Unicode
ကုတင်ပေါ်ကကုန်းထပြီး လိုက်ကာကို ဆွဲကာ ပြတင်းပေါက်ကို ဆတ်ခနဲ တွန်းဖွင့်လိုက်တော့ နံနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးလေးက အိပ်ခန်းတစ်ခုလုံးကို ဖြာဝင်လာသည်။
"သာယာလှပပြီး ကြည်လင်တဲ့ နံနက်ခင်းလေးတစ်ခုပါလာ း...အားး"
"ခွီးး"ခေါင်မိုးပေါ်ကခုန်ဆင်းလာသည့်ကြောင်ကြောင့် ရုတ်တရက်လန့်ပြီး ထအော်လိုက်တော့ ကျီးကန်းတွေပင် ကောင်းကင်ပေါ်ပျံတက်သွားသည်။
ကြောင်ကတော့ သူကပင်အနှောင့်အယှက်အပေးခံလိုက်ရသလို ဒေါသတကြီးမာန်ဖီပြီးပြေးဆင်းသွားသည်။ထိုဘေးအိမ်က ကြောင်နဲ့ ကျွန်တော်က ကမ္ဘာ့ရန်ဘက်တွေလို ဘယ်တော့မှမတည့်။ တကယ်တော့ ဘယ်ကြောင်နဲ့မှ မတည့်တာလို့ပြောလို့လည်းရတယ်။
"ခွေးမသား အညိုကောင် ကတော့ကွာ"
"ကြောင်မသား ပြောတာ..မှားလို့"
သူ့ သူခင်တွေက ချစ်စနိုးနဲ့ ရွှေဝါဆိုပြီး ခေါ်ကြပေမယ့် ကျွန်တော့်အတွက်တော့ အညိုကောင်ပင်။
နောက်ပြန်လှည့်ကြည့်လိုက်တော့ အရူးတစ်ယောက်လို တစ်ယောက်တည်းစကားပြောနေသည့် ကျွန်တော့်ကို အချစ်တော်ခွေးလေး ဝူဒီ က ခေါင်းထောင်ပြီးလှမ်းကြည့်နေသည်။
ရေမိုးချိုး အဝတ်အစားလဲ၊ Uniform အပေါ်ထပ်အင်္ကျီ ကိုဝတ်ပြီး ကိုယ်လုံးပေါ်မှန်ထဲ တစ်ချက်ကြည့်လိုက်တော့..
အင်း ချောသည်။ မျက်နှာတစ်ဝက်လောက်ထိရှည်နေတဲ့ အရှေ့ဆံပင်နဲ့ messy hair က ကျွန်တော့်အတွက်လိုက်ဖက်လွန်းလှသည်။
စာရေးစားပွဲပေါ်က ကျောပိုးအိတ်ကိုဆွဲယူလိုက်ပြီး အောက်ထပ်ကိုပြေးဆင်းတော့ ဝူဒီ ကပါ နောက်ကပြေးလိုက်လာသည်။
မမ ကတော့ ကျွန်တော့်ကိုနှုတ်ဆက်ချိန်တောင်မရဘဲ အလုပ်သွားဖို့ပြင်ဆင်ရင်း တစ်ယောက်ထဲဟိုပြေးဒီပြေးနှင့် ဗြောင်းဆန်နေသည်။
"အမေ မနက်စာဘာလဲ"
မီးဖိုချောင်ထဲမှာ အစ်မအတွက်ထမင်းချိုင့်ပြင်ဆင်နေသည့် အမေ့ကိုလှမ်းမေးလိုက်တော့