Chapter (35-1)_ မင်းသမီး ချင်းယွဲ့လာလည်ခြင်း

13.8K 2.3K 11
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


Chapter (35-1)_ မင်းသမီး ချင်းယွဲ့လာလည်ခြင်း



ရှောင်ချင်းယွဲ့ ရှန်ဝမ်အိမ်တော်သို့ လာလည်တိုင်း သူမက ပင်မဧည့်ခန်းမဆောင် သို့မဟုတ် စာကြည့်ဆောင်ကိုသာ လာလေ့ရှိသည်။ ထိုနေရာကိုကျော်လွန်ပြီး အနောက်ဘက်ဆောင်ထိ လာလေ့မရှိသောကြောင့် ရှောင်ချင်းယန့်က နန်ရှီးနေထိုင်သည့် ခြံဝင်းလေးမှ ညီမတော်ကို တွေ့ရန် ပင်မဧည့်ခန်းမဆောင်ကို လာခဲ့စဉ် သတင်းလာပို့သည့် အစေခံမလေးက မထင်မှတ်သည့် စကားကို လျှောက်တင်ခဲ့သည်။

 "ဝမ်ရယ်...အရှင့်သမီးတော်က အခု ဝမ်ဖေးရဲ့အဆောင်မှာ ရှိနေပါတယ်..."

"ဘာ..."

 ဒီတစ်ဇွတ်ထိုးလုပ်တတ်တဲ့ကောင်မလေးတော့လေ...

ဘယ်လိုဖြစ်ပြီး သူ့ဝမ်ဖေးရဲ့ အဆောင်ထိကို တန်းတန်းမတ်မတ်ရောက်လာရပြန်တာလဲ....

ရှောင်ချင်းယန့်က ထိုသတင်းကြားတော့ သူတို့နေထိုင်ရာ ပင်မခြံဝင်းကို အမြန်ခြေကုန်သုတ်ပြေးလာခဲ့ပေမယ့် ထိုနေရာတွင် ရွှီချန်အန်းကို မတွေ့ရပဲ ယောကျာ်းလေးလို ဝတ်ထားသည့် သူ့ညီမတော်ကို ခြံဝင်းထဲမှာ အစေခံမလေးတွေကို စနောက်နေသည်နှင့် တန်းတိုးတော့သည်။

 "မင်း အသက်ဘယ်လောက်ရှိနေပြီလဲ... ဘယ်လိုဖြစ်ပြီး အခုလို ဝတ်စားထားရသေးတာလဲ။ မင်းပုံစံကိုကြောက်ပြီး လူတွေ လန့်သွားမှာ မစိုးရိမ်ဘူးလား။ ဒီပုံစံနဲ့ မင်း အိမ်ထောက်ဖက် ဘယ်လိုတွေ့နိုင်တော့မှာလဲ  "

  ရှောင်ချင်းယန့်သည အနားက အစေခံတစ်စုကို လက်ပြကာ ထွက်သွားစေပြီး ရှေ့မှာရှိနေသည့် ညီမလေးကို ပြောလိုက်သည်။ မျက်စိတမှိတ်အတွင်း သူတို့ ညီမတော်လေးက ကလေးလေးကနေ အိမ်ထောင်ပြုရမည့် အရွယ်သို့ပင်ရောက်လာပြီဆိုတာ အခုမှ သတိပြုလိုက်မိကာ ရင်ထဲမှာ တမျိုးဖြစ်လာသည်။

ဒီညီမတော်က ငယ်စဉ်ကတည်းက ယောက်ျားလေးအဝတ်စားကို ဝတ်လေ့ရှိပေမယ့် လှပချင်စိတ်မရှိသေးလို့ ဝတ်သည်ဟု ထင်ခဲ့မိသည်။ ဒါပေမယ့် အခု သူမက 18 နှစ်ပြည့်ကာ လက်ထပ်ရမည့် အရွယ်ရောက်ပေမယ့်လည်း ယောကျာ်းလေးအဝတ်ကို ဆက်လက်ဝတ်နေဆဲ၊ အပြောအဆို အနေအထိုင်ကလည်း လွတ်လပ်စွာ ရှိနေဆဲ ဖြစ်သည်။ ဘယ်အချိန်မှာ သူမရဲ့ အပြောဆို၊ အပြုမူကို ပြောင်းပါတော့မလဲ...

ခြံဝင်းထဲဝင်လာလာချင်း အကိုတော်ကြီးက သူမကို ပြောဆိုနေသည့် စကားကိုကြားတော့ ရှောင်ချင်းယွဲ့လည်း ငြိမ်မခံပဲ ချက်ချင်း ပြန်ပြောလိုက်သည်။
 

 "အိမ်ထောင်ဖက် မတွေ့တော့လည်း  ပိုကောင်းတာပေါ့။ ဒါဆို ခမည်းတော်လည်း ညီမတော်ကို အိမ်ထောင်ချပေးဖို့ ပူနေစရာမလိုတော့ဘူးလေ။ ညီမတော်က အိမ်ထောင်မပြုချင်ပါဘူးလို့ ပြောခဲ့တာကို ဖခမည်းတော်က  မယုံတာကိုး၊ အခုလည်း ခမည်းတော်က မပြန်မနေရ ပြန်လာရမယ်လို့ မိန့်လို့သာပေါ့။    တကယ်ဆိုရင် ညီမတော်က တောင်ပေါ်မှာ  တသက်လုံး နေပြီး နန်းတော်ကို ပြန်မလာချင်တော့ဘူး"

ရှောင်ချင်းယွဲ့က သူမ စိတ်ထဲက အတိုင်းပြောနေတာဆိုတာ သိပေမယ့် အိမ်ထောင်ပြုခြင်း၊ မပြုချင်းကို ဆက်လက်မဆွေးနွေးချင်တော့သဖြင့် ရှောင်ချင်းယန့်က ဘာကြောင့် ရှန်ဝမ်အိမ်တော်ကို လာရသလဲဆိုတာပဲ လိုရင်းမေးလိုက်တော့သည်။

 "ဘာလို့ ဒီကိုလာတာလဲလို့ အကိုတော်က မေးလိုက်တာလား။ ဘယ်လိုကြောင့် ညီမတော်ကို ခုလို မေးရက်တာလဲ။ အကိုတော်နဲ့ ယောက်မတော်ကို တွေ့ချင်လို့ လာခဲ့တာပေါ့။ "

ရှောင်ချင်းယွဲ့သည် အကိုတော်ကြီး၏ ရက်စက်သည့် စကားလုံးကြောင့် ဝမ်းနည်းထိခိုက်သွားသလို ငိုတော့မယောင် မျက်နှာထားဖြင့် တမင် လုပ်ပြလိုက်သည်။

 ရှောင်ချင်းယန့်နှင့်ရှောင်ချင်းယွဲ့တို့က တစ်မအေတည်းက မွေးလာတာ မဟုတ်ပေမယ့် အလွန်ရင်းနှီး ချစ်ခင်ကြသည်။ ငယ်စဉ်ကတည်းက အမြဲတမ်းနန်းတော်အပြင်ဘက် ဟိုးအဝေးမှာ နေသည့် ညီမတော်လေးကို ရှောင်ချင်းယန့်က ပိုပြီးအလျှော့ပေးကာ ဆက်ဆံလေ့ရှိသည်။
 
အိမ်ထောင်ပြုရန် ခါးခါးသီးသီးဖြစ်နေသည့် ရှောင်ချင်းယွဲ့၏စကားကို နားထောင်ပြီးနောက် ဒီညီမတော်လေးက သူတို့မျက်ကွယ်မှာ ဘယ်လိုတွေကို ကြုံတွေ့ခံစားခဲ့ရလို့ အခုလို အိမ်ထောင်ပြုချင်စိတ်မရှိတာလဲဟုတွေးကာ ရှောင်ချင်းယန့်စိတ်ပူလာသည်။ ဘာမှမဖြစ်ပဲ သူမက အိမ်ထောင်ပြုမည့်အကြောင်းကိုပြောတိုင်း ခုလို ငြင်းဆန်နေမည် မဟုတ်ပေ။

ရင်ထဲမှာ ပူပန်လာပေမယ့် ရှောင်ချင်းယန့်၏မျက်နှာထက်တွင် ဘယ်လို ခံစားချက်မှ ထင်ဟပ်မလာအောင် ထိန်းထားလိုက်သည်။ မိန်းကလေးတိုင်းက အသက် 15 နှစ်လောက်ရောက်ကတည်းက အနာဂါတ်ခင်ပွန်းသည်ကို စိတ်ကူးယဉ်ကာ ရင်ခုန်နေတတ်ကြတယ် မဟုတ်လား။ အခု သူ့ညီမတော်လေးက ဘယ်လိုဖြစ်ပြီး ခုလို မတုန်မလှုပ်ဖြစ်နေရတာလဲ။

 "မင်းရဲ့ ယောက်မတော်က ယောကျ်ားလေးတယောက်ဖြစ်လို့ မင်းက သူ့ကို ယောက်မတော်လို့ခေါ်နေတာကို သူက သဘောမကျလောက်ဘူး။ နောက်ဆိုရင် မင်း သူ့ကို  အစ်ကို ချန်အန်းလို့ပဲ ခေါ်တော့။ အခု သူ့ကို သွားရှာရအောင် ငါနဲ့လိုက်ခဲ့လိုက်။  "

"အွန်း"

 ရှောင်ချင်းယန့်၏ဆူပူမှုကို ခံလိုက်ရလို့ ရှောင်ချင်းယွဲ့ နူတ်ခမ်းဆူရင်း ဘေးက လိုက်လာစဉ် အကိုတော်က  ယောက်မတော်အပေါ် မကောင်းဘူး၊ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးမကောင်းဘူးလို့ ကြားနေရတာ တကယ် မဟုတ်လောက်ဟု တွေးနေသည်။

 အကိုတော်က ယောက်မတော်အပေါ် တကယ် မကောင်းပေးဘူးဆိုရင် ဘာကြောင့် ယောကျာ်းတစ်ယောက်ရဲ့ သိက္ခာတွေကို ထည့်စဉ်းစားပေးပြီး အခေါ်ဝေါ်ကအစ ဘာကြောင့် လိုက်ပြီး သတိထားပေးနေဦးမှာလဲ။

 သူတို့မောင်နှစ်မ နှစ်ဦး ပင်မခြံဝန်းမှ ထွက်လာခဲ့ပေမယ့် အခုထိ ရွှီချန်အန်းကို မတွေ့ရသဖြင့် ရှောင်ချင်းယန့်စိတ်ထဲ ထူးဆန်းနေသည်။ ထိုစဉ် အိမ်တော်ထိန်းနှင့် တိုးသဖြင့် အိမ်တော်ထိန်းကျူးက ဒီနေ့ ဝမ်ဖေးက သူ့ကို ခေါ်ဆွေးနွေးသည့်အကြောင်းကို လျှောက်တင်လိုက်သည်။

 "အခုကစပြီး နောက်ပိုင်း အခုလို အသေးအဖွဲကိစ္စကို ငါကိုယ်တော်ကို လျှောက်တင်စရာမလိုဘူး၊ ဝမ်ဖေးကိုပဲ ဆုံးဖြတ်ခိုင်းပြီး သူ့အမိန့်အတိုင်းပဲ လုပ်လိုက်တော့  "

ရွှီချန်အန်းသည် သူ့ဝမ်ဖေးဖြစ်လို့ ရှန်ဝမ်အိမ်တော်၏ အိမ်တော်တွင်းကိစ္စအားလုံးကို   ဆုံးဖြတ်ပိုင်ခွင့်အပြည့် ပေးလိုက်သည်။ သူက အိမ်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

 အိမ်တော်ထိန်းထွက်သွားပြီးနောက် ဘယ်နေရာမှ ရွှီချန်အန်းကို ရှာမရလို့ နေ့ခင်းကြီးကို ဒီကောင်လေး ဘယ်ကိုလျှောက်သွားနေသလဲဟု တွေးလိုက်မိသည်။ ဒါကြောင့် ဘေးနားက အစေခံကို မေးလိုက်ပေမယ့် သိပ်တော့ မျှော်လင့်မထားမိပေ။ ရွှီချန်အန်းက သူ့နောက်ကို အစေခံ တသီတတန်းကြီးလိုက်နေကို မကြိုက်ပဲ သူ့အနီးကပ် အစေခံမလေးနှစ်ယောက်ကိုသာ အနောက်က လိုက်ခိုင်းတတ်သဖြင့် ထိုအစေခံတွေက သိချင်မှ သိမည်ဟု ရှောင်ချင်းယန့် တွေးလိုက်မိသည်။
 

"မင်းတို့ဝမ်ဖေး ဒီလိုအချိန်ဆို ဘယ်သွားတတ်သလဲ သိကြလား "

မထင်မှတ်ထားစွာပင် အနားက အစေခံမလေးက ရွှီချန်အန်း ရှိမည့်နေရာကို တန်းတန်းမတ်မတ်ပြောနိုင်ခဲ့သည်။

" ဝမ်ဖေးက အခုလို အချိန်တွေမှာ အိမ်တော်အနောက်ဖက်ခြံဝန်းက ဥယျာဉ်ဆီ သွားလေ့ရှိပါတယ် ဝမ်ရယ်။ ပြီးတော့    စစ်ရေးလေ့ကျင့်ကွင်းကိုလည်း သွားတတ်ပါတယ်"
ရွှီချန်အန်းက သူ့နောက်ကို ယောက်ျားလေး၊ မိန်းကလေး အစေခံတွေကို ခေါ်လေ့မရှိပေမယ့် သူက အိမ်တော်တစ်ခုလုံးရဲ့ ဝမ်ဖေးဖြစ်လို့ သူ ဘယ်သွားတယ်ဆိုတာကို အစေခံတွေ အကုန်လုံးက အရိပ်အခြေကြည့်နေတတ်လို့ ရွှီချန်အန်း ဘယ်မှာရှိသည်ကို သိနေတာဖြစ်သည်။

အိမ်တော်တစ်ခုတွင် အိမ်ကြီးရှင် သခင်တွေရဲ့ အနီးကပ် လက်စွဲတော်အစေခံဖြစ်ကာ သခင်မျက်နှာသာပေးခဲ့ရသည့် အစေခံတွေရဲ့ဘဝက သက်သာပြီး နောင်ရေးကို စိတ်ပူစရာမလိုကြပေ။ အခု ရွှီချန်အန်း၏လက်စွဲတော် အစေခံမလေး နှစ်ယောက်က လက်ထပ်ရမည့် အရွယ်ရှိနေပြီဖြစ်လို့ မကြာခင် ဝမ်ဖေးက နောက်ထပ် လက်စွဲတော် အစေခံ အသစ်ကို ရွေးကောက်ရတော့မည်။ အိမ်တော်ထဲက အစေခံမလေးတွေတိုင်းက ဝမ်ဖေးရဲ့ လက်စွဲတော်ဖြစ်ဖို့ စိတ်ကူးယဉ်နေကြသည်။တကယ်လို့ ဝမ်ဖေး၏ စိတ်ချယုံကြည်မှုကို ရသွားခဲ့လျှင် သူမတို့ ဘဝလည်း မြင့်တက်သွားပေလိမ့်မည်။ ဒီအတွက် အိမ်တော်ထဲက အစေခံမလေးတွေက ဝမ်ဖေးကို စိတ်တိုင်းကျအောင် အလုပ်ကျွေးပြုနိုင်ဖို့ ဝမ်ဖေးကို အရိပ်တကြည့်ကြည့်လုပ်နေကြတာ ဖြစ်သည်။

ရွှီချန်အန်းရှိသည့်နေရာကို သိတော့ ရှောင်ချင်းယန့်က သူ့ညီမတော်ကို ခေါ်ကာ အနောက်ဘက်   စစ်ရေးလေ့ကျင့်ကွင်းရှိရာသို့ ဦးတည်ကာထွက်လာခဲ့သည်။ မနက်စာစားပြီးချိန်က သူက ရွှီချန်အန်းကို ခေါ်ကာ မြင်းဖြူလေးကို ပေးခဲ့စဉ်က ရွှီချန်အန်းက အရမ်းသဘောကျပြီး မျက်လုံးအရောင်လေးတွေ တဖြတ်ဖြတ်လက်သွားခဲ့သည်။ အခုလည်း ဘာမှ လုပ်စရာမရှိပေမယ့် သူ့စိတ်ဝင်စားမှုတို့ မြင့်တက်နေပြီး သူသဘောကျသည့် မြင်းဖြူလေးကို ကြည့်ရုံသက်သက် သွားတာဖြစ်မည်ဟု တွက်လိုက်သည်။

ရှောင်ချင်းယန့် ထင်သည့်အတိုင်း သူတို့ စစ်ရေးလေ့ကျင့်ကွင်းသို့ ရောက်သွားချိန်တွင် ရွှီချန်အန်းက မြင်းဖြူလေးကို စီးကာ ကွင်းကို တပတ်ပြီးတပတ်လှည့်နေသည်။ သူ့လက်စွဲတော် အစေခံမလေး နှစ်ယောက်က ကွင်းဘေးကနေ  ရပ်စောင့်နေပြီး သူတို့ ဝမ်ဖေးကို စိုးရိမ်တကြီးဖြင့် မျက်လုံးမလွဲတမ်းစိုက်ကြည့်နေကြသည်။
 ချွမ်းယွီက သူတို့ဘက်ကိုလာနေသည့် ဝမ်ရယ်ကိုတွေ့တော့ အရိုသေပေးလိုက်ပြီး စိတ်သက်သာရာရစွာဖြင့် လျှောက်တင်လိုက်သည်။

"ဝမ်ရယ်ကို အရိုအသေပြုပါတယ်။ ဝမ်ရယ်... ဝမ်ဖေးကို မြင်းပေါ်ကဆင်းလာဖို့ ပြောပေးပါဦး။ ဝမ်ဖေးက အခုမှ မြင်းစီးတတ်ကာစဖြစ်လို့ အခုလို မြင်းကို အမြန်စီးနေတာ ပြုတ်ကျမှာ စိုးရိမ်ရပါတယ် "

ရှောင်ချင်းယန့် ဘာမှ မပြောရသေးခင် ရွှီချန်အန်းက သူတို့ရောက်လာတာ တွေ့လို့ မြင်းကို အရှိန်သတ်ကာ သူတို့ဘက်ကို လာခဲ့သည်။
 ရွှီချန်အန်း က မြင်းပေါ်မှဆင်းလာပြီး ရှောင်ချင်းယန့်ကို အရိုအသေပေးလိုက်စဉ် ရှောင်ချင်းယန့်နှင့် အတူရပ်နေသည့် ရှောင်ချင်းယွဲ့ကို ကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။
"  ကျွန်တော် မင်းသမီးကို မြင်ဖူးတယ် "

"ယောက်မ.....အစ်ကို ချန်အန်းက ကျွန်မကို  တွေ့ဖူးတယ်လေ။ မနေ့က နန်းတွင်းညစာစားပွဲမှာ တွေ့ခဲ့ကြတယ် မဟုတ်လား .."

" မနေ့က တွေ့ခဲ့တာ မဟုတ်ဘူး။ သြော်...   ဝမ်ရယ်နဲ့ စီဖေးတို့ရဲ့ မင်္ဂလာပွဲ ကျင်းပတဲ့နေ့က ကျွန်တော် ဧည့်သည်တွေကို ဧည့်ခံနေတဲ့အချိန်မှာ မင်းသမီးကို တွေ့ခဲ့ဖူးတာ "

မနေ့ည နန်းတော်မှပြန်လာကတည်းက ရှောင်ချင်းယွဲ့ကို တနေရာမှာ တွေ့ဖူးပါသည်ဟုထင်ကာ စဉ်းစားနေခဲ့ရာ နောက်ဆုံး သူ သတိရခဲ့သည်။ ထိုစဉ်က ရှောင်ချင်းယွဲ့က ယောကျာ်းလေးလို ဝတ်စားထားပြီး သူ့ကို မြို့တော်ကအလှဆုံး မိန်းကလေးထက် ပိုလှသည်ဟု ချီးကျူးသွားခဲ့သည် မဟုတ်လား။

ရွှီချန်အန်း၏စကားကိုကြားတော့ ရှောင်ချင်းယွဲ့က အကိုတော်ကိုလိမ်ထားတော ပေါ်သွားပါပြီဆိုပြီး မျက်နှာပျက်နေစဉ် ရှောင်ချင်းယန့်က သူမကို စေ့စေ့ကြည့်ကာ မေးခဲ့လေပြီ။

  "ပြီးခဲ့တဲ့လကတည်းက မင်းက မြို့တော်ကို ပြန်ရောက်နေခဲ့တာလား..."

 "အိုး....ညီမတော် ဘယ်အချိန်ကတည်းက  ပြန်ရောက်တယ်ဆိုတာ အရေးမကြီးပါဘူး။ အခု ညီမတော် ဘာမှ မဖြစ်ပဲ ကောင်းကောင်းမွန်မွန် ရှိနေပြီပဲလေ   "


  ရှောင်ချင်းယွဲ့သည် ကပျာကယာလက်ကို ဝေ့ယမ်းကာ မျက်နှာမည်းမှောင်လာသည့် အကိုတော်ကြီးကို မျက်နှာချိုသွေးကာ ပြောလိုက်သည်။ သူ့ညီမတော်၏အမူယာကြောင့် ရှောင်ချင်းယန့် သံသယ ဝင်လာမိသည်။ သူ့ညီမတော်က ဘယ်သူ့ကိုမှ အကြောင်းမကြားပဲ ဘာကြောင့်မြို့တော်ကို စောပြီး ပြန်လာရတာလဲ။

"ဒုက္ခ ရှာရတာကို တော်တော် သဘောကျနေတယ်ပေါ့ ဟုတ်လား။ မင်းက မင်းသမီးတစ်ပါးဆိုတာကို စိတ်ထဲမှာ ထည့်ထားရဲ့လား။ မင်းဖာသာ တစ်ယောက်တည်း မြို့တော်ကို လျှို့ဝှက်ပြီး  ပြန်လာခဲ့တယ်။  မတော်တဆ ဒီကိုလာတဲ့လမ်းမှာ သတင်းပေါက်ကြားပြီး လူဆိုးတွေက မင်းကို ဖမ်းဆီးထားခဲ့ရင် ဘယ်လိုလုပ်မလဲ။   မင်းရဲ့အသက်ကို ပေါ့သေးသေးမှတ်နေလား။ မင်းကြောင့် ခမည်းတော် စိတ်ပူပြီး တခုခုဖြစ်သွားရင် အဲ့ဒါဆိုရင်  မင်း အပြစ်ဖြစ်သွားမယ်။"  

 မြို့တော်ထဲကို စိမ့်ဝင်နေသည့် တခြားတိုင်းပြည်က သူလျှိုတွေသာ သူမကို ဖမ်းမိသွားပြီး အကျပ်ကိုင်ခဲ့ရင် သူတို့ တရှောင်ပြည်က အညံ့ခံလိုက်ရတော့မည်။ ဒီကောင်မလေးက သိပ်ကို ပေါ့ဆလွန်းလှသည်။

ရှောင်ချင်းယန့်ပုံက တကယ်ကို ဒေါသထွက်နေပုံရလို့ ဒီစကားကို ပြောလိုက်မိသည့် ရွှီချန်အန်းမှာ မပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူ့ကြောင့် မောင်နှမ နှစ်ယောက် စကားများရလေပြီ။ ရွှီချန်အန်းက မပြစ်မကင်းစိတ်ဖြင့် အနောက်ကို ခြေနှစ်လှမ်းဆုတ်ကာ ဝမ်ရယ် သူ့ကို သတိမထားမိစေရန် တတ်နိုင်သလောက် ကျို့ကျို့ယို့ယို့လေးနေလိုက်သည်။
 
ဒါပေမယ့် ရှောင်ချင်းယွဲ့က သူ့ကို အပြစ်တင်ဟန်မရှိပဲ ရှေ့ကိုတိုးကာ ပြုံးပြုံးရွှင်ရွှင်နှင့် ဒေါသထွက်နေသည့် အကိုတော်ကြီး၏လက်မောင်းကို ချွဲနွဲ့ဟန်ဖြင့် ဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။
 
" အစ်ကိုတော်က ညီမတော်ကို စိတ်ပူလို့ ပြောတယ်ဆိုတာ သိပါတယ်။ နောက်ဆိုရင် ညီမတော် ခုလို မလုပ်တော့ပါဘူး။ သေချာပေါက် သတိထားပါ့မယ်နော်...နော်.. ပြီးတော့ ညီမတော်က တိတ်တိတ်ကလေး ပြန်လာတယ်ဆိုတာ အကိုတော်ကို အံ့သြသွားစေချင်လို့ပါ... ညီမတော်ကို စိတ်မဆိုးပါနဲ့တော့...နော် အကိုတော်..."

"အံ့ဩသွားစေချင်လို့...ဟုတ်လား။ မင်းကို ရုတ်တရက် တွေ့လိုက်ရလို့ ငါက ဘာကို အံ့ဩသွားရမှာလဲ။ နေပါဦး..မင်းက မြို့တော်ကို တစ်လလောက်ကြိုရောက်နေပြီး ဘယ်မှာသွားနေပြီး ဘာတွေလုပ်နေတာလဲ  .."

နန်းတော်နှင့် ရှန်ဝမ်အိမ်တော်က ရှောင်ချင်းယွဲ့ကို အခုမှ မြို့တော်ကို ပြန်ရောက်လာသည်ဟုသာ သိထားကြပေမယ့် ဒီကလေးမက ဒီကိုရောက်နေတာ ကြာလှပြီ။ သူမ ဘယ်ကိုလျှောက်သွားနေတာလဲ။

"အစ်ကိုတော် ...ညီမတော် အခု ဘာမှ မဖြစ်ဘူးလေ။ ဒါကြောင့် အရမ်း စိတ်မပူပါနဲ့နော်..."

"ဟမ့်..... မင်းက ကလေး  မဟုတ်တော့ဘူး။ အခုထိ ငယ်ငယ်တုန်းကလို လျှောက်လုပ်နေတုန်းလား။ မင်းက လူတွေကို စိတ်ပူအောင် တကယ်လုပ်နေတာပဲ ...."

ရှောင်ချင်းယန့်  ဒေါသထွက်နေရသည့် အကြောင်းရင်းက  ရှောင်ချင်းယွဲ့က သူ့ရှေ့မှာ အပြစ်ကင်းစင်ဟန် လုပ်နေပေမယ့် သူမက  တစုံတခုမှာ ပါဝင်လုပ်ကိုင်နေသည်ကို သူ့ကို ဖုံးကွယ်ထားသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

 ချင်းယွဲ့က ဘယ်သူ့ကိုမှ မပြောဘဲ တိတ်တိတ်လေး ပြန်လာခဲ့တာက သူနဲ့ ချန်အန်းရဲ့မင်္ဂလာဆောင်လိုက်သည့် သတင်းကြောင့် ဆိုတာ ရှင်းနေတာပဲ...

သူပြောလိုက်သည့် စကားကြောင့် ဝမ်ရယ်နှင့် မင်းသမီးတို့နှစ်ယောက် စကားများနေသည်ကိုတွေ့တော့ ရွှီချန်အန်းက သူ့ကို သတိမထားမိစေရန် အတတ်နိုင်ဆုံး တိတ်တိတ်လေးရပ်နေခဲ့သည်။ ရှောင်ချင်းယွဲ့က သူ့ကို အော်ငေါက်ခဲ့မည်ကို မကြောက်ပေမယ့် မင်းကြီး၏သည်းသည်းလှုပ်ချစ်ရသည့်မင်းသမီးလေးကို သူက ဘာမှ ပြန်ပြောနိုင်မည် မဟုတ်ပေ။  သူ့အနေနှင့် ရှောင်းချင်းယွဲ့မင်းသမီးအပေါ်  ဘာအပြစ်မှမပြုလုပ်ရဲပေ။

ရှောင်ချင်းယွဲ့ ရောက်လာသည့်အချိန်က မစောတော့သဖြင့် ညနေစာကို ရှန်ဝမ်အိမ်တော်မှာပဲ အတူတူစားလိုက်တော့သည်။ ညစာစားစဉ် မင်းသမီးက သူ့ကို စိတ်ကွက်ကာ အပြစ်တင်မည်ဟု ထင်ခဲ့ပေမယ့် ရှောင်ချင်းယွဲ့က ထိုအကြောင်းကို စိတ်ထဲ မထားတော့သည့်ဟန်ဖြင့် ပုံမှန်ပြောဆိုဆက်ဆံနေခဲ့မည်ဟု မမျှော်လင့်ထားမိလို့ ရွှီချန်အန်း အံ့အားသင့်နေမိသည်။
 ပြီးတော့ သူမက သူ့ကို ဆွေမျိုးလို သဘောထားကာ သူမ ရင်ထဲက မေးချင်သည်ကို ပွင့်လင်းစွာ မေးမြန်းခဲ့သည်။

"အစ်ကိုချန်အန်း...အစ်ကိုက   ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာပဲ။ အစ်ကိုတို့မိသားစုမှာ အစ်ကိုကလွဲရင် ကျန်တဲ့လူ ဘယ်သူမှ မကောင်းကြဘူးနော်"

ရှောင်ချင်းယွဲ့က မြို့တော်က ပြန်ရောက်တာ တလလောက်ကြာနေပြီဖြစ်လို့ ရွှီချန်အန်းတို့ အိမ်သတင်းကို ကြားသိပြီးသားဖြစ်သည်။

 ရှောင်းချင်းယွဲ့မှ သူတို့ ရွှီမိသားစုအကြောင်းကို မထင်မှတ်ပဲ ထုတ်ပြောလာတော့ ရွှီချန်အန်းက ဘယ်လို ပြန်ဖြေရမှန်းမသိဖြစ်သွားခဲ့သည်။ သူနှင့် ရွှီ မိသားစုက သေခန်းပြတ်ခဲ့ပြီးဖြစ်လို့ သူ့ရင်ထဲမှာ ဘာမှ မရှိတော့ပေ။ ဒါပေမယ့် ရွှီအိမ်တော်က သူမွေးဖွားကြီးပြင်းလာသည့် နေရာဖြစ်လို့ တခြားလူတွေ သူ့ရှေ့မှာ အထင်သေးကာ ကဲ့ရဲ့ပြစ်တင်သည်ကို မကြားချင်ပေ။ သူလည်း သူ့အိမ်တော်ကို စော်ကားပုတ်ခတ်တာကို မလုပ်ချင်ပေ။

  "မင်းသမီး...ကျွန်တော့်ကို ချီးမွမ်းလွန်းနေပါပြီ..."

ပြီးတော့ ရွှီချန်အန်းက ရှောင်ချင်းယန့်ကို ရွှီအိမ်အကြောင်း ပြောဆိုချင်စိတ်မရှိပေ။ ဒါကြောင့် ရှောင်ချင်းယန့် သူ့ကို ပြောလာတော့ ဒီလိုမျိုး မယုတ်မလွန်ပြောလိုက်သည်။   အပေါ်ယံမှာတော့ ရွှီချန်အန်းက  ရှောင်ချင်းယွဲ့၏စကားကို  ထောက်ခံသလိုဆိုပေမယ့် စိတ်ထဲမှာ ဒီအကြောင်းကို မတွေးခဲ့ပေ။

တကယ်လို့ရွှီအိမ်တော်မှာ သူက ကောင်းမွန်စွာကြီးပြင်းလာခဲ့ရမည်ဆိုရင် အခုလို ဝမ်ရယ်ကို လက်ထပ်ပြီး တခြားမိန်းမတွေရဲ့ တိုက်ခိုက်မှုကို ခံရမည်တဲ့လား။ သူ့အတွက် တက်လမ်းကောင်းသာရှိခဲ့ရင် အခုလို အိမ်တော် အနောက်ဘက် ခြံဝင်းထဲမှာ နေနေရမှာတဲ့လား။

  သူ၏မိခင် ကွယ်လွန်သွားသည့် အချိန်တွင် သူက အသက်ဆယ့်ခြောက်နှစ်ပြည့်ခဲ့ပြီး အိမ်ထောင်ပြုသင့်သည့်အရွယ်ကို ရောက်ခဲ့သည်။ ဒါပေမယ့် အမေ မရှိသည့်နောက် သူ ဘာမှ မလုပ်နိုင်ခဲ့ပေ။ မိခင်၏အစေပါးများကပင် သူ့ကို ပြန်လည်စောင့်ရှောက်ပေးခဲ့ရသည်။

  သူ ငယ်စဉ်ကတော့ ပညာရေးမှာ ထူးချွန်သည်ဟု သူ့ဖာသာ ထင်ခဲ့သည်။ သူ စာစသင်ခဲ့ကတည်းက စာမလို်က်နိုင်တာ မရှိခဲ့ဖူးပေ။ ပြည်နယ်အဆင့် စာမေးပွဲများတွင် ပထမအဆင့်ဖြင့် အောင်မြင်ခဲ့လို့ သူ့မိခင်က သူ့အတွက် ဂုဏ်ယူခဲ့ရသေးသည်။ ဒါပေမယ့် အခုတော့ အဲ့ဒီ စာပေထူးချွန်မှုက ဘာမှ မသုံးမဝင်တော့ပေ။

 "ယောက်မတော်   ဝမ်းနည်းမနေပါနဲ့။ ရွှီအိမ်တော်က ရွှီအိမ်တော်ပဲ။ ယောက်မတော်က ယောက်မတော် သတ်သတ်ပဲလေ"

ရွှီချန်အန်း စိတ်မကောင်းဖြစ်သွားသည်ကို ရိပ်မိသဖြင့် ရှောင်ချင်းယွဲ့၏လေသံက ချက်ချင်း နူးညံ့သွားကာ သူ့ကိုကြင်နာစွာ နှစ်သိမ့်ခဲ့သည်။ ဒါက ကာကွယ်ပေးချင်သည့် မိခင်စိတ်ဓါတ်ပေါ်လာသည့်သဘောဖြစ်သည်။

သူတို့သုံးယောက် ညစာအတူစားကြစဉ် အခြား အစေခံများကို ဖယ်ထုတ်ပြီး ချွမ်းယွမ်နှင့် တုန်းရွယ်ပဲ ရှိသည့်အတွင် ရွှီချန်အန်းက ရွှီအိမ်တော်အကြောင်းကို ဘာမှ ဆက်မပြောချင်ဘူးဟု ရှောင်ချင်းယွဲ့ကို ပွင့်လင်းစွာ ပြောခဲ့သည်။ ဒါကြောင့် သူမက အလိုက်တသိ ထိုအကြောင်းကို မပြောတော့ပေ။


**-***

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now