Page 424-428
Page-424
အခန်း (၂၀)
မင်္ဂလာပွဲနေ့မှာ သုံဟွာပေါ်မလာခဲ့ဘူး။
နောက် ၉ ရက်လွန်တဲ့အထိ သူပေါ်မလာသေးဘူး။
ထို ၉ ရက်အတွင်း သူမဘာတွေလုပ်ခဲ့လဲ ဘာတွေပြောခဲ့လဲ အခုဖုန်းကျိုပြန်စဉ်းစားကြည့်တဲ့အခါ သူမမှတ်ဉာဏ်ထဲက ထို ၉ ရက်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေက အတော်ဝိုးတဝါးတားဖြစ်နေတုန်းပဲ။
မတ်လရဲ့ ၄ ရက်မြောက်နေ့က အရမ်းကိုလှပတဲ့နေ့လေးတစ်နေ့ဆိုတာပဲ သူမမှတ်မိတော့တယ်။ နေရောင်ကလဲ ခါတိုင်းကထက်ပိုနွေးထွေးသလို၊ ပင်လယ်ပြာဟာလဲ ခါတိုင်းကထက်ပိုပြီးသာယာတယ်လို့ ပွဲလာတဲ့ဧည့်သည်တွေ အသီသီးမှတ်ချက်ပေးခဲ့ကြတယ်လေ။
ထပ်မံကျင်းပတဲ့မင်္ဂလာပွဲမို့ Zhonglin အတွက်ရော၊ သူမအမေအတွက်ရော အရေးကြီးတဲ့ပွဲတစ်ခုဖြစ်တယ်။ မိုးမြေကိုအရိုအသေပေးတဲ့ထုံးတမ်းကလွဲရင် ကျန်တဲ့ဓလေ့ထုံးတမ်းတွေအားလုံး ပြင်ဆင်ထားခဲ့တယ်။ ဖုန်းကျို ဝတ်စားပြင်ဆင်ပြီးတဲ့အခါ သူမအမေသူမနဲ့အတူ အလွန်လေးနက်စွာနဲ့ ထုံးတမ်းစည်းမျဉ်းတွေကို သေချာစွာစစ်ဆေးပေးလေတယ်။ သူမနဲနဲစိတ်ရှုပ်သလိုခံစားရပေမယ့် တစ်ချိန်တည်းမှာ အရမ်းကိုသိချင်စိတ်ပြင်းပြပြီး အရမ်းကိုမှမျှော်လင့်နေခဲ့တယ်။
မျိုးနွယ်စုအသီးသီးက မသေမျိုးတွေအားလုံး ဧည့်ခံပွဲသို့ စောစီးစွာရောက်လာကြလေတယ်။ ဟိတ်ဟန်များလွန်းတဲ့ကောင်းကင်မင်းကြီးတောင် အချိန်မှီရောက်ရှိနေခဲ့တယ်။ သို့သော် မင်္ဂလာပွဲအချိန်သာ တဖြည်းဖြည်းကုန်လွန်လာတယ်။ သုံဟွာကိုတော့ အရိပ်အယောင်ပင် မမြင်ရသေး။ နောက်ဆုံးတော့ သူမပူပန်လာပြီလေ။ သူထွက်မသွားခင်ညက သူသူမနဲ့နောက်မှပြန်ဆုံမယ်လို့ သူပြောခဲ့ပေမယ့် ထို'နောက်မှ'ဆိုတဲ့အချိန်က ဘယ်အချိန်လဲ သူသေချာပြောမသွားဘူး။ မင်္ဂလာအချိန်မှီ ရောက်မလာနိုင်တာလဲ ဖြစ်ရင်ဖြစ်နိုင်တာပဲ။ သူမ ရုတ်တရက် ရင်ထဲလစ်ဟာလာသလိုခံစားရတယ်။ သို့သော် သေချာစဉ်းစားကြည့်ရင် သူမသဘောထားသေးနေတာလဲ ဖြစ်နိုင်တာပဲ။ မင်္ဂလာပွဲက အရမ်းအရေးကြီးပေမယ့် Jiheng အသက်အန္တရာယ်နဲ့ကြုံနေရတယ်လို့ ရှောင်ရန်မပြောခဲ့ဘူးလား? သူမကိုတစ်ချက်သွားကြည့်မယ်လို့ သီကျွင်းပြောပေမယ့် သူမရဲ့သေခါနီးဆဲဆဲအိပ်ရာဘေးမှာရပ်ရင်း သူသနားပြီးတော့ သူမရဲ့နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်အောင် ဒီ့ထက်ပိုခပ်ကြာကြာနေပေးနေတာလဲ ဖြစ်နိုင်တာပဲ။ ဘယ်လိုကိစ္စပဲရှိရှိ သေအံ့ဆဲဆဲသူကိုဦးစားပေးတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် သီကျွင်း အချိန်မီပြန်မလာနိုင်ဘူးလား? ကိစ္စမရှိ။ သေခါနီးလူတစ်ယောက်နဲ့ သူမဖက်ပြီးရန်မတွေ့သင့်ဘူး။
Page-425
သူမ သေချာတွေးတောကြည့်ပြီးတဲ့အချိန်မှာ ရေးကြီးသုတ်ပြာနဲ့ Zhonglin အခန်းထဲကိုဝင်လာခဲ့တယ်။ ထိုက်ချန်နန်းတော်ရဲ့အရည်အချင်းအရှိဆုံး အိမ်တော်ထိန်းကိုကြည့်ရတာ မျက်နှာသိပ်ကောင်းပုံမရဘူး။ သူ့အကြည့်ကိုလွှဲကာ သူပြောလေတယ် "ကျွန်တော် သီကျွင်းကိုဘယ်မှာမှမတွေ့မိသေးဘူး သူဟိုမှာအရေးကြီးကိစ္စရှိနေပုံရတယ် ကျွန်တော့်ရဲ့မေးခွန်းကိုခွင့်လွှတ်ပါ အကယ်လို့များ ဒီနေ့သီကျွင်းရောက်မလာနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ မင်္ဂလာဓလေ့ထုံးတမ်းတွေကိုဖျက်ပြီး ဒီပွဲကိုသာမာန်ဧည့်ခံပွဲအဖြစ်နဲ့ပဲ ထားလိုက်သင့်တယ်လို့ အရှင်မထင်လား?"
Zhonglin ရဲ့အကြံပေးချက်က သူမရဲ့သိက္ခာအတွက် အများကြီးစဉ်းစားပေးထားတာပါ။ ဖိတ်စာထဲမှာ မင်္ဂလာဧည့်ခံပွဲလို့ပဲရေးထားတာ။ ဘယ်သူမှ ဒီဧည့်ခံပွဲက ဘယ်လိုပုံစံဖြစ်မလဲ တကယ်တမ်းမသိကြဘူးလေ။ ပွဲကို သာမာန်ဧည့်ခံပွဲအဖြစ်လုပ်လိုက်လို့လဲ ဆိုးဝါးသွားတဲ့အရာမှမဟုတ်တာ။ ပွဲဆိုတာမျိုးက မသေမျိုးတွေတွေ့ဆုံပြီး ပျော်စရာအချိန်လေးတစ်ခု ဖန်တီးတာပဲမဟုတ်လား? ဒီနေ့ သီကျွင်းပေါ်မလာလဲဘာမှမဖြစ်ဘူး။ နဂိုတည်းက သီကျွင်းက ဒီလိုပျော်ပွဲရွှင်ပွဲတွေကိုကြိုက်တဲ့သူမှမဟုတ်ဘဲ။ ရာထူးကနေအနားမယူခင်အချိန်တုန်းက သူ့အတွက်အောင်ပွဲခံကျင်းပပေးတဲ့ ညစာစားပွဲတွေကိုတောင် သူ့အနေနဲ့ မလာတာကများခဲ့တာပဲကို။
ဒါပေမယ့် Zhonglin နဲ့သူမအမေစီစဉ်ထားပုံအတိုင်းဆိုရင် ဒီပွဲက မင်္ဂလာပွဲတစ်ခုလို့သတ်မှတ်လို့ရတယ်။ သို့သော် မင်္ဂလာပွဲမှာ သီကျွင်းမရှိခြင်းက သူ့ရဲ့ကြင်ရာတော်ဘုရင်မအတွက် အရှက်ရစရာဖြစ်မှာသေချာတယ်။
သူမအတွက် ခုလိုစဉ်းစားပေးတဲ့အတွက် ဖုန်းကျို Zhonglin ကိုကျေးဇူးတင်မိတယ်။
သူမရဲ့မျက်နှာအမူအရာကိုမြင်တော့ Zhonglin ခဏလောက်တုံ့ဆိုင်းနေပြီးမှ သူမကိုပြောလာခဲ့တယ် "သီကျွင်းအတွက် ဒီပွဲကအရမ်းကိုမှအရေးကြီးပါတယ် သူဒီနေ့ရောက်မလာနိုင်ခဲ့ဘူးဆိုရင် သူ့မှာအရေးပေါ်ကိစ္စရှိနေလို့ပဲဖြစ်ပါလိမ့်မယ် သူတစ်ခါမှအရှင်မကို ပေါ့ပေါ့တန်တန်မတွေးခဲ့ဖူးပါဘူး ဒီပွဲကို သီကျွင်းကျွန်တော့်လက်ထဲအပ်ခဲ့တာက ဘယ်လိုကိစ္စမျိုးပဲရှိလာရှိလာ ကျွန်တော်အရှင်မကိုကာကွယ်လိမ့်မယ်လို့ သူယုံကြည်လို့ဆိုတာ ကျွန်တော်တပ်အပ်ပြောရဲပါတယ်"
သူမပြုံးပြီး ပြန်ပြောလိုက်တယ် "နင်ပြောတာ မှန်တယ်"
မင်္ဂလာအချိန်ကျော်လွန်သွားတဲ့အခါမှပဲ ဖုန်းကျို လွတ်လပ်သွားသလိုခံစားရတော့တယ်။
သူအချိန်မီရောက်မလာနိုင်လောက်ဘူးလို့ သူမတွက်ဆထားသော်ငြား အကြောင်းမဲ့ သူမမျှော်လင့်မိနေတုန်းပဲ။ သီကျွင်းကိုရဖို့ သူ့ရဲ့ဘုရင်မဖြစ်ဖို့ နှစ် ၂၀၀၀ ကျော် ခက်ခဲပင်ပန်းစွာစောင့်လာခဲ့ရတာ။ ဒါပေါ့ သူမမပျော်ဘဲဘယ်နေပါ့မလဲ။ သူမလဲ အခြားသတို့သမီးတွေလို မင်္ဂလာဓလ့ထုံးတမ်းတွေကို ဂရုစိုက်တဲ့သူမဟုတ်ပါဘူး။ သို့ပေမယ့် သူမသက်တမ်းတစ်လျှောက်လုံးမှာမှ ဒီတစ်ခါလေးပဲလက်ထပ်ခွင့်ရတာလေ။ ဒီတော့ ဒီပွဲကိုအကောင်းဆုံးဖြစ်ဖို့ တိတ်တခိုးမျှော်လင့်မိတာပေါ့။ မင်္ဂလာအချိန်မရောက်သေးမချင်း သူမရင်ထဲကဒီလျှို့ဝှက်ဆန္ဒလေးကို လက်မလွှတ်နိုင်ခဲ့ဘူး။ သူမ အနည်းငယ်တော့ စိတ်ပျက်သွားခဲ့ပေမယ့် ထိုအချိန်တည်းကတိုင် တည်ငြိမ်မှုတော့ရနေခဲ့ပါပြီ။
Page-426
အခန်းတွင်းမှ ပျော်ရွှင်ရယ်မောသံတွေဟာ ဝရန်တာကိုကျော်လွန်ပြီး ခပ်သဲ့သဲ့ပေါ်ထွက်လာခဲ့တယ်။ ဧရာမခန်းမကြီးထဲမှာ အတော်ကိုစည်းကားနေလောက်မှာပဲလို့တွေးရင်း ဖုန်းကျို နားကိုစွင့်လျက် ခတ္တနားထောင်ကြည့်လိုက်တယ်။ ဒီလောက်ပျော်ရွှင်စရာကောင်းတဲ့အချိန်မှာ သူမဘာလို့အထီးကျန်သလိုခံစားနေရလဲ သူမမသိဘူး။ အနက်ရောင်လက်ဖက်ရည်တစ်ခွက်ငှဲ့ကာပဲ တစ်ငုံချင်း ထိုင်သောက်နေလိုက်တယ်။
ညစာစားပွဲအချိန်တစ်ဝက်လောက်ရောက်တဲ့အခါမှာ မမျှော်လင့်ဘဲ သူမအမေနဲ့အဘွား အခန်းအပြင်ဘက်မှာ ပေါ်လာခဲ့တယ်။ Lady Fumi စိုးရိမ်နေတဲ့မျက်နှာထားနဲ့ သူမရှေ့မှာလာထိုင်လေတယ် "ကျိုအာ.. ငါတို့ကိုအမှန်တိုင်းပြောစမ်းပါ ဒီလောက်အရေးကြီးတဲ့နေ့မှာ သီကျွင်းကဘာလို့မလာတာလဲ? မဟုတ်မှလွဲရော သူနဲ့သမီးနဲ့..."
ဖုန်းကျို သောက်လက်စရေနွေးကိုဆက်သောက်ရင်း စိတ်ချတဲ့အပြုံးလေးနဲ့ ပြောလိုက်တယ် "သီကျွင်း ဂရုစိုက်စရာအရေးကြီးကိစ္စပေါ်လာလို့ပါ မသွားခင် သူအချိန်မီပြန်ရောက်နိုင်မှာမဟုတ်လို့ Zhonglin ကပဲအားလုံးစီစဉ်လိမ့်မယ်လို့ သမီးကိုမှာခဲ့ပါတယ် အဘွားကလဲ.. Zhonglin အားလုံးကိုအကောင်းဆုံးစီစဉ်ခဲ့တာပဲမဟုတ်ဘူးလား?"
ဒါပေါ့ သီကျွင်းသူမကို ဒီစကားတွေမပြောခဲ့ဘူးပေါ့။ ဒါပေမယ့် သူမအမေနဲ့အဘွားတို့ကို အမှန်တိုင်းပြောလိုက်လို့ရှိရင် သေချာတယ် သူတို့သဘောကျမှာမဟုတ်ဘူး။
နောက်ဆုံးတော့ သူမအမေနဲ့အဘွားလဲ စိတ်သက်သာရာရသွားပုံရပါတယ်။
ဧည့်သည်တွေအားလုံး ညစာစားပွဲမှာ စိတ်ကြိုက်အမူးသောက်ကြလေတယ်။ မမူးသေးတဲ့သူတွေကတော့ ထိုနေ့မှာဘဲ အသီးသီးနှုတ်ဆက်ကာထွက်ခွာသွားခဲ့ကြပြီး အမူးလွန်တဲ့သူတွေကတော့ ကျောက်တုံးနန်းတော်ထဲက ဧည့်သည်ခန်းတွေမှာ တစ်ညတာအိပ်စက်အနားယူကာ နောက်တစ်နေ့မှာပဲ ထွက်ခွာသွားကြလေတယ်။ မြင့်မြတ်တဲ့ပင်လယ်ပြာလဲ တစ်မဟုတ်ချင်း တိတ်ဆိတ်တဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။ ပိုင်မိသားစုတွေလဲ ပင်လယ်ပြာမှာ ၂ ရက်လောက်နေပြီး ချင်းချူကိုပြန်သွားလေတယ်။ ဒီလိုနဲ့ သူမနဲ့ Zhonglin တို့နှစ်ဦးသာ နန်းတော်ထဲမှာကျန်ရှိတော့တယ်။
အမှန်တိုင်းပြောရရင် သူမနဲနဲစိတ်တိုလာတာတော့အမှန်ပဲ။ ပထမ ၂ ရက်မှာ သီကျွင်းဘာလို့ဒီလောက်နောက်ကျနေရတာလဲလို့ သူမမကြာခဏမတွေးမိဘဲမနေနိုင်ဘူး။ Jiheng ရဲ့နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးနေရလို့ဆိုရင်တောင် ဒီလောက်ထိနောက်ကျစရာအကြောင်းမရှိဘူး။ တကယ်လို့ Jiheng ကိုသနားလို့ သူမဘေးမှာ နဲနဲကြာကြာထပ်နေပေးချင်တယ်ဆိုလို့ရှိရင်လဲ ဘာလို့သူမဆီ လူလွှတ်ပြီးအကြောင်းမကြားရတာလဲ?
၃ ရက်မြောက် ညသန်းခေါင်လောက်မှာ သူမအိမ်မက်ဆိုးမက်ပြီး လန့်နိုးလာခဲ့တယ်။ သို့သော် အိမ်မက်ထဲမှာ ဘာတွေမြင်ခဲ့ရလဲဆိုတာတော့ သူမလုံးဝမှတ်မိတော့ဘူး။ ရုတ်တရက် သီကျွင်းဆီက ဘာသတင်းမှမကြားရတာ ရက်အတန်ကြာပြီလို့ သူမကိုယ်မအတွေးဝင်လာခဲ့တယ်။ သူတစ်ခုခုများဖြစ်နေတာလား? ညသန်းခေါင်ကျော်ကြီး Zhonglin ကို သူမအလန့်တခြားအော်ခေါ်ပြီး သူမရဲ့စိုးရိမ်ပူပန်တွေကို တစ်ခွန်းချင်း ဆို့နင့်စွာပြောနေတဲ့အချိန်မှာ သူမမျက်နှာတစ်ခုလုံး သွေးမရှိသလိုဖြူလျော့နေခဲ့တယ်။ ထိုညက သီကျွင်း Jiheng ဆီကိုသွားမယ်ဆိုတာ သူမသိပေမယ့်လဲ Jiheng ဘယ်မှာလဲဆိုတာတော့ မေးဖို့မေ့နေခဲ့တယ်။ ချက်ချင်းပဲ သူမပိုပြီးစိတ်ပူသထက်ပူလာပြီး ညတွင်းချင်း ပင်လယ်ပြာကနေထွက်ကာလိုက်ရှာဖို့ရန် Zhonglin ကို အတင်းပူဆာပါတော့တယ်။ တစ်ယောက်က ရှောင်ရန်ကိုရှာဖို့ အနောက်တောင်ကိုဦးတည်ရမှာဖြစ်ပြီး ကျန်တစ်ယောက်က Jiheng ရဲ့အစ်ကို အရှင် Xuyang ကိုရှာဖို့ အရှေ့တောင်ကိုဦးတည်ရမှာဖြစ်သည်။
Page-427
နောက် ၃ ရက်လောက်နေတော့ နှစ်ဦးသား ပင်လယ်ပြာမှာပြန်ဆုံကြလေတယ်။ ရက်အတန်ကြာခရီးဝေးသွားထားရတဲ့ဒဏ်ကြောင့် နှစ်ယောက်စလုံး အတော်လေးနွမ်းနယ်မောဟိုက်နေကြတဲ့ပုံနဲ့။
သူမရဲ့အကြောင်းပြချက်နဲ့ အပြာရောင်နတ်ဆိုးနယ်မြေကိုရောက်တဲ့အချိန်မှာ အင်မတန်တည်ငြိမ်ပြီးဣနြေ္ဒရှိပုံရတဲ့ နတ်ဆိုးအကြီးအကဲတစ်ယောက်ဟာ အလွန်ရှည်လျားတဲ့သက်ပြင်းရှည်ကြီးတစ်ခုကိုချကာ မျက်မှောင်ကြုတ်လျက် သူတို့ရဲ့အရှင်သခင်ဖြစ်သူ မျိုးနွယ်စုကိုပြန်မလာတာ တစ်နှစ်နီးပါးလောက်ရှိပြီဖြစ်တဲ့အကြောင်း သူမကိုပြောလေတယ်။ သူတို့လဲ သူ့ကိုဘယ်မှာသွားရှာလို့ရှာရမှန်း မသိဘူးတဲ့။ အကယ်၍ သူမသူနဲ့ဆုံဖြစ်ခဲ့သည်ရှိသော် အမြန်ဆုံးပြန်လာပါရန် ပြောပေးဖို့အကြောင်း၊ ဒီအမှာစကားကိုပါးပေးခြင်းအတွက်လဲ အပြာနတ်ဆိုးမျိုးနွယ်စုက သူမကိုသေချာပေါက် ကျေးဇူးဆပ်ပါမယ်ဆိုတဲ့အကြောင်း ပြောလွှတ်လိုက်လေတယ်။ တစ်ဖက်မှာလဲ Zhonglin အနီရောင်နတ်ဆိုးမျိုးနွယ်ဘုရင် အရှင် Xuyang နဲ့ဆုံတဲ့အခါမှာ လွန်ခဲ့တဲ့ နှစ် ၃၀၀ အကြာ သူ့ရဲ့ညီမဖြစ်သူက သူမရဲ့သက်တော်စောင့် Minsu နဲ့ ထွက်ပြေးသွားတဲ့အချိန်တည်းကတိုင် အနီရောင်နတ်ဆိုးမျိုးနွယ်ဟာ သူမကိုစွန့်လွှတ်လိုက်ပြီဖြစ်တဲ့အကြောင်း ပြောလေတယ်။ ဒါကြောင့်မို့ Jiheng ဟာ သူတို့မျိုးနွယ်စုနဲ့မသက်ဆိုင်တော့သလို သူမရဲ့တည်နေရာဟာလဲ သူတို့အဖြေမပေးနိုင်တဲ့အရာတစ်ခုဖြစ်တဲ့အကြောင်းကို သူ့ကိုပြောလာခဲ့တယ်။
သီကျွင်းအခုဘယ်မှာရှိနေလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့ခုထိ သဲလွန်စမရသေးဘူး။ ဖုန်းကျိုတုန်ရီပြီး လဲကျတော့မလိုဖြစ်သွားတဲ့အတွက် Zhonglin အမြန်ကူတွဲပေးလိုက်ရလေတယ်။ သူမရဲ့မှုန်ဝါးဝါးမြင်ကွင်းထဲမှာတော့ ကောင်းကင်ပေါ်မှာတိမ်တိုက်တစ်ခု သူမတို့ထံနီးကပ်လာနေသလိုပဲ။ ထိုတိမ်တိုက်ပေါ်မှာ အရှေ့မှာက သူမအဖေဘက်ကအဘိုးအဘွားတွေနဲ့ အနောက်မှာက သူမရဲ့မိဘတွေ..။
သူမအဘိုးရဲ့မျက်လုံးတွေဟာ ဒေါသမီးတောက်တွေနဲ့ ဝင်းလက်လို့နေတယ်။ သူသူမကိုမြင်တဲ့အချိန်မှာ သူ့ရဲ့ဒေါသတွေက သနားကြင်နာမှုတစ်ချို့ ရောသွားပုံရတယ်။ နောက်ဆုံးတော့ သူမေးလေတယ် "အခု မင်းယောကျာ်းဘယ်မှာလဲ?"
သူမစိတ်ကိုတည်ငြိမ်အောင်ထိန်းကာ ပြန်ပြောလိုက်တယ် "သူအရေးကြီးကိစ္စရှိနေလို့..."
ပိုင်ဇီသီကျွင်း ဒေါသူပုန်နဲ့ သူမစကားကိုဝင်ဖြတ်ပြောလေတယ် "မင်္ဂလာပွဲနေ့မှာ နင့်ကိုပစ်ထားပြီး အနီရောင်နတ်ဆိုးမျိုးနွယ်က Jiheng နဲ့ တရားမဝင်တွေ့နေတာ အရေးကြီးကိစ္စလား?"
Page-428
ခုရက်တလော သူမစိတ်ရှုပ်ထွေးနေတာ မှန်ပါတယ်။ ဒါပေမယ့် သူမတို့တွေက လင်နဲ့မယားဖြစ်သွားကြပြီဆိုတော့ သူမသူ့ကိုအကြွင်းမဲ့ယုံသင့်တယ်လို့ သူမထင်တယ်။ သူ့ရဲ့ချေပမှုကို သူမချက်ချင်းတုံ့ပြန်လိုက်တယ် "အဘိုး.. ဘာကိုဆိုလိုတာလဲ? သမီးလဲဒီအကြောင်းကို သိထားပြီးသားပါ Jiheng ရဲ့အသက်က စိုးရိမ်စရာအခြေအနေမလို့ သီကျွင်းကသနားလို့ သူမကိုနောက်ဆုံးအကြိမ်အဖြစ်သွားတွေ့တာပါ မသေမျိုးတွေအနေနဲ့ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် စာနာရိုင်းပင်းသင့်တယ်လေ မဟုတ်ဘူးလား?"
ပိုင်ဇီသီကျွင်း လှောင်ပြုံးပြုံးလေတယ် "နောက်ဆုံးအကြိမ်အဖြစ်သွားတွေ့တယ် ဟုတ်လား? ဒါဆို ငါဒီမနက်ကဘာလို့ သူ Jiheng ကိုပွေ့ချီပြီး အနီရောင်နတ်ဆိုးမျိုးနွယ်ရဲ့ Danling နန်းတော်ထဲကို မောက်မောက်မာမာချိုးဖောက်ဝင်ခဲ့တယ်ဆိုတဲ့သတင်း ကြားခဲ့ရတာလဲ? အရှင် Xuyang ရဲ့ရှေ့မှာ Jiheng ဘက်ကနေပြီး အနီရောင်နတ်ဆိုးမျိုးနွယ်စုကို သူတို့စွန့်ပစ်လိုက်တဲ့မင်းသမီးကိုပြန်လက်ခံဖို့တွက် ၇ ထပ်မြောက်ကောင်းကင်ဘုံက Miaohua မှန်နဲ့တောင် အလဲအလှယ်လုပ်ခဲ့သေးတယ်တဲ့ Jiheng သူ့ရင်ခွင်ထဲမှာ အင်အားချည့်နဲ့နဲ့နဲ့ လဲလျောင်းနေပေမယ့် ဘာသေစေလောက်တဲ့လက္ခဏာမှမရှိဘူးလို့ငါကြားတာပဲ"
သူမခေါင်းထဲမှာ ဗုံးတစ်လုံးပေါက်ကွဲထွက်သွားလေတယ်။
ပိုင်ဇီသီကျွင်း သက်ပြင်းချကာ ခေါင်းတရမ်းရမ်းလုပ်နေလေတယ် "ကံကောင်းစွာနဲ့ နတ်ဆိုးမျိုးနွယ်စုက ဒီသတင်းကိုတင်းကျပ်ထားလို့ ဒီအကြောင်းနဲ့ပတ်သက်ပြီး တော်တော်များများမသိကြသေးဘူး အဲ့လိုမှမဟုတ်လို့ တစ်လောကလုံးကိုသာပြန့်သွားလို့ရှိရင် ငါတို့ပိုင်မိသားစုရဲ့မျက်နှာ ဘယ်မှာသွားထားရတော့မလဲ?" သူ သူမကိုကြည့်လိုက်တယ် "မျက်နှာက အရေးကြီးဆုံးမဟုတ်ဘူး ဒီ့ထက်ပိုအရေးကြီးတာက သုံဟွာနင့်အပေါ်ဆက်ဆံပုံကို ငါဘယ်လိုသည်းခံရမှာလဲ?"
သူမမျက်နှာ လုံးဝကိုဖြူလျော့နေလေပြီ။ အတော်ကြာတော့ သူမပြောလိုက်တယ် "သမီး သူ့ရဲ့ရှင်းပြချက်ကို အရင်နားထောင်ချင်တယ်"
ပိုင်ဇီသီကျွင်း ဆက်ပြီးပြောအုန်းမလို့ပါပဲ။ သို့ပေမယ့် သူ့ရဲ့မိန်းမဖြစ်သူကဝင်တားကာ ဖုန်းကျိုကိုနှစ်သိမ့်ပေးလေတယ် "လောလောဆယ်တော့ အဘွားတို့နဲ့ချင်းချူကိုပြန်လိုက်ခဲ့ပါ သုံဟွာသာတကယ်စစ်မှန်ရင် သမီးကိုရှာဖို့ ချင်းချူကိုလိုက်လာပါလိမ့်မယ်"
ဖုန်းကျို အိပ်ပျော်နေရာက ယောင်ရင်းလမ်းလျှောက်နေသူတစ်ယောက်လို သူမအဘွားဘေးကိုလျှောက်သွားကာ ယောင်ရင်းလမ်းထလျှောက်နေသူတစ်ယောက်လိုပဲ Zhonglin ဘက်ကိုလှည့်လိုက်တယ်။ ထို့နောက် ပြိုလဲကျတော့မတတ်အသံနဲ့ "ပင်လယ်ပြာကနေ အနီရောင်နတ်ဆိုးမျိုးနွယ်စုထံသွားရင် တစ်ရက်လောက်ကြာတယ် ပြီးရင် အနီရောင်နတ်ဆိုးမျိုးနွယ်စုကနေ ချင်းချူကိုလာဖို့ တစ်ရက်ထပ်ကြာတယ် သီကျွင်းကိုပြောလိုက်ပါ.. ငါသူ့ကိုနှစ်ရက်တိတိစောင့်မယ်လို့"
ပိုင်မိသားစုတစ်ခုလုံး သူမကိုလာခေါ်ကြတာမို့ Zhonglin သူတို့ကိုမတားနိုင်ဘူးဆိုတာ သူသိတယ်။ သူ့မှာ တခြားရွေးစရာမရှိတဲ့အတွက် ပျော့ညံ့စွာပဲ သဘောတူလိုက်ရတော့တယ်။