၇၀။ ဇာမဏီ၏ ခွန်းသံသာ (၁၉)

Start from the beginning
                                    

သွေးစိမ်းရှင်ရှင်တို့ သူ့မျက်နှာပေါ်မှ စီးကျလာပြီး မျက်နှာပြင်တစ်ဝက်လုံးနီးပါး ပေရေသွားစေခဲ့သော်လည်း သူ ငြိမ်သက်စွာပင် ဆက်ရပ်နေခဲ့သည်။ သူ့အား ရိုက်ပုတ်နေကြသော ထိုကလေးများကတော့ ထိတ်လန့်သွားပုံရသည်။ သူတို့ ထွက်ပြေးသွားကြသည်။

ရှီရှန်း သူ့အနား ပို၍ တိုးကပ်သွားလိုက်သည်။ သူ တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား သူမ ရှိရာဘက်ဆီသို့ မော့ကြည့်လာသည်။ ရှီရှန်း ရပ်လိုက်မိသည်။ 'သူ ငါ့ကို မြင်ရတာလား...'

"အိမ်ပြန်..." သူမ အနောက်ဆီမှ အေးစက်စက် မာကြောကြော အသံတစ်ခုကို ကြားလိုက်ရသည်။ ရှီရှန်း အနောက်လှည့်ကြည့်တော့ သူမနှင့် မလှမ်းမကမ်း၌ အလွန်လှသောအမျိုးသမီးတစ်ယောက်ရပ်နေခဲ့ပြီး သူမက ကောင်လေးကို ရွံရှာဟန်နှင့် ကြည့်နေခဲ့သည်။

ကောင်လေးလည်း ခေါင်းပြန်ငုံ့သွားပြီး နဖူးပေါ်မှ သွေးများကို သုတ်လိုက်ကာ ထိုအမျိုးသမီးထံ လျှောက်သွားတော့သည်။

ထိုမြင်ကွင်းက တဖြည်းဖြည်း ဝေဝါးဖျော့မှုန်လာပြီး လူရိပ်နှစ်ခုလည်း ပျောက်ကွယ်သွားတော့သည်။

"မင်းမိဘတွေတောင် မင်းကို မလိုချင်တော့ဘူး... သတ္တဝါဆန်းရဲ့ ...!"

"ဟား ဟား ဟား... သူ့ကို ကြည့်စမ်း... အစွန့်ပစ်ခံလိုက်ရတဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ တူမနေဘူးလား... နင်သာ မီးထတောက်နေတဲ့ သတ္တဝါဆန်းဖြစ်မနေရင်... ငါတို့ နင့်ကို အိမ်ခေါ်သွားပါတယ်ဟယ်... သနားလွန်းလို့ ..."

ရှီရှန်း အသံများဘက် လှည့်ကြည့်လိုက်သည်။ အခြား မီးတောက်လမ်းကြောင်းတစ်ခုပေါ်၌ ခုနက ကောင်လေး — ယခုတော့ အနည်းငယ်ပို အသက်ကြီးနေသူ — သူ့ဒူးကို သူပိုက်ကာ မြေပေါ်၌ ထိုင်နေသည်။ မျက်ဝန်းများက ကြမ်းပြင်ကိုသာ ငိုက်စိုက်ကြည့်နေခဲ့သည်။

ထိုသူများ သူ့အား လှောင်ပြောင်ရသည်ကို အားမရသဖြင့်၊ တုတ်များ ခဲများနှင့် ပစ်ပေါက်ကြပြန်သည်။ သူတို့၏ စိတ်အပန်းဖြေစရာ လုပ်ငန်းတစ်ခုအလား၊ သူ့ကိုယ်အပေါ် ခဲမိုးများ ရွာသွန်းနေကြသည်။ ကောင်လေး၏ မျက်နှာတည့်တည့် ခဲနှင့်ပေါက်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now