One sided love is not love, it's faithful.

2.3K 215 0
                                    

Zawgyi

တစ်ဖက်သတ်အချစ်ဟာ သစ္စာရှိခြင်းဖြစ်သတဲ့….။ သစ္စာရှိခြင်း…။လုပ်ယူတဲ့ သစ္စာမဟုတ်ဘဲ နှလုံးသားက တစ်စုံတစ်ယောက်ကိုဘဲ အကြိမ်ကြိမ်ချစ်မိတာဟာ သစ္စာရှိခြင်းလား….။
သူမဘ၀မှာ ထိုယောက်ျားကို စချစ်တယ်.။ဆက်ချစ်တယ်.။ ထိုယောကျာ်းက ငယ်ချစ်ဖြစ်တဲ့ ထိုအမျိုးသမီးကို တစ်သက်လုံးချစ်တယ်.။
ကံကောင်းတာတစ်ခုက ထိုအမျိုးသမီးကလဲ ထိုယောက်ျားကို သဘောကျတယ်….။အပြန်အလှန်ချစ်တဲ့ နှစ်ဖက်သတ်အချစ်လား.။ ဟုတ်ခဲ့တောင် ထိုယောက်ျားရဲ့အချစ်က ပိုလွန်ခဲ့မယ်ထင်တယ်.။ အကြိမ်ကြိမ်လမ်းခွဲတာကို သူမမြင်ပေါင်းများခဲ့ပြီ.။ ထိုယောက်ျားရဲ့ နာကျင်မှုကို သူမ မြင်ရပေါင်းများခဲ့ပြီ။ အဆင်ပြန်ပြေသွားတာကိုလဲ မြင်ရပေါင်းများခဲ့ပြီ။ အကြိမ်ကြိမ်ခွင့်လွှတ်ပြီးနားလည်လက်ခံပေးတဲ့ ထိုယောက်ျားရဲ့ နှလုံးသား။ ထိုယောက်ျားက နှင်းမေလွင် လို့ခေါ်တဲ့ ထိုအမျိုးသမီးကို ချစ်ခဲ့တာ…။ထိုအမျိုးသမီးရဲ့ ဖြစ်တည်မှုသက်သက်ကိုချစ်တာဖြစ်ပြီး ထိုအမျိုးသမီးရဲ့ အတိတ်တွေနဲ့ အရာရာကို လျစ်လျူရှုနိုင်သူဖြစ်တယ်။ ထိုအမျိုးသမီး ထားခဲ့ခြင်းကို တစ်စက်လေးမှ မငြီးငြူဘဲ သည်းခံတယ်.။ ပြန်လာတိုင်းလဲ လက်ကမ်းကြိုဆိုတယ်။ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ။ အခြားသူတွေရဲ့ အမြင်ကို လုံးဝဂရုမစိုက်ဘဲ ချစ်ရသူကို အစွမ်းကုန် ပျော်ရွှင်အောင်ထားတတ်တဲ့ ထိုယောက်ျား။ ဒါကို သစ္စာလို့ခေါ်ပါသလား။
“မှူး….”
“အင်း…”
သူမရဲ့ အသိစိတ်တွေ မျက်စေ့ရှေ့က သူဆီရောက်သွားတယ်။ တောက်ပပေမဲ့ နူးညံ့ညင်သာတဲ့မျက်ဝန်းတစ်စုံ။
“၉နာရီရှိနေပြီ။ နင်မပြန်သေးဘူးလား….ငါလိုက်ပို့မယ်လေ…ဘာလုပ်စရာရှိသေးလဲ”
လုပ်စရာ….။ သူမ မျက်ဝန်းတွေက ထိုယောက်ျားဆီရောက်သွားခဲ့တယ်။ သူတို့စကားပြောကောင်းနေဆဲ။ မျက်ရည်စက်တစ်ချို့တွဲခိုနေတဲ့ အမျိုးသမီးရဲ့ ပုခုံးကို ခပ်ဖွဖွပွတ်ပေးနေတယ်….။ သူမတစ်ချက် ရှေ့က ကောင်လေးကိုကြည့်လိုက်တော့ သူမ မျက်ဝန်းတွေနောက်ကို လိုက်ကြည့်ပြီး သဘောပေါက်နားလည်သွားတဲ့ အကြည့်တစ်ခု
ပြီးတော့ ခပ်ယဲ့ယဲ့အပြုံးတစ်ခု…။
“အံ့သြစရာမရှိပါဘူးလေ….သူ့နားမှာဘဲ နင်ရှိနေမယ်ဆိုတာကို ငါသတိထားမိသင့်တာ…။ ငါပြန်နှင့်တော့မယ်။”
“တောင်းပန်ပါတယ်….”
“ဘာကိစ္စတောင်းပန်ရမှာလဲ။ ငါနဲ့ နင်က ဘ၀တူတွေပါ…။ငါနားလည်ပါတယ်…”
A က B ကိုချစ်တယ်….။ B က A နဲ့တွဲနေတယ်….။ A ကို C က ချစ်ပြီး C ကိုတော့ D ကသဘောကျသတဲ့…။ D ကိုရော….တစ်စုံတစ်ယောကျက….
ဖူးစာရေးနတ်မင်းရှိရင် သူမမေးလိုက်ချင်တယ်။ ဘာ့ကြောင့်များ အချစ်ရေးမှာ အစွဲအလန်းကြီးကြီး သစ္စာ ရှိရှိ ချစ်တတ်သူကိုမှ တစ်ဖက်သတ် ဘ၀ကို ပေးရတာလဲလို့…။ ခပ်လေးလေးထွက်ခွာသွားတဲ့ထိုသူငယ်ချင်းရဲ့ နောက်ကျောကိုကြည့်ပြီး မျက်ရည်ပေါက်ပေါက်ကျလာတယ်….။
မျက်ဝန်းထောင့်က အရိပ်တစ်ခုလှုပ်ရှားသွားတာကြောင့် သူမမျက်ရည်တွေကိုကောက်သုတ်လိုက်တယ်…။ ပြီးတော့ တစ်ချက်မော့အကြည့် ထိုယောက်ျားရဲ့ မျက်ဝန်းတစ်စုံက သူမဆီရောက်လာတယ်….။
“ဒီမှာဘာလုပ်နေတာလဲ….”
နီရဲနေတဲ့သူမမျက်ဝန်းတွေက ကျိန်းစပ်နေပေမဲ့ နှုတ်ခမ်းတစ်စုံကတော့ ပြုံးပြဖို့မမေ့ခဲ့ဘူး….။
“သူငယ်ချင်းနဲ့ချိန်းထားတာမလို့လာတွေ့တာ....”
“ခုချိန်လောက်ဆို လိုင်းကားတွေမရှိလောက်တော့ဘူး…လိုက်ခဲ့…အိမ်ပြန်ပို့ပေးမယ်…”
သူမကို ဂရုစိုက်တဲ့ စကားသံတစ်ခုကြောင့်နှလုံးသားက စပ်ရှရှနာကျင်နေတဲ့ကြားက နွေးထွေးတယ်….။ထိုယောက်ျားနဲ့ ဘေးချင်ယှဉ်လျက် Lover Seat မှာ ထိုအမျိုးသမီးက ထိုင်နေခဲ့တယ်…။ မိုးခပ်ဖွဲဖွဲက ရွာနေတုန်းဘဲ..။အမျိုးသမီးရဲ့ ဆံနွယ်တွေက ခြောက်သွားခဲ့ပြီ…။
“ဆရာ ငယ့်ကိုအရင်ပို့ပြီးမှ သမီးကိုပို့မယ်နော်…. ငယ့်အိမ်က ပိုဝေးတော့ အရမ်းနောက်ကျသွားရင်မကောင်းဘူး”
“ရပါတယ်ဆရာ”
သူမငြိမ်သက်စွာလိုက်လာခဲ့သည်…။ ကျိန်းစပ်နေတဲ့မျက်လုံးတွေက အိပ်ချင်လာသော်လဲ သူမမအိပ်ရဲ….။ ဒီလိုအခြေအနေက နည်းနည်းတော့ ကသိကအောက်နိုင်တယ်မဟုတ်လား…။
ခါတိုင်းပိုင်ရှင်မဲ့နေတဲ့ ဆရာ့ဘေးက ခုံမှာ သူမထိုင်ခဲ့ဖူးတယ်…။ပိုင်ရှင်ရောက်လာတော့ သူမနောက်တန်းကို ဆင်းရပြန်ပြီ…။ နာရီဝက်လောက် ကားမောင်းပြီးနောက်မှာ ခြံဝင်းတစ်ခုရှေ့ကားရပ်သည်…။ ထိုယောကျာ်းက ထီးကိုယူကာကားပေါ်ကဆင်းပြီး အမျိုးသမီးကို သွားမိုးပေးသည်…။ ခြံထဲက အိမ်တံစက်မြိတ်ထိလိုက်ပို့သည်…။ စကားတစ်ချို့ပြောနေမှန်းသူမ မြင်နေရသည်…။ မျက်မှောင်တွန့်တွန့်တွေက အလိုမကျမှုကို သိသာစေလိုက်တာ
သဘောကျတယ်…။သူမမဟုတ်ပေမဲ့ အခြားသူတစ်ယောက်အပေါ်အလေးအနက်ရှိတဲ့စိတ်ကို သူမသိပ်သဘော ကျတယ်။ ထိုယောက်ျားရဲ့ အချစ်က နာကျင်စေပေမဲ့ သူမသဘောကျတယ်….။
သူမအိမ်ကို ပြန်ပို့ပေးချိန်မှာ သူမခဏတာ ငြိမ်နေမိတယ်…။
“ဆရာ့ကို ကျွန်မချစ်တယ်…”
တိုးပေမဲ့ ထိုယောက်ျားကြားလောက်တဲ့အသံနဲ့ သူမပြောတယ်…။ ဘာရယ်မဟုတ်ဘူး…။ ဒီတိုင်းပြောချင်လို့ပြောလိုက်တဲ့စကား…။ သူမ ခုတလော ကြုံသလိုပြောနေကြစကားတစ်ခွန်း….။
“ကိုယ်တောင်းပန်ပါတယ်…”
ရင်ထဲကို ခပ်ကြမ်းကြမ်းပွတ်တိုက်သွားတဲ့ မုန်တိုင်းတစ်ခု….။ သူမချက်ချင်းဝဋ်လည်တာဘဲ….။
“ သိပြီးသားပါ…။တစ်နေ့မှာ ဆရာချစ်တဲ့ အဲ့အမျိုးသမီးကိုပြန်လက်ခံလိမ့်မယ်ဆိုတာ…။ အရင်တုန်းက ကတောက်ကဆတွေမှာ ဆရာ့ဘက်ကဘဲ တောင်းပန်တယ်… အချစ်ကို ထိန်းသိမ်းတယ်…။ ၀မ်းနည်းစရာကောင်းလောက်အောင် အဲ့အမျိုးသမီးရဲ့ ဖောက်ပြန်မှုတွေကို မြင်ရက်နဲ့ မသိချင်ဟန်ဆောင်တယ်။ အကြိမ်ကြိမ်လမ်းခွဲပြီး အကြိမ်ကြိမ်လက်ခံတဲ့အထိပေမဲ့ ဒီတစ်ခါ ဆရာတို့ လမ်းခွဲတာ အကြာဆုံးဘဲ…။ ကျွန်မ မြင်နေရတယ်..။ အဲ့ မိန်းမ မရှိချိန်မှာ ဆရာ့ရဲ့ ပျော်ရွှင်မှုတွေ မရှိတော့တာကို….။ မျှော်လင့်ပြီးသားပါ…။ဒါပေမဲ့ တကယ်တမ်းဖြစ်လာတော့ နာကျင်တယ်….။ တိတ်တိတ်လေးဆုတောင်းဖူးတယ်…။ ထိုမိန်းမ ထာဝရဆရာ့ဘေးကပျောက်ကွယ်သွားဖို့…။ ကျွန်မ အတ္တကြီးတယ်ထင်ပါရဲ့…။အစားဝင်လို့မရတဲ့နေရာကို မျှော်လင့်မိနေသေးတာ…။  ကျွန်မနေရာကျွန်မသိသွားတာပေါ့….။
တောင်းပန်စရာတော့မလိုဘူးဆရာ….။သမီးကချစ်ရတာမလို့….။ဆရာခုရွေးချယ်လိုက်တော့ သမီးလား…. အဲ့မိန်းမလား…..”
နှိုင်းစရာမလိုမှန်းသိပေမဲ့ သူမရူးမိုက်စွာပြောသည်…။
တောက်ပတဲ့မျက်ဝန်းတစ်စုံက ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချထားပုံရတယ်။ သူမကို နောက်ကြည့်မှန်ထဲက တစ်ချက်လှမ်းကြည့်ပြီး ပြုံးသည်….။ ထိုအပြုံးက သူမတွေ့နေကြချိုသာတဲ့အပြုံးတစ်ခုမဟုတ်ခဲ့….။ ကားက လမ်းဘေးကိုထိုးဆင်းကာ တုံ့ခနဲရပ်သည်…။
“စစ်အိမ်မှူး….ဒီအတောအတွင်း မင်းနဲ့ဆရာ သိပ်ရင်းရင်းနှီးနှီးနေမိသွားပြီးထင်တယ်… အထင်မှားစေတဲ့ အပြုအမူတစ်ချို့ရှိရင် တောင်းပန်ပါတယ်…။ ဒါပေမဲ့…. မင်း သူနဲ့ နှိုင်းယှဉ်ဖို့ ဘယ်တော့မှမကြိုးစားနဲ့…။ သူ့ခြေဖျားလောက်တောင် ငါ့ရင်ထဲမှာတခြားသူအတွက်နေရာမရှိခဲ့ဘူး….။ ငါ့ပုံစံက မင်းမျက်လုံးထဲမှာ သနားစရာကောင်းနေခဲ့တယ်ဟုတ်လား…။ ဒါငါ့ရွေးချယ်မှုဖြစ်တာကြောင့် မင်း သနားစရာမလိုဘူး…။ သေချာအောင်ထပ်ပြောမယ်…. မင်းအခု ဆင်းတော့…။ နောက်လဲ မင်းနဲ့ငါ ဆက်ဆံရေးကို အလုပ်ခွင်ဆက်ဆံရေး တစ်ခုအဖြစ်ဘဲ ဖြစ်ပါစေတော့…။ ဆင်း…”
ကားလော့ပွင့်သံတစ်ခုကသူမနားထဲကိုဝင်လာတယ်။ လမ်းဘေးမှာတော့ ဘတ်စ်မှတ်တိုင်တစ်ခု…။ သူမတိတ်ဆိတ်စွာတဲ့ ဆင်းပြီး ထွက်သွားပြီဖြစ်တဲ့ကားကို ငေးမောကြည့်နေမိတယ်…။ ရှင်းလင်းသွားပြီ။ နားနဲ့ဆက်ဆက်ကြားရတဲ့အတွက်ရှင်းလင်းသွားပြီ…။
ခြေထောက်တွေက ညွတ်ကျလာတယ်….။ ဘတ်စ်မှတ်တိုင်အမိုးကနေ ကျနေတဲ့ မိုးစက်တွေကို သူမ မော့ကြည့်နေမိတယ်…။ ဘာ့ကြောင့်များ ချစ်နေသေးတာလဲ…။ ဒီလောက်ထိသစ္စာရှိဖို့လိုသလားအချစ်ရယ်…။

One sided love is not loveWhere stories live. Discover now