Chapter (46-2) _ အပြစ်ပေးပြီး နှင်ထုတ်ခံလိုက်ရသည့် ရွှီယင်းဟွေ့

14.9K 2.6K 37
                                    

Chapter (46-2) _ အပြစ်ပေးပြီး နှင်ထုတ်ခံလိုက်ရသည့် ရွှီယင်းဟွေ့


ချွမ်းယွီက သခင်လေးရဲ့မျက်နှာပေါ်က ရွံမုန်းတဲ့ အမူယာကို တွေ့လိုက်တော့ အစေခံလေးတွေနှင့် သူမက ချက်ချင်းပြေးလာပြီး ရွှီယင်းဟွေ့၏ လက်ကိုဆွဲဖယ်ကာ  ရွှီချန်အန်း ဘေးကနေ အတင်းဆွဲခေါ်ခဲ့သည်။ ဒါပေမယ့် ရွှီယင်းဟွေ့က ရွှီချန်အန်း၏ ခြေထောက်ကို  အတင်းဆုပ်ကိုင်ထားမည်ဟု မမျှော်လင့်မထားခဲ့ပေ။

"မင်း ဘာလုပ်တာလဲ?"

ရွှီချန်အန်းက ရွှီယင်းဟွေ့ရဲ့ တဇွတ်ထိုး လုပ်ရပ်ကြောင့် တကယ်စိတ်ဆိုးသွားပြီး တစ်ချိန်တည်းမှာပဲ သူမနဲ့သွားတွေ့ဖို့ပြောခဲ့သည့် ရှောင်ချင်းယန့် စကားကို သတိရလိုက်သည်။ ကောင်းတယ်... အခု သူ့စကားကို နားထောင်ပြီး လာတွေ့လိုက်တာ... ဒီတစ်ယောက်ကို သူ ဘယ်လို ဖယ်ရှားပစ်ရတော့မလဲ...

 " အစ်ကိုကြီး၊ အစ်ကိုကြီး၊ ကျွန်မ အကိုကြီးကို ပြောစရာရှိသေးလို့ပါ။ ကျွန်မကို အရင်ပြီးအောင် ပြောခွင့်ပြုပါ။ အဲဒါ ပြောပြီးရင် ကျွန်မ သွားပါ့မယ်။ တကယ် ပြောပြီးရင်သွားပါ့မယ်! "

စတုတ္ထမြောက်မင်းသား၏ အိမ်တော်ထဲကို သူမ လက်ထပ်ပြီး မဝင်ရောက် နိုင်ရင်လည်း ကိုယ်လုပ်တော်အဖြစ်နဲ့ သူမ ဝင်နိုင်တာပဲလေ။ မင်းသားရဲ့ သွေးသားကို မွေးဖွားပေးနိုင်ခဲ့မယ်ဆိုရင်  သူမ တစ်သက်တာလုံး ချမ်းချမ်းသာသာ ဂုဏ်သိက္ခာရှိရှိ နေရဖို့အတွက် စိတ်ပူစရာမလိုတော့ပေ။
 
"ချွမ်းယွီ....."
ရွှီချန်အန်းက သူ့အစေခံမလေးကို ခေါ်ကာ ရွှီယင်းဟွေ့ကို ဆွဲဖယ်ခိုင်းသလို ရွှီယင်းဟွေ့ကိုလည်း ပြောလိုက်သည်။

 
" မင်း....လွှတ်လိုက်... မင်း လက်ကို လွှတ်လိုက်ပါ၊  မဟုတ် ငါ မင်းကို အခုချက်ချင်း အိမ်တော်အပြင်ကို ပစ်ထုတ် လိုက်မယ် "

ရွှီချန်အန်းက ရွှီယင်းဟွေ့သာ မလွှတ်တမ်း သူ့ခြေထောက်ကို ဖက်တွယ်ထားဦးမယ်ဆိုရင် သူမရဲ့ ခေါင်းကို ခြေထောက်နဲ့ ကန်ပစ်လိုက်ချင်စိတ်ကို အောင့်ထားနိုင်တော့မည် မဟုတ်ပေ။

 အစေခံများလည်း ရွှီယင်းဟွေ့ကို အတင်းဆွဲနေရာကနေ ရပ်လိုက်သည်။ ထိုအခါမှ ရွှီယင်းဟွေ့က စိတ်သက်သာရာ ရသွားခဲ့သည်။ ရွှီချန်အန်းက  ပြောပြီးသား စကားတည်ကာ လှည့်စားတတ်သောသူ မဟုတ်ကြောင်း သူမ သေချာသိသည်။

ထို့နောက် သူမ က မြေကြီးပေါ်ကနေ ဖြည်းဖြည်းချင်းထပြီး ရွှီချန်အန်းရှေ့မှာ ဒူးထောက် လိုက်သည်။ ရွှီယင်းဟွေ့က ကလေးဘဝကတည်းက သူမ မိခင်က အလိုလိုက်ထားသဖြင့် ပျက်စီးနေသူဖြစ်သည်။ ဒါကြောင့် မသင့်တော်သည့် အပြုမူကို ရှန်ဝမ်အိမ်တော်ထိ လာပြီး လုပ်ရဲတာဖြစ်သည်။ သင့်တော်သည် မသင့်တော်သည် ဆိုတာထက် သူမလိုချင်တာကို ရအောင် ယူတတ်သည့် အကျင့်စွဲနေသည်။
 
သူမ ဖြစ်ချင်သည့် ရည်ရွယ်ချက်ကြောင့် ဘယ်လိုပဲ လုပ်ရပါစေ သူမ မျက်နှာ မပျက်ပေမယ့် သူမ မသက်မသာဖြစ်နေခဲ့သည်။ သူမက မျက်ရည်များနှင့်ပြည့်နေသည့် နီရဲနေသော မျက်လုံးများနှင့် ရွှီချန်အန်းကို မော့ကြည့်ခဲ့သည်။  ဒါဟာ တကယ်သနားစရာကောင်းနေပုံရတယ်။

" အစ်ကိုကြီး၊ အကိုကြီးက အခု ဝမ်ဖေးတစ်ပါးဖြစ်နေပြီ။  ဒါပေမယ့် အကိုကြီးက ယောက်ျားလေးတစ်ယောက်ဖြစ်လို့  ကလေး မမွေးနိုင်ဘူး။ ရှန်ဝမ်က အကိုကြီးကို ချစ်တယ်ဆိုရင်တောင် တနေ့မှာ အကိုကြီးအတွက် ခက်ခဲတဲ့နေ့တွေ ရှိလာလိမ့်မယ်။ ရှန်းဝမ် နဲ့ စတုတ္ထမြောက်မင်းသားက အမေတစ်ယောက်တည်းက မွေးဖွားလာတဲ့ ညီအစ်ကိုအရင်းတွေဖြစ်လို့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြမယ်ဆိုတာ ပြောဖို့မလိုပါဘူး။  အကိုကြီးကို အဖေနဲ့လာတွေ့တဲ့နေ့က ရှန်ဝမ်အိမ်တော် အပြင်မှာ ကျွန်မ စတုတ္ထမြောက်မင်းသားနဲ့တွေ့ခဲ့တယ်။ သူက ကျွန်မကို သဘောကျပြီး သူ့ရဲ့ခေါက်ယပ်တောင်ကိုတောင် ကျွန်မကို လက်ဆောင်ပေးခဲ့ပါသေးတယ်။  ဒါပေမယ့် အခု ရွှီ မိသားစုက အစစ အရာရာ နိမ့်ပါး ကျဆင်းနေတယ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မက သူ့အိမ်တော်ထဲကို မဝင်နိုင်ခဲ့ဘူး။ ဒါကြောင့် အကိုကြီးက ကျွန်မကို ကူညီပြီး မင်းသားရဲ့ အိမ်တော်ထဲကို ဝင်နိုင်အောင် ခေါ်သွားပေးပါ။ အကိုကြီးကို ကျွန်မ အာမခံပါတယ်! စတုတ္ထမင်းသားက ကျွန်မကို မြင်တာနဲ့ သူ့အိမ်တော်မှာ ကိုယ်လုပ်တော်အဖြစ် နေခွင့် ပေးလိမ့်မယ်။ နောင်မှာ ကျွန်မနဲ့ စတုတ္ထမင်းသားတို့က မွေးလာတဲ့ကလေးကို အကိုကြီးကို မွေးစားဖို့ ပေးပါ့မယ်။ ဒီကလေးက ရှန်ဝမ်ရဲ့ တူလေးလည်းဖြစ်လို့ ရှန်ဝမ်က ဒီကလေးကို မြင်တိုင်း အကိုကြီးကို အမြဲ ကြင်နာပါလိမ့်မယ်....   "

"ဟမ်! ငါကိုယ်တော်ရဲ့ဝမ်ဖေးက ငါကိုယ်တော်ရဲ့ ကြင်နာမှုကို ရဖို့ ကျွန်မိန်းကလေးက မွေးလာမယ့် သားတစ်ယောက်ကို မှီခိုနေရမယ်ဆိုတာ ငါ မသိခဲ့ပါလား   "

ရှောင်ချင်းယန့်က ဘယ်အချိန်ကတည်းက ရောက်လာမှန်း အခန်းထဲက လူတွေအားလုံး မသိလိုက်ပေ။ ဒါပေမယ့် ရှောင်ချင်းယန့် ပြောခဲ့တဲ့ စကားက ဘာကို ဆိုလိုသည်ကို အခန်းထဲက လူတွေ အားလုံးသိလိုက်သည်။

ရွှီချန်အန်းကတော့ ရွှီယင်းဟွေ့၏စကားများကို ကြားလိုက်လို့ ထောင်းခနဲ ထွက်လာသည့်ဒေါသကို မနည်းအောင့်အီးနေရဆဲဖြစ်သည်။

ဒီကမ္ဘာပေါ်မှာ ပန်းလေးလို လှသည့် မိန်းကလေးတွေအများကြီးရှိနေတာပဲ။ ဒါကို သူမက မသိတာလား။  နုံတာလား။ စတုတ္ထမင်းသားက သူမကို မြင်တာနဲ့ ချစ်ခင်ပြီး ကိုယ်လုပ်တော် ထားပါ့မယ်လို့ သူမက ဘာကြောင့် ဒီလောက် ယုံကြည်နေရတာလဲ။ လူတိုင်းက ရွှီယုံနန် နဲ့သူမရဲ့အရှက်မရှိတဲ့အမေနဲ့တူတယ်လို့ သူမ တကယ် ထင်နေခဲ့တာလား။
 

"ဝမ်ရယ်....? ချန်နွီ ရွှီယင်းဟွေ့က ဝမ်ရယ်ကို ဂါရဝပြု.... "
 
(ချန်နွီ - ကြင်ယာတော်၊ ကိုယ်လုပ်တော်တို့မှ ဝမ်ရယ်ကို သူမတို့ကိုယ်ကို သုံးနှုန်းပြောဆိုသည့် နာမ်စား)

"ဟမ်! နိမ့်ကျတဲ့ ကျွန်မိန်းကလေးက ကိုယ့်ကိုယ်ကို ချန်နွီလို့ သုံးနှုန်းရဲတယ်ပေါ့။ မင်းကို ဘယ်သူက  ခွင့်ပြုထားလို့လဲ။ တရှောင်ပြည်ရဲ့ စည်းမျဉ်း ဥပဒေတွေ၊ အမိန့်တွေကို မင်း ဘာမှ ဂရုစိုက်စရာမလိုဘူးလို့ ထင်နေတာလား။ လာကြစမ်း... ဒီ ကျွန်မိန်းကလေးရဲ့ပါးစပ်ကို အချက် ၂၀ ရိုက်ပြီး အိမ်တော်အပြင်ကို မောင်းထုတ်လိုက်ကြ... နောင်ကို လုံးဝ ထပ်မလာစေနဲ့   "

ရှောင်ချင်းယန့် ၏ဒေါသတို့သည် ရွှီယင်းဟွေ့က ရွှီချန်အန်းကို ထိကိုင်ခဲ့သည့်အတွက်သာမက သူ့ညီတော် ရှောင်ချင်းယွီကိုပါ အပိုင်ကြံနေသည့်အတွက် ပေါက်ကွဲထွက်လာတာဖြစ်သည်။

 သူ့မယ်တော်မိဖုရားခေါင်ကြီး နတ်ရွာစံတော်မူပြီးတဲ့နောက်ပိုင်း သူ့ညီကို ဘယ်သူမှ အနိုင်မကျင့်စေရဘူးလို့ မယ်တော်ရဲ့ ရုပ်ကလာပ်ရှေ့မှာ ကျိန်ဆိုခဲ့သည်။ ဒီမိန်းကလေးက ချင်းယွီကို အနိုင်ကျင့်နိုင်စွမ်းမရှိပေမယ့် သူ့ညီရဲ့အိပ်ယာပေါ် တွယ်တက်ဖို့ စဉ်းစားပုံတွေက ရွံစရာကောင်းလှသည်။

ချင်းယွီက မွေးလာမယ့် သူ့တူလေးတွေက ဒီလို ယုတ်ညံ့တဲ့ ကျွန်မိန်းကလေးရဲ့ဝမ်းဗိုက်က ဘယ်လိုထွက်လာနိုင်မှာလဲ။
 
ရွှီယင်းဟွေ့သည် ဘာမှ မတုန့်ပြန်နိုင်ခင် ရှောင်ချင်းယန့်၏သက်တော်စောင့်များ ဆွဲထုတ်သွားခြင်းို ခံလိုက်ရပြီး ပါးရိုက် အပြစ်ပေးခြင်း ခံလိုက်ရသည်။

ရွှီချန်အန်းက ခြံဝင်းအပြင်ဘက်ကနေ သူမရဲ့ အော်ဟစ်နေသံကို လုံးဝ ဂရုမစိုက်ပေ။
အစောပိုင်းက ရှောင်ချင်းယန့် ပြောလိုက်သည့် စကားက ဘာကိုဆိုလိုတာလဲဆိုတာကို သူ အရမ်းသိချင်နေတယ်။ ဒီ ဒုက္ခတွေကို ဖန်တီးခဲ့တာက ရှောင်ချင်းယန့်ဖြစ်သလို ဖြေရှင်းဖို့ ကူညီပေးခဲ့တာကလည်း ရှောင်ချင်းယန့်ပဲဖြစ်သည်။

ရှောင်ချင်းယန့်က ရွှီယင်းဟွေ့ကို တမင် အရှက်ရအောင် လုပ်ချင်ခဲ့တာများလား။
 
" အဲဒီ့လောက် အရေးမကြီးတဲ့လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို စိတ်ထဲထားစရာမလိုပါဘူး။ ဒါ့အပြင် ဒီနေ့ အချိန် မြို့တော်ထဲက ဘယ်သူမှ မင်း မကောင်းကြောင်းကို ပြောနေမှာ မဟုတ်ဘူး"

မြို့တော်ထဲမှာ လက်ဖက်ရည်ဆိုင်က ပုံပြောသမားတစ်ယောက်က ရှန်ဝမ်ဖေးအကြောင်းကို ပြောမိလို့ ကံဆိုးမိုးမှောင် ကျခဲ့ရသည်။ နောက်ပိုင်း မြို့တော်ထဲမှာ   ရှန်ဝမ်ဖေးအကြောင်းတွေကို ဘယ်သူမှ မပြောရဲတော့ပဲ ရှန်ဝမ်ဖေးရဲ့ အတင်းဖျင်းတွေက မြို့တော်ထဲကနေ တဖြည်းဖြည်းပျောက်သွားခဲ့သည်။
 
 ယနေ့ ရွှီယင်းဟွေ့က ရှန်ဝမ်အိမ်တော်ကို ရောက်လာပြီး ဒီလို အပြစ်ပေးခံခဲ့ရသည်ကို ပုံပြောသမားများ က လူတွေကို ပုံပြင်အဖြစ် ထပ်မံပြောပြနေဦးမည် ဖြစ်သည်။ ဒီအကြောင်းကို ကြားပေမယ့် လူအများစုက စာနာသနားခြင်းမရှိပဲ ရွှီအိမ်တော်က သူတို့ စိတ်ရင်းအတိုင်း အကျိုးပေးကာ ထိုက်သင့်သည့်အပြစ်ကို ရသွားတာပဲလို့ ယုံကြည်ကြသည်။

ရွှီမိသားစု ကျဆုံး၇တာက သူတို့စိုက်ပျိုးတာကို သူတို့ ရိတ်သိမ်းရတာပဲဖြစ်သည်။
 

***


တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now