(U) Chapter (29) - ဘဝအဖော်မွန်
ရွှီချန်အန်းသည် အပြေးအလွှား ရေချိုး၊ အဝတ်အစားလဲပြီးနောက် ရှောင်ချင်းယန့်ရှိရာသို့ အမြန်ပြန်လာခဲ့သည်။ သူ ရောက်လာချိန်တွင် ရှောင်ချင်းကျန်သည် အခန်းထဲမှာ ရှိနေဆဲဖြစ်ကာ အခုမှ ပြန်ရန်ပြင်ဆင်နေသည်။
"မရီးတော်...ဒီရက်ပိုင်း နောင်တော်ကို သေချာ စောင့်ရှောက်ပေးပါဦး။ သူ့ကို သိပ်လှုပ်လှုပ်ရှားရှား မလုပ်စေနဲ့။ ပြီးတော့ နောက်သုံးရက်မှ ကျင်းပမယ့် နန်းတော်ထဲက ညစာစားပွဲကို နောင်တော့်ကို လာမတက်ခိုင်းနဲ့တော့။ ပင်ပန်းပြီး ဘာမှလည်းမဟုတ်ဘူး။ နောင်တော် အမြန်သက်သာဖို့ ကောင်းကောင်းအနားယူပါစေ ."
ရှောင်ချင်းကျန်၏ ရုတ်တရက် လူပြောင်းလိုက်သလို သူ့အပေါ် ဆက်ဆံပုံက လုံးဝ ပြောင်းသွားလို့ ရွှီချန်အန်းက အံ့အားသင့်သလို နားမလည်နိုင်ဖြစ်သွား ရရှာသည်။ ဘယ်လိုလုပ်ပြီး ရှောင်ချင်းကျန်က သူ့ကို 'မရီးတော်'လို့ ခေါ်နေရတာလဲ။ ပြီးတော့ နန်းတွင်းညစာစားပွဲဆိုတာက ဘာကို ပြောတာလဲ။
"ချင်းကျန်က မကြာခင်မှာပဲ မြောက်ပိုင်းစစ်မြေပြင်ကို စစ်ချီရတော့မှာမို့ ဖခမည်းတော်က တတိယညီတော် အတွက် အထူးညစာစားပွဲကို နန်းတွင်းမှာ ကျင်းပ ပေးမှာဖြစ်တယ်။ ညီတော်ကို စစ်မြေပြင်မှာ အောင်ပွဲရပြီး အန္တရာယ်ကင်းကင်း အိမ်ပြန်လာအောင် ဆုတောင်းပေးတဲ့အနေနဲ့. လုပ်ပေးတာပဲ"
ရှောင်ချင်းယန့် ခါးနှင့်ဗိုက်တွင် ဒဏ်ရာရထား သော်လည်း ကံကောင်းလို့ ဒဏ်ရာတို့မှာ သိပ် မပြင်းထန်ပေ။ ဆယ်ရက်ကျော်လောက် အနားယူ လိုက်ရင် ကောင်းကောင်း သက်သာသွားမည် ဖြစ်သည်။ သို့သော် သူ၏ညာခြေထာက်လည်း ဒဏ်ရာရထားလို့ သွားလာလှုပ်ရှားရတာ သိပ်အဆင်မပြေပေ။ ဒါကြောင့် ညီတော်က သူ့ကို အိမ်တော်မှာပဲ အနားယူ အားဖြည့်စေချင်တာဖြစ်သည်။ ရွှီချန်အန်းက နန်းတွင်း ညစာစားပွဲကိစကို မသိလို့ သူက ဝင်ရှင်းပြရင်း တလက်စတည်း ညစာပြင်ခိုင်းလိုက်သည်။
သူ နည်းနည်း ဗိုက်ဆာနေပြီ....
"သူတို့ကို ပြင်ခိုင်းထားပြီးသားပါ။ ဝမ်ရယ်... ခဏလောက် စောင့်ပေးပါဦး။ ကျွန်တော် မြန်မြန် လုပ်ခိုင်းလိုက်ပါ့မယ် "
ရှောင်ချင်းယန့်သည် ဒဏ်ရာရထားလို့ ခါတိုင်း ညစာလို ပြင်ဆင်ပေးလို့မဖြစ်ပဲ အားဖြည့်စေမယ့် ဓါတ်စာကိုပါ ထည့်သွင်းပြင်ခိုင်းထားရသည်။ ထိုဓါတ်စာက ပြင်ဆင်နေကျမဟုတ်လို့ စားဖိုဆောင်က နည်းနည်း အချိန်ကြာသွားခဲ့သည်။ ရွှီချန်အန်းက အပြင်ကို ထွက်လာပြီး စားဖိုဆောင်ကို အမြန်လုပ်ဖို့ ယားထိုငယ်လေးကို ခိုင်းမည်အပြု ယားထိုလေးက အပြင်ဘက်တွင် စီ့ဖေးများနှင့် ကိုယ်ရေးကိုယ်တာသုံး အစေခံတို့က ဝမ်ရယ် ဒဏ်ရာရသည်ကို ကြားလို့ သတင်းမေးဖို့ ရောက်နေကြောင်း လျှောက်တင်ခဲ့သည်။
ရွှီချန်အန်းက အဆင့်ကျော်ကာ ထင်ရာစိုင်းသည့် မင်းစီ့ဖေးကို တင်းကြပ်စွာကိုင်တွယ်ပြီးနောက် ကျန် စီ့ဖေးနှင့် အစေခံများက ခါတိုင်းလို အတင့်ရဲစွာ ဝင်လာခြင်း မပြုဝံ့တော့ပဲ နာခံစွာဖြင့် ခြံဝင်းအပြင်ဘက်ကမှာ စောင့်ဆိုင်းကာ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။
ဝမ်ရယ်က ညစာစားပြီး အနားယူရဦးမယ်။ သူတို့ကို နောက်ရက်မှ လာတွေ့ခိုင်းလိုက်
ရွှီချန်အန်းက ပြတ်သားစွာပင် ပြောလိုက်သည်။
"ဟုတ်ကဲ့...ကျွန်တော်မျိုးမ သွားပြောလိုက်ပါမယ်..."
ရွှီချန်အန်းသည် ဘာကြောင့်မှန်းမသိ တောထဲတွင် တွေ့ခဲ့ည့် နန်ရှီးဆိုသည့် မိန်းမလှလေးကို သတိရသွားခဲ့သည်။
ရှောင်ချင်းယန့်သည် ထိုအမျိုးသမီးအပေါ် သိသိသာသာ စိတ်ဝင်စားမှု ရှိပုံရသည်ဟု ရွှီချန်အန်း ခံစားမိသည်။ ရှောင်ချင်းယန့်သည် အိမ်တော်ထဲက ကိုယ်လုပ်တော်တွေကိုသဘောမကျလို့ မတို့ထိဘူးဆိုပေမယ့် အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ သွေးသားတောင့်တမှာတွေရှိမှာ သေချာတယ်။ ဒါကြောင့် နန်ရှီးကို ဘယ်အချိန်လောက်မှာ ဝမ်ရယ်အိမ်တော်ထဲကို ဝင်ခွင့်ပြုရမှာပါလိမ့်....
"ဝမ်ဖေး...ညစာ အဆင်သင့်ဖြစ်ပါပြီ "
" မင်းတို့ ဘယ်လိုကြောင့် ကိုယ်တိုင်လာနေရတာလဲ။ ငါက ခုရက်ပိုင်း သေချာအနားယူဖို့ မှာထားတယ်မဟုတ်လား ဘာဖြစ်လို့ အပြင်ထွက်လာပြီး ဒါတွေ လုပ်နေကြတာလဲ..."
ချွမ်းယွီ၏မျက်နှာပေါ်မှ ဒဏ်ရာများက လုံးလုံး မပျောက်သေးလို့ ညစာကို ခြံဝင်းထဲက အသစ်ရောက်လာသည့် အစေခံမလေးကို ပြင်ဆင်ခိုင်းခဲ့ပေမယ့် ချွန်းယွီနှင့် တုန်းရွှယ်က ရောက်လာကြသည်။
"ဝမ်ဖေး...ကျွန်တော်မျိုးမတို့ ကိုယ်ပေါ်ကဒဏ်ရာတွေ မနာတော့ဘူး.ကျွန်တော်မျိုးမတို့က ဝမ်ဖေးရဲ့ အစေခံတွေလေ။ ဝမ်ဖေးကို ခစားဖို့က ကျွန်တော်မျိုးမတို့ရဲ့ တာဝန်မဟုတ်လား၊ ဝမ်ရယ်က နေမကောင်းဘူးဆိုတော့ ဟင်းပွဲတွေကို အခန်းထဲထိ သယ်သွားရမလား "
အပြစ်မရှိပဲ အရိုက်ခံရသည့်အပြင် ရက်အတော်ကြာ အခန်းပိတ်ခံရသည့်အပေါ် ချွမ်းယွီ ဘယ်လိုမှ မခံစားရပေ။ ဒါပေမယ့် သူမတို့က သခင်လေးလို ဝမ်ဖေးကို ကိုယ်လုပ်တော် စီ့ဖေးက စော်ကားရိုင်းပျခဲ့သည့်အပေါ်ကို စိတ်နာကြသည်။ ခွေးကိုရိုက်ချင်ရင် သခင်မျက်နှာကြည့်ရမည်တဲ့။ အခု မင်စီ့ဖေးက သူမတို့ ဝမ်ဖေးမှာ အားကိုးစရာ နောက်ခံ သြဇာအာဏာကြီးမားသည့် အိမ်တော်မရှိလို့ သူမတို့ကို အနိုင်ကျင့်ရဲတာဖြစ်သည်။ တကယ်လို့ သူမတို့ သခင်လေးက အင်အားကြီးမားသည့် အိမ်တော်က လာရင် သူမ အခုလို လုပ်ရဲပါ့မလား။
ယခုတခါ ဖြစ်ရပ်ကနေ သင်ခန်းစာ ရသွားပြီးနောက်တွင် ချွမ်းယွီတို့က အစေခံအနေဖြင့် ဝမ်ရယ် အိမ်တော်၏ စည်းကမ်းဥပဒေများကို သေချာမှတ်သားကာ လိုက်နာကြသည်။ သူမတို့ရဲ့သခင်လေးကို ယခင်လို သခင်လေးဟု စိတ်ထဲကနေပဲ တိတ်တခိုးခေါ်နိုင်တော့မည်။ သူမတို့ကြောင့် သခင်လေးကို အခက်ထပ်မတွေ့စေချင်တော့ပေ။
"အားလုံးကို အထဲ သယ်သွားလိုက်။ ဟင်းပွဲတွေ ခင်းကျင်းပြီးရင် မင်းတို့ ပြန်နားကြတော့။ စားပြီးရင် ငါ တခြားယားထိုငယ်တွေကို သိမ်းခိုင်းလိုက်မယ်။ ."
"ဟုတ်ကဲ့ပါ"
ညစာစားချိန်တွင် ရွှီချန်အန်းက နံဘေးကနေ လိုအပ်တာကို လုပ်ပေးနေမိသည်။ ညစာစားပြီးတော့ ရွှီချန်အန်းက နန်းတော်ထဲက လိုက်နာရမယ့် စည်းကမ်းတွေကို သူ့ကို ရှင်းပြသင်ကြားပေးဖို့ မော့မော့တစ်ယောက်ကို မင်းကြီးထံမှ တောင်းဆိုပေးဖို့ ရှောင်ချင်းယန့်ကို အကူအညီတောင်းလိုက်သည်။ သူ၏အနားတွင် တော်ဝင်မိသားစုနှင့် နန်းတွင်း စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်း နားလည်သည့် မော့မော့တဦးရှိနေခြင်းက ပို အဆင်ပြေလိမ့်မည်ဟု ထင်သည်။
"ငါကိုယ်တော် အဲ့ဒီကိစ္စကို စီစဉ်လိုက်ပါ့မယ်..."
"ကျေးဇူးတင်ပါတယ် ဝမ်ရယ် "
သူ၏လူများက တခြားသူ၏မျက်စိထဲတွင် ဘာမှမဟုတ်သညလူများဖြစ်လို့ အခုလို စော်ကားရိုက်နှက်ခံနေရသည်။ ဒီလိုမျိုးထပ်မဖြစ်စေရန် သူ့ခြံဝန်းထဲတွင် နန်းတော်မှ ချီးမြှင့်လိုက်သည့် မော့မော့တစ်ယောက်ရှိရင် အဆင်ပြေသွားလိမ့်မည်။ ဘယ်သူက မင်းကြီးကိုယ်တိုင်ချီးမြှင့်ထားတဲ့ မော့မော့ကို ဆန့်ကျင်ရဲမှာလဲ။ ထိုမော့မော့ကို ဆန့်ကျင်တာက မင်းကြီးကို ဆန့်ကျင်တာနဲ့ အတူတူပဲ မဟုတ်လားု။
သူ့ကိုယ်ငယ်စဉ်ကတည်းက ထိန်းကျောင်းလာသည့် ယန်မောမော့လည်း အသက်ကြီးလာပြီ။ ချွမ်းယွီနှင့်တုန်းရွှယ်လည်း မကြာခင် အိမ်ထောင်ပြုရမည့်အသက်အရွယ်သို့ ရောက်လာတော့မည်။ သူတို့ကို ဝမ်ရယ် အိမ်တော်မှ ထွက်သွားခိုင်းပြီး ပြင်ပလောကမှာ အပူအပင်ကင်းသည့် သာမန်ဘဝမျိုးဖြင့် လွတ်လပ်စွာ နေထိုင်နိုင်အောင် လုပ်ပေးလိုက်တာ အကောင်းဆုံးဖြစ်မည်ဟု ရွှီချန်အန်း စဉ်းစားမိသည်။
ယန်မောမော့မှာ သားသမီးမရှိသောကြောင့် သူမအား ယာတောခြံကို ပေးလိုက်ပြီး ပြုစုစောင့်ရှောက်ပေးမည့် ယားထိုအချို့ ဝယ်ပေးလိုက်မည်။ ချွမ်းယွီနှင့် တုန်းရွှယ် တို့ကို သင့်တော်သည့်မိသားစုထဲမှ လူငယ်လေးတွေကို ရှာဖွေပေး ရတော့မည်။ သူမတို့ လက်ထပ်ပြီးသွားရင်လည်း သူမတို့အား အိမ်တော်မှာပဲ ဆက်နေပြီး အလုပ်လုပ်မယ်ဆိုလည်း အဆင်ပြေသလို၊ မလုပ်ချင်လို့ အပြင်မှာ နေမယ်ဆိုလည်း အဆင်ပြေသည်။
တကယ်လို့ ဒီဝမ်ရယ်အိမ်တော်ထဲမှာ နောင်မှာ သူ့အနေထားက အဆင်မပြေဖြစ်လာခဲ့ရင်တောင်မှ သူမတို့က အပြင်မှာ ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ရန် ထောက်ပံ့ပေးလိုက်မည်။
စိတ်ကူးမိပြီးနောက် ရွှီချန်အန်းက ချက်ချင်း ယန်မောမော့တို့တွေကို ခေါ်ပြီး တိုက်ရိုက်ပဲ ပြောလိုက်သည်။
"မဟုတ်သေးပါဘူး သခင်လေး။ သခင်လေးကို ဒီအိမ်တော်ကြီးမှာ ကျွန်မတို့က ဘယ်လိုလုပ်ပြီး တယောက်တည်း ထားရစ်ခဲ့ရမှာလဲ။ မဖြစ်ဘူး မဖြစ်ဘူး...သခင်လေး။ ဒီလိုလုပ်လို့ လုံးဝ မဖြစ်ဘူး..."
"ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ. မော့မော့။ နောက်ရက် နည်းနည်းကြာရင် ကျွန်တော်တို့နေခဲ့တဲ့ ယာတောခြံကို သွားပြီး အဲ့ဒီက အစေခံဟောင်းအကုန်ကို အသစ်နဲ့လဲပစ်လိုက်မယ်။ ပြီးရင် မော့မော့က အဲ့ဒီမှာ ပြောင်းနေလိုက်ရုံပဲ။ ကျွန်တော် မောမော့ကို မကြာခဏ လာတွေ့မှာပါ။ ပြီးတော့ ချွမ်းယွီနဲ့တုန်းရွှယ်တို့လဲ အိမ်ထောင်ပြုရမယ့် အရွယ်ရောက်လာပြီ။ ငါ မင်းတို့နဲ့ သင့်တော်မယ့်လူကို ရှာကြည့်ထားလိုက်မယ်၊ မင်းတို့လဲ ကိုယ်သဘောကျမယ့်လူကို ကိုယ့်ဖာသာ ရှာကြည့်လို့ ရတယ်။ မင်းတို့ သဘောကျတဲ့သူတွေ့ရင် ငါ့ကို လာပြောလိုက်၊ ယောက်ျားလေးရဲ့မိသားစုက မင်းတို့အတွက် အရမ်းကြီး အခြေအနေ မကွာခြားရင် ငါ အစွမ်းကုန်ကြိုးစားပြီး မင်းတို့ အဆင်ပြေပြေလက်ထပ်သွားနိုင်ဖို့ တာဝန်ယူတယ်"
တကယ်တော့ ရွှီချန်အန်းလည်း ငယ်စဉ်ကတည်းက အတူတူနေထိုင်ကာ ကောင်းတူဆိုးဖက် ကြီးပြင်း လာသည့် လူယုံတော် အစေခံမလေးတွေနဲ့မခွဲချင်ပေ။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရ သူတို့ကို အနားခေါ်ထားခြင်းက သူတို့ကို ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေမှာဖြစ်လို့ အခု သူ တတ်နိုင်သည့် အချိန်မှာ သူမတို့ အတွက် ကောင်းမွန်သည့် ဘဝကို ဖန်တီးပေးထားတာ ပိုကောင်းလိမ့်မည်ဟု တွေးကာ ခုလို စီစဉ်လိုက်တာဖြစ်သည်။
သူတို့သခင်လေးက ခိုင်မာစွာဆုံးဖြတ်ချက် ချထားပြီးပြီကို သိလိုက်လို့ သုံးယောက်သား အလန့်တကြားဖြစ်သွားကြသည်။ ဒါပေမယ့် အစေခံတွေအနေဖြင့် သခင်လေးရဲ့စကားကို နားထောင်ရုံကလွဲပြီး မတတ်နိုင်တော့ပေ။
"မော့မော့...ကျွန်တော့်အတွက် သိပ်စိတ်မပူပါနဲ့။ ကျွန်တော် ဝမ်ရယ်ကို အကူအညီတောင်းပြီး နန်းတွင်းထဲကနေ မော့မော့တစ်ယောက်ကို တောင်းခိုင်းထားပါတယ်။ သူကလည်း စီစဉ်ပေးမယ်လို့ ကတိပေးထားပြီးပါပြီ။ မောမော့က ကျွန်တော့်ကို နှစ်ပေါင်းများစွာ ကြာအောင် ပြုစုစောင့်ရှောက်ပေး ခဲ့တယ်လေ။ အခုက မော့မော့ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း အနားယူဖို့ အချိန်ရောက်လာပြီ။ ဒါကြောင့် ကျွန်တော့်ကို စိတ်ချပါ။ ဝမ်ရယ်ကလည်း တကယ်တော့ ကျွန်တော့်အပေါ်ကို ကောင်းပါတယ်။ ့ အားလုံး ကျွန်တော့်အတွက် အရမ်းမစိုးရိမ်ပါနဲ့..."
တကယ်လည်း ရှောင်ချင်းယန့်က ထင်ထားသည်ထက် ကောင်းတဲ့သူ တယောက်ဖြစ်သည်။ ပထမတော့ ရှောင်ချင်းယန်း့က မင်းကြီးရဲ့အမိန့်ကို မလွန်ဆန်နိုင် လို့ အမျိုးသားဝမ်ဖေးကို လက်ထပ် ခဲ့ပေမယ့် သူ့ပေါ် ဒေါသပုံချလိမ့်မည်ဟုထင်ခဲ့ပေမယ့် မလုပ်ခဲ့ပေ။
ရွှီချန်အန်း ဆုံးဖြတ်ပြီးသွားပြီဖြစ်လို့ ယန်မော့မော့တို့ ဘာမှ ဆက်ပြောလို့မရတော့ပေ။ အစေခံမလေး ၂ ယောက်ကို နှစ်သိမ့်စကားပြောပြီးနောက် ရွှီချန်အန်းက သူတို့အခန်းဆီကို ပြန်သွားခဲ့သည်။
ရှောင်ချင်းယန့်က ဒဏ်ရာရထားလို့ လှုပ်ရှားရတာ လွယ်မည်မဟုတ်ပေ။ ဒါကြောင့် သူက အနားကနေ လိုအပ်တာကို လုပ်ပေးရမည်။
"ဝမ်ရယ် ဘယ်မှာလဲ......"
ပင်မအဆောင်ကို ရောက်သည်နှင့် ရွှီချန်အန်းက ရှောင်ချင်းယန်ကိုမတွေ့လို့ အပြင်ပြန်ထွက်ကာ အစေခံမလေးကို မေးလိုက်သည် ။
"ဝမ်ဖေးကို လျှောက်တင်ပါတယ်။ ဝမ်ရယ်က အိပ်ခန်းထဲမှာ အနားယူနေပါတယ်။ အစောလေးကမှ ကျွန်တော်မျိုးမကို အခန်းထဲ မဝင်လာဖို့ မှာထားပါတယ် "
"သြော်...ငါ ခုနက ခန်းစီးတွေချထားလို့ ဝမ်ရယ်က အိပ်ယာပေါ် ရှိတာကို မမြင်လိုက်ရတာ ထင်တယ်။ မင်းတို့ အခန်းအပြင်ကနေ စောင့်နေကြ။ အခန်းထဲကို ဘယ်သူ့ကိုမှ ဝင်မလာခိုင်းနဲ့..."
ယားထိုမလေးများအား ပြောပြီး မျက်မှောင်ကြုတ်ကာ အခန်းထဲကို ပြန်ဝင်လာခဲ့သည်။ အိပ်ယာပေါ်မှာ ခန်းစီးချမထားလို့ ရှောင်ချင်းယန့် ဘယ်မှာမှ မရှိတာကို သူ သေချာသိနေသည်။ ရှောင်ချင်းယန့်က ဘယ်ကိုထွက်သွားတာလဲ....
အခန်းထဲ ဝင်ဝင်ချင်း ရွှီချန်အန်း မှင်သက်က လှမ်းလက်စ ခြေလမ်းကို ရပ်တန့်လိုက်မိသည်။ ရှောင်ချင်းယန့်က ဘယ်လိုလုပ် အိပ်ရာပေါ်မှာ အိပ်နေတာလဲ။ စောစောက သူ တကယ်ပဲ မျက်စိလျှမ်းသွားတာလား။
"မင်း အဲ့မှာ ဘာဖြစ်လို့ ရပ်ပေ်နေတာလဲ။ ဒီပစ္စည်းကို ယူပြီး တနေရာမှာ သေချာသွားသိမ်းထားလိုက်"
ရှောင်ချင်းယန့်သည် ပြောပြီးသည်နှင့် နန်ရှီးထံမှ သူ တောင်းယူခဲ့သည့် သားရေအိတ်ရေဗူးလေးကို တုန့်ဆိုင်းခြင်းမရှိပဲ သူ့ရှေ့က ကြမ်းပြင်ပေါ်သို့ ရွံရှာသည့် အမူယာဖြင့် ပစ်ချလိုက်သည်။
ဒီရေဗူးက ဝမ်ရယ် တယုတယ လုပ်ခဲ့သည့် ရေဗူးမဟုတ်ဘူးလား။ ဘာကြောင့် အခု သူ့မျက်လုံးထဲမှာ ရွံ့ရှာတဲ့ပုံပေါက်နေတာလဲ။ ရှောင်ချင်းယန့်ရဲ့ စိတ်က သူ လိုက်မမှီအောင် အပြောင်းလဲမြန်လှချည်လား။
"ငါကိုယ်တော် ပြောတာကို မင်း မကြားဘူးလား..."
"အာ...ဟုတ်........ဟုတ်ကဲ့ ..."
သူ အဲ့ဒီ မိန်းကလေးနန်ရှီးကို သဘောကျနေတာ မဟုတ်ဘူးလား။ ဘာကြောင့် နန်ရှီးပေးခဲ့သည့် အမှတ်တရပစ္စည်းကို တကယ် ရွံစရာကောင်းတဲ့ ပစ္စည်းတခုကို ကြည့်နေ သလို ဖြစ်နေတာလဲ။
ရှောင်ချင်းယန့် ဘာကြောင့် ခုလို ဖြစ်သည်ကို နားမလည်ပေမယ့် ရွှီချန်အန်းက အမိန့်အတိုင်း ရေဘူးကိုကောက်ယူလိုက်သည်။ အထဲက ရေကိုသွန်ပြီး သိမ်းထားမည်ဟု တွေးကာ ရေဗူးအဖုံးကို ဖွင့်လိုက်စဉ် အထဲက ရေတွေ လုံးဝမရှိတော့ပေ။
ဒီရေတွေ ဘယ်ရောက်သွားတာလဲ...
ရှောင်ချင်းယန့် သောက်လိုက်လို့ ဒီထဲကရေတွေက ကုန်သွားတာပဲဖြစ်မှာပေါ့။ ရှောင်ချင်းယန်က သူများရေအိတ်ထဲကရေတွေ အကုန် သောက်ပစ်ပြီး အခုမှ ဘာလို့ ရေဘူးအိတ်ကို ရွံသလိုလို လုပ်နေသလဲ ဆိုတာ နားမလည်နိုင်တော့ပေ။
ရွှီချန်အန်းကပင်မ အိပ်ခန်းထဲ ပြန်ရောက်တော့ ရှောင်ချင်းယန့် မျက်လုံးမှိတ်ထားပြီဖြစ်လို့ ရွှီချန်အန်းက သူ ကောင်းကောင်းနားနိုင်စေရန် အပြင်က ယားထိုတွေ အိပ်တဲ့ အခန်းလေးထဲ သွားအိပ်ရန် ထွက်မည်အပြု အိပ်ပျော်နေပြီဟု ထင်ထားသည့် ရှောင်ချင်းယန့် က သူ့ကိုလှမ်းခေါ်လိုက်သည်။
"မင်းက ဝမ်ဖေးလေ။ မင်းက အစေခံအခန်းထဲသွားပြီး အိပ်ရင် တခြားလူတွေက ငါတို့ကို ဘယ်လို ထင်ကြမလဲ။ လိုအပ်တဲ့အလုပ်တွေကို အစေခံမလေးတွေ လုပ်လိမ့်မယ်။ မင်းက ဘာကြောင့် အကုန်လိုက်လုပ်ချင်နေတာလဲ... "
" ဒါပေမယ့် ဝမ်ရယ်က ဒဏ်ရာရထားတာလေ။ ကျွန်တော်က အအိပ်ကြမ်းလို့ အိပ်ပျော်သွားပြီး ဝမ်ရယ့်ကို မတော်တဆ ဖိမိသွားရင် ဘယ်လို လုပ်မလဲ..."
မတော်လို့ သူ့လက်က ဝမ်ရယ်ရဲ့ ဗိုက်ကို သွားရိုက်မိရင်၊ သူ့ခြေထောက်က ဝမ်ရယ့်ခြေထောက်ပေါ်ကို သွားတင်မိရင် ဘယ်လိုလုပ်မလဲ။
ရှောင်ချင်းယန့် ဒဏ်ရာမရရင် ဘာမှမဖြစ်ပေမယ့် အခုတော့ သူ့ကြောင့် ဒဏ်ရာကို ထိမိမည်ကို ရွှီချန်အန်း စိုးရီမ်နေမိသည်။ အဲ့လို ထိမိပါက စိတ်မကြည်နေသည့် ရှောင်ချင်းယန်းက သူ့ကို ဒေါသတကြီးနဲ့ ထအော်လိမ့်မှာ သေချာသည်။
"မင်း အိပ်တဲ့ပုံစံကို စိတ်ပူမနေနဲ့ ။ အိပ်ယာပေါ် အမြန် လာအိပ်တော့..... "
ဒီရွှီချန်အန်းက အိပ်ပျော်သွားရင် ယုန်ကလေး တကောင် လို ခွေခွေလေး အိပ်ပြီး လုံးဝ မလှုပ်တဲ့ဟာ ဘယ်လိုလုပ်ပြီး သူ့ကို လာဖိမိမှာတဲ့လဲ။ သူတို့က တအိပ်ရာထဲ အတူအိပ်နေခဲ့လို့ ရွှီချန်အန်း အိပ်တဲ့ပုံစံ ကို ရှောင်ချင်းယန့် အသိဆုံးဖြစ်သည်။
တကယ်လည်း အိပ်ရာပေါ်လာပြီးအိပ်ခိုင်းပြီး ဘယ်လောက်မှ မကြာသေးခင် ရွှီချန်အန်းက သူ့ဘေး မှာ ကွေးကွေးလေးနှင့် အိပ်မောကျသွားခဲ့သည်။
ရွှီချန်အန်းသည် ဒီနေ့တနေကုန် ကစုန်ပေါက်နေသည့်မြင်းအပေါ် ပြုတ်မကျအောင် အသည်းအသန် ထိန်းခဲ့ရသည့်အပြင် တောကြီးထဲမှာ တထိတ်ထိတ်နဲ့ အတော်ကြာ လှည့်လည်နေခဲ့ရလို့ အလွန်ပင်ပန်းနေခဲ့သည်။ နောက်ဆုံး အိပ်ယာပေါ်ကို ရောက်တော့ တင်းထားသည့်စိတ်ကို လျှော့ချလိုက်ပြီး ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲက တချိုးတည်း အိပ်မောကျသွားခဲ့သည်။
ရှောင်ချင်းယန့်သည် ရွှီချန်အန်း၏ အိပ်မောကျ နေသည့်ပုံစံလေးကို ကြည့်နေပြီး သူ အိပ်မပျော်နိုင်လို့ ကိုယ့်ကိုယ်ကို ဒေါသထွက်နေသည်။ ထို့နောက် သူ ညစ်ကျယ်ကျယ် အကြံရလာခဲ့သည်။
သူ၏လက်တဖက်ကို ဘေးကို ဆန့်လိုက်ပြီး ဘေးမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ လူငယ်လေးရဲ့ နှာခေါင်းကို ဖိညှစ်ထားလိုက်သည်။ အချိန် ကြာသွားပေမယ့် ထိုကောင်လေးဆီက ဘယ်လိုမှ မတုန့်ပြန်သဖြင့် စိတ်ထဲ အတော်ထူးဆန်းသွားလို့ သေချာပြန်ကြည့်လိုက်တော့ ရွှီချန်အန်းက အဆုတ်အားကောင်းနေလို့၊ အသက်အကြာကြီး အောင့်နိုင် လို့မဟုတ်ပဲ ဒင်းလေးက ပါးစပ်ကို ခပ်ဟဟနဲ့ အသက်ကို မျှင်းမျှင်းလေး ရှုနေခဲ့တာကိုး....
ရွှီချန်အန်း၏ ပါးစပ်က ထွက်လာတဲ့ ထွက်သက် နွေးနွေးလေးက သူ့လက်ဖဝါးကို အသာယာ လာရိုက်ခတ်ချိန်မှာ ရှောင်ချင်းယန့်ရဲ့ရင်ထဲ ယားကျိကျိဖြစ်လာခဲ့သည်။
ဒါကြောင့် ညစ်ထားတဲ့ နှာခေါင်းလေးကို ပြန် လွှတ်ပေး လိုက် သည်။ ဒါပေမယ့် သူ့လက်တွေက အိပ်မောကျနေတဲ့ ထိုကောင်လေးရဲ့ပါးပြင်ကို အသာယာ ထိတွေ့လိုက်မိသည်။
ဒါက သူ့ရဲ့ဝမ်ဖေ...။ သူ့ရဲ့ဇနီးလေးပဲ....
သူက ယောကျ်ားတယောက်ဖြစ်နေခဲ့ရင်တောင် ဒီကောင်လေးက သူနဲ့အတူ ဆံပင်တွေဖြူပြီး သွားတွေ ကျိုးကုန်တဲ့အထိ သူ့ကို အဖော်ပြုပေးမယ့် ဘဝအဖော်မွန်ပဲ မဟုတ်လား.....
ရှေ့လျောက် ဒီကောင်လေးအပေါ် သူ ဒီထက် ပိုကောင်းအောင် ဆက်ဆံပေးသင့်ပြီထင်ပါရဲ့.....
*-*
YOU ARE READING
တော်ဝင်ကြင်ရာတော် ချန်အန်း (completed)
Historical FictionName - တော်ဝင်ကြင်ရာတော် ချန်အန်း /တော်ဝင်ကြင်ယာတော် ချန်အန်း Gener - Historical Romance Myanmar translator _ May King Male pregnant, boy love တော်ဝင်ကြင်ရာတော် ချန်အန်းကို ကျွန်တော် (May King) က Wattpad တစ်ခုတည်းမှာပဲ ဘာသာပြန်ပြီး တင်ထားပါတယ်။ တကယ်...