One sided love is not love, it's a reason to live longer

2.2K 228 6
                                    

Zawgyi
တစ်ဖက်သတ်အချစ်တဲ့…။အချစ်နဲ့ပတ်သတ်ပြီးစတင်ခံစားရထဲက တစ်ဖက်သတ်ဘဲချစ်ခဲ့ရတဲ့သူမဘ၀မှာ ဒီအချစ်သာ ဘ၀ရဲ့ အဓိပ္ပာယ်တစ်ခုဖြစ်တယ်။ ဒီအချစ်ဟာ သူမဘ၀ရဲ့ရှေ့ဆက်သွားဖို့ခွန်အားတစ်ခုဖြစ်တယ်…။ ခပ်ဖွဲဖွဲကျနေတဲ့မိုးရေတွေဟာ ခပ်ဝါ၀ါလမ်းမီးအောက်မှာ သိပ်ခမ်းနားနေလေရဲ့….။ အိတ်ထဲက အနွေးထည်ကို ထုတ်လိုက်ပြီး သူမ ကားအလာကိုစောင့်နေမိတယ်….။

တိတ်ဆိတ်နေတဲ့လမ်းမကြီးမှာ တစ်ချက်တစ်ချက် ဖြတ်သွားတဲ့အိမ်စီးကားတွေသာရှိတယ်…။ ခပ်ဝါ၀ါ လမ်းမီးတွေကြောင့် လမ်းမကြီးတစ်လျှောက်ဖြောင့်တန်းပြီးအထီးကျန်ဆန်လွန်းတာကို သူမခံစားရတယ်…။ အနွေးထည်ခေါင်းဆောင်းကို ခေါင်းပေါ်စွပ်လိုက်ပြီး လေတစ်ချက်အဝှေ့မှာ သူမ တစ်ကိုယ်လုံးကွေးကာ နောက်ကနံရံကိုမှီလိုက်မိတယ်…။(၁၁)နာရီခွဲ….။သူမတစ်ချက်တစ်ချက်ငိုက်မြည်းလာတယ်….။

အတွေးလိုလိုအိမ်မက်လိုလိုမရေရာမှုတွေ သူမဆီမှာဝဲပျံလို့…။ တကယ်တမ်းပြောရရင် ဘ၀မှာရေရေရာရာရည်မှန်းချက်မရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို စွဲလန်းတာကြောင့် ဘ၀ဟာအဓိပ္ပာယ်ရှိလာသတဲ့…။ ဒါဟာ ငြင်းဆန်လို့မရတဲ့သူမရဲ့အမှန်တရားဖြစ်တယ်…။
(၈)တန်းနှစ် သူမမိဘတွေ အက်ဆီးဒန့်ကြောင့်ဆုံးပါးခဲ့တယ်….။ သူမအဒေါ်က မွေးစားခဲ့ပြီးစောင့်ရှောက်ခဲ့ပေမဲ့ ကလေးများလွန်းတဲ့အဒေါ့်မှာ သူမကိုဂရုမစိုက်နိုင်ခဲ့…။ ကမ္ဘာပေါ်မှာ မှီခိုရာတံတိုင်းပျောက်ဆုံးသွားချိန်မှာ သူမဘ၀မှာ တန်ဖိုးထားရတဲ့သူမရှိတော့ချိန်မှာ ဘ၀ဟာ နေမပျော်နိုင်တော့….။ ဒါပေမဲ့ အံ့သြစရာကောင်းသား…။ အချစ်…..ထိုအချစ်ကြောင့်သူမရဲ့အေးစက်တဲ့နှလုံးသား အသက်ဝင်လာခဲ့တယ်..။ ဆေးလိပ်သောက်တတ်တဲ့သူမကို ဆိုဆုံးမတဲ့ဆရာ…။ တောက်ပတဲ့မျက်ဝန်းတွေအပေါ်ကအလိုမကျမှုနဲ့ မျက်မှောင်ကုတ်ကုတ်တွေကို အကြိမ်ကြိမ်မြင်အပြီးမှာ သူမ သဘောကျခဲ့တယ်…။ ပထမဦးဆုံး ယောကျာ်းတစ်ယောက်ကို…။
သူမကိုဂရုစိုက်တတ်တဲ့သူ….သူမကျောင်းလာတိုင်း ကြိမ်တုတ်တစ်ခုကိုင်ကာ သူမနားကပ်ပြီးဆေးလိပ်နံ့ကို နမ်းရှိုက်စစ်ဆေးတတ်တဲ့ဆရာ….။ ဆေးလိပ်နံ့ရတိုင်း တွန့်ချိုးသွားတတ်တဲ့မျက်မှောင်ကုတ်ကုတ်တွေ….။ ပြီးတော့ အားမနာတမ်း ပေးသနားတတ်တဲ့ ကြိမ်ဒဏ်တွေ….။

One sided love is not loveWhere stories live. Discover now