွဲခြင်း

 
နောက်သုံးရက်အကြာတွင်  နန်းတွင်းညစာစားပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ ရှောင်ချင်းကျန် ပြောသွားခဲ့သည့်စကားများအရ  သူတို့ နန်းတွင်းညစာစားပွဲကို တက်ရန် မလိုဟုထင်ထားခဲ့ပေမယ့် ရှောင်ချင်းယန့်က သူ့ကို အဝတ်လဲခိုင်းမည်ဟု မထင်ခဲ့ပေ။ ဒါပေမယ့် ရှောင်ချင်းယန့်က ပေါ့ပေါ့ပါးပါး အိမ်နေဝတ်ကိုသာ ဝတ်ထားပြီး လဲရန် မရည်သည့်ပုံအရ ညစာစားပွဲကို သူ တစ်ယောက်တည်း သွားရတော့မည့် သဘောပင်။

 
"ကျွန်တော် တယောက်တည်း ညစာစားပွဲကို  သွားရမှာလား..."

 "ငါကိုယ်တော်က  နေမကောင်းဘူး။ဒါကြောင့် မင်းက ငါကိုယ်တော် ကိုယ်စား ကျင့်ဝမ်ကို နူတ်ဆက်တဲ့ အနေနဲ့ ညစာစားပွဲ တက်ရမယ် မဟုတ်လား ... ."

"ကျွန်တော် သိပါပြီ။ အခုချက်ချင်း သွားပြင် လိုက်ပါ့မယ်..."

တော်ဝင်မိသားစုဝင်နှင့် မှုးမတ်မိသားစုများက မင်းသားကျင့်ဝမ်စစ်ထွက်မည့်အတွက် လုပ်ပေးသည့် နူတ်ဆက်ညစာစားပွဲကို အကုန်တက်ရောက်ကြပြီး ရှန်ဝမ်အိမ်တော်က တစ်ယောက်မှ မတက်တာ မဖြစ်သင့်ဘူး မဟုတ်လား။

  နန်းတော်ထဲကို ရွှီချန်အန်း  အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးပေမယ့် တစ်ခါမှ အဆင်မပြောခဲ့သဖြင့် နန်းတွင်းထဲ ဝင်ရမည်ကို ရွှီချန်အန်း ဝန်လေးနေ ခဲ့သည်။ အခုလို  တယောက်တည်း သွားရမည့်ဆိုတော့ နည်းနည်းတော့ ရင်ထိတ်နေမိသည်။

 "ဒီနေ့အတွက် မော့မော့ကိုပဲ ဒုက္ခပေးရတော့မယ်..."

တော်ဝင်မိသားစုဝင်များလိုက်နာရမယ့် စည်းကမ်းကို ရွှီချန်အန်း အကုန်နားမလည်သေးပေ။ လူပုံအလယ်တွင် ဘယ်လိုပြုမှုနေထိုင်ရမည်ကို နန်းတွင်းမှ ပို့လိုက်သည့် မော့မော့ထံမှ မေးမြန်းလိုက်ရသည်။ ရှန်ဝမ်ဖေးအနေဖြင့် သူ့အပြုမူ၊ အနေထိုင်၊ အပြောဆိုက ရှန်ဝမ်ကို သူတပါး အပြစ်ပြောစရာ၊ ဝေဖန်စရာမဖြစ်အောင် အသေးစိတ်ဂရုစိုက်ရမည်ဟု ရွှီချန်အန်း တွေးနေ မိသည်။ သိပ်နှိမ့်ချသည့်ပုံ ပြောဆို ဆက်ဆံ မိလျှင် ရှောင်ချင်းယန့်၏ ဂုဏ်သိက္ခာ ထိပါးနိုင်ကာ  လူအထင်သေးစရာဖြစ်နိုင်သညင်။

 
" ဝမ်ဖေးက ရှန်ဝမ်ဖေးဖြစ်တဲ့အပြင် မင်းကြီး ကိုယ်တိုင် တော်ဝင်လက်ထပ်ပွဲကို ချီးမြှင့် ထားတာ ဖြစ်တယ်။ ဒါကြောင့် မိဖုရားခေါင်ကြီးကလွဲရင် အရပ်ဘက်နဲ့ စစ်ဘက် မှူးမတ်တွေ နဲ့ နန်းတွင်းက ကိုယ်လုပ်တော် သခင်မတွေကို ကိုယ်တဝက်ကိုင်းရုံ  အရိုသေပေးရုံနဲ့ လုံလောက်ပါတယ်။  ကျန်တဲ့လူတွေက သူတို့ရဲ့ အဆင့်အတန်း ပေါ်မူတည်ပြီး နှုတ်ဆက်ရင် ရပါ။ မင်းသမီးတွေနဲ့ အခြားမင်းသားတွေရဲ့ကြင်ယာတော်တွေက ဝမ်ဖေးကို ပြန်ပြီး  ဂါရဝပြုရပါလိမ့်မယ်။ ဝမ်ဖေးအနေနဲ့ ကိုယ့်ရဲ့မြင့်မားတဲ့ အဆင့်အတန်းကို  စိတ်ထဲထည့် ထားရင် ရပါပြီ။ အရမ်း ထိန်းချုပ်စရာမလိုပဲ ပေါ့ပေါးပါးပါးနေလို့ရပါတယ်။  "

တာ့ရှောင်တိုင်းပြည်ကြီးတွင်  တရားဝင်ဇနီးသည်နှင့် ကိုယ်လုပ်တော်တို့ကြားက ကွာဟတဲ့အဆင့်တန်း၊ တိဖွား တရားဝင် သားသမီးနှင့် ရှုဖွား ကိုယ်လုပ်တော် သားသမီးကြား အဆင့်အတန်းကို သေချာစွာ ပိုင်းခြားထားပြီးဖြစ်သည်။  တော်ဝင်မိသားစုဝင်တွေလည်း ထိုစည်းကမ်းများကို    လိုက်နာကာ လက်တွေ့ကျင့်သုံးရမည်ဖြစ်သည်။

 ပထမမိဖုရားခေါင်ကြီးမှ ဖွားမြင်လာသည့် မင်းသား၊ မင်းသမီးတို့သည် မည်သည့် ရာထူး အဆင့်အတန်း ဖြစ်ပါစေ  မိဖုရား နှင့် ကိုယ်လုပ်တော်တွေကို ဂါရဝပြုစရာ မလိုပေ။  ထိုမိဖုရား၊ ကိုယ်လုပ်တော်တွေသာ ပထမမိဖုရားခေါင်မှ မွေးသည့် မင်းသား၊မင်းသမီးများကို ဂါရဝပြု ရမည်သာ ဖြစ်သည်။ ဖန်းမော့မော့သည် ပထမမိဖုရားခေါင်ကြီးကို နှစ်ပေါင်းများစွာ ခစားလာသည့် ဝါရင့်နန်းတွင်းသူတဦးဖြစ်လို့ အခုလက်ရှိ မိဖုရားခေါင်ကြီးကို တွေ့လျှင်ပင် မိဖုရားခေါင်သခင်မကို  ဂါရဝပြုပါတယ်လို့ နူတ်ဖြင့် နူတ်ဆက်ရုံသာ နူတ်ဆက်လျှင် ရလေပြီ။

 လက်ရှိမိဖုရားခေါင်ကြီးကို နှစ်ပေါင်းများစွာ တော်ဝင်ကိုယ်လုပ်တော်ကွေ့ဖေးအဖြစ်သာ သူမ မြင်ခဲ့သည်။ ဒါကြောင့် အခု မိဖုရားခေါင်ဖြစ်လာ ပေမယ့် သူမ မျက်လုံးထဲမှာ လင်ကွေ့ဖေးသာ ဖြစ်သည်။

  သူမက  လက်ရှိမိဖုရားခေါင်ကြီးဖြစ်ပေမယ့်လည်း  ပထမမိဖုရားခေါင်ကြီး၏ သားတော်ကြီးဖြစ်တဲ့ ရှန်ဝမ်ရှေ့တွင် သူမရဲ့ အဆင့်တန်းက ဘာမှ လုပ်မရပေ။

 

ဖန်းမော့မော့၏စကားကို ကြားမှ ရွှီချန်အန်းက သူတို့ လက်ထပ်ထားတာ အချိန်ကြာပေမယ့် ဘာကြောင့် အခုထိ နန်းတော်တွင်းသို့ ဝင်ပြီး မိဖုရားခေါင်ကြီးကို သီးသန့် ဂါရဝပြုစရာမလိုသလဲဆိုတာကို ရှင်းသွားတော့သည်။ တကယ်တော့ ရှောင်ချင်းယန့်က မလုပ်ချင်လို့မဟုတ်ပဲ လုပ်စရာမလိုသောကြောင့် ဖြစ်သည်။

 
"ကျွန်တော် နားလည်ပါပြီ..မော့မော့"



 နန်းတော်ညစာစားပွဲဆိုသည်မှာ အဆင့်တန်း ခွဲခြားခြင်း မရှိ၊ ကျားမခွဲခြားခြင်းမရှိ တက်ရောက်ခွင့် ရှိသောကြောင့် တော်ဝင်မိသားစုဝင်များ၊  အဆင့်မြင့် မှုးမတ်အရာရှိများအတွက် အဆက်အသွယ်ကောင်း ရရှိရန်၊ သားသမီးများအတွက်  အိမ်ထောင်ဖက် ကောင်းများ ရှာဖွေရန် အကောင်းဆုံးနေရာ တခုဖြစ်လာသည်။  မိမိတို့ စိတ်ဝင်စား သည့်သူများကို လွတ်လွတ်လပ်လပ် တွေ့ဆုံစကားပြောနိုင်ကြသည်။

ညစာစားပွဲကို ခန်းနားကြီးကျယ်လှသည့် တော်ဝင် ဥယျာဉ်ထဲတွင် ကျင်းပပြီး မင်းကြီးက အားလုံး၏ အလယ်ဗဟိုတွင် ထိုင်ကာ သူ၏ဘယ်ဘက် နှင့် ညာဘက် တွင်  မိဖုရားခေါင်ကြီးနှင့် တော်ဝင် ကိုယ်လုပ်တော်၊ မောင်းမမိဿံများက အဆင့်တန်း အလိုက် ထိုင်နေကြသည်။ ပြီးတော့ မင်းညီ မင်းသားများ၊ တော်ဝင်မိသားစုဝင်များ၊ မှူးမတ်များက  အဆင့်အတန်း အနိမ့်အမြင့်အလိုက်  နေရာချပေး ခံရသည်။


ရွှီချန်အန်းသည်  ရှောင်ချင်းယန့်ကို ကတိပေးထားသည့်အတိုင်း နန်းတော်ထဲကို ဝင်ခဲ့ပေမယ့်  အကြာကြီးနေရန် မစဉ်းစားထားပေ။ သူ  ကျင့်ဝမ်ကို နှုတ်ဆက်ဖို့လာတာဖြစ်ပြီး  ကျင့်ဝမ်ကို  ရှောင်ချင်းယန့်ကိုယ်စား စစ်ပွဲမှာ အောင်မြင်မှုရစေရန် အောင်ပွဲနှင့်အတူ  ဘေးမသီရန်မခ မြို့တော်ကို မြန်မြန်ပြန်လာနိုင်ပါစေဆိုပြီး ဆုတောင်းနှုတ်ဆက် စကားဆိုပြီးရင် ပြန်ဖို့ ပြင်ထားသည်။

 အခု ရှန်ဝမ်က နေမကောင်းလို့ ရှန်ဝမ်ဖေးဖြစ်သူ သူက အိမ်တော်ကိုပြန်ပြီး ဝမ်ရယ်ကို ပြုစုပေးရမယ်မဟုတ်လား။ ဒါဆိုရင် တခြားသူတွေလည်း ရှောင်ချင်းယန့်ကို အပြစ် ပြောစရာ မရှိနိုင်တော့ပေ။

ညစာစားပွဲ စတင်သည်နှင့် နန်းတွင်းသူ အချောအလှ များက အကအလှများဖြင့်  ဖျော်ဖြေကြသည်။ တေးသွားတပုဒ်ပြီးသွားချိန်တွင် မင်းကြီးက ဒီနေ့ညစာစားပွဲ၏ အဓိကရည်ရွယ်ကို မိန့်ကြား လိုက်သည်နှင့်  မှူးမတ် အရာရှိအပေါင်းတို့ နှင့် သူတို့၏ သားသမီးအားလုံးတို့သည် လက်ဆောင် ပစ္စည်းများကို မင်းသားကျင့်ဝမ်ထံကို အသီးသီး ပေးအပ်ရင်း   အောင်ပွဲဖြင့် အမြန်ပြန်လာပါ စေကြောင်း ဆုတောင်းပေးကြသည်။

"တော်ဝင်ယောက်မတော်~"

"....."

 ဘာကြောင့် သူက  ဒီမိန်းကလေးကို ရင်းနှီးနေသလို ခံစားနေရပါလိမ့်။

ထိုမိန်းကလေးကို တနေရာရာတွင်တွေ့ဖူးသလို ရွှီချန်အန်း ခံစားမိလိုသည်သည်။ သူမက အခုလေးတင် သူ့ကို တော်ဝင်ယောက်မတော်လို့ ခေါ်လိုက်တယ်ဆိုတော့   မင်းကြီးရဲ့ သမီးတော်ပဲဖြစ်ရမည်။


သူမက တရှောင်ပြည်ကြီးရဲ့ ပထမအဆင့် ပင်တိုင်စံမင်းသမီး ရှောင်ချင်းယွဲ့ဖြစ်နေမလား....

"အရှင်မင်းသမီး...ဘာဖြစ်လို့ ယောက်ျားလေး အဝတ်အစား ဝတ်ထားတာလဲ "

ထိုစကားကို မေးမိပြီးမှ ရွှီချန်အန်း နောင်တရသွား သည်။  တကယ်လို့ သူ ထင်တာ မှားသွားရင် ဘယ်လိုလုပ်မလဲ။ တကယ်ပဲ ပထမမင်းသမီး ဖြစ်နေရင်လည်း သူ အခုမေးလိုက်တဲ့ မေးခွန်းက မမေးသင့်ဘူးမဟုတ်လား။

  "ဟား...ဟား...တော်ဝင်ယောက်မတော်က အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မက ငယ်ကတည်းက ယောက်ျားလေးအဝတ်အစား ဝတ်နေကြဖြစ်ပေမယ့် ဘယ်သူကမှ  ဘာကြောင့်ဝတ်သလဲလို့ မမေးဖူးဘူး။ ကျွန်မလည်း  သတိမထားမိပဲ ဒီအတိုင်း ဝတ်ဖြစ်သွားတာ။ ယောကျာ်းလေး အဝတ်စားက သက်တောင့်သက်သာ ရှိလို့ဖြစ်နိုင်တယ်။တောထဲတောင်ထဲမှာဆိုရင်  ယောက်ျားလေးအဝတ်အစားက ပိုအဆင်ပြေ တယ်လေ။ မိန်းကလေးအဝတ်အစားနဲ့ဆိုရင် ဒုက္ခ များသွားမှာပေါ့"

သူတို့စကားပြောနေစဉ်တွင် ရှောင်ချင်းယွဲ့ ထိုင်နိုင်ရန် အခြွေရံတစ်ယောက်က ခုံယူလာပေးပေမယ့် သူမက ခဏ စကားပြောပြီး ပြန်မှာဖြစ်လို့ မထိုင်တော့ပေ။

ယောကျာ်းလေးလို ဝတ်စားတတ်ပြီး ဟောဟောဒိုင်းဒိုင်း ပြောတတ်သည့်  ရှောင်ချင်းယွဲ့ အကြောင်းကို တာ့ရှောင်ပြည်ကြီးက သာမန်ပြည်သူတွေပင် ကြားဖူးသည်။ သူမကို မျက်နှာချင်းဆိုင်တွေ့မိတော့ ရွှီချန်အန်း လေးစားအားကျသွားမိသည်။

  သူမသည် တာ့ရှောင်ပြည်၏ ပထမအဆင့် မင်းသမီးဖြစ်သည့်အပြင်  မင်းကြီး၏ ချစ်မြတ်နိုးမှုကို ရရှိထားသူလည်းဖြစ်ပေမယ့်  ကလေးဘဝကတည်းက သူမရဲ့ဆရာနောက်ကို လိုက်ကာ တော်တောင်ကြား တွင် သွားရောက်နေထိုင်ခဲ့ပြီး အစေခံတစ်ယောက်မှ မထားပဲ အရာရာကို ကိုယ်တိုင်လုပ်ကြောင်း ရွှီချန်အန်းကြားဖူးသည်။

 

ယနေ့  ညစာစားပွဲ၏ အဓိကလူက ရှောင်ချင်းကျန် ဖြစ်လို့ သူ့ဘေးမှာ ပရိတ်သတ်တွေဝိုင်းနေလို့ ရွှီချန်အန်းက သွားနူတ်ဆက်ဖို့ အခွင့်ရေး မရနိုင်သေးပေ။

 အစက ခဏ စောင့်ပြီး  ရှောင်ချင်းကျန်ဆီ ဂုဏ်ပြုသေရည် တခွက်ကမ်းကာ နူတ်ဆက်ပြီး ပြန်ရန် ရည်ရွယ်ထားပေမယ့် မထင်မှတ်ပဲ ရှောင်ချင်းယွဲ့နှင့်  စကားပြောနေမိမည်နေသည်။
 

"အမ်..ဟမ်...ရှန်ဝမ်ဖေး...ရှင်က  ယောက်ျားလေး ဖြစ်ပါစေ အခု  ရှန်ဝမ်နဲ့ လက်ထပ်ပြီးသွားတော့ ရှင်က ဝမ်ဖေးတစ်ပါးဖြစ်သွားပြီလေ။ ဘာကြောင့်  ယောက်ျားလေးအစေခံတယောက်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေတာလဲ။ သူများတွေ တွေ့သွားလို့  ရှန်ဝမ်ရဲ့ဂုဏ်သိက္ခာ ထိခိုက်မှာ မကြောက်ဘူးလား "

ဘာဖြစ်လို့ ဒီအမျိုးသမီးက သူ့ကို  အခက်တွေ့အောင် လာလုပ်နေမှန်း ရွှီချန်အန်း နားမလည်တော့ပေ။  သူမ ဘာဖြစ်ချင်လို့ အခုလို လာတိုက်ခိုက်သလဲဆိုတာလည်း မသိတော့ပေ။

ဒီနေ့ ညစာစားပွဲတွင် အမျိုးသား၊အမျိုးသမီး စားပွဲတခုထဲ အတူထိုင်နေကြသူတွေ အများကြီး ရှိပါလျက်နှင့်  သူ့ကိုမှ ရွေးပြီးလာပြော ခဲ့သည်။ ပြီးတော့  သူနှင့် ရှောင်ချင်းယွဲ့၏ ပတ်သက်မှုက  သမီးယောက်မ  မဟုတ်လား။  သူနှင့် ရှောင်ချင်းယွဲ့ကြားက ပတ်သက်မှုကို ထိုအမျိုးသမီးက ဘာကြောင့် ထူးခြားသည့် အနေထားအဖြစ် သရုပ်ဖော်လိုက်တာလဲ။

 "ဟောဒီဖူရန် (မင်းကတော်/အရာရှိကတော်)က ဘယ်သူများပါလိမ့်။ ဖူရန်ရဲ့ခင်ပွန်းသည်က ဘယ်ဌာန ဘယ်ရာထူးလဲ ဆိုတာကို သိပါရစေ..."

ထိုအမျိုးသမီးသည် ရွှီချန်အန်းနှင့် ကပ်လျက်စားပွဲတွင် ထိုင်နေတာဖြစ်လို့ သူမ၏  အဆင့်အတန်းက မနိမ့်နိုင်ပေ။ ရွှီချန်အန်းမေးလိုက်သည့် စကားကို ကြားတော့ သူမရဲ့ပတ်လည်က ထိုင်နေသူတွေရဲ့ တီးတိုးကဲ့ရဲ့သံကို ကြားလိုက်ရသည်။

သူတို့အားလုံးက ရွှီချန်အန်းက ဗဟုသုတနည်းပါပြီး ဘယ်ကတော်က ဘယ်သူဆိုတာ မသိကြောင်း ပြောဆိုနေတာ ဖြစ်သည် ။ဒါပေမယ့် ရွှီချန်အန်း ဂရုမစိုက်ပါ။ သူသိသလောက်ဆိုရင် ရှန်ဝမ်အိမ်တော်ရဲ့ အနေထားက ဘယ်အရာရှိ၊ မှုးမတ်အိမ်တော်ကိုမှ ကြောက်စရာမလိုသည့် အနေထားဖြစ်သည်။ နန်းတော်ထဲက အရာရှိတွေနဲ့ သူတို့ကတော်တွေကို သူ မသိတဲ့အတွက် ရှက်စရာ မဟုတ်ဟု ထင်သည်။ ဘာဖြစ်လို့လဲဆိုတော့  သူက အဲ့ဒီကိစ္စတွေ နားလည်စရာမလိုအပ်သောကြောင့် ဖြစ်သည်။

ရှန်ဝမ်အိမ်တော်၏ကိစ္စများကလွဲပြီး ပြင်ပက ဘာကိစ္စမှ သူ  မသိပေ။   သူ သေချာသိနေသည့် ကိစ္စတခုကတော့ လက်ရှိ ရှန်ဝမ်အိမ်တော်သည် မည်သူကိုမှ ကြောက်နေစရာ၊ အောက်ကျို့စရာ  မလိုအပ်ပေ။

"ကျွန်မရဲ့ ခင်ပွန်းသည်က ပထမအဆင့် ယုံအန်းမြို့စားကြီးပဲ..."

  ယုံအန်းမြို့စားကတော်သည်  လင် မျိုးရိုးဖြစ်ပြီး လက်ရှိမိဖုရားခေါင်ကြီး၏ ကိုယ်လုပ်တော်ဖွားညီမ ဖြစ်သည်။ သူမသည် ကိုယ်လုပ်တော်မှ မွေးလာသည့်သမီးဖြစ်ပေမယ့်  မိဖုရားခေါင်ကြီးနှင့် ဆက်ဆံရေး ကောင်းသောကြောင့်  သူမထက် အမျိုးမြင့်သော ခင်ပွန်းသည်နှင့် လက်ထပ်ထား သော်လည်း ခင်ပွန်းသည်၏မိသားစုက သူမကို လေးလေးစားစား ဆက်ဆံနေရသည်။

ပျော်ရွှင်သော မိသားစုကို ပိုင်ဆိုင်ထားသည့်အပြင် မိဖုရားခေါင် အစ်မလည်းရှိသဖြင့်  ယုံအန်းမြို့စား ကတော်သည် ရွှီချန်အန်းကို လုံးလုံး ဂရုမစိုက်ဘူး ဆိုတာ မထူးဆန်းတော့ပေ။

ဒီနေ့ပွဲရဲ့အဓိက လူက ရှောင်ချင်းကျန် ဖြစ်လို့ ရွှီချန်အန်း၏အဆင့်အတန်း မည်မျှ မြင့်မားပါစေ သူ့ကို အာရုံစိုက်မိသူ သိပ်မရှိပေ။
 

ရွှီချန်အန်းက ထိုယုံအန်းမြို့စား ကတော် ပြောလိုက်သံကို ကြားပေမယ့် သူမကို မသိသလို၊ သူမနှင့်   မိဖုရားခေါင်ကြီး၏ ပတ်သက်ကိုလည်း မသိပေ။   ဖန်းမော့မော့ မှာလိုက်သည့် ဒီနန်းတော်ကြီးမှာ မင်းကြီးမှ တပါး မည်သူ့ကိုမှ ကြောက်စရာမလို ဆိုသည့် စကားကိုတော့ ရွှီချန်အန်း ကောင်းကောင်းမှတ်မိသည်။ ဒါကြောင့် ရွှီချန်အန်း  တိုတောင်းပြတ်သားစွာပြောလိုက်ည်။

"ကျွန်တော် မသိဘူး..."

  ရွှီချန်အန်း၏ အဖြေက ပြတ်သားသလို မျက်နှာအမူအရာလည်း ဘယ်လိုမှ မနေပေ။
 
သူမကိုယ်သူမ ယုံအန်းမြို့စားကတော်ဟု မေးကို မော့ကာ  ဂုဏ်ယူစွာ မိတ်ဆက်နေသော မြို့စားကတော်က ရွှီချန်အန်းထံမှ ဒီလို စကားကို ကြားရမည်ဟု မထင်ထားမိလို့  ကြောင်အသွားကာ ဘာမှ  ပြန်မတုန့်ပြန်နိုင်ခဲ့ပေ။ သူမ သတိဝင်လာတော့ မျက်နှာထက်တွင် ဒေါသရိပ်တို့ ဖုံးလွှမ်းနေခဲ့သည်။

 
"ဟမ့်.....ရှန်ဝမ်ဖေးရဲ့ဖခင်က အဆင့်နိမ့်တဲ့ သာမန်အမတ်ဖြစ်တော့ ကျွန်မရဲ့ခင်ပွန်းသည်နဲ့ ရင်းနှီးဖို့ ဘယ် အခွင့်အရေးရှိမှာလဲ။ ရှန်ဝမ်ဖေး  မသိတာ မထူးဆန်းပါဘူး"

 ရွှီချန်အန်းက သူမကို မသိဘူးဟုပြောသည့်အတွက် ရွှီချန်အန်းက  နိမ့်ကျတဲ့ မိသားစုမှပေါက်ဖွားလာလို့  ဗဟုသုတ၊ အတွေ့အကြုံ မရှိကြောင်း  အထင်သေး စက်ဆုပ်သည့် ပုံနှင့် နှိမ့်ချစော်ကားစွာကြည့်ကာ ပြောလိုက်သည်။

ရွှီချန်အန်းကို ပြောဆိုနေရင်း သူ့ဘးတွင်ရပ်နေသော အစေခံကောင်လေးကို မြင်ဖူးသလို ခံစားမိလာကာ  သူမ၏ရင်ထဲဘာမှန်းမသိသည့် ကြောက်စိတ် ဝင်လာမိသည်။


"ကောင်းပြီ။ အခုတလော ရှန်ဝမ်က ပြင်ပက ဧည့်သည်တွေကို  လက်ခံတွေ့ဆုံတာ သိပ်မလုပ်ဘူး။  ပြီးတော့ ရှန်ဝမ်အိမ်တော်ကို ဝင်ထွက်နိုင်တဲ့ လူကလည်း ကျင့်ဝမ်မင်းသား တယောက်ပဲ ရှိတယ်။ ပြီးတော့ ဒီမြို့တော်ကြီးမှာ  ယုံအန်းမြို့စားရှိတယ် ဆိုတာကို ဝမ်ရယ်က သိပါ့မလား။  သူ တခါမှ  မပြောဖူးဘူးဆိုတော့ ဒီဝမ်ဖေးက ယုံအန်းမြို့စားကို  မသိတာ ဖြစ်နိုင်တယ်..."

ထိုစကားကိုပြောနေစဉ် ရွှီချန်အန်း၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်၊ အမူအရာမှ မရှိပဲ လေးနက်သည့်ပုံစံသာရှိနေသည်။

 
"ရွှီချန်အန်း...နင်က   တော်တော်မောက်မာနေပါလား။  ရှန်ဝမ်နဲ့ နင်က ဘာဆိုင်လို့လဲ။ နင်က ဘာမှ မဟုတ်တဲ့ ယောက်ျားတယောက်ဖြစ်ပြီး နောင်မှာ ရှန်ဝမ်အတွက်  သားသမီး  မမွေးပေးနိုင်တဲ့သူပဲ။ နင့်အဆင့်က အိမ်တော်က အဆင့်အနိမ့်ဆုံး ကိုယ်လုပ်တော်ကိုတောင် မမှီဘူး   "

ရွှီချန်အန်းက သူမရဲ့ ခင်ပွန်းသည်လည်း အဆင့်နိမ့်လို့ ရှန်ဝမ်က သူမခင်ပွန်းကို မသိဘူးလို့ စော်ကား ပြောလိုက်တာလား။ ရွှီချန်အန်း၏  စကားကြောင့် အစောပိုင်း သူမ ရင်ထဲ ဝင်နေသည့် ကြောက်စိတ်လေးပင် ပျောက်ကွယ်သွားပြီး ယမ်းပုံမီးကျ ဒေါသထွက်တော့သည်။ သူမက ရွှီချန်အန်းအဖေကို ပုတ်ခတ်ပြောလိုက်လို့ သူက  ရှန်ဝမ်က အဆင့်အတန်းမြင့်မားလွန်းလို့ သူမရဲ့ခင်ပွန်းသည်ကို မျက်စိထဲတောင် မထည့်ဘူးလို့ပြောချင်တာလား။

 ဒီရွှီချန်အန်း.... တော်တော်လေးကို သတ္တိကောင်း နေပါ့လား...။ သူ့အဖေ အဆင့်နဲ့  သူမ ခင်ပွန်းသည် အဆင့်အတန်းကို လာယှဉ်ချင်နေသေး သည်။

 
"အတင့်ရဲလိုက်တာ..."

"နင်က ဘာကောင်လဲ။ ဘာကြောင့် ငါ့ကို လာအော်နေရတာလဲ  "

ယုံအန်းမြို့စားကတော်၏ ပြစ်တင်ကဲ့ရဲ့စကားတွေက ဟန့်တားသံတစ်ခုကြောင့် ရပ်သွားရသည်။

 ရွှီချန်အန်းကို မကျေမနပ်ဖြစ်ကာ  ဒေါသ ဖြင့် တောက်လောင်နေသောကြောင့် အစောပိုင်းက သူမစိတ်ထဲ ဝင်ခဲ့သည့် သံသယတို့က ပျောက်သွား ကာ ထိုကောင်လေးကို ပြန်အော်ပြစ်လိုက်မိသည်။

သူမ နှုတ်မှ ပြန်အော်ပြီးပြီးချင်း ချက်ချင်း နောင်တရမိသွားသည်။ ဒီအစေခံကောင်လေးရဲ့ မျက်နှာက ဘာကြောင့် မင်းကြီးနဲ့ တူနေသလို ဖြစ်တာလဲ....

 သွားပါပြီ။ ကိုယ်ကျိုးတော့ နည်းပြီ။


"ဒီမင်းသမီးက ဘာကောင်လဲဆိုတာ သိချင်တာလား။ ကောင်းပြီ။   ဖခမည်းတော်က နင့်ကို ပြောပြပေး လိမ့်မယ်.."

ရှောင်ချင်းယွဲ့က  သူမကိုယ်ကို ဒီမင်းသမီးဟု သုံးနှုန်းလိုက်သလို သူမနူတ်မှ ခမည်းတော်ဆိုသည့် စကားသံထွက်လာတော့ သူမ ဘယ်သူဆိုတာ ပေါ်သွားခဲ့သည်။

 ယုံအန်းမြို့စားကတော်သည်  ရင်ထဲတွင်  သံသယဝင်နေခဲ့ပေမယ့် ယခုတော့  သေချာသိလိုက်လေပြီ။  သူမသည် တုန်လှုပ်ချောက်ချားကာ ချက်ချင်း ပထမအဆင့်မင်းသမီး ရှောင်ချင်းယွဲ့ကို တောင်းပန်လိုက်သည်။

 
"အရှင်မင်းသမီး... ကျွန်တော်မျိုးမကို ခွင့်လွှတ် တော်မူ ပါ။ ကျွန်တော်မျိုးမကန်းခဲ့မိလို့ အရှင်မင်းသမီးကို မသိခဲ့တာပါ။  အရှင်မင်းသမီးက ယောက်ျားလေးအဝတ်အစား နဲ့ဆိုတော့  ကျွန်တော်မျိုးမ မမှတ်မိလိုက်လို့ ပြောမိတာကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ..."

ယုံအန်းမြို့စားကတော်သည် ရှောင်ချင်းယွဲ့ကို  လုံးဝ မမြင်ဖူးပေမယ့် မင်းကြီး၏ များစွာသော သားတော်၊ သမီးတော်များထဲတွင် ရှောင်ချင်းယွဲ့က မင်းကြီးနှင့်  ရုပ်အတူဆုံးဖြစ်ပြီး သူမက ယောက်ျားလေး အဝတ်အစား ဝတ်ဆင်ကာ သွားလာလေ့ရှိကြောင်းကို ကြားထားဖူးသည်။

အခုတော့ အစေခံကောင်လေးဟု သူမထင်ခဲ့မိသူက တာ့ရှောင်ပြည်ကြီး၏ ပထမအဆင့် မင်းသမီးဖြစ်ဖြစ်နေခဲ့သည်။

သူမတော့ ဒုက္ခလှလှတွေ့လေပြီ။

သူများကို နှိမ့်ချစော်ကားကာ ရိုင်းပြမိသည့် ယုံအန်းမြို့စားကတော်က ဇောချွေးပြန်ကာ အသည်းအသန် တောင်းပန်နေရတော့သည်။

****-********

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now