၉ ။ အစားထိုးချစ်သူ(၁)

4.4K 993 116
                                    

[Zawgyi]

"ဒီလိုရောဂါမျိုး ပြန်ပေါ်လာတာမျိုးက တကယ်ရှားတယ်၊ ဖြစ်နိုင်တာကတော့ လူးဝစ်(စ်) ဆယ့်သုံးရဲ့ အတွင်းပိုင်းဖွဲ့စည်းမှုက အတော်လေးမြင့်မားတဲ့အချက်နဲ့ သက်ဆိုင်ကောင်းသက်ဆိုင်နိုင်တာပဲ၊ အတွင်းမမ်မိုရီက တခြားဟာတွေနဲ့ယှဉ်ရင် သိသိသာသာကြီးလွန်းတယ်၊ ဆိုလိုတာကတော့ အဲထဲ အများကြီးသိုလှောင်ထားတာဖြစ်နိုင်တယ်..."

ချွဲ့တျဲ့မှာ နောက်တစ်ကြိမ် ဥက္ကဌလူကြီးမင်းကို စမ်းသပ်ရပြန်ကာ ဒီတစ်ကြိမ်မှာတော့ စမ်းသပ်မှုရလဒ်များမှာ အရင်တစ်ခေါက်နှင့် ခြားနားနေသည်။

"ကြည့်ရတာ သူက အခုဇာတ်လမ်းအသစ်ထဲ ပိတ်မိနေပုံပဲ၊ ဒီတစ်ကြိမ်တော့ သူက ခင်ဗျားကို သူ့ ချစ်ဇနီးလို့မထင်တော့ဘဲ တစ်ယောက်ယောက်အတွက် အစားထိုးလို့ထင်နေတာ"
ချွဲ့တျဲ့က စမ်းသပ်မှုရလဒ်တင်ပြချက်ကို အလျင်အမြန်ထုတ်ပြီး ကျောင်းချီအား အချက်အလက် နောက်ထပ်တစ်စုံ ကမ်းပေးလိုက်သည်။
"ဒီမှာ ခင်ဗျားကို အကူအညီဖြစ်စေနိုင်တဲ့ အချက်အလက်တစ်ချို့ရှိတယ်"

ကျောင်းချီခမျာ ဆေးပညာဆိုင်ရာသီအိုရီဟု ယူဆမိခဲ့သည့် ထိုစာရွက်အားယူကာ အချက်အလက်များကို ဟိုနည်းနည်းဒီနည်းနည်းလှန်လှောဖတ်လိုက်သည်။ သို့သော်ငြား သတင်းအချက်အလက်များက မထင်မှတ်ထားစွာ စာအုပ်ခေါင်းစဉ်များစာရင်းဖြစ်နေခဲ့လေသည်။

ဥက္ကဌ၏ အစားထိုးဇနီးဟောင်း

အင်ပါယာခေါင်းဆောင်၏ အစားထိုးချစ်သူ

မုန်းတီးစရာကောင်းသော Gongအတွက် အရေးမပါခဲ့သော Shou: ငါကအစားထိုးသက်သက်ပဲ

နိုင်လိုမင်းထက် ကြည်နူးဖွယ်ရာ ချစ်ခြင်း: နဂါးအရှင်ဘုရင်၏ အစားထိုး နတ်ဆိုးဧကရီ

ကျောင်းချီ စာအုပ်စာရင်းကို လုံးချေပြီး အမှိုက်ပုံးထဲ လှမ်းပစ်လိုက်သည်။
"မစ္စတာချွဲ့၊ ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းက ဘာလဲရောမှတ်မိသေးရဲ့လား"

"ဒါပေါ့၊ မှတ်မိပါတယ်၊ ထိပ်တန်းအဆင့် ဆရာဝန်တစ်ယောက်ရဲ့ ကုသမှုအစီအစဉ်က လူနာရဲ့ ဆေးဝါးကုသမှုတင်မကဘူး၊ လူနာမိသားစုအတွက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုလည်းပါဝင်တယ်၊ ခုလက်ရှိ မစ္စတာကျန်းရောဂါက တိုက်ရိုက်ကုသလို့မရသေးဘူး၊ ဒါကြောင့် ကျုပ်က ခင်ဗျား ကျန်တဲ့နေ့ရက်တွေအတွက် အဆင်သင့်ပြင်နိုင်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားအတွက် ဇီဝကမ္မဆိုင်ရာဆွေးနွေးမှုလုပ်နေတာပါ"
ချွဲ့တျဲ့က ရိုးဖြောင့်သောမျက်နှာထားနှင့် ဖြေလာရှာသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz