"မေ့စမ်း..မေ့စမ်း..မေ့စမ်း.."
မနေ့ကညရော ဒီနေ့မနတ်ရောခေါင်းကို ထု ထုပြီးကိုယ့်ကိုယ်ကိုသတိပေးနေသည်မို့ဟိန်းထက်ယံခေါင်းတစ်ခြမ်းတောင်ပိန်နေလောက်ပြီထင်သည်။မနေ့ညကမူးနေတဲ့အရှိန်ကမပျယ်သေးလို့လားမသိ။ယိုင်တိုင် ယိုင်တိုင် လမ်းလျှောက်လာရင်းနဲ့ရှေ့က သစ်ပင်ကိုမြင်လိုက်တော့ခေါင်းနဲ့ပြေးဆောင့်လိုက်ရင်ကောင်းမလားလို့တောင်တွေးမိသည်။အဲ့တာမှဇာတ်လမ်းတွေထဲကလိုအတိတ်တွေဘာတွေမေ့ပြီးဟိုကလေးကိုပါတစ်ခါတည်းမေ့သွားရင်ပြီးရော..။သစ်ပင်နားဆီကိုသွားပြီကာမှမဖြစ်သေးပါဘူး.Oralအတွက်စာတွေပါမေ့ကုန်မှကွဲနေမည်။Listening & Speakingကအရမ်းဖြေနိုင်ခဲ့တာဆိုတော့ဟိန်းထက်ယံ သစ်ပင်နားကနေအသာလေးခွာပြီးခပ်သွက်သွယ်ဆက်လျှောက်လာမိသည်..။ခမ်းနားထည်ဝါလာတဲ့အဆောင်သစ်ကြီးဒါ ပထမနှစ်ကျောင်းသားတွေကိုထားတဲ့အဆောင်မှန်း တွေးလိုက်မိတော့သူ့အကြောင်းတွေကပါ ကပ်ရပ်တွဲပါလာသည်..။ဒီနားရောက်မှခြေလှမ်းတွေဟာဘာလို့အလိုလိုတုံ့နှေးသွားသလဲမသိ။Porpular Wallနားလဲရောက်ရောနူတ်ဆက်ခါနီးတိုင်းအင်း လို့ခေါင်းညိတ်ပြီး တာ့တာပြတတ်တဲ့ကောင်လေးတစ်ယောက်ပုံရိပ်ကိုပြေးမြင်မိသည်...။ဒီနေရာမှာ မင်းအပြုံးတွေများကျန်ရစ်ခဲ့မယ်ဆိုကိုယ်ဖမ်းဆုပ်ဖို့ကြိုးစားနေမိမယ်ထင်ပါရဲ့ကလေးရယ်....။ရယ်သံလေးတွေ..အပြုံးတွေ..မျက်စောင်းလေးတွေပြန်မရနိုင်တော့တာသေချာနေတဲ့ခံစားချက်နဲ့အတူဝဲတက်လာတဲ့မျက်ရည်တွေကိုခေါင်းမော့ပစ်လိုက်ပြီးတားဆီးဖို့ကြိုးစားလိုက်မိသည်..။ခြေလှမ်းတွေဟာ ရှေ့ဆိုဆက်လှမ်းနေမိသည်။Porpular Wallဟာလဲအနောက်ဘက်မှာကျန်ရစ်ခဲ့လေပြီ ..။ရှေ့ခပ်လှမ်းလှမ်းဆိုနှစ်ယောက်အတူတူထိုင်နေကျပန်းခြံထဲကခုံပြာလေး နားသို့ရောက်လာတော့မည်ကို၂လကျော်ရင်းနှီးနေတဲ့ အသိတစ်ခုနဲ့ခံစားလိုက်မိသည်..။ကွန်ကရစ်ခင်းထားတဲ့လမ်းထက်ကသဲပွင့်မူန်မူန်လေးတွေကိုသာငုံ့ကြည့်ရင်း လျှောက်လာမိသည်..။ခပ်စိမ်းစိမ်းသစ်ပင်ရိပ်လေးတွေကိုမျက်ဝန်းထောင့်စွန်းမှ မြင်တွေ့နေရသည်..။မကြည့်နဲ့..ဟိန်းထက်ယံ..လုံးဝလှည့်မကြည့်နဲ့။ကြည့်မိလိုက်ရင် နှလုံးသားတစ်နေရာမှာပုန်းကွယ်နေတဲ့အမှတ်တရတွေကချက်ချင်းလိုကို ခေါင်းထဲတန်းစီပြီးရောက်လာလိမ့်မည်။အခန့်မသင့်ရင် ခုနကထိန်းချုပ်ထားခဲ့တဲ့မျက်ရည်တွေပါ ပြိုစီးကျလာနိုင်သည်..။ရှေ့မှာEBဆောင်ကိုပင်လှမ်းမြင်နေရပြီ..။တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း..
"ဟေ့လူကြီး..!"
အသံခပ်စူးစူးလေး..။ဒါ...ဒါ...ငါတော့စိတ်တွေစွဲပြီးပေါက်တတ်ကရတွေလျှောက်ကြားနေပြီထင်သည်။ဟိန်းထက်ယံ ကိုယ့်ပါးနှစ်ဖက်ကိုကိုယ်ပြန်ရိုက်လိုက်မိသည်.။မနေ့က အရူးခံလိုက်မယ်လို့ပြောမိလိုက်တာ..။နိမိတ်နောက် နာမာလိုက်ပြီးတကယ်ဘဲရူးတော့မည်လားမသိ..။
"ဟေ့လူကြီး!နားကန်းနေတာလား??"
ငင်!နားကန်းနေလား??ဒီတစ်ခါတော့အသံကပိုပြီးပီပီသသကိုကြားလိုက်ရသည်။မူးထားတဲ့လက်ကျန်အရှိန်လေးတွေလဲအကုန်ပျောက်သွားသည်..။ဟိန်းထက်ယံ မယုံမရဲလေးနှင့်နောက်ကိုလှည့်ကြည့်လိုက်တော့..နှစ်ယောက်အတူထိုင်နေကျခုံတန်းအပြာလေးနားမှာကော်ဖီရောင်စပို့ရှပ်လက်ရှည်လေးနှင့်အောက်ကအနက်ရောင်ယောပုဆိုးလေး။ဆံနွယ်အနက်ရောင်ပျော့ပျော့လေးတွေကနဖူးပေါ်ဝဲကျနေသည်..။သေသေချာချာမျက်လုံးနှစ်လုံးကိုလက်နဲ့ပွတ်ပြီးကြည့်လိုက်တော့လက်လေးကိုပိုက်ထားပြီးဘုကြည့်ကြည့်နေသောအကြည့်ကအဲ့ကလေးမှန်းပိုသေချာသွားလေသည်..။
တကယ်ကြီးဟ!!
သူဘာလို့လှမ်းခေါ်တာပါလိမ့်..။ခေါင်းထဲပေါ်လာသော အတွေးတစ်ချို့ကိုဘေးဖယ်ထားလိုက်ပြီးဟိန်းထက်ယံချောင်းတစ်ချက်ဟန့်လိုက်ကာရင်ကိုကော့ ခေါင်းကိုမော့သက်ဝေယံဆီလျှောက်သွားလိုက်သည်။
"မင်းလား??ငါ့ကို နားကန်းနေလားလို့မေးတာ!!"
ဟိန်းထက်ယံပိတ်ဟောက်နေတာတောင်သက်ဝေယံက နူတ်ခမ်းကိုမဲ့ရွဲ့စူထော်လိုက်ပြီး
"တော်သေးတာပေါ့!မကန်းသေးလို့"
ပြောပြီး ခုံတန်းအပြာပေါ်ထိုင်ချလိုက်လေသည်..။ဟိန်းထက်ယံကသာထိုင်ရမလိုဒီတိုင်းဘဲရပ်ရမလိုကြောင်တောင်တောင်ဖြစ်နေလေသည်..။
"ထိုင်လေ .!!ဘာရပ်လုပ်နေတာလဲ??"
မျက်လုံးလေးစွေကြည့်ပြီးပြောလာတဲ့သက်ဝေယံစကားကြောင့်ဟိန်းထက်ယံ ယောင်တောင်တာင်နှင့်ဝင်ထိုင်လိုက်မိရင်းနာရီကိုကောက်ကြည့်လိုက်မိသည်..။
"ထသွားမယ်မကြံနဲ့နော်..ခင်ဗျား Oralက 1 pmမှစ မှာခုမှ 12 pm ခွဲခါနီးဘဲရှိသေးတယ်.."
တွေ့တာနဲ့ထစွာလေပြီ..။ဒုက္ခ..ဟိန်းထက်ယံခမျာနာရီတောင် လွတ်လွတ်လပ်လပ်ကြည့်လို့မရတဲ့ဘဝ..။သက်ဝေယံ နှာခေါင်းကိုလက်နဲ့အသာပိတ်လိုက်ရင်း
"ခင်ဗျားကိုယ်က အနံ့တစ်ခုခုရနေသလိုဘဲ..ချဉ်စူးစူးနဲ့.."
ငင်..သေပြီ..ဘီယာနံ့တွေကျန်နေသေးတာလားမသိဒါတောင် Oralဖြေရမည်မို့ရေချိုးခန်းထဲမှာ တစ်နာရီလောက်ဝင်စိမ်နေသေးသည်..။အဲ့ကလေးကလည်းလူကိုစူးစမ်းသလိုနဲ့ မျက်လုံးလေးမှေးပြီးစိုက်ကြည့်နေသေးသည်..။မဖြစ်သေးဘူး..!တော်ကြာ အရက်သမားဆိုတဲ့ဂုဏ်ပုဒ်တစ်ခုပါတိုးလာမှာဖြင့်။
"နေပါအုံး..မင်းကရော?Oralဖြေပြီးတာ မပြန်ဘဲနဲ့ဘာထိုင်လုပ်နေတာလဲ"
ဟိန်းထက်ယံပြောမိပြောရာ စကားလွှဲပစ်လိုက်သည်..တိန်!ဒီလူကြီး မသိတာလား?မသိချင်ယောင်ဆောင်နေတာလား?သက်ဝေယံ ဟိန်းဘက်ယံဘက်ကိုမျက်မှောင်ကုတ်ကာလှည့်ကြည့်လိုက်ပြီး
"ပန်းခြံမှာအမိူက်ကောက်ဖို့ဟေ့..အမိူက်ကောက်ဖို့.."
ဟိန်းထက်ယံမျက်နှာကိုခပ်တင်းတင်းပြန်ထားလိုက်ပြီး
"ကျောင်းမှာသန့်ရှင်းရေးသမားတွေရှိတယ်မင်းကောက်စရာမလိုပါဘူး.."
ငင့်..ရွဲ့ပြောတာတောင်ကောင်းကောင်းပြောလို့မရဘူး...!!သက်ဝေယံလက်လေးပြန်ပိုက်လိုက်ကာအရှေ့ကမြက်ပင်တွေကိုကြည့်နေရင်း
"ထားပါတော့..ခင်ဗျားကိုပြောစရာရှိလို့!!"
"ဘာလဲ??!"
အား..ညင်ညင်သာသာကိုမရှိဘူး..။ပြန်ဖြေတဲ့အသံကိုက..ဟိန်းထက်ယံအသံကြောင့်သက်ဝေယံမျက်မှောင်တွေကိုတွန့်ကွေးလိုက်ရင်း
"မနေ့က စာမေးပွဲခန်းထဲဘာလို့နောက်ကျမှဝင်ပြီးအစောကြီးထွက်သွားရတာလဲ??"
"ငါဟာ့ ငါ ဘယ်ချိန်ဝင်ဝင် ဘယ်ချိန်ထွက်ထွက်ပေါ့"
လုပ်ပြီ!!အဲ့လူကြီးကတော့သက်ဝေယံပြန်လှည့်ကြည့်လိုက်တော့အဲ့လူကြီးမျက်နှာကအချေရုပ်နဲ့..။
"ခင်ဗျားဟာခင်ဗျား ဝင်တာထွက်တာအကြောင်းမဟုတ်ဘူး!ကျသွားရင် ကျွန်တော်လုပ်ပါတယ်ဖြစ်နေမှာစိုးလို့!!"
ဟိန်းထက်ယံ နူတ်ခမ်းစွန်းတစ်ဖက်ကိုမဲ့ရွဲ့လိုက်ပြီး
"ကျတယ်ဆိုတာဟိန်းထက်ယံရာဇဝင်မှာရှိကိုမရှိတာ"
စောင်ကြီးကြီးကျယ်ကျယ်နဲ့.!စောင်ဘဝင်ရူး!!သက်ဝေယံ စိတ်ထဲကအသံတိတ်ရေရွတ်လိုက်မိသည်..။
"ထားတော့!နောက်တစ်ခု.."
"အင်း..!!"
"မနေ့ညကဘာလို့ဖုန်းမဆက်လဲ??"
ဖုန်းဆိုမှဟိန်းထက်ယံဖုန်းမဖွင့်ရသေးတာသတိရလိုက်မိသည်..။မနေ့ညက ဝင်းမြင့်ရော..မြတ်မွန်ရော..နှင်းပွင့်ရောမေလေးရော..လေးကောင်သားအကြီးအကျယ် ဝိုင်းဆက်နေကြသည်မို့မူးပြီးfeelနေတာတောင် ကောင်းကောင်းမfeelရ၍ဟိန်းထက်ယံစိတ်တိုပြီးစက်ပိတ်လိုက်မိတာ ခုထိပြန်မဖွင့်သေး..။
"ဆက်ရင်ရောကိုင်မှာမို့လို့လား?"
ဟိန်းထက်ယံပြန်ဖြေရင်းအိတ်ထဲက ဖုန်းကိုဆွဲထုတ်ပြီး စက်ဖွင့်လိုက်သည်။
"ကိုင်တာ မကိုင်တာ ကျွန်တော့်အလုပ်ဆက်ရမှာ ခင်ဗျားအလုပ်လေ"
"ဘာ....!!"
သက်ဝေယံကိုပြန်လှည့်ကြည့်လိုက်တော့မချိုမချဉ်မျက်နှာပေးနှင့်..။တတ်လဲတော်တော်တတ်နိုင်တယ်။ဆက်ပေးရမှာခင်ဗျားအလုပ်တဲ့..။
"Oralအတွက်စာလုပ်နေရတယ်..မအားဘူး."
စကားလုံးသိပ်မလှပေမဲ့လည်းအဆင်ပြေလောက်သည့်မုသားစကားနဲ့ဆင်ခြေတစ်ခုပေးလိုက်မိသည်။တကယ်တော့မနေ့ညကဟိန်းထက်ယံဘယ်လောက်ထိကွဲပြဲနေလဲဆိုတာကိုယ့်အကြောင်းကိုယ်အသိဆုံး။စာရွက်ကိုင်ဖို့နေနေသာသာစာကြည့်စားပွဲမှာတောင် မတ်မတ်မထိုင်နိုင်ဘူး..။ဖုန်းကြီးတွေ့နေရရင် နေ့လည်ကကိစ္စဖြစ်ပြီးတာတောင် သောက်မှတ်မရှိဘဲမူးမူးနဲ့ ..ဆက်မိနေမှာစိုးလို့မမြင်နိုင်လောက်သည့်နေရာ အဝတ်ပုံထဲပစ်ထည့်ခဲ့ရတာ။မနတ်မှကမန်းကတမ်းပြန်ကောက်ခဲ့ရသည့်အဖြစ်။
"Oralဆိုမှ ခင်ဗျားကိုသတ်ချင်နေတဲ့ကိစ္စရှိတယ်.."
တိန်!ဟိန်းထက်ယံ ထပ်တိန်ရပြန်ပြီ...။
"ခင်ဗျားကြောင့်ဆွဲဖြဲလိုက်မိတဲ့စာရွက်ထဲကအပုဒ်တွေချည်းဘဲကျွန်တော့်ကိုမေးသွားတယ်..အဲ့တာခင်ဗျားသိလား???!!"
မေးကိုငေါ့..နူတ်ခမ်းကအရှေ့ကိုတစ်တောင်လောက်စူထွက်လာပြီး ဟိန်းထက်ယံကိုပြေးထိုးတော့မည်..။စွာစိကိုလန်နေတာဘဲ..။
"ဘာ??ငါ့ကြောင့်???"
ဟိန်းထက်ယံ နားမလည်နိုင်တော့..။ဘယ်လိုဖြစ်ပြီး...
"ဟုတ်တယ်!..ခင်ဗျားဖုန်းမဆက်တော့စိတ်တိုပြီးတော့...."
သက်ဝေယံမျက်လုံးလေးအဝိုင်းသားနဲ့စကားပြောနေရင်း ရပ်သွားသည်..။ဟိန်းထက်ယံမျက်တောင်လေးတဖျတ်ဖျတ်နှင့်ကြောင်တောင်တောင်မျက်လုံးဝိုင်းဝိုင်းလေးကိုပြန်ပြူးပြီးကြည့်နေရင်းနဲ့
"ဆက်ပြောလေ .."
"အယ်..ဘာမှဟုတ်တော့ဘူး..မပြောခဲ့ဘူးသဘောထားလိုက်.."
"တီ..တီ!တီတီ..တီ..တီ. !တီ.."
အသံဗလံပေါင်းမြောက်မြားစွာPhထဲကထွက်လာသည်မို့ခုနက သက်ဝေယံပြောသည့်စကားကိုဂရုမစိုက်နိုင်တော့ဘဲ ဟိန်းထက်ယံဖုန်းကိုကောက်ကြည့်လိုက်မိသည်။ငင့်...mesgတွေက 99+ဖြစ်နေသည်။ဖွင့်ကြည့်လိုက်တော့..မြတ်မွန်..နှင်းပွင့်..မေလေး..ဝင်းမြင့် ဆိုတာတွေချည်းထပ်နေသည်..။
"မနေ့ကအမမြတ်မွန်ဖုန်းဆက်တယ်.."
Mesgတွေဝင်နေတာကိုတွေ့သွားတော့သက်ဝေယံလေပြည်လေးနှင့်ပြောလာသည်..။
"အဲ့ကောင်မဘာဆေးတွေလာထိုး???"
ဖုန်းထံမှအကြည့်လွှဲလိုက်ရင်း ပြောလိုက်တော့
"ခင်ဗျားကလဲ အမမြတ်မွန်ကိုဆိုမကောင်းပြောဖို့ချည့်ဘဲ"
အမယ်..မြတ်မွန်ကိုထိတော့သူ့မျက်စောင်းကဒိုင်းခနဲပစ်ဝင်လာသည်..။ငါ့ကိုလဲမြတ်မွန်ရဲ့၁ဝပုံ၁ပုံလောက်လေးအကောင်းမြင်ပေးရင်အရမ်းကောင်းမှာဘဲ..။တွေးနေရင်း
"Baby..I'm perfect🎶"
ဖုန်းသံကထမြည်ရာကြည့်လိုက်တော့ နှင်းပွင့်သက်ဝေယံကကိုင်လိုက်လေဆိုတဲ့သဘောနဲ့မျက်စလေးပစ်ပြသည်..။
"Hello..!"
"ဟိန်းထက်ယံလား??"
"နင်အခုဆက်နေတာဟိန်းထက်ယံမဟုတ်လို့နင်ရဲ့မရှိတဲ့ရည်းစားလား??"
ဟိန်းထက်ယံဆီဖုန်းဆက်ပြီးဟိန်းထက်ယံလား လို့ လာမေးနေမှတော့နဲနဲလူကလွတ်လာသည်..။
"အကောင်းပြောမှာ..ဟဲ့အကောင်!မနေ့ကမြတ်မွန် နင့်ကိုတင်းနေတယ်..!ဖုန်းဆက်တာမကိုင်တဲ့အပြင်ဖုန်းပါစက်ပိတ်သွားလို့.."
"အားအားယားယား..ငါကသူဆက်တိုင်းကိုင်စရာလား??"
"ေဩာ်..ဟုတ်ပီ..အားအားယားယားမနေ့ကသူပြောပေးလိုက်တာဟိုကလေးကနင့်ကိုဒီနေ့အဖြေပေးမယ့်ကိစ္စနင်သိလား??"
"ဘာ!!!"
ဟိန်းထက်ယံအော်သံဘယ်လောက်တောင်ကျယ်သွားလဲမသိ..။ဘေးမှာထိုင်နေတဲ့သက်ဝေယံပါတုန်တက်သွားသည်။ဟိန်းထက်ယံအံ့ဩတကြီးလေသံနဲ့
"တကယ်?"
"ဆယ်ကယ်..ဆယ်ကယ်.!!."
ဟိန်းထက်ယံသက်ဝေယံဘက်ကိုချက်ချင်းလိုလှည့်ကြည့်လိုက်တော့သက်ဝေယံက မျက်မှောင်ကုတ်ကြည့်နေသည်..။ဟိန်းထက်ယံလေသံလေးပြန်လျှော့ချပြီးနှင်းပွင့်ကြားရုံအသံလောက်လေးနဲ့
"နင်တို့ကလဲ..ဟီး..စောစောမပြောဘူး.."
"စောစောပြောရအောင်နင့်ဖုန်းကအခုမှဖွင့်ပြီးတော့..mesgတွေပို့ထားတာမမြင်ဘူးလား??"
"အေးပါ..အေးပါ..ငါဖုန်းချလိုက်မယ်နော်အခုသူရှိနေလို့.."
အခုနေ ဟိန်းထက်ယံမျက်နှာကိုများကြည့်လျှင်တစ်လောကလုံးကမိူတွေအကုန်ပိုင်ထားသည့်ရုပ်ဖြစ်နေမှာသေချာသည်..။ဟိန်းထက်ယံဖုန်းချလိုက်ပြီးမျက်နှာထားကို ပုံမှန်ပြန်ထားလိုက်ကာ
"အဟမ်း..ဘာပြောစရာရှိသေးလဲ??"
သက်ဝေယံနားရွက်ကိုလက်နဲ့ကုတ်လိုက်ပြီး ခဏစဉ်းစားဟန်ပြုပြီးမှမျက်နှာလေးငယ်ကျသွားကာ
"ဟို...တကယ်တော့မနေ့ကကိစ္စကိုပြောချင်တာစကားမစပ်မိလို့ကျွန်တော်တကယ်တောင်းပန်ပါတယ်လို့.."
ေဩာ်..တောင်းပန်စရာမလိုပါဘူး။ကလေးရယ်..။သက်ဝေယံ မျက်နှာလေး ငယ်ကျသွားတာကိုဟိန်းထက်ယံမကြည့်ရက်.။သို့သော်..
"ရပါတယ်ငါလဲဘာမှမဖြစ်ပါဘူး.."
ထွက်လာတဲ့စကားကပြောချင်တဲ့စကားနဲ့တခြားစီ။တကယ်ဖြစ်မဖြစ်ဆိုတာ ဟိန်းထက်ယံကိုယ်တိုင်အသိဆုံး။ရအောင်မေ့ပစ်မယ်လို့ကြုံးဝါးပြီးဘီယာဘူးတွေနဲ့ပျော်ပါးနေမိတဲ့အထိ။မူးမူးနဲ့မြင်ချင်ရာတွေလဲလျှောက်မြင်နေတာတော့ရိပ်တိတ်တိတ်မှတ်မိနေသည်..။သက်ဝေယံသွားလေးဖြဲပြလိုက်ရင်း
"တကယ်ကြီးဘာမှမဖြစ်ဘူးလား??"
"အနဲ နဲ့အများတော့ခံစားရတာပေါ့..ဘာလဲ??မင်းက ငါဓားနဲ့ကိုယ့်ကိုယ်လှီးပြီးသတ်သေမယ်လို့ထင်နေလို့လား?"
ဟိန်းထက်ယံဘုဂလန့်ပြန်ပြောချလိုက်တော့
"ခင်ဗျား မသေမှန်းလဲသိပါတယ်.."
နှာခေါင်းလေးရူံ့ပြနေသည်မို့သူ့နှာခေါင်းလုံးလုံးလေးကိုတောင် ဟိန်းထက်ယံ အသဲယားပြီးဆွဲညှစ်ချင်စိတ်ပေါ်လာသည်..။အဖြေပေးမယ်ဆိုပြီးစကားစကပြန်ပြတ်သွားလေသည်။
"ဟို..."
ဟိန်းထက်ယံဘက်ကစကားလေးစလိုက်တော့သက်ဝေယံမျက်လုံးလေးထောင့်ကပ်ကြည့်သည်..။
"အဖြေပေးမယ်ဆို???"မျက်နှာထားကိုအချိူဆုံးထားလိုက်သည်မှာပျားရည်သုတ်ပြီးသကြားကပ်ထားရင်တောင်ဟိန်းထက်ယံရဲ့အခု မျက်နှာလောက်ချိုမှာမဟုတ်..။သက်ဝေယံခေါင်းလေးငုံ့လိုက်ရင်း
"အင်း..ကျွန်တော်အဲ့ကိစ္စ မနေ့ညတည်းကစဉ်းစားထားပါတယ်"
Yesssssss!ဟိန်းထက်ယံတို့ ကံတွေထနေတာဆိုတာခုနေများထခုန်ပစ်လိုက်ရင်EBဆောင် ခေါင်မိုးပေါ်များရောက်သွားမလားမသိ။ထကချင်စိတ်တွေတောင်ပေါ်လာပေမဲ့အဖြေရပီးမှဘဲ ကပါတော့မယ်လေလို့စဉ်းစားပြီးမျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားလိုက်ပြီး
"အင်း..အခုပေးလေ.."
"အင်း..စဉ်းစားမယ်လေ.."
သက်ဝေယံခေါင်းလေးတစ်ချက်ညိမ့်ပြီးဟိန်းထက်ယံဘက်လှည့်ကြည့်ပြီးပြောလိုက်သည်..။
"အင်း ..စဉ်းစားထားတယ်ဆို"
"အင်း..ဟုတ်တယ်လေစဉ်းစားထားတယ်ဆိုတာအဖြေလေ.."
တိန်!!အဖြေက စဉ်းစားတာ????ဟိန်းထက်ယံသက်ဝေယံကိုနားမလည်နိုင်စွာကြောင်ပြီးကြည့်နေလိုက်တော့
"အမမြတ်မွန်ကမနေ့ညက ခင်ဗျားခံစားချက်တွေကိုနားလည်ပေးဖို့ဘဲပြောခဲ့တာ..လက်ခံပေးဖို့မပြောထားဘူး.."
စောင်မြတ်မွန်မ!!လတ်စသတ်တော့ဒင်းလက်ချက်ကိုး!!ပို့မယ့်ပို့ ကူးတို့ရောက်အောင်ကို မပို့ဘူး။ဟိန်းထက်ယံမျက်နှာကြီးတစ်ခုလုံးမည်းသွားသည်။ပြီးမှပြန်စိတ်လျှော့ချလိုက်ပြီး..ဟူး...မဆိုးပါဘူး...။စဉ်းစားမယ်ဆိုတော့လဲ အငြင်းခံရတာထက်စာရင်တော့ မျှော်လင့်ချက်ရှိပါသေးတယ်..။ဟိန်းထက်ယံအပြာရောင်ခုံတန်းပေါ်မှာနောက်မှီထိုင်နေရင်းတည့်တည့်ကိုသာကြည့်နေလိုက်သည်..။
"ပြီးတော့ ခင်ဗျားလိုမျိုး မျက်နှာရူး နှာဘူးဘဝင်ရူး ကြောင်တောင်တောင် ဂေါက်တောက်တောက်..ကပ်စေးနဲ..ကော်တရာ"
ပြောချလိုက်တဲ့ဘွဲ့တွေကတသီတစ်တန်းကြီး
"ကုန်ပြီလား??ငါ့ရဲ့ဂုဏ်တွေ.."
ဟိန်းထက်ယံမျက်မှောင်ကုတ်ကြည့်ရင်းသက်ဝေယံဘက်လှည့်ကာရွဲ့ပြောလိုက်တော့သက်ဝေယံ စကားစရပ်သွားသည်..။ပြီးတော့မှ.
"ကျန်သေးတယ်..ဆက်မပြောတော့ဘူး!အဲ့လိုလူမျိုးကို လက်ခံပေးနိုင်ဖို့အချိန်လိုတယ်!!စဉ်းစားရမယ်.."
လက်ညိုးလေးထောင်ပြီးခေါင်းလေးတဆတ်ဆတ်ညိမ့်နေသောအဲ့ကလေးကိုကြည့်နေရင်းဟုတ်ပါပီ..မောင်မင်းကြီးသားရယ် .မိန်းမတွေထက်တောင် စေ့စပ်နေသေးတယ်..။ဟူး..စဉ်းစားတယ်ဆိုတော့လဲ..စဉ်းစားပေါ့။
"အချိန်ဘယ်လောက်ကြာကြာစဉ်းစားမှာလဲ??"
ဟိန်းထက်ယံမေးလိုက်တော့
"အင်း...ခင်ဗျားပေါ်မူတည်တယ်ခင်ဗျားအချိုးပြေရင်ပြေသလိုပေါ့"
အေးပါကွာ....။အချိုးပြေရင်ပြေသလိုတောင်ဆိုဘဲ..။ဟိန်းထက်ယံမျက်နှာကိုလက်တစ်ဖက်နှင့်အုပ်ပြီးပွတ်လိုက်မိသည်..။သက်ဝေယံက နှာခေါင်းလေးရူံ့ပြီး
"ခင်ဗျားမျက်နှာကပျော်တဲ့ပုံလဲမပေါ်ဘူး"
"ငါကရုပ်ရှင်တွေထဲကလိုထက ရမှာလား??Oral ၃ပုဒ်ဘဲရသေးလို့ စိတ်ညစ်ရတဲ့အထဲ.."
ဘုရား..ဘုရား...။ဒီလူကြီး..သက်ဝေယံ မျက်ခုံးတွေပင့်တင်သွားပြီး
"၁၁ပုဒ်မှာ ၃ပုဒ်???ခင်ဗျားကျပြီ..!"
"ကျစရာအကြောင်းကိုမရှိဘူးမဲနိူက်ရမှာ.."
ဟိန်းထက်ယံ သက်ဝေဘက်ကိုပြန်လှည့်ပြီး စွာနေတုန်း။
"ဘုန်း!!!"
ဖျင်းခနဲကျိန်းစပ်သွားတဲ့ခံစားချက်နဲ့အတူမြတ်မွန်၏လက်ဝါးစာဆိုတာသိလိုက်ရသည်..။
"မြတ်မွန်မ!!နင်လက်မပါလို့မရဘူးလား??"
ပြန်လှည့်ပြီးကုန်းအော်ပစ်လိုက်တော့သူရဲ့ပုခုံးကျော်လောက်ဆံပင်ဝဲဝဲလေးတွေကို တစ်ချက် လက်နဲ့သပ်တင်လိုက်ပြီး
"သေနာကောင်..ငါ့လာအော်မနေနဲ့မေလေးပြီးရင်နင့်အလှည့်လေ..!"
နာရီကိုကမန်းကတန်းကြည့်လိုက်တော့1 pmကျော်ပြီး 15 မိနစ်ဖြစ်နေပြီ။
"ဟုတ်သား...အိတ်ဒီမှာဘဲထားခဲ့မယ်နော်.ငါသွားတော့မယ်..."
ကမန်းကတန်းကောက်ထ..ပုဆိုးကိုပြင်ဝတ်နေတုန်း..သက်ဝေယံက
"တကယ်သွားတော့မှာလား??~~~"
"တကယ်မသွားရင်ကျသွားမှာပေါ့..!!ဒါပေမဲ့မင်းအဲ့မှာဘဲထိုင်စောင့်နေ"
မျက်လုံးလေးအဝိုင်းသားနဲ့
"ထိုင်စောင့်ရမယ်???"
ဒီကလေးကတော့..စောင့်နေပါဆိုမှဘဲ..။
"အင်း..စောင့်နေ..ခဏနေပြန်လာခဲ့မယ်.."
ဟိန်းထက်ယံOralဖြေမယ့်အခန်းထဲသို့အပြေးအလွှားသွားရသည်..။လမ်းမှာ မေလေးနှင့် နှင်းပွင့် နှင့်တိုးတော့
"မြန်မြန်သွား..နင့်နာမည်ကိုခေါ်နေပြီ"
နှင်းပွင့်က လက်မောင်းကိုလှမ်းရိုက်ပြီးပြောတာတောင်ခေါင်းဘဲညိမ့်ပြနိုင်လိုက်သည်..။
"Sensei..ကျွန်တော်ဒီမှာ.."......Oralလဲဖြေပြီးရောဟိန်းထက်ယံ ခုနကပန်းခြံနေရာကိုအမြန်ပြေးရသည်...။ဟိုသုံးကောင်နှင့်သက်ဝေယံဘာတွေပြောပြီး ပွဲကျနေလဲမသိ..။ဟိန်းထက်ယံကိုလှမ်းမြင်တော့ တခွိခွိနဲ့သက်ဝေယံနားကပ်ပြီးခပ်တိုးတိုးပြောနေသည်။သူတို့အနားတဖြည်းဖြည်းတိုးကပ်သွားတော့ဟိန်းထက်ယံကိုကြည့်နေတဲ့မျက်နှာပေးတွေကမချိုမချဉ်..ပြုံးစိပြုံးစိနှင့်။
"နင်တို့ဘာတွေပြောနေတာလဲ??"
သူတို့ကိုလှမ်းပြောရင်နေရာရှာလိုက်တော့တစ်နေရာမှထိုင်စရာမတွေ့။ ခုနကဟိန်းထက်ယံထိုင်နေတဲ့ခုံတန်းမှာလဲသူတို့စလင်းဘတ်အိတ်တွေနှင့်ပြည့်နှက်နေသည်..။ပိုစိတ်တိုတာကမြတ်မွန်မက သက်ဝေယံဘေးမှာကပ်ထိုင်နေခြင်း။ကပ်သည်မှ တော်တော်ကိုကပ်တာ.။ပေါင်ပေါ်တက်မထိုင်ရုံတမယ်ဘဲ..။တမင်တကာကိုဟိန်းထက်ယံကိုကလိကလိဖြစ်အောင်လုပ်နေမှန်းဟိန်းထက်ယံသိနေသည်..။
"ငါတို့လား??နင်..သက်ဝေယံလေးကိုဘယ်လောက်ချစ်ကြောင်းပြောနေတာ.."
မျက်နှာကို ပြုံးတုံ့တုံ့ မပြုံးတုံ့တုံ့လုပ်ပြီးပြောနေသော နှင်းပွင့်မျက်နှာကြောင့်ဟိန်းထက်ယံ ခံစားချက်တွေ ပိုဆိုးရွားလာသည်။မြတ်မွန်ကအရင်စလိုက်ပြီး
"ကဲ..ပြောကြည့်လိုက်ပါအုံး..သဲတို့ရေကန်တင်းရှေ့က သစ်ပင်ကြီးကိုဖက်ပြီးငိုတဲ့အကြောင်းလေး.."သေစမ်း!!ဟိုအကောင်ဝင်းမြင့် သွားပြောထားပြန်ပြီခွေးကောင် ပါးစပ်ကိုဖွာတယ်..ဟိန်းထက်ယံ ဝင်းမြင့်ကိုကြိတ်ဆဲနေတုန်းမေလေးကပါထပ်ပြီး.."ထပ်ပြောကြည့်ပါအုံး အ feel လွန်ပြီး..လူရုပ်သူရုပ်တောင်မပေါက်တော့တဲ့အကြောင်းလေး.."ဟိန်းထက်ယံကိုဝိုင်းပြီးဟာသလုပ်နေသည်မှာရစရာကိုမရှိတော့..သက်ဝေယံကတော့သူတို့တစ်ခါပြောတိုင်းတစ်ခါထထရယ်နေလေသည်..နောက်ဆုံး နှင်းပွင့်က"ကဲ..ထပ်ပြောကြည့်ပါအုံး!!မြင်မြင်သမျှသက်ဝေယံဖြစ်နေပြီးရေခွက်ထဲကရေတောင်စေ့စေ့မကြည့်ရဲတဲ့အကြောင်းလေး.."သေပြီ...သေပြီ...မရှိမယ့်ရှိမယ့် အရှက်လေးတွေအကုန်ရေစုန်မျောပြီ...အဲ့ကလေးရှေ့မှာတစ်ချိန်လုံး Styleကြီးနဲ့နေခဲ့တာ..ခုတော့သွားပီ. T_Tသက်ဝေယံတစ်ယောက်ကတော့ဗိုက်ကိုနှိပ်ပြီး ကုန်းပြီးကို အော်ရယ်နေရင်းနဲ့ကို"အဟက်..အဟက်..ခင်ဗျား ကျွန်တော့်ကိုအဲ့လောက်ချစ်မယ်လို့မထင်ခဲ့ဘူး..""နင်တို့တွေပါးစပ်ပိတ်မှာလား??ငါ့မြက်တွေနူတ်ပြီးပါးစပ်ထဲပစ်ထည့်ရမလား??"ဟိန်းထက်ယံပိတ်ဟောက်လိုက်တော့သုံးယောက်က မျက်လုံးလေးတွေပြူးပြီးပါးစပ်ပေါ်ကိုလက်တစ်ဖက်အသာလေးတင်လိုက်ဟန်လုပ်ပြသည်..တမင်တကာကိုရွဲ့ပြီးလုပ်ပြနေခြင်း.."ခင်ဗျားကလဲစိတ်ချည့်ဘဲ..""အေးလေနော်..jujuတောင်ပြောနေပြီ"အောင်မာ..အောင်မာ မြတ်မွန်ကလှမ်းပြောပြီး သက်ဝေယံပုခုံးကိုတောင်အသာဖက်လိုက်သည်အဲ့သောက်ကလေးကလဲသာယာနေသည်မှာမျက်နှာကြီးကိုဖြဲလို့နှင်းပွင့်ကသူ့မျက်မှန်လေးကိုအသာပင့်တင့်လိုက်ရင်း"ငါတို့ကအကောင်းနဲ့ နင်သူ့ကိုဘယ်လောက်ချစ်ကြောင်းပြောပြနေတာပါဟာအဲ့တာမှအဖြေမြန်မြန်ရမှာပေါ့လို့..ဟုတ်ဘူးလား??"ချစ်ကြောင်းပြောတာတခြားဟာတွေပြောပါလား?အဲ့ရူးကြောင်ကြောင် အကြောင်းတွေကိုမှပြောရလား??သို့သော်..ဟိန်းထက်ယံအဲ့ကိစ္စကို ဆက်ပြီးနှင်းပွင့်နှင့်ပြိုင်ပြောမနေတော့အဲ့ထက်အရေးကြီးတာရှင်းရမည်..။
"မြတ်မွန်! နင်အခုချက်ချင်းအဲ့နေရာကဖယ်"
မြတ်မွန်မျက်ခုံးပါးပါးလေးပင့်တက်သွားပြီးသက်ဝေယံဘက်ပိုတိုးကပ်ထိုင်လိုက်ကာ
"အလိုတော်..ငါထိုင်နေတာလေ!ဘာလို့ဖယ်ရမှာလဲ??"
"ဖယ်ဆိုဖယ်ဟာ..!!!"
ဟိန်းထက်ယံကုန်းအော်လိုက်တော့မေလေးက ဟိန်းထက်ယံလက်ကိုဆောင့်ဆွဲလိုက်သည်မို့လဲကျမတတ်ဖြစ်သွားသည်..။ပြီးမှမေလေးက သူ့နားသို့ဆွဲကပ်ပြီးနား အနားသို့ လေသံတိုးတိုးလေးနဲ့..
"လေသံလျှော့ပြောပါ..ဆရာရယ်နင်အဲ့ကလေးဆီကအဖြေမရသေးဘူးနော်..ငါတို့ကိုလိုနေသေးတယ်ဆိုတာမမေ့နဲ့.."
မြတ်မွန်ကိုလှမ်းကြည့်တော့မျက်ခုံးတစ်ဖက်ပင့်ပြပြီး မဲ့ပြုံးပြသည်..။ငါတို့မရှိရင် နင်မဖြစ်ပါဘူးဆိုတဲ့အထာနဲ့။ငါလေဟာ..အစတည်းကအဲ့ကလေးမှမရလဲရူးပါစေဆိုပြီးအရူးခံခဲ့ရင်တောင် ဒီလောက်နှိပ်စက်ခံရမှာမဟုတ်..။မေလေးကပြောစရာရှိတာပြောပြီးခုံပေါ်မှာဒူးချိတ်ပြီးပြန်ထိုင်နေသည်..။ဟိန်းထက်ယံခေါင်းကိုကုတ်လိုက်ပြီးမတတ်နိုင်တော့ဘူး!အစက ပန်းခြံမှာအေးအေးဆေးဆေးထိုင်ပြီးစကားပြောမလို့အခုတော့ ဒီသုံးကောင်ဝင်ရူပ်သည်နှင့်အစီအစဉ်ပြောင်းရတော့မည်။
"နင်မထချင်လဲနေတော့သူတော့ထရမယ်.."
ဟိန်းထက်ယံ သက်ဝေယံလက်ကိုဆွဲပြီး အတင်းထခိုင်းတော့နှင်းပွင့်ကမျက်လုံးပြူးမျက်ဆံပြူးနဲ့
"နင် ကလေးကိုဘယ်ခေါ်သွားမှာလဲ??"
မေလေးကခုံပေါ်ကနေဝုန်းခနဲထရပ်လိုက်ပြီး
"ဟဲ့အကောင်..ပေါက်တတ်ကရနေရာတွေခေါ်သွားမယ်မကြံနဲ့နော်"
မြတ်မွန်ကတော့ ခုံမှာထိုင်ရင်းနဲ့ကိုသက်ဝေယံလက်တစ်ဖက်ကို အတင်းနင်းကန်ဆွဲထားလေသည်..။သူတို့ပေါက်ကရတွေးပြီးပြောနေတာကအကြောင်းမဟုတ်။ကလေးကလန့်သွားမှဖြင့်။သက်ဝေယံလည်း အလယ်မှာကားယားကြီးဖြစ်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတော့။
"လျှောက်တွေးမနေနဲ့..လှည်းတန်းcentreသွားပြီး Ramen သွားစားမလို့!"
Ramenဆိုတဲ့အသံကြားတာနဲ့သက်ဝေယံမျက်လုံးလေး အရောင်တောက်သွားသည်..။အဲ့လူကြီးကအလိုက်တော့သိသား..။၁၂နာရီ oralပြီးတည်းကဘာမှမစားဘဲထိုင်စောင့်နေရတာ..။
"အာ့ဆို ငါလိုက်မယ်!"
မြတ်မွန်ကအော်ပြီးခုံပေါ်ကနေထရပ်ကာထဘီကိုတောင်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေသည်..။
"ဟာ..!"
"ငါလဲလိုက်မယ်"
နှင်းကလဲ ညာဘက်လက်ဝါးလေးထောင်ပြရင်းပြောသည်..။
"ငါပါလိုက်ရမှာပေါ့"
မေလေးကပါ ပြောလာသည်မို့
"နင့်ဘဲလာမကြိုဘူးလား??"
သူ့ဆံပင်အရှည်ကြီးတွေကိုသူလက်နှင့် ရှင်းလိုက်ရင်း
"ကိစ္စမရှိဘူး..နင်တို့နောက်လိုက်ရမယ်ဆိုငါသူနဲ့ချိန်းတာဖျတ်လိုက်မယ်.."တိန်!ဟိန်းထက်ယံကိုနှိပ်စက်ရမည်ဆိုရင်သူတို့ ဘာဆိုဘာမှ ဂရုစိုက်မည့်ပုံမပေါ်။ဟိန်းထက်ယံသက်ပြင်းတစ်ခုကိုသာရိူက်ချလိုက်ရသည်..။အဲ့နေ့ကဟိန်းထက်ယံ Ramen ငါးပွဲစာ ရှင်းခဲ့ရလေသည်..။