" ပြည့်ဖြိုး"
တနင်္ဂနွေနေ့ဖြစ်သည်မို့ နှစ်ဦးစလုံး သွားလာမှုမရှိပါဘဲ အိမ်တွင်သာ နေဖြစ်ကြသည်။ ဘာလိုလိုနှင့် သူတို့ပင် ကျောင်းပြန်ဖွင့်လျှင် ဒုတိယနှစ်ကျောင်းသားကြီးများဖြစ်တော့မည်။
"ပြော"
တာဝန်အရ ညနေပိုင်းတွင် အလုပ်ဆင်းရမည် ဆိုသော်လည်း တစ်မနက်ခင်းလုံး အားလပ်နေမည်မို့ စံလင်း စကားစမိခြင်းဆိုလည်း မမှားလှ။
" ငါ မင်းကို တိုင်ပင်ချင်လို့"
သူ့စကားကြောင့် ပြည့်ဖြိုးက မကျေမနပ် မျက်ခုံးပင့်ကြည့်လာသည်။ မျက်လုံးချင်းဆုံမိတော့ အလိုမကျမှုကို သိသာစေရန် မျက်ခုံးနှစ်ဖက်ကို ထိလုမတတ် တွန့်ကွေးပစ်လိုက်ပြန်သော အနှီကောင်လေး။
"ရမလား"
" ဆွမ်းတော် ကြွလာပါပြီခင်ဗျ"
တနင်္ဂနွေနေ့၏ မနက်ခင်း ကိုးနာရီအချိန်တွင် ကြွလေ့ရှိသည့် တန်းဆွမ်းက အချိန်မှန်စွာ။ အိမ်နီးနားချင်းများဆီမှ ဝရုန်းသုန်းကား အိုးဆွဲ ခွက်ဆွဲသံတို့သည်လည်း သီတင်းပတ်တိုင်းကြားနေရသည့်အတိုင်း မရိုးရစွာ ဂလုံ ဂလောင် ဖြင့်ထွက်ပေါ်လာပြန်တော့ စံလင်း အာရုံတို့က လွင့်ပြားသွားရ၏။
" ဘာ အကြောင်းလဲ"
အပြင်ဘက်ဆီငေးနေရာမှ ပြည့်ဖြိုးအသံကြောင့် သတိဝင်လာတော့ ပြည့်ဖြိုးက သူ့ကို ငေးလို့။
"ဟမ် ဪ"
စကားစပြီးကာမှ ပြောသင့် မပြောသင့် ပြန်လည် ချိန်ဆနေရသည့် ကိုယ်တိုင်၏ အဖြစ်။ အမှန်တော့ သူ သည်နေ့ ပြည့်ဖြိုးနှင့်ဇံထူးကို အနည်းငယ်တွေ့ပေးရန် စီစဉ်ထား၍ဖြစ်သည်။
"မပြောချင်လည်း နေတော့"
ထိုလူသားကလေးသည် ဤမျှ စိတ်မရှည်တတ်သူဖြစ်ကြောင့် သူဘာကြောင့်များ မေ့သွားရသနည်း။
" မင်းကလည်း စိတ်ကြီးပဲ။ ဒီလိုလုပ်ကွာ။ ကော်ဖီသွားသောက်ရအောင်။ ဆိုင်လေးဘာလေးထိုင်ရင်း ပြောတာပေါ့။ ငါတို့လည်း ဘာမှ လုပ်စရာမှမရှိတာ"
"ပိုက်ဆံရှိလို့လား"
တစ်ကြိမ်တစ်ခါလောက် စကားကို နားဝင်ချိုအောင် ပြောမိလျှင်ပင် နွေခေါင်ခေါင် မိုးကြိုးပစ်ခံရမည်ဟု တွက်ဆထားပုံပေါ်သည့် ပြည့်ဖြိုးဟန်ပါပဲ။
"ရှိပါတယ်ကွာ။ မင်းပဲ နှိမ်နေလိုက်။ ခုတလော ငွေရွှင်နေတယ်။ ဒီလူကို အထင်မသေးစေချင်ဘူး။ ဟဲ ဟဲ"
"ပြီးတာပဲ"
နှစ်ဉ်ီးသား တံခါးလေးသော့ပိတ်ကာ ထွက်လာလေတော့ တန်းဆွမ်းပင် မဆုံးသေးပေ။
"ဘယ်သွားမှာမလို့ ကားမယူတာလဲ"
"၄၆ လမ်းလေ။ Urban City ရှိတယ်။ အဲ့ဒီမှာ Cafe Salween ရှိတယ်။ အရမ်းကောင်းတာ"
" ဘာဆိုင်"
"ကဖေး စလဝမ်။ ကော်ဖီကတော့ရှယ်ပဲ။ ဆိုင်ရဲ့ အပြင်အဆင်ကလည်း တော်တော် ကောင်းတာ။ မင်းရောက်ရင် ကြွေသွားမယ်"
"ကိုယ်စားလှယ်ခရထားလို့လား"
"စေတနာနဲ့ ပြောပြနေတာကို"
"သွား အရှေ့က"
ပြည့်ဖြိုးကို စကားစမိသော်လည်း သိရှိပုံမပေါ်သည်မို့ စံလင်းကပင် စကားအတိုင်း အရှေ့မှ ဦးဆောင်ကာ လျှောက်လာခဲ့လိုက်တော့သည်။ အမှန်တော့လည်း ပြည့်ဖြိုးကို သူသနားသည်။ လောကကြီးကို ဂျစ်တိုက်နေသည်ကလွဲ၍ ပြည့်ဖြိုးမှာ အပေါင်းအသင်းဟူ၍လည်းမရှိ။ အမြဲတစေ တစ်ဦးတည်း အချိန်ကုန်ဆုံးတတ်သည့် လူသား။
တနင်္ဂနွေနေ့ဖြစ်သည်မို့ ကားလမ်းကတော့ အတော်အသင့်ရှင်းလင်းနေသည်။ ပလက်ဖောင်းပေါ်မှာတော့ ရိုးရာမပျက် လူသူကြား တိုးဝှေ့နေရဆဲ။
ခနော်နီ ခနော်နဲ့ မညီမညာ ပလက်ဖောင်းကို ရှောင်ရသည်ကတစ်ကြောင်း၊ လမ်းသွားလမ်းလာတို့ကိုရှောင်ရသည်က တစ်ဖုံဖြင့် J'Donuts ဆိုင်အရှေ့ဓာတ်တိုင် အကွယ်တွင် အလိုမကျစွာ ခပ်တည်တည် ရပ်နေသည့် ပြည့်ဖြိုးကြောင့် စံလင်း အလိုလို ပြုံးမိသွားသည်။ လမ်းလျှောက်ခဲသည့်အလေ့အကျင့်က သိသာနေသလို လူတို့နှင့် အဆက်အဆံပြုလုပ်ခြင်းနည်းသည့် သဘာဝကလည်း သိသာနေပြန်သည်မလား။
"ပြည့်ဖြိုး လာလေ"
နောက်ကြောင်းပြန်လျှောက်ရင်း ပြည့်ဖြိုးကို လက်ဆွဲခေါ်မိတော့လည်း အနည်းငယ် ကြောင်တောင်တောင်ဖြစ်ကာ အလိုက်သင့် ပါလာသည်မှာ ကလေးငယ်လေးသဖွယ်။
"ဒီနားက လူရှုပ်တယ်။ မင်း ဒီဘက်တွေ လမ်းလျှောက်ဖူးလား"
"ကားရှိတယ်လေ"
စံလင်း စုတ်တစ်ချက်သတ်ရင်း ပြောပစ်ချင်သည့်ဆန္ဒကို မြိုချလိုက်ရသည်။ ပြည့်ဖြိုးဟန်၏ စိတ်ရင်းကို သိရှိနေသည်မို့ အပြစ်မတင်လိုသော်လည်း နစ်နာလိုစိတ်မပါဘဲ တည်တည်တံ့တံ့ ချေမိုးကာ ထွက်ပေါ်လာသည့် စကားတို့က အမှန်ပင် ရန်ဆောင်နေသယောင်။
" မင်းက တစ်စီးတည်းရှိတာ။ ငါ့မှာဆို ပေါထောနေတာ။ ဘယ်နံပါတ် တက်စီးစီး နှစ်ရာပဲ။ အာရုံလည်းမနောက်ရဘူး။ ကားပေါ်ရောက်တာနဲ့ နားကြပ်လေးတပ်ပြီး ဇိမ်နဲ့ လိုက်ရုံပဲ။ ဒါတွေပြောလည်း မင်း နားလည်မှာမဟုတ်ပါဘူး။ လေကုန်တယ်"
"မင်း"
အလိမ္မာသုံးကာပြန်လည်ချေပရင်း ခပ်သွက်သွက်လျှောက်လာလေတော့ ပြည့်ဖြိုးဟန်၏ တအံ့တဩ တစ်ဖြစ်လဲ မကျေမချမ်း လိုက်လာသည့်ပုံစံကိုစံလင်း မျက်လုံးထောင့်စွန်းမှ မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။
"မရောက်သေးဘူးလား"
ဝန်ကြီးများရုံးရှေ့ပလက်ဖောင်းသို့ရောက်လာပြီ။ တစ်လမ်းမောင်းဖြစ်သော လမ်းမကြီးက ယခုတော့ ရှင်းလင်းလို့။ ပလက်ဖောင်းက ပုံမှန်ထက် ကျယ်သလို အရိပ်ရသောနေရာဖြစ်၍ ဤနေရာတွင် လမ်းလျှောက်ရခြင်းကို စံလင်း သဘောကျသည်။ ထို့အပြင် ယခုအခါ ပြည့်ဖြိုးနှင့် အတူတကွရှိနေရ၍ ပိုနှစ်သက်မိသည်ဆိုလျှင် သူ ပိုများပိုနေမလား။
" စံလင်း "
တမင်တကာ စနောက်လို၍ စံလင်း မကြားချင်ဟန်ဆောင်ကာ ဆက်လျှောက်နေမိသော်လည်း အမြဲတစေ ပြည့်ဖြိုး၏ အရိပ်အကဲ ကြည့်နေတတ်သူဖြစ်သည်မို့ အသံနေ အသံထားကြားရုံဖြင့်ပင် စိတ်ထဲသို့ ခန့်မှန်းမိနေတတ်ပြီ။
" ဘာလဲကွာ။ မင်းကလည်း ယောက်ျားမဟုတ်တဲ့အတိုင်းပဲ။ ရှေ့တစ်ပြဆိုရောက်ပြီ"
"တစ်ပြ"
စံလင်းစကားကို သံယောင်လိုက်ရင်း ပြည့်ဖြိုးကရေရွတ်၏။ အမှန်တကယ်တော့ စံလင်း မန္တလေးသို့ မရောက်ဖူးပါ။ သို့သော်လည်း စာဖတ်အားသန်သည့်သူက ပြည့်ဖြိုးက မန္တလေးဇာတိဟု သိရသည့်နေ့မှ အစပြုကာ မန္တလေးမြို့ကြီးနှင့် သက်ဆိုင်သည့် စာအုပ်များကို အလေးပေးလေ့လာနေမိခဲ့သည်မလား။ ဒါတွေကို သက်ဆိုင်သူ သိမှသိပါလေစ။
" မင်းတို့ဆီမှာ အဲ့ဒီလို ပြောတာမဟုတ်ဘူးလား"
"ဘယ်လိုသိလဲ"
"ငါက ဗဟုသုတ များတယ်လေ"
"စိတ်မဝင်စားဘူး။ ရောက်တော့မှာလား မင်း ဆာလာ ဆိုင်က"
"စလဝမ်ပါကွာ"
"မသိဘူး။ ရောက်တော့မှာလား"
" မီးပွိုင်ကျော်ရင်"
စံလင်းစကားပင် အဆုံးမသတ်လိုက်ပေ။ ပြည့်ဖြိုးက ရှေ့မှ ခပ်မြန်မြန်လျှောက်သွားလေတော့ စံလင်းပြုံးမိပြန်၏။ ပြည့်ဖြိုးဟန်နှင့် ရင်းနှီးလာလေ ၊ ထိုလူသားအကြောင်းသိလာလေ၊ ပြည့်ဖြိုးဟန်၏ စိတ်ရင်းကောင်းမှုနှင့် ဖြူစင်သည့် သဘောထားကြီးမှုတို့ကို မြင်လာရလေ။
အခွင့်အရေးကြုံကြိုက်လျှင်တော့ သူ့အပေါ် နိုင်ထက်စီးနင်း ပြုမူခဲ့သည့် အကြောင်းအရင်း အမှန်ကို မေးရဦးမည်ဟုသား အားခဲရင်း။
" မလာသေးဘူးလား"
"အေး အေး။ လာပြီ"
တွေးလက်စကို ခဏရပ်ကာ သည်တစ်ကြိမ် အမှီပြေးလိုက်ရသူကတော့ ကိုယ်တိုင်ပင်။
Urban City အတွင်းဝင်မိတော့ Food Count ကဲ့သို့ အစီအရီ စားစရာတို့က သွားရည် ကျစဖွယ် ပြင်ဆင်ထား၏။ ဝင်ပေါက်မှ တန်းတန်းမတ်မတ်လျှောက်ရင်း ကော်ဖီဆိုင်လေးဆီ လာမိသည်။
"ဒီဆိုင်ပဲ ပြည့်ဖြိုး"
ဆိုင်အတွင်းရှိ အလယ်ဗဟို တည့်တည့်တွင် အပင်ကြီးကို ခေါင်မိုးအားထွင်း၍ စိုက်ထားသည်မှာ အမြင်တစ်မျိုး ဆန်းနေသည်။ နံရံတစ်ဖက်တစ်ချက်ဆီတွင်အလှဆင်ထားသည့် စာအုပ်စင်ကလေးများပေါ်တွင် စာအုပ်အမျိုးအစား စုံစုံလင်လင်ထားရှိသည်က စံလင်း သည်ဆိုင်ကို သဘောကျရသည့် အချက်တွေထဲမှ တစ်ချက်ဆိုလျှင်လည်း မမှားလှ။
၁၉၉၀ ဝန်းကျင်ဆန်ဆန် မီးရောင်ကလေးများနှင့် ပန်းချီကားချပ်တချို့က ဆိုင်လေး၏ အဓိက ဆွဲဆောင်မှုပင် ဖြစ်လိမ့်မည်။ ထို့အတူ အပြင်ဘက်တွင်လည်း ခုံတန်းရှည်အမြင့်များနှင့်အတူ ပန်းပင်လေးများက ရင်ကိုအေးစေပြန်၏။
"ဒီမှာပဲ ထိုင်ရအောင်"
ကက်ရှာ အရှေ့ရှိ စားပွဲလေးတွင် ဝင်ထိုင်ရင်း စံလင်းကသာ ဦးဆောင်၍မှာနေရသည်။
"ဘာသောက်မလဲ"
"ရတယ်"
အခါးမကြိုက်တတ်သည့် ပြည့်ဖြိုးအတွက် မိုခါး တစ်ခွက်နှင့် ကိုယ်တိုင်အတွက် အမေရီကာနို တစ်ခွက်သာမှာစေရသည်။ ဆိုင်အတွင်းမှာတော့ သူတို့စားပွဲဝိုင်းအပါအဝင် စုစုပေါင်း သုံးဝိုင်းသာရှိနေသေးသည်မှာ မနက်အစောပိုင်း ဖြစ်နေ၍လားတော့ မပြောတတ်။
"ပြော ဘာတိုင်ပင်မှာလဲ"
ပြည့်ဖြိုးက အိမ်မှဆိုင်ရောက်သည်အထိ သိချင်စိတ်ကို အတော်ကလေး ထိန်းချုပ်လာရပုံပေါ်၏။ အခွင့်ရသည်နှင့် တစ်ခါတည်း မေးတော့သည်။
"ဖြည်းဖြည်းပေါ့။ မင်းကလည်း လောလိုက်တာ"
စာအုပ်စင်ကလေးပေါ်တွင် တင်ထားသည့် "ငြိမ်းကိုရှက်ပါ" ဟူသော စာအုပ်ကြောင့် စံလင်း စာအုပ်စင်အနားသို့ အပြေးကလေးရောက်သွားမိသည်။
သူ သည်စာအုပ်ကလေးကို အတော် သဘောကျသည်။ လေးကြိမ်ထက်မနည်းဖတ်ဖူးသည့် စာအုပ်ကလေးက အခေါက်တိုင်း နာကျင်ရစမြဲ။
ထို့အတူ စာအုပ်ထဲတွင်ပါဝင်သော ဇာတ်ကောင်ကလေးကဲ့သို့ ပြည့်ဖြိုးဟန်များ ခံစားနေရမည်လားဟု တွေးမိပြန်တော့လည်း သူ စိုးရိမ်ရပြန်သည်။
" ဒီနေ့ ပြောမှာမလား"
အနည်းငယ်ကျယ်ကျယ်လောလောင် ထွက်ပေါ်လာသည့် အသံကြောင့် ကျန်ဝိုင်းများက မသိမသာ အကဲခတ်လာကြသည်။ ထို့ကြောင့်ပဲ စားပွဲရှိရာသို့ စံလင်း ခပ်သုတ်သုတ် ပြန်လျှောက်လာမိခြင်း။
" ဒီလိုကွာ"
"အင်း"
"လင်းသန့်ကိစ္စ"
အစချီကာ ပြည့်ဖြိုးထံ အဖြစ်အပျက်အလုံးစုံကို မခြွင်းမချန် ရှင်းပြနေမိသည်မှာ ကလေးတစ်ယောက်က မိခင်ကို ရင်ဖွင့်နေသည်နှင့်ပင် တူညီနေလေသည်ဘွားတော့ မပြောတတ်။
"ကျစ်"
လက်သီးကို တင်းတင်းဆုပ်ရင်း သိရှိပြီးသားအကြောင်းအရာလို ပြည့်ဖြိုးက ခေါင်းတညိတ်ညိတ်လုပ်နေသည်ကြောင့် ကိုယ်တိုင် အနည်းငယ် အံ့ဩမိသည်ကတော့ အမှန်ပင်။
"မင်းသိပြီးသားလား"
"အင်း။ မကြာသေးဘူး"
"ငါ့ကို ဘာလို့မပြောတာလဲ"
"နေဦး။ မင်း ဘာလုပ်မှာလဲ"
"ငါမသိလို့ မင်းကို တိုင်ပင်တာလေကွာ"
သူ့စကားကြောင့် ပြည့်ဖြိုးက ခဏတော့ စဉ်းစားနေသည်။
" ငါ မင်းကို စိတ်ပူတယ်"
ပထမဦးဆုံးအကြိမ်အဖြစ် ပြည့်ဖြိုးဆီမှ ကြားဖူးသည့် ထိုစကားက မည်မျှထိ အတိမ်အနက်ရှိမည်တော့ စံလင်း မမျှော်လင့်ရဲပါ။ သို့သော် သူ ကျေနပ်သည်။
"မပူနဲ့။ ကျောင်းတုန်းက ငါ ဘယ်လို မိုက်လဲ မင်းမေ့နေပြီလား။ မင်းကိုကြီးက ဖိုက်တာပါကွ"
"ဖိုက်တာမလို့ မိန်းမတစ်ယောက် အကြောင်းမဲ့ ပါးရိုက်တာ ခံတာလား"
ယုယသွယ်နှင့်ကိစ္စကိုသာ ပြည့်ဖြိုးရည်ရွယ်ကြောင်း သူ သဘောပေါက်လိုက်၏။
" မင်း ခုထိ အဲ့ဒီကိစ္စကို မကျေနပ်သေးတာလား။ မင်းရည်းစားကို ငါ တမင်လုပ်တာမဟုတ်ဘူးနော်"
"သိတယ်"
" အမေရီကာနို၊ ဒါက မိုခါး။ အော်ဒါစုံပြီနော်"
ဝိတ်တာ အစ်ကိုကို ခေါင်းလေးတစ်ချက်ညိတ်ပြရင်း ရှေ့မှ ကော်ဖီခွက်ကို ယူကာ တစ်ငုံသောက်လိုက်မိသည်။
" သူနဲ့ အဆင်ပြေတယ်မလား"
ကြားသိရမည့်အဖြေက ရင်နာစရာဖြစ်မည်ကို မသိကျိုးကျွံ ပြုရင်း စံလင်း မေးခွန်းအစ်မိသည်။
"ပြတ်သွားပြီ"
ပြည့်ဖြိုးဟန် ထိုမိန်းကလေးနှင့် လမ်းခွဲလိုက်သည်ကို သူ အတော်လေး ဝမ်းသာမိသွားရင် သူ့ကို ယုတ်မာသူဟု ထင်ချင်ထင်ကြပါစေတော့။
" ဘာလို့လဲ"
မျှော်လင့်ချက်ရောင်စဉ်ပါးပါးကလေးနှင့် အရဲစွန့်ကာ ထပ်မံမေးမိ၍ စံလင်းအသံတို့က အနည်းငယ် တုန်ယင်နေလိမ့်မည်ကို ပြည့်ဖြိုးဟန် သတိထားမိကောင်းပါရဲ့လေ။
"ငါ ပိုင်တာကို လာထိတာကိုး"
ပြည့်ဖြိုးစကားတို့ကြောင့် စံလင်းရင်ထဲ လှပ်ခနဲ။
"ဘာပြောတာ"
"ငါ နှစ်ခါမပြောဘူး"
သူ့ကို မျက်လုံးချင်းမဆုံပါဘဲ ကော်ဖီကို ဆက်ခနဲယူသွားသည့် ပြည့်ဖြိုးအမူအရာက ရှက်သွေးဖြာနေသည်ဟု သူခံစားလိုက်ရတော့ အနည်းငယ် အသည်းယားလာရသည် ။
"ထားပါ။ စောနဟာ ဆက်ပြောမယ်။ လင်းသန့်ကိစ္စ"
"ဟမ် အေး အေး"
အယောင်ယောင်အမှားမှားဖြင့် ကြောင်စီစီနိုင်နေသည့် သူ့ကို ပြည့်ဖြိုးက တစ်ချက် မျက်ခုံးပင့်ကြည့်ရင်း စကားဆက်လာသည်။
" မသိချင်ယောင်ဆောင်နေ။ သူခိုးဖမ်းမယ်"
"ဟမ်"
"ဟိုကောင်နဲ့လည်း တိုင်ပင်ထားတယ်"
ဇံထူးနှင့်ဟုအစချီကာ ပြောသူက ပြည့်ဖြိုးကိုယ်တိုင်ဖြစ်နေတော့ သူအနည်းငယ် အံ့ဩသွားရသည်။ အမှန်တော့ သူ သည်နေရာမှာ ဇံထူးနှငိ့ချိန်းဆိုထားကြောင်း ပြည့်ဖြိုးဟန်မသိရှိသေးပါလေ။
"ရောက်နေတာ ကြာပြီလား"
အသက်ရှည်ဦးမည့် တစ်ကောင့်သားပါပဲ။ သူ့အကြောင်းပြောနေကာမှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာရတယ်လို့။
"ပြည့်ဖြိုး ငါကလေ ဒီတိုင်း"
"သူသိတယ်"
"ဟမ်"
ပြည့်ဖြိုးကို စိတ်ဆိုးမည်စိုး၍အသည်းအသန်ရှင်းပြနေရသော စံလင်းစကားတို့ကရုတ်ချည်း ရပ်သွားရသည်။
"ငထူး မင်းဘာပြောတာ"
"ငပြည့်နဲ့ငါက အစောကြီးတည်းက စီစဉ်ထားပြီးသားလို့"
တွေ့ဆုံရန် စီစဉ်ပေးသူကိုယ်တိုင်ကိုက သည်ဇာတ်လမ်းမှာ ဇာတ်ပို့ဖြစ်နေရသည့် အဖြစ်။
"ငပြည့် မင်းဟာ နည်းနည်း တိုက်"
"ငတ်နေလား"
တစ်ဦးကို တစ်ဦးမကြည်သာသလို ဆက်ဆံနေကြပေမဲ့ သံယောဇဉ်ရှိကြောင်းတော့ စံလင်းမြင်နေရသည်။ အမှန်တော့လည်း ပုံစံတစ်မျိုးစီနဲ့ အကျင့်စရိုက်တူတဲ့ကောင်လေးနှစ်ယောက်ပါပဲလေ။
"ငါ့ကို နည်းနည်းရှင်းအောင် ပြောကြပါလား။ မင်းတို့နှစ်ကောင်ပဲ သိနေတာ မဟုတ်သေးဘူးလေ"
"မင်းက အရင် အတိုင်း ဘာမှမသိသလိုနေရုံပဲ။ ငါနဲ့လည်း သူ့ရှေ့ကျ စကားမပြောနဲ့။ သူ ဘာဆက်လုပ်မလဲ စောင့်ကြည့်ချင်တယ်"
ဇံထူးက တွေးစစပြောသည်ကို သူမနည်း လိုက်မှီအောင် စဉ်းစားနေရ၏။
" ငါပါ ရှိနေမှ မင်း သူနဲ့စကားပြောခွင့်ရှိတယ်"
"ဘာဆိုင်လို့လဲဟ"
"အိမ်ပေါ်က ဆင်းချင်လား"
စံလင်း အထွန့်မတက်လိုတော့ပေ။ မည်ကဲ့သို့အခြေအနေမျိုးဖြစ်ပါစေ၊ ထိုလူသားစကားသာ ဆိုလျှင် မလွဲမသွေ နာခံတတ်သည့် နှလုံးသားတစ်ခုက ကာယကံရှင်မသိခင်ပင် ပိုင်ရှင်ကို ရှာတွေ့သွားခဲ့ပြီမလား။
"မင်းတို့နှစ်ကောင်က တကယ်မလွယ်ဘူး"
ဇံထူးဘာကို ဆိုလိုသလဲ မသိသည့်တိုင် ပြည့်ဖြိုးဟန်ကတော့ သူ့ကိုသာ စိုက်ကြည့်နေလို့။
" ဘာအကြောင်းလဲ"
အဆက်အစပ်မရှိစွာ ပြည့်ဖြိုးက ဆိုလေတော့ စံလင်း ကြောင်သွားရ၏။ သည်ကနေ့မှ အူကြောင်ကြောင်နိုင်လွန်းနေသည့် ကိုယ်တိုင်ပါလေ။
" စာအုပ်"
"ဒါလား"
ဘယ်သောအခါမျှ စာအုပ်ဖတ်လေ့မရှိသည့် ပြည့်ဖြိုးက စာအုပ်အကြောင်း စိတ်ဝင်စားနေသည်ကတော့ ထူးဆန်းနေသည်လေ။
" အင်း မိဘတွေကြောင့် ကလေးတွေက ဓားစာခံဖြစ်ရတယ်ဆိုတဲ့အကြောင်းရေးထားတာပေါ့ကွာ"
"ဪ"
ရုတ်ချည်းဆိုသလို ဆိုင်အပြင်ဘက်သို့ လှမ်းငေးရင်း ငြိမ်ကျသွားသည့် ပြည့်ဖြိုးနှင့် ဇံထူးတို့ကြောင့် စံလင်းပြောလိုက်မိသည်ကိုသာ နောင်တရမိတော့သည်။
စကားကျွံလျှင် နှုတ်မရဘူးဟူသော စကားပုံက နားထဲ ပဲ့တင်လာပြန်သည်။ စိတ်ဒဏ်ရာရှိနေသူများမို့ စံလင်း နှစ်သိမ့်ရမည့်နည်းလမ်းကို အသည်းအသန် တွေးနေရုံမှတပါး။
" ဘယ်သားသမီးမှ မိဘကို ရွေးချယ်ခွင့်မရှိဘူးလေ"
လေးလေးပင်ပင်ပြောလာသော စကားသံတို့က ဝမ်းနည်းနေသည်ကို အတိုင်းသားမြင်နေရ၏။
"ကိုယ်ဖြစ်ချင်သလိုသာ ဖြစ်ရကြေးဆို လူတိုင်းပျော်နေကြမှာပေါ့"
ပြည့်ဖြိုးဟန်စကားကို ဇံထူးက သံယောင်လိုက်ရင်း စကားဝိုင်းကိုဆက်ရှာသည်။
"အေးကွာ။ ငါတို့လည်း ကလေးအရွယ်တုန်းက ဒီလိုအသိတွေ ရှိခဲ့ရင် ပိုကောင်းတာပေါ့"
" ထားပါတော့။ ပြန်ကြရအောင်"
ပြောပြောဆိုဆိုထထွက်သွားသည့် ပြည့်ဖြိုး။ ဇံထူးကို မေးငေါ့မိတော့ လိုက်သွားဟူသော ပုံစံပြသည်မို့ ငွေရှင်းကာ နူတ်ဆက်ထွက်လာရသည်။
"ဟေ့ကောင် ပြည့်ဖြိုး"
ငွေရှင်းပြီးထွက်လာလေတော့ အပေါက်ဝပင်ရောက်လုဆဲဆဲ ပြည့်ဖြိုးဟန်က သူ့ခေါ်သံကိုလည်း ကြားပုံမပေါ်ပါ။
"ပြည့်ဖြိုး ဟူး မင်းကလည်း မြန်လိုက်တာ"
"တက္ကဆီ"
"ညီလေး ဘယ်လဲ"
"ရေကျော် စီးတီးမတ် အစ်ကို"
ခွန်းတုံ့ပြန်ခြင်းမရှိပါဘဲ တက္ကဆီငှားလိုက်သည်မို့ စံလင်း ကိုယ်တိုင် အပြေးအလွှား ဝင်ထိုင်လိုက်ရပြန်၏။
ကားလေးစထွက်ပြီဆိုသည်နှင့် ပြတင်းပေါက်ဆီမှ အပြင်ဘက်သို့ငေးရင်း လိုက်ပါလာသော ပြည့်ဖြိုး။ သူတွေးမိပါရဲ့။ သည်ကောင်လေးနှစ်ယောက်လုံးကို စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်စေချင်လှပြီ။
စံလင်း စာအုပ်တွေထဲမှ လေ့လာဖူးသည်။ စိတ်ဒဏ်ရာရှိသူတို့အတွက် အကောင်းဆုံးကုသနည်းမှာ ခံစားချက်တို့ ထုတ်ဖော်ပြောလာရန် ကူညီပေးခြင်းသာ။
တစ်နေ့နေ့တော့ ပြည့်ဖြိုး ခံစားရသမျှ သူ့ထံ ရင်ဖွင့်လာရန် ယနေ့မှစ၍ သူကြိုးစားမည်ဟူ၍.......
ကောင်းကင်ယံက မှောင်တစ်ဝက်လင်းတစ်ဝက်ဖြင့်။ သို့သော်လည်း သဘာဝတရားကြီးကတော့ ထူထူထဲထဲ တိမ်တိုက်တွေနှင့်တောင် အလှမပျက်ခဲ့ပါဘူးလေ.......
July 05, 2020