Page 441-444
Page-441
ကံကောင်းစွာနဲ့ သူမအဒေါ် သူ့အကြောင်းသိပ်တော့မပြောဘူး။ သို့ပေမယ့် သူမလူ့ပြည်ကိုထွက်သွားတဲ့အကြောင်းကို သုံဟွာသိသွားလောက်ပြီထင်တယ်လို့ ပြောလာတဲ့တစ်ကြိမ်တော့ ရှိဖူးတယ်။
သီကျွင်းရဲ့နည်းလမ်းကို ပိုင်ချန်း တကယ်လေးစားမိတယ်။ အဲ့ဒီနေ့က ချင်းချူမှာ သုံဟွာသူမကိုရှာမတွေ့တော့ ချက်ချင်းပဲကောင်းကင်ဘုံသို့ပြန်ပြီး ကောင်းကင်မင်းကြီးထံမှ တရားဝင်အမိန့်စာနှစ်ခုကိုယူကာ ထိုက်ချန်နန်းတော်က Yupu ချိတ်တံဆိပ်နဲ့အတူ အကြီးအကဲနတ်မင်းနှစ်ပါးကို နတ်ဆိုးမျိုးနွယ်နဲ့ သရဲမျိုးနွယ်တို့ထံ သွားပို့ခိုင်းခဲ့တယ်။ နတ်ဆိုးဘုရင် ၇ ယောက်နဲ့ သရဲမျိုးနွယ်ဘုရင်လီဂျင်း(ပိုင်းချန်း ex လေ)တို့လဲ အမိန့်စာရရှိတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့နယ်မြေအသီးသီးတွေမှာ အင်အားသုံးပြီးရှာဖွေကြတာပေါ့။ ထိုအမိန့်စာတွေထဲမှာ ဘာတွေရေးထားလဲဆိုတာတော့ ပိုင်ချန်းလဲမသိဘူး။
ကြည့်ရတာ နယ်မြေတွေအားလုံးကို ပိုက်စိပ်တိုက်လှန်လှောရှာဖွေနေပုံထောက်ရင် တစ်လောကလုံးက သူ့ရဲ့သတို့သမီးလေးပျောက်နေတာကိုသိသွားမှာ သီကျွင်းဂရုစိုက်ပုံမရဘူးထင်ပါရဲ့။ သို့သော်လဲ ထိုကဲ့သို့အင်အားသုံးရှာဖွေခြင်းက အကျိုးသက်ရောက်မှုရှိတာတော့ အမှန်ပဲ။ တစ်လောကလုံးကို စောက်ထိုးမိုးမျှော်မြေလှန်ဖို့ နှစ် ၁၈၀ ကြာခဲ့တယ်။
မသေမျိုးကမ္ဘာတစ်ခုလုံးကို နှစ်ခြမ်းခွဲရှာဖွေတာတောင် သူမအရိပ်အယောင်ကိုမမြင်ရသေးဘူးဆိုတော့ သူမဘယ်မှာပုန်းနေလဲ သီကျွင်းသေချာပေါက်စဉ်းစားမိမှာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် သူမလူ့ပြည်မှာပုန်းနေတယ်ဆိုတာ သူသိရင်တောင်မှ လူ့ပြည်က ကမ္ဘာပေါင်းသန်းနဲ့ချီပြီးရှိတာမလို့ Miaohua မှန်ရှေ့မှာ တစ်နေကုန်ထိုင်ပြီး ကမ္ဘာတစ်ခုချင်းစီကိုစစ်ဆေးရှာဖွေရင်တောင် သူမရဲ့တည်နေရာတွေ့ရှိမှုကို အာမခံနိုင်မှာမဟုတ်ဘူးဆိုပြီးတောင် ပိုင်ချန်း စာထဲမှာနောက်ထားသေးတယ်။ ပြီးတော့လဲ Miaohua မှန်က အနီရောင်နတ်ဆိုးမျိုးနွယ်ကို ပေးပစ်လိုက်ပြီလေ။ သူမကြားရသလောက် ထိုနတ်ဆိုးမျိုးနွယ်လဲ အဲ့ဒီမှန်ကိုချိတ်ဖို့အဆင်ပြေမယ့်နေရာ ခုထိမတွေ့သေးဘူးလို့ကြားတယ်။ Miaohua မှန်ကလဲ ဖြုတ်ဖို့သာလွယ်တာ ပြန်ချိတ်ဖို့ကအတော်လေးခက်တာကိုး။ သီကျွင်းကိုယ်တိုင်လာပြီးချိတ်ပေးရင်တောင် အဲ့ဒီလိုခမ်းနားကြီးကျယ်လှတဲ့ရေတံခွန်မျိုးကိုဆောက်လုပ်ဖို့ ရာစုနှစ်များစွာအချိန်ယူရအုန်းမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအားလုံး သူလုပ်တဲ့ပြဿနာတွေပဲလေ။
စာရဲ့အဆုံးမှာတော့ ပိုင်ချန်း မကြာသေးခင်က သုံဟွာနဲ့အမှတ်မထင်ဆုံဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြထားလေတယ်။ သူမမြင်ရသလောက် သီကျွင်းရဲ့ပုံစံက အတော်လေးအခြေအနေဆိုးရွားနေသလိုပဲတဲ့။ လူလဲအတော့်ကိုပိန်သွားပြီး မျက်နှာလဲ အတော်လေးချောင်ကျသွားတယ်လို့ပြောတယ်။ သို့သော် ကောင်းကင်ဘုံမှာ ခုရက်ပိုင်း ရာသီဥတုအခြေအနေကလဲ သိပ်မကောင်းလှဘူးဆိုတဲ့စကားကို ချက်ချင်းနောက်ကထည့်ရေးထားတာကို တွေ့ရတယ်။ အဲ့ဒီတုန်းက သူမတောင်မှ အဖျားမိလိုက်သေးတာ၊ သီကျွင်းလဲအဖျားမိတာပဲထင်ပါရဲ့တဲ့။
Page-442
ထိုစာကိုရရှိချိန်မှာ ဖုန်းကျို ပိုင်ဂွန်းဂွန်းလေးနဲ့အတူ တောင်ထိပ်မှာထိုင်ပြီး လေတွေ၊ လျှပ်စီးတွေအသံကိုနားထောင်နေတဲ့အချိန်ဖြစ်တယ်။ တောင်ထိပ်မှာ မိုးကြိုးလျှပ်စီးတွေ တဖျတ်ဖျတ်ရိုက်ခတ်နေပုံက လူ့ပြည်ကလူတွေ အခမ်းအနားပွဲတွေမှာတီးလေ့ရှိတဲ့ ဗုံသံတွေအလားပဲ။ ပိုင်ဂွန်းဂွန်းလေးလဲ ဝမ်းသာပီတိဖြစ်မှုတွေနဲ့အတူ နားထောင်လို့နေလေတယ်။ လေထဲမှာ သူ့ရဲ့ဆံပင်တွေဖရိုဖရဲလွင့်ပျံနေပေမယ့် သူ့ရဲ့မျက်နှာကတော့ တည်ကြည်လေးနက်မှုအပြည့်နဲ့ စိတ်လှုပ်ရှားစွာ ရင်တွေတဒိန်းဒိန်းခုန်လို့နေတယ်။
မိုးသက်လေပြင်းတွေကြားမှာပဲ ဖုန်းကျို စာတစ်စောင်လုံးကို ဖတ်ရှုခဲ့တယ်။ ရာစုနှစ်တစ်ခုအကြာကနဲ့စာရင် သူမအတော်လေးတည်ငြိမ်သွားပါပြီ။ သုံဟွာသူမကို ခုလိုအရူးအမူးလိုက်ရှာနေတာက တကယ်ကိုရယ်စရာကောင်းပေမယ်လို့ အရမ်းနာကျင်လွန်းနေပြီဖြစ်တဲ့အတွက် သူမထွက်မသွားခဲ့ဘူး။ သူမတမင်ပုန်းရှောင်နေတယ်လို့ ထင်ကောင်းထင်ရင်ထင်လိမ့်မယ်။ ဒါပေမယ့် သူမမှဘာအမှားမှမလုပ်ထားတာ၊ ဘာလို့ပုန်းရှောင်နေစရာအကြောင်းရှိမှာလဲ? ပြီးတော့ခုလို သူမရဲ့တည်နေရာကို လျှို့ဝှက်ထားတာကလဲ သူမရဲ့ရည်ရွယ်မှမဟုတ်တာ။ ကျန်တဲ့ပိုင်မိသားစုတွေ သုံဟွာကို နာကျည်းချက်နဲ့ တမင်ပင်ပန်းအောင်လုပ်နေတာသာဖြစ်တယ်။ ဒါ့အပြင် သူမနဲ့သုံဟွာကြားမှာ ဘာပြောစရာမှမရှိတော့ဘူး။ နှစ်ယောက်သားထပ်ပြီးမတွေ့ကြတာက ဆိုးရွားတဲ့အရာမှမဟုတ်တာ။
လေပြင်းတွေကြားမှာ သူမ သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်တယ်။ ပြီးတော့လဲ သူမကိုယ်သူမ မွန်းကျပ်မိတာပဲအဖတ်တင်တယ်။
တကယ်တော့ သူမမသိခဲ့တာက ပိုင်ချန်း ထိုစာထဲမှာ တစ်စုံတစ်ခုမပြောဘဲချန်ထားခဲ့တယ်ဆိုတာပါပဲ။
နတ်ဘုရားမပိုင်ချန်း မကြာသေးခင်က သုံဟွာသီကျွင်းနဲ့ဆုံဖြစ်ခဲ့တာမှန်ပါတယ်။ သို့သော် အမှတ်မထင်ဆုံဖြစ်ခဲ့တာတော့မဟုတ်ဘူး။ အဲ့ဒီအစား သုံဟွာကိုယ်တိုင် သူမကို ကျောက်စိမ်းကန်ဆီ ကြာပန်းတွေကြည့်ဖို့ဖိတ်ကြားခဲ့တာဖြစ်လေတယ်။ သူမဟာ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ်လို့ သုံဟွာနဲ့ယှဉ်ရင် ဂျူနီယာလေးမျှသာဖြစ်တယ်။ ဝါအများကြီးပိုပြီးကြီးသူတစ်ယောက်အနေနဲ့ သူမကိုပန်းကြည့်ဖို့ရာစကားပါးဖို့ အခြားတစ်ယောက်ယောက်ကို လွှတ်လိုက်လို့ရပေမယ့် အဲ့ဒီနေ့က ဖိတ်ကြားစာကို သုံဟွာကိုယ်တိုင်ရေးပြီးပို့ခဲ့တာဖြစ်တယ်။ ခိုင်မာပြီးလှပပြေပြစ်တဲ့ လက်ရေးလေးတွေကိုကြည့်ရုံနဲ့တင် အထင်ကြီးလောက်စရာဝိသေသလက္ခဏာကို တွေ့လို့ရတယ်။
ကျောက်စိမ်းကန်ဘေးက အပန်းဖြေအိမ်လေးထဲမှာ လက်ဖက်ခြောက်ရနံ့က လေနဲ့အတူသင်းပျံ့လို့နေတယ်။ နှစ်ဦးသား ထိုင်ခုံမှာကိုယ်စီနေရာယူလိုက်ကြပြီး မကြာခင်မှာပဲ ရေနွေးငွေ့တွေကြားမှာ သုံဟွာ လိုရင်းကိုဆိုလာခဲ့တယ် "ရှောင်ပိုင် လူ့ပြည်ကိုထွက်သွားတာလား?"
ပိုင်ချန်း အံ့သြသွားတယ်။ ဒါပေမယ့် ပြုံးကာပဲ ယဉ်ကျေးစွာပြန်ပြောလိုက်တယ် "ဖုန်းကျိုသူငယ်ချင်းစီမင်းတောင် လာပြီးမေးပြီးသွားပြီ ကျွန်မတို့ပိုင်မိသားစုက ကလေးတွေရဲ့လေ့ကျင့်မှုအခြေအနေနဲ့ပတ်သက်ပြီး သိပ်ပြီးအာရုံထားလေ့မရှိဘူး ကျွန်မသိသမျှက အတွေ့အကြုံရအောင် သူမထွက်သွားတယ်ဆိုတာပဲသိတာ သူမဘယ်ကိုသွားလဲဆိုတာတော့ ကျွန်မလဲမပြောတတ်ဘူး"
သုံဟွာ သူမကိုတည့်တည့်ကြည့်လေတယ်။ သူ့ရဲ့အသံဟာလဲ တိမ်ဝင်နေခဲ့တယ် "မင်းသိပါတယ်"
ပိုင်ချန်းမျက်နှာပေါ်ကအပြုံးလေး အနည်းငယ်မှိန်သွားလေတယ် "အရှင်မင်းမြတ် ပုံပြင်တစ်ပုဒ်နားထောင်ချင်လား?" သူ့ရဲ့အဖြေစကားကိုမစောင့်ဘဲ သူမဆက်ပြောလေတယ် "အဲ့ဒီကလေးမလေးဖုန်းကျိုက ဟင်းချက်အရမ်းတော်တာ ကမ္ဘာပေါ်မှာရှိရှိသမျှ ဘယ်အရာမဆိုဘာမဆိုသူမချက်တတ်တယ် ဒါပေမယ့် သူမဘယ်လိုချက်ရမှန်းမသိတာ တစ်ခုတော့ရှိတယ် အဲ့ဒါ unicorn အပင်ပဲ ဘာဖြစ်လို့လဲ အရှင်မင်းမြတ်သိလား?"
သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ကာ ဆက်ပြောလေတယ် "အဲ့ဒါက သူမ unicorn ပင်ရဲ့အရသာကိုမုန်းလို့လဲမုတ်ဘူး ဓာတ်မတည့်လို့လဲမုတ်ဘူး အဲ့ဒီအပင်က အနောက်ဘက်ကောင်းကင်ဘုံမှာသာ ပေါက်ရောက်လေ့ရှိပြီး အခြားနေရာတွေမှာမရှင်သန်နိုင်လို့ပဲ ဒါပေမယ့် သူမငယ်ငယ်တုန်းက အဲ့ဒီအပင်က သူမအကြိုက်ဆုံးဖြစ်ခဲ့တာ ချင်းချူမှာတစ်ပင်လောက်စိုက်နိုင်ဖို့ နှစ် ၃၀၀ လောက်အလျော့မပေးဘဲ သူမအရူးအမူးကြိုးစားခဲ့တယ် သူမရဲ့ကျောင်းအလုပ်တွေကိုတောင် ပစ်ထားပြီး သူမအဖေဆီကနေ အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရတဲ့အထိပါပဲ သူမရဲ့နတ်စွမ်းအင်တွေကိုတောင်လောင်းထည့်ပြီး အဲ့ဒီအပင်ကိုစိုက်ခဲ့တာ ဒါပေမယ့် အပင်လေးက ချင်းချူမှာရှင်ကိုမရှင်သန်နိုင်တာ နောက်ဆုံးတော့ သူမအရမ်းပင်ပန်းပြီး လုံးဝလက်လျော့ပစ်လိုက်တယ် အဲ့ဒီအချိန်ကနေစပြီး အဲ့ဒီ unicorn အပင်ကိုစားဖို့နေနေသာသာ အဲ့အပင်ပါတဲ့ဟင်းတွေကိုတောင် တစ်ခွန်းမှထပ်မဟတော့ဘူး"
သူမ သုံဟွာကိုလေးနက်စွာကြည့်ပြီး "အဲ့ဒီကလေးမလေးက အရာတွေကိုဖြတ်တောက်ဖို့ဆုံးဖြတ်လိုက်တာနဲ့ အခြားဘယ်သူထက်မဆို ပိုပြီးရှင်းရှင်းလင်းလင်းပြတ်တောက်နိုင်တယ် ကျွန်မလိုသွေးအေးတဲ့သူတစ်ယောက်တောင် ဒီလိုအခြေအနေမျိုးနဲ့ကြုံလာရင် စိတ်ပျော့မိတတ်တုန်းပဲ ပြီးတော့ စိတ်ဝင်စားစရာကောင်းတာက သူမဘယ်လောက်စာနာစိတ်ကင်းမဲ့လဲ ကိုယ့်ကိုကိုယ်တောင်မသိဘဲ သူမက အမြဲသံယောဇဉ်ကြီးတဲ့သူပါလို့ သူမကိုယ်သူမခံယူထားတာပဲ ဒီ unicorn အပင်လေးကို သူမဘယ်တော့မှထပ်မစားတော့တာကို သူမကိုယ်သူမနားမလည်မိသလိုမျိုးပေါ့"
ရုတ်တရက် သုံဟွာ ချောင်းထဆိုးလေတယ်။ ထို့နောက် ဆက်တိုက်ဆိုသလိုမရပ်တန်းဆိုးကာ အချိန်ခဏကြာသွားတော့မှပဲ ချောင်းဆိုးရပ်သွားတော့တယ်။ ကွဲအက်အက်အသံနဲ့ သူပိုင်ချန်းကိုပြောလာခဲ့တယ် "မင်းရဲ့နှိုင်းယှဉ်ချက်မှန်ပါတယ် ဒီတစ်ခါ ငါက သူမစွန့်ပစ်လိုက်တဲ့ unicorn ပင်လေးပေါ့" သူ ထပ်ပြီးချောင်းဆိုးပြန်တယ် "အပင်လေးက သူမအချစ်ကိုတန်ဖိုးမထားခဲ့မှတော့ အစွန့်ပစ်ခံလိုက်ရတာ ဘာမှပြောစရာမရှိပါဘူး ဒါပေမယ့်ငါ သူမကိုလိုက်ရှာပြီး သူမအချစ်ကိုရဖို့ နောက်တစ်ကြိမ်ကြိုးစားကြည့်ချင်သေးတယ်"
Page-444
ပိုင်ချန်းမျက်နှာမှာ အနဲငယ်အံ့သြသွားတဲ့ အရိပ်အယောင်မျိုးသန်းသွားပြီး သူမပြောလိုက်တယ် "ဒါဆိုလဲ ဒီသန်းချီရှိတဲ့လူ့ကမ္ဘာတွေကို အရှင်ဘာလို့အလောင်းအစားလုပ်မကြည့်တာလဲ? အရှင်နဲ့ဖုန်းကျို ကံပါမပါသိရအောင်လေ"
မျှော်လင့်ချက်ကင်းမဲ့နေတဲ့ သုံဟွာရဲ့မျက်လုံးတွေဟာ ပိုင်ချန်းရဲ့မှတ်ချက်ချမှုကိုကြားပြီး ပိုပြီးမျှော်လင်းချက်ကင်းမဲ့ယောင်သန်းလာခဲ့တယ်။ အတန်ကြာပြီးနောက် သူပြောလာခဲ့တယ် "ငါတို့ကကံမပါဘူးဆိုတဲ့အချိန်မှာ ငါတို့ရဲ့ကံကြမ္မာကို အလောင်းအစားလုပ်ကြည့်ဖို့ မင်းပြောနေတာလား? ငါသူမကိုဘယ်တော့မှရှာမတွေ့တာတောင် ဖြစ်ရင်ဖြစ်နိုင်တယ်"
ရင်းနှီးဖော်ရွေနေတဲ့ ပိုင်ချန်းရဲ့မျက်လုံးတွေဟာ တဖြည်းဖြည်း အေးစက်လာခဲ့တယ်။ သူမလက်ထဲကလက်ဖက်ရည်ခွက်နှုတ်ခမ်းလေးကို လက်နဲ့ဆော့နေရင်းက ဖြေးညှင်းစွာ သူမပြန်ပြောလိုက်တယ် "ဒါဆိုလဲဘာဖြစ်လို့သူမကိုရှာနေသေးလဲ.. ရှင်တို့ကံမပါဘူးလို့ခံစားရတယ်ဆိုရင်? ရှင်သာစိတ်ရင်းနဲ့ သူမကိုတကယ်ရှာချင်တယ်ဆိုလို့ရှိရင် နည်းလမ်းတစ်ခုကတော့အမြဲရှိမှာပဲ"
မကြာခင်မှာပဲ သုံဟွာတစ်ယောက် နည်းလမ်းတစ်ခုကို အမှန်တကယ်ပင် ရှာတွေ့သွားဟန်တူပါတယ်။ ဖုန်းကျို ပိုင်ချန်းဆီကနေ ဒီစာကိုလက်ခံရရှိချိန်မှာ ပုန်းကွယ်နေတဲ့နဂါးရွာလေးကသူမတို့ရဲ့နောင်ရေးကို တွေးတောနေတဲ့အချိန်ဖြစ်သည်။
စာကိုဖတ်ပြီး ဖုန်းကျိုအတော်လေးအံ့အားသင့်သွားတယ်။ စာထဲမှာပြောထားတာက ကောင်းကင်ဘုံက ကျောက်စိမ်းရေကန်ဟာ သီကျွင်း ကောင်းကင်ဘုံသို့တက်လာတဲ့ နတ်ငယ်လေးတွေကိုရာထူးပေးတဲ့အချိန် ယခုမတ်လ ၅ ရက်နေ့ထိပဲ နောက်ဆုံးဖွင့်တော့မှာတဲ့။ ထိုနတ်ငယ်အသုတ်ကို အညစ်အကြေးတွေဆေးကြောခွင့်ပေးပြီးရင် ကျောက်စိမ်းရေကန်ဟာ ထာဝရပိတ်တော့မှာဖြစ်ပြီး လူသားတွေထာဝရရှင်သန်နိုင်ခွင့်ကို ဘယ်တော့မှထပ်ပြီးခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ပြောထားလေတယ်။
စာရဲ့အဆုံးမှာတော့ ကြည့်ရတာ သီကျွင်း Ye Qingti ကိစ္စကိုသိရှိသွားလို့များလားမသိဘူးလို့ ပိုင်ချန်းရေးထားလေတယ်။ သူ့ရဲ့အပြုအမူတွေက ဖုန်းကျိုပြန်လာအောင်စေတွန်းဖို့ Ye Qingti ကိုတမင်အသုံးချနေတယ်ဆိုတာ အသိသာကြီးပဲ။ သူမကိုထွက်လာအောင်လုပ်ဖို့ရာ သူတကယ့်နည်းလမ်းကောင်းကို ရှာတွေ့သွားခဲ့တာပဲ။ ပိုင်ချန်းဆက်ပြီးပြောထားတာက တစ်ခါက ဆရာကြီး Fushen သုံဟွာ့ကို သူ့ရဲ့စိတ်အခြေဟာ အတွေးတစ်ခုတည်းနဲ့ မြင့်မြတ်မှုနဲ့ဆိုးယုတ်မှုကွဲပြားသွားနိုင်တဲ့ လောကုတ္တရာကိုးပါးထဲကရှစ်ဆင့်မြောက်ဖြစ်တဲ့ 'အရာတစ်ခုတည်းကိုပဲအာရုံစိုက်ထားနိုင်ခြင်း' အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးဖူးတယ်။ သူခုလိုမကြင်နာတဲ့လုပ်ရပ်ကိုလုပ်နေတာဟာ တန်တော့.. သူ ညီမျှမှုဟန်ချက်ပျက်သွားပြီး မကောင်းတဲ့အမှောင်ဘက်ခြမ်းကို ရောက်သွားတာဖြစ်ရင်ဖြစ်နိုင်တယ်။
ဖုန်းကျို လက်ထဲမှာစာကိုကိုင်ထားလျက်က တစ်ကိုယ်လုံးတုန်ရီနေတာကို မထိန်းနိုင်ခဲ့ဘူး။
သူမဒီလိုမဖြစ်တာတောင် နှစ်တွေအတော်ကြာခဲ့ပြီ။