အခန်း ( ၁၆ )

2.6K 665 28
                                    

ကျွန်တော်က စိတ်မာတယ်ဆိုပေမယ့် ထန်ရှောင်းမင်ရဲ့ မလိုမုန်းထားစိတ်ကိုတော့ အတော်အံ့အားသင့်မိနေသေးတယ်။ ဒီနေ့ခေတ်ကျောင်းသားတွေက သူတို့ဆရာတွေကို  စိတ်ပျက်အောင် လုပ်ဖို့ ဒီလောက်ထိ သွားစရာလိုလို့လား။ ကျွန်တော်ကတော့ မကြောက်ပါဘူး။ ကျွန်တော်က အိပ်ကောင်းလွန်းလို့ သုဿာန်မှာတောင် တရေးအိပ်နိုင်သေးတယ်။ ဒါပေမယ့် ထန်ရှောင်းမင်က မကြောက်ဘူးလား။ ဒီစွန့်လွှတ်ပေးဆပ်မှုက ကြီးမားလွန်းတယ်။

" ငါက ပြဿနာမရှိဘူး။ ဒါပေမယ့် မင်းကရော။ မင်းမိသားစုကရော။ ည ဒီလောက်နက်မှ အပြင်ထွက်တာ မင်းမိသားစုက စိတ်မပူဘူးလား။"

ကျွန်တော် စိတ်ပူလို့ မေးလိုက်တယ်။
ထန်ရှောင်းမင်ရဲ့ အမူအရာက ချက်ချင်းပဲ သနားကမားလေးဖြစ်သွားတယ်။ ကျလာတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်တယ်။

" ကျွန်တော့်မိဘတွေကို ကျွန်တော့်ကို မလိုချင်ကြဘူး။ ကျွန်တော့်မှာ အိပ်စရာနေရာလည်း မရှိဘူး။ ဒီရင်ခွဲရုံမှာ အိပ်စရာနေရာတခု ရှာတွေ့ကတည်းက အဲ့မှာပဲ အမြဲအိပ်တော့တာ။"

သနားစရာကောင်းလိုက်တာ။

ကျွန်တော် အဲ့အကြောင်း ခဏစဥ်းစားပြီးတော့ ထန်ရှောင်းမင်ကို ပြောလိုက်တယ်။

"ခဏလောက်စောင့်"

အဲ့နောက် ကျွန်တော် ‌ကျောင်းအုပ်ကျန်းကို ချက်ချင်းဖုန်းခေါ်လိုက်တယ်။ နောက်ပိုင်းတွေ ကျွန်တော် ကျောင်းအုပ်ကျန်းနဲ့ အမြဲဆက်သွယ်လို့ရနေတယ်။ ညဘက်ဆို သူ့ဘက်က လိုင်းပိုကောင်းလာပြီး သူ့ကို ဆက်သွယ်ရတာ အရင်ထက်စာရင် ပိုလွယ်လာတယ်။

ကျွန်တော် ကျောင်းသားတွေကို သူတို့ဘာသာ ထားခဲ့ပြီး ဖုန်းခေါ်ဖို့ ကော်ရစ်ဒါကို သွားလိုက်တယ်။

" ဟယ်လို ကျောင်းအုပ်ကျန်းလား။ ရှန်ကျန်းကော်ပါ။ ကျွန်တော့်ကျောင်းသားတွေထဲက ကလေးတယောက်အကြောင်း မေးချင်လို့ပါ။ နာမည်က ထန်ရှောင်းမင်။ သူပြောတာတော့ အိမ်မရှိဘူးတဲ့။ အခြေအနေက ဘယ်လိုမျိုးလဲ။ အို သူ့အဖေက အနိုင်ကျင့်တာပေါ့။ သူ့အမေက သည်းမခံနိုင်လို့ ထွက်သွားတာ။  သူက သူ့အဖေရဲ့ အနိုင်ကျင့်စရာပစ်မှတ်အသစ်ဖြစ်လာလို့ အိမ်မှာ မနေတော့တာပေါ့။" 

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now