Eternal love of dream-Three l...

By maple1960

22.8K 1.4K 86

ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world... More

အပိုင်း ၁
page 3 &4
page 5 &6
page 7 -13
page 14-16
အခန်း ၂
အခန်း ၃
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
page 247-253
page 381- 390
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၈ -၂
အခန်း ၁၉
Series posters
408-413
414-420
412-423
424-428
429-432
433-436
437-440
441-444
441-444
445-453
454-459
460-463
464-473
474-480
481-484 (final)

အခန်း ၄

333 26 0
By maple1960

Page 70-78

Page-70

အခန်း (၄)

နောက်တစ်နေ့မနက် မိုးလင်းချိန်မှာ ဖုန်းကျိုတစ်ယောက် အိပ်ရာပေါ်မှာထိုင်ရင်း ဘဝမှာကြုံတွေ့ရတဲ့ ဖြစ်ပျက်ကိစ္စအဖုံဖုံကို စဉ်းစားတွေးတောနေလေရဲ့။

ညတုန်းက သူမကို မင်းသား Qing ဘေးမှာနေနိုင်ဖို့အတွက် သတိမေ့မြောသွားအောင်ရိုက်ပေးတဲ့ Su Moye ရှိလို့ တော်သေးတာပေါ့။ မင်းသား Qing တစ်ညလုံးမအိပ်ဘဲ သူမဘေးမှာ တလျှောလျှော လျှောက်ပတ်နေတယ်လို့ပြောတယ်။ မနက်မိုးလင်းလို့ ရစ်ငှက်တွေတွန်မြည်ခါကျမှဘဲ မောကြီးပန်းကြီးနဲ့ လှောင်အိမ်ထဲမှာအိပ်ပျော်သွားတာတဲ့။ တစ်ချိန်တည်းမှာ ဖုန်းကျို ပျော်လည်းပျော်မိသလို စိတ်လည်းပူမိတယ်။ ပျော်ရတဲ့အကြောင်းက ဒီနေ့တော့ သူမ မင်းသားQingနဲ့ ရင်ဆိုင်စရာမလိုတော့ဘူးလေ။ ဒါ အရမ်း အရမ်းကို ဝမ်းသာစရာကိစ္စပဲ။ ဒါပေမယ့် ညအချိန်ပြန်ရောက်တာနဲ့ Su Moye ကို သူမထပ်ပြီးရိုက်ခိုင်းရအုန်းမှာလား? Su Moye ဘယ်လောက်ပဲအရိုက်တော်တော် သူမတစ်ညလုံးမေ့မြောနေပြီး နောက်တစ်နေ့ကျပြန်တော့လည်း ခေါင်းကမူးတူးတူးဖြစ်နေတဲ့အပြင် အရိုက်ခံရတဲ့ လည်ကုတ်နေရာကလည်း နာနေသေးတယ်။ ဒါ ရေရှည်မှာကောင်းတဲ့ ဖြေရှင်းချက်မဟုတ်ဘူး။

ဖုန်းကျိုရဲ့ကိုယ်ရေးကိုယ်တာအစေခံ Chacha တစ်ယောက်လည်း အတွေးထဲမှာနစ်မြောလို့နေပါတယ်။ သူမလည်းပဲ တစ်ချိန်တည်းမှာ ပျော်လည်းပျော်သလို စိတ်လည်းပူမိတယ်။ သူမပျော်ရခြင်းက အခုတလော မင်းသမီးလေး ဘုရင်ကြီးဆီကနေ တစ်နေ့ထက်တစ်နေ့ အရေးပေးခံလာရလို့ပါ။ မနေ့ညတုန်းက မင်းသမီးလေးအပေါ် ပိုပြီးဂရုစိုက်ပေးဖို့ အရှင်Xizeကို သူအမိန့်ပေးခဲ့တယ်လေ။ နောက်ဆုံးတော့ မင်းသမီးလေးရဲ့ခက်ခဲကြမ်းတမ်းတဲ့နေ့တွေ ကုန်ဆုံးတော့မှာပဲ။ သို့ပေမယ့် အရှင် Xize တော်ဝင်အမိန့်ကိုလိုက်နာပြီး ညက မင်းသမီးလေးကိုအဖော်ပြုမပေးခဲ့ဘူး။ ပြောရရင် သူမဒါကိုစိတ်ပူမိတယ်။ ညတုန်းက သူမ တံခါးမကြီးကို အနည်းငယ်ပဲဟထားခဲ့မိလို့များလား? ဒါဆိုရင် ဒီည သူမ တံခါးကိုမပိတ်ဘဲ ခန်းစီးလေးပဲချထားမယ်ဆိုရင်ရော? မဖြစ်ပါဘူး... မြစ်လေက ဒီလောက်အေးတာ။ မင်းသမီးလေး အအေးမိသွားရင် ဘယ်လိုလုပ်မလဲ?

အစေခံရော အရှင်သခင်ရော နှစ်ယောက်လုံး ကိုယ်စီအတွေးတွေနဲ့အလုပ်ရှုပ်နေတုန်းမှာပဲ အပြင်ဘက်ကနေ သတင်းစကားရောက်လာလေတယ်။ မင်းသား Qingက နာရီဝက်လောက်ပဲအိပ်ပြီးရုံရှိသေး မင်းသမီးလေးနဲ့ မနက်စာတူတူစားချင်လို့ အိပ်နေရာကကုန်းရုန်းထပြီး အခုအပြင်မှာစောင့်နေသတဲ့လေ။

မင်းသား Qing က နတ်ဆိုးဝင်စားထားတာဖြစ်လိမ့်မယ်လို့ ဖုန်းကျို တိတ်တိတ်လေး ကျိတ်တွေးလိုက်မိတယ်။ သူမ ချက်ချင်းပဲ စိတ်ပူပန်တဲ့မျက်နှာထားကိုပြောင်းပြီး အစေခံတွေကိုပြန်ပြောလိုက်တယ် "နာရီဝက်လောက်လေးနဲ့ ဘယ်လိုလုပ်သူအိပ်ရေးဝမှာလဲ? ညက တစ်ညလုံးနိုးနေတာမဟုတ်လား? ဒီလောက်နဲ့ ပြန်အားပြည့်သေးမှာမဟုတ်ဘူး ဆက်ပြီးအိပ်မှဖြစ်မှာပေါ့! နင်တို့တွေအားလုံး သူ့ကိုချော့သိပ်ပေးကြလေ သူပင်ပန်းအားလျော့နေရင် နောက်ဆုံး.. အစ်မတော်ဖြစ်တဲ့ငါပဲ နာကျင်ရမှာ...!"

(အေးပါဖုန်းကျိုရယ် ဟိုကမနက်စာလေးတူတူစားချင်တယ်လို့ပြောမိပါတယ် ဖြစ်ပျက်သွားလိုက်တာ မြင်မကောင်းဘူး😂)

Page-71

"အရှင်မင်းသမီး မင်းသား Qing ကိုမတွေ့တာ ၂ရက်ရှိပြီလေ" Chacha အံ့အားသင့်စွာ ဝင်ပြောလာတယ် "ခါတိုင်းကဆိုရင် မင်းသမီး သူ့ကိုအဖော်လုပ်ပေးရင်း မင်းသမီးရဲ့ခြေရင်းမှာ အိပ်ခွင့်ပြုနေကျပါ ဒီနေ့ဘာဖြစ်လို့..."

ဖုန်းကျို ရင်ထဲဒိတ်ခနဲဖြစ်သွားလေသည်။

Chacha ရုတ်တရက်ကြီး စကားကိုရပ်လိုက်တဲ့အချိန်မှာ သူမရဲ့မျက်နှာဟာ ထူးဆန်းစွာနီရဲသွားပြီး ရှက်ရွံ့သလိုပြောလာခဲ့တယ် "မင်း... မင်းသမီး ဒီနေ့ အရှင်Xize ကိုသွားတွေ့ချင်လို့လား? ဒါကြောင့်မို့.. မင်းသမီးအမြဲအလိုလိုက်တတ်တဲ့ မင်းသား Qingကို မနှောင့်ယှက်စေချင်လို့လား?"

Chacha တစ်ယောက် မျက်နှာတွေပိုပြီးနီရဲလာကာ သူမလက်ဖဝါးနှစ်ခုလုံးကလည်း လက်သီးဆုပ်တွေအဖြစ်သို့ ပြောင်းလာတော့တယ် "ဒါပေါ့.. အရှင် Xize က အရှင်မင်းသမီးရဲ့ခင်ပွန်းပဲဟာ မင်းသား Qing နဲ့ယှဥရင် ကွာခြားမှုတော့ရှိမှာပေ့ါ"

ပြောနေတုန်းမှာပဲ သူမ တစ်စုံတစ်ခုကိုစဉ်းစားမိသွားပြီး ရှက်ရွံ့စွာဆက်ပြောပြန်တယ် "အရှင် Xize နဲ့မနက်စာအတူစားဖို့ မင်းသမီး အခုပဲ သူ့အခန်းဆီ သွားတော့မှာလား? အာ.. ဟုတ်သားပဲ ဒါတုံ့ဆိုင်းနေရမယ့်ကိစ္စမှမဟုတ်တာ ဘယ်လောက်တောင်တုံးအလိုက်တဲ့ကျွန်မလဲ! ခုမှ အရှင်မင်းသမီးရဲ့ရည်ရွယ်ချက်ကို နားလည်တော့တယ် အသုံးမကျတဲ့မေးခွန်းတွေကိုတောင် မေးလိုက်သေးတယ် မင်းသမီးစိတ်ချပါ Chacha ခုပဲ အရှင် Xizeကို သွားအကြောင်းကြားလိုက်ပါ့မယ်"

သူမ ပြောလည်းပြီးသွားရော ယုန်တစ်ကောင်လို လျင်မြန်စွာပြေးထွက်သွားလေတယ်။

ဖုန်းကျိုခမျာ 'မဟုတ်ဘူး' ဆိုတဲ့စကားလုံးကိုတောင် ပါးစပ်ကမထွက်ရသေးဘူး။ Chacha တစ်ယောက် လှစ်ခနဲပျောက်သွားလေပြီ။

ဖုန်းကျို ခဏလောက်တန့်နေပြီးနောက် Chacha ရဲ့ထွက်ခွာမှုကို တားဖို့မြှောက်လိုက်တဲ့ သူမရဲ့လက်ကို ပြန်ရုပ်သိမ်းလိုက်တယ်။

ကိစ္စမရှိပါဘူးလေ။ တစ်ခုက မင်းသား Qing ရဲ့ထောင်ချောက်၊ တစ်ခုက Xize ရဲ့ထောင်ချောက် နှစ်ခုစလုံးဆိုးတာတွေချည်းပဲ။ ဦးနှောက်မရှိစွာ စဉ်းစားမယ်ဆိုရင်တောင် Xize ရဲ့ထောင်ချောက်က ပိုကောင်းတဲ့ရွေးချယ်မှုပဲ။

Page-72

ဟိုအရင်တုန်းက သူမအဒေါ်ဟာ မြွေသေးသေးလေးတစ်ကောင်ကြောင့် ခံစားခဲ့ရဖူးတယ်။ သူမလည်းပဲ ဒီစိတ်ရှုပ်ဖို့ကောင်းတဲ့ မင်းသား Qingကြောင့် အနှေးနဲ့အမြန်ဆိုသလို ဒုက္ခရောက်ရအုန်းမှာပဲ။ ချင်းချူကလူတွေက မြွေတွေနဲ့ပတ်သက်ရင် ကောင်းကျိုးကိုမပေးကြပါဘူး။

သင်္ဘောပေါ်မှာဆိုတော့ အရှင် Xize ရဲ့အခန်းက သိပ်မကျယ်လှဘူး။ ရေပေါ်မှာဆော့ကစားနေတဲ့ ကျီးတစ်သိုက်ရဲ့ ပန်းချီပုံဖော်ထားတဲ့ ခန်းစီးလိုက်ကာလေးနဲ့ အခန်းကိုခွဲခြားထားတယ်။ ဖုန်းကျို တံခါးကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာ Juno နဲ့ Changdi တို့ မဟော်ဂနီရောင်စားပွဲဘေးက ထိုင်ခုံတွေပေါ်မှာ အသီးသီးနေရာယူလျက် ဣနြေ္ဒတစ်ခွဲသားနဲ့ ဆန်ပြုတ်သောက်နေကြကို တွေ့လိုက်ရတယ်။ Xize ကတော့ ခြေလှမ်းအနည်းငယ်အကွာမှာ အမွှေးနံ့သာအိုးတစ်ခုနဲ့ အလုပ်ရှုပ်နေလေရဲ့။

ရုတ်တရက် တံခါးတွန်းဖွင့်လိုက်သံက ကျယ်လောင်လှပေမယ့် Xize ဆိုတဲ့သူကတော့ လှည့်ကြည့်ဖော်တောင်မရပါဘူး။ ထိုအချိန် Changdi ရဲ့ပါးစပ်လေးဟာ အနည်းငယ်ရွဲ့စောင်းလို့သွားပြီး ဖုန်းကျိုကို သရော်သလိုကြည့်လိုက်တယ်။ Juno ကတော့ ဣနြေ္ဒမပျက် ဆန်ပြုတ်ဆက်သောက်နေခဲ့တယ်။

ဖုန်းကျို မျက်မှောင်ကြုတ်မိသွားတယ်။ Juno အရမ်းနေမကောင်းဖြစ်နေလို့မလို့ ဘယ်လောက်ပဲ Xize ရဲ့အကူအညီကိုလိုအပ်နေပစေ Xize ကပဲ နေမကောင်းဖြစ်တဲ့ Juno ရဲ့အခန်းဆီ သွားရမှာမဟုတ်လား? ခုတော့ ဒီညီအစ်မနှစ်ယောက်ရဲ့လုပ်ရပ်က အတင်းအဖျင်းသံသယစကားတွေ ပြောခံရမှာတောင် ဂရုမစိုက်ကြတော့ပါလား..။ သူမထက်တောင် သူတို့တွေက ပိုပြီးလွတ်လပ်ပေါ့ပါးနိုင်ကြတာပဲ။ ဖုန်းကျို ဒီနှစ်ယောက်ကို တကယ်လေးစားသွားပြီ။

Xize ဖုန်းကျိုကိုဂရုမစိုက်တာ မြင်ရတဲ့အတွက် Changdi စိတ်ထဲကနေ ကျိတ်ကျေနပ်နေခဲ့တယ်။ ဒီတစ်ခေါက်တော့ ဖုန်းကျိုအရမ်းရှက်သွားပြီး ချက်ချင်းလှည့်ပြန်သွားမှာ သေချာတယ်။ ကျေနပ်အားရမှုနဲ့အတူ သူမမျက်နှာပေါ်က အပြုံးကလည်း ပိုပြီးပီပြင်လာခဲ့တယ်။

သို့သော် စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုကျေနပ်ပီတိအပြုံးဟာ တောင့်တင်းသွားလေတယ်။

Changdi ဖုန်းကျိုရဲ့မျက်နှာပြောင်မှုကို လျော့တွက်လိုက်မိတာကိုး။ ဒီအချိန်မှာဖုန်းကျိုက သူမ Fanyin တောင်ကြားမှာရှိခဲ့စဉ်က သုံဟွာသီကျွင်းရဲ့လုပ်ရပ်တွေ၊ အပြောတွေကို ကြည့်ရှုနားထောင်ကာသင်ယူရင်း အခြေခံအုတ်မြစ်က တော်တော်လေးခိုင်မာနေပြီလေ။ အခုချိန်မှာ သူမရဲ့အရေခွံက ဓားတစ်ချောင်းရဲ့ပါးလျချွန်ထက်မှုနဲ့ နှိုင်းသာလို့မရပေမယ့် အခုလိုအခြေအနေမျိုးကို ကိုင်တွယ်ဖို့လောက်ကတော့ ကလေးကစားစရာသာသာပဲရှိပါတယ်။ ဖုန်းကျို ဒီနေရာမှာတခြားဘယ်သူမှ ရှိမနေသလိုမျိုး အတည်ပေါက်နဲ့ဝင်ထိုင်ကာ သူမဘာသာပဲ ဆန်ပြုတ်ကို ခပ်ယူသောက်လိုက်တယ်။ ဆန်ပြုတ်ရဲ့အရသာက အနံ့မရှိ၊ အရသာမရှိ ပေါ့ရွှတ်ရွှတ်ဆန်ပြုတ်ကြီး။ ဒီဆန်ပြုတ်ကြီးကို သူမတို့အားလုံး တစ်စွန်းပြီးတစ်စွန်း အတူတူထိုင်သောက်နေခဲ့တယ်။ သို့သော်ငြား ဖုန်းကျိုတစ်ယောက်ကတော့ မျက်နှာတစ်ချက်မရှုံ့ဘဲ ထိုဆန်ပြုတ်ကို အရမ်းအရသာသလိုပုံစံမျိုးနဲ့ အားပါးတရသောက်လို့နေတယ်။ မသိရင် ဆန်ပြုတ်ကိုအရမ်းနှစ်ခြိုက်နေတဲ့အတိုင်းပဲ။

Page-73

Changdi ကြောင်သွားတယ်။ Aranya အရှင် Xize ကိုအမြဲစိတ်အနှောင့်အယှက်ပေးနေတာ သူမသူ့ကို အမှန်တကယ် ကြိုက်နှစ်သက်တဲ့ပုံပါပဲ။ ဒါပေမယ့် မနက်ခင်းစောစောစီးစီး Xize ရဲ့လျစ်လျုရှုကိုခံရပြီးတဲ့အချိန်မှာ သူမ ဘာလို့မကျေနပ်တဲ့အမူအရာ တစ်ခုမှမပြရတာလဲ? ကန့်ကွက်ဆန့်ကျင်မှုတစ်ခုခု ရှိနေရမှာမဟုတ်လား? အခုတော့ နာကျည်းမှုတစ်စုံတစ်ရာလေးတောင် မပြပါလား! ဘာဖြစ်လို့ သူမ စိတ်ထိခိုက်မှုလုံးဝမရှိရတာလဲ? တစ်ဖက်ကတွေးကြည့်ပြန်ရင် Aranya က အမြဲဟန်ဆောင်ကောင်းလေ့ရှိသူပဲဟာ။ သူမ ကိုယ့်ကိုကိုယ် အားတင်းပြုံးနေတာလဲ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် သူမကို နည်းနည်းလောက်ထပ်ဆွပေးရအုန်းမှာပေါ့..။

Changdi အတွေးစတွေကိုဖြတ်ပြီး စကားစလိုက်တယ် "အစ်မတော် Aranya အရှင် Xize နဲ့အတူ မနက်စာစားဖို့လာခဲ့တာလို့ကြားတယ် အမတော်စားပြီးသွားရင်လည်း အရှင် အမတော် Juno အတွက်ကုသပေးနေတုန်း အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ ချက်ချင်းပြန်ထွက်သွားတာကောင်းလိမ့်မယ်"

ဖုန်းကျို သူမရဲ့အင်္ကျီလက်ထဲကနေ စာအုပ်တစ်အုပ်ထုတ်ယူလိုက်ကာ ပြန်ပြောလိုက်တယ် "ကိစ္စမရှိပါဘူး နင်တို့ရဲ့ကုသမှုကိုဆက်လုပ်ကြပါ ငါစာဖတ်နေလို့ရသားပဲ ငါ့ကိုနှောင့်ယှက်မိမှာစိုးလို့ဆိုပြီး အားနာနေစရာလည်းမလိုဘူး ငါဒီလောက်တော့သဘောကောင်းပါတယ်"

Changdi ရဲ့သွေးပြန်ကြောတွေ ပြာနှမ်းလို့သွားတယ် "အရှက်မရှိလိုက်တာ! ဘယ်သူကနင့်ကို နှောင့်ယှက်မိမှာကြောက်နေလို့တုန်း?!" Juno သိမ်မွေ့စွာချောင်းဟန့်လိုက်ပြီးနောက် ဝင်ပြောလေတယ် "အဲ့လိုမရိုင်းရဘူးလေ!" ထို့နောက် ဖုန်းကျိုဘက်သို့လှည့်ကာ "ညီမတော်တော့သိမှာမဟုတ်လောက်ဘူး ခုတလော အစ်မတော် အမြဲလိုလိုခေါင်းကမူးတူးတူးဖြစ်နေတာ သာမာန်တိုင်းဆိုရင်တော့ ညီမတော်လာလည်တာတွေ့ရလို့ အရမ်းဝမ်းသာမိမှာပါ ဒါပေမယ့် အခုတလော အခန်းထဲမှာလူအရမ်းပြည့်ကျပ်နေရင်..."

သူမ ဖုန်းကျိုကို ပြောဆိုနေတာပါ။ သို့သော် သူမအကြည့်တွေက Xize ဆီရောက်သွားပုံရတယ်။

"ဟုတ်လား?! အမတော် ဒီလိုဖြစ်နေတယ်ဆိုရင်  မြန်မြန် အမတော်ရဲ့အခန်းကိုပြန်ပြီးနားသင့်တယ်ထင်တယ်" ဖုန်းကျို အူလှိုက်သဲလှိုက်စိတ်ပူနေဟန်နဲ့ ဆက်ပြောပြန်တယ် "အမတော်ရဲ့အခန်းက ဒီနေရာနဲ့အရမ်းဝေးတယ် နေပါအုန်း.. အမတော်တို့ကိုပြန်လိုက်ပို့ပေးဖို့ အစေခံနှစ်ယောက်လောက် ထည့်ပေးလိုက်ပါအုန်းမယ်.." သူမ ပြောလည်းပြီးသွားရော ထဖို့ဟန်ပြင်လိုက်တယ်။

Juno မျက်လုံးပြူးသွားတော့သည်။ Changdi ကတော့ ဒေါပွစွာနဲ့ နှုတ်ခမ်းကိုကိုက်လိုက်ပြီး Xize ဘက်သို့လှည့်လိုက်တယ် "သူမကို ကြည့်ပါအုန်း..."

"ညီမတော်" ဖုန်းကျို အသံရိုးရိုးလေးနဲ့ စတင်ပြောလိုက်တယ် "အမတော်ရဲ့ထောက်ထားကြင်နာမှုအတွက် ချီးကျူးချင်လို့လား? ဘယ်လောက်တောင် လိမ္မာယဉ်ကျေးပြီး ရိုသေတတ်တဲ့ညီမလေးလဲနော်!"

Page-74

Changdi ရဲ့မပြောလိုက်ရတဲ့ ရိုင်းရိုင်းစိုင်းစိုင်းစကားတွေဟာ သူမလည်ချောင်းထဲမှာတင် တစ်ဆို့သွားလေတယ်။ အခုချိန်မှာ သူမတစ်ခုခုပြန်ပြောလိုက်ရင် လူ့ကျင့်ဝတ်ကို နားမလည်တဲ့သူဖြစ်မယ်။ အကယ်၍ ဘာမှပြန်မပြောတော့ဘူးဆိုရင်လည်း ဒီတိုင်းပဲအညံ့ခံအရှုံးပေးလိုက်ရတော့မှာလား? သူမစိတ်ပြောင်းသွားကာ ဘေးနားမှာရှိနေတဲ့ Juno ကိုကူညီထိန်းပေးလိုက်ပြီး ထိတ်ထိတ်ပြာပြာနဲ့ ပြောလိုက်တယ် "အမတော် ဘာဖြစ်လို့လဲ?" ။ တယ်လဲလိုက်လိုက်ဖက်ညီတဲ့ ညီအမတွေပဲ။ ထိုအချိန်မှာ Juno သူမရဲ့နားထင်ကိုကိုင်ရင်း ပြန်ပြောလာတယ် "ရုတ်တရက်ကြီး ငါခေါင်းမူးလာသလိုပဲ..." ။ ကဲ.. သံဇဉ်မျှတဲ့ တေးတစ်ပုဒ်တော့ဖြစ်သွားပြီ။

ဒီလိုအရာမျိုးကို သနားခံတဲ့ပြဇာတ်လို့ခေါ်တယ်။ ကြည့်နေမြင်နေရတဲ့ အခြားသူတွေဆီကနေ ကြင်နာသနားလာမှုကို ဆွဲဆောင်ယူဖို့အတွက် တမင်ဖန်တီးထားတာဖြစ်တယ်။ ဖုန်းကျို ဒီပြဇာတ်ကိုသေချာသိတာပေါ့။ သူမကလေးဘဝ ပြဿနာဖြစ်တိုင်း ဒီလိုပြဇာတ်မျိုးကို အမြဲသရုပ်ဆောင်လေ့ရှိတာလေ။ သူမငယ်စဉ်ကနေ ခုချိန်ထိ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ သရုပ်ဆောင်ပြီးပြီလဲ ရေတောင်မရေနိုင်တော့ဘူး။ Juno နဲ့ Changdi တို့ရဲ့ညံ့ဖျင်းလှတဲ့ သရုပ်ဆောင်မှုအတွက် ဖုန်းကျို စိတ်ထဲကနေ သနားမိသွားတယ်။ သို့သော် ဒီညံ့ဖျင်းတဲ့ သရုပ်ဆောင်မှုလေးက Xize ကို အမွှေးနံ့သာအိုးကိုချထားခဲ့ပြီး သူမတို့နားကိုတိုးလာအောင်တော့ စွမ်းဆောင်နိုင်ခဲ့တယ်။ သူ Juno ကိုကူတွဲပေးလိုက်ပြီးနောက် သွေးခုန်နှုန်းစမ်းပေးလေတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ သူမဝမ်းဗိုက်ဆီဖြတ်သန်းသွားပုံပဲ။

ပြောရရင် ဒီတိုးတက်မှုမှာ အခက်အခဲအနည်းငယ်တော့ရှိတယ်။ Aranya ခင်ပွန်းသည်ရဲ့အမူအရာပုံစံတွေကိုကြည့်ရတာ Juno က သူ့အတွက် အတော်လေးအရေးပုံရတယ်။ သူ ရောဂါတစ်မျိုးမျိုးကို စမ်းမိသည်ဖြစ်စေ မစမ်းမိသည်ဖြစ်စေ ခုချိန်မှာ သူ့ရဲ့ဧည့်သည့်ကို စိတ်ထဲမှာတော့ ထွက်သွားစေချင်နေမှာပဲ။ ဖုန်းကျို တိတ်တိတ်လေး သက်ပြင်းချမိတယ်။ ဘုရားရေ..! မင်းသား Qing သာအိပ်ပျော်နေရင် ဒါပေါ့ သူမဒီနေရာကိုလာဖို့ ဘယ်လိုလိမ့်မလဲ။ ဒါပေမယ့် မင်းသား Qing က အရှင်လတ်လတ်ကြီးနိုးနေတာလေ။ သူမ ဒီတံခါးအပြင်ဘက်ကို ခြေချလိုက်တာနဲ့ မင်းသား Qing ကိုဂရုစိုက်ပေးဖို့၊ အဖော်ပြုပေးဖို့တောင်းဆိုကြမယ့် အစေခံတွေက သူမနားကိုဝိုင်းအုံလာကြမှာ။ အတွေးနဲ့တင် ဖုန်းကျို ဇောချွေးတွေပြန်လာခဲ့တယ်။ အကယ်၍များ ဒီနေရာဒီအချိန်မှာ သူမမူးမေ့လဲသွားခဲ့ရင် Xize ရဲ့အခန်းထဲမှာ သူမဆက်ပြီးနေခွင့်ရရင်ရနိုင်မှာ။

သို့သော် သူမ မေ့လဲမသွားခဲ့ဘူး။ ထိုအချိန်လေးမှာပဲ Chacha အချိန်ကိုက်တံခါးလာခေါက်လေတယ်။ Chacha ခမျာ ဖုန်းကျို မင်းသား Qing ကိုအရမ်းစိတ်ပူနေမယ်ထင်လို့ နောက်ဆုံးအခြေအနေကို ချက်ချင်း လာရောက်သတင်းပို့ခြင်းဖြစ်တယ် "အရှင်မင်းသမီး.. မင်းသား Qing အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါပြီ စိတ်မပူပါနဲ့တော့"

ဒီတစ်ကြိမ်မှာတော့ Juno ရဲ့သွေးခုန်နှုန်းကိုစမ်းသပ်ပေးနေတဲ့ Xize တစ်ယောက် လှည့်ကြည့်လာပါတယ်။ သူ ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ဖုန်းကျိုကိုပြောလိုက်တယ် "မင်း..."

Page-75

သို့သော် 'မင်း' ဆိုတဲ့စကားလုံးက မြေပြင်ပေါ်တောင် ပျံ့လွင့်မကျသေးဘူး။ ဖုန်းကျို ရုတ်တရက် ပြုံးဖြဲဖြဲအမူအရာနဲ့ ထခုန်လေတယ် "ကြည့်ပါအုန်း မေ့နေလိုက်တာ ဒီမနက် ဆရာMo Shao နဲ့အတူ လေညှင်းခံဖို့ချိန်းထားတာကို လုံးဝမေ့နေတယ်! နင်တို့ကတော့ အေးတဲ့မြစ်လေဒဏ်ကို ခံလို့မရဘူးဆိုတော့ ဒီမှာပဲနားနားနေနေ နေခဲ့တော်နော် နှုတ်ဆက်ပါတယ်.. အချိန်ရရင် နင်တို့ရဲ့ဧည့်ဝတ်ကျေပွန်မှုကိုခံယူဖို့ လာခဲ့ပါအုန်းမယ်" တံခါးနားရောက်သွားတော့ ဖုန်းကျိုရဲ့ခေါင်းလေး အထဲကိုပြန်ပြူလာပြီး Juno ဆီကို စိတ်အရင်းခံနဲ့ပြုံးပြလာပြန်တယ် "အမတော် ကျန်းမာရေးဂရုစိုက်နော် ရောဂါကိုသေချာကုပြီး အမြန်ပြန်ကောင်းလာအောင် ဆေးကိုလည်းပုံမှန်သောက်" ။ ခဏချင်းအတွင်းမှာပဲ Juno ရဲ့မျက်နှာတွေ ပြာနှမ်းလာတော့တယ်။

Xize ကတော့ ရုပ်တုကြီးတစ်ခုလို တန့်နေဆဲပဲ။ ထို့နောက် Changdi ဘက်သို့လှည့်ကာ ခုနက ဖုန်းကျိုဆီမှာမဆုံးလိုက်ရတဲ့စကားတွေကို ခုမှပဲအဆုံးသတ်ရတော့တဲ့ပုံစံမျိုးနဲ့ ပြောလာတယ် "မင်း တံခါးပေါက်ဝနားက ဆေးမှုန့်ထုတ်လေးကို ငါ့ဆီယူလာပေးလို့ရမလား?"

(ဖုန်းကျိုရယ် သုံဟွာက နင့်ကိုထွက်သွားဖို့ပြောမှာ မဟုတ်ပါဘူးဟဲ့😕)

               __________________

သင်္ဘောက အရမ်းကြီးမားပါတယ်။ ဒါပေမယ့် Su Moye ကိုတွေ့ချင်ရင် နေရာ၂နေရာပဲ လိုက်ရှာရင်ရတယ်။ သူ့အခန်းထဲ ဒါမှမဟုတ် သင်္ဘောဦးပဲ..။

ဖုန်းကျို သင်္ဘောဦးဘက်ကို ထွက်လာခဲ့လိုက်တယ်။ သူမရဲ့မြင်ကွင်းကို နှုတ်ဆက်လိုက်တာကတော့ ရွှံ့မီးဖိုတစ်ခုရယ်၊ မြစိမ်းရောင်လက်ဖက်ရည်ခွက်အစုံရယ်နဲ့ လက်ဖက်ရည်လောင်းထည့်နေတဲ့ Mo Shao ပါပဲ။ သူ သူမကို ငြင်သာတဲ့အပြုံးလေးနဲ့ ကြည့်လာတယ် "နွေဦးရဲ့တစ်မနက်မှာ နိုးထလာပြီးတဲ့နောက် သာမာန်စာအုပ်တစ်ချို့ကို ငါရှာတွေ့ခဲ့တယ် အခုဆို ဝရန်တာမှာ လက်ဖက်ရည်ခါးခါးထိုင်သောက်ရတာက ငါ့ရဲ့ဝါသနာသစ်တောင် ဖြစ်လာပြီ မိန်းမငယ်လေးက ဒီနေရာကိုအပြေးနှင်လာခဲ့တာပဲ လက်ဖက်ရည်ငှဲ့ပေးရမလား?"

Mo Shao ဘာလို့ ကမ္ဘာပေါ်မှာကဗျာအဆန်ဆုံးယောကျာ်းတွေထဲကတစ်ယောက်လို့ ကျော်ကြားသလဲဆိုတာ ဖုန်းကျို နောက်ဆုံးတော့နားလည်သွားပါပြီ။ ဒီပုံရိပ်လေးက ဆွဲဆောင်မှုရှိလှတဲ့ပုံရိပ်လေး မဟုတ်ဘူးလား? တော်သေးတာပေါ့ သူမရဲ့ကျင့်စဉ်ခိုင်ပေလို့ ဒီမြင်ကွင်းကိုမြင်ပြီး မျက်ခွံလေးတွေဂနာမငြိမ်ရုံပဲဖြစ်သွားတာ။ ဒီလောက်ခန့်ညားလွန်းတဲ့ လူကြီးလူကောင်းတစ်ယောက်က လက်ဖက်ရည်သောက်ဖို့ ကမ်းလှမ်းလာတာကို သာမာန်မိန်းကလေးသာဆိုရင် ဘယ်ငြင်းနိုင်ဝံ့မလဲလေ..။

နှစ်ယောက်စလုံးကတော့ လက်ဖက်ရည်ကြိုက်နှစ်သက်တဲ့သူတွေပါပဲ။ ဒါပေမယ့် သုံဟွာသီကျွင်းနဲ့ Su Moye တို့နှစ်ယောက်ကိုယှဉ်ရင် လုံးဝကိုမတူကြတာ။ ခုချိန်မှာ လက်ဖက်ရည်ကျိုနေတဲ့သူက သီကျွင်းသာဆိုရင် သူ့ရဲ့ကြော့မော့တဲ့သွင်ပြင်ကလွဲလို့ Mo Shao ရဲ့စကားတွေလို သူ့စကားတွေထဲမှာ ဆွဲဆောင်မှုညှို့ဓာတ်အရည်အချင်းတွေ တစ်ခုမှ ပါမှာမဟုတ်တာသေချာတယ်။ သီကျွင်းသာဆိုရင် ဒီလိုပဲခပ်ပြတ်ပြတ်မေးလိမ့်မယ် "သောက်မှာလား မသောက်ဘူးလား?"

ဖုန်းကျို ညင်သာစွာ ပြုံးမိသွားတယ်။

Page-76

ထိုအချိန်မှာပဲ သူမ အတွေးထဲမှာ ဆက်ပြီးနစ်မြောလို့လာခဲ့တယ်။ အမှန်တိုင်းပြောရရင် ခုတလော သူမ သုံဟွာသီကျွင်းအကြောင်းကို သိပ်မတွေးဖြစ်ဘူးပဲ။ အဲ့ဒီချိန်တုန်းက Saha သီးခိုးဖို့ကိစ္စနဲ့တင် သူမအလုပ်ရှုပ်နေတာ။ အဲ့ဒီနောက်တော့ သူမရော အသီးပါ ဒီကမ္ဘာထဲကို ပြုတ်ကျသွားခဲ့တယ်။ ခုနေများ သုံဟွာနဲ့ Jiheng တို့ဘယ်လိုဖြစ်နေကြမလဲမသိ။ သူတို့နှစ်ယောက်ကြားက အရှုပ်အထွေးတွေ ဖြေရှင်းပြီးသွားလို့ မခွဲတတွဲတွဲဖြစ်နေကြမလား?? Jiheng ကတော့ပြောဖူးပါရဲ့ 'ထာဝရရှည်ကြာတဲ့အချစ်' တဲ့။

ဖုန်းကျို လက်ဖဝါးနှစ်ခုကြားထဲကို အပူငွေ့လေးမှုတ်လိုက်တယ်။ တစ်ခါတစ်ရံ သူမ သုံဟွာ့အကြောင်းတွေးမိတာတွေ ရှိပါတယ်။ ဒါပေမယ့် သူက မတူညီတဲ့အတိတ်ကိုပိုင်ဆိုင်ထားသူလေ။ သူ့ကိုမေ့ပစ်ဖို့အတွက် ကြိုးစားအလုပ်ရှုပ်ခံနေစရာ မလိုတော့ပါဘူး။ အခုကစပြီး သုံဟွာသီကျွင်းက သူမအတွက် စကားလုံး၄လုံးထက် မပိုတော့ဘူး။

"ငါမင်းကို နောက်လိုက်တာပါ" Su Moye ထိုင်ဖို့နေရာကမ်းလှမ်းရင်း မေးလိုက်တယ် "ဘာလဲ ငါကြေကွဲစရာအတိတ်တွေကို အစဖော်မိလိုက်လို့လား?"

ဖုန်းကျို အံ့အားသင့်သွားပြီး ပြန်ပြောလေတယ် "ကျွန်မက ငယ်ငယ်လေးပဲရှိသေးတာ ကြေကွဲစရာအတိတ်တွေ ဘယ်လောက်များရှိနိုင်မှာမို့လို့လဲ?" သူမရဲ့သိချင်စိတ်ကို ထိန်းမထားနိုင်တော့တာနဲ့ Su Moye ဆီ ကိုယ်လေးကိုင်းကာ မေးလိုက်တော့တယ် "ရှင် ခုနက ကျွန်မကို လက်ဖက်ရည်သောက်ဖို့ဖိတ်သလိုမျိုး Aranya ကိုလည်း အဲ့လိုပဲပြောတာလား?"

Su Moye အသာအယာ မျက်မှောင်ကြုတ်မိသွားတယ်။

ထပ်ပြီး ဖုန်းကျို သူမကိုယ်သူမ မထိန်းနိုင်တာနဲ့ အတိတ်ကိုတူးဆွပြန်တယ် "Aranya ရှင့်ကိုဘယ်လိုတုံ့ပြန်ခဲ့လဲ?"

Su Moye ရဲ့ လက်ဖက်ရည်လောင်းထည့်နေတဲ့လက်ကလေး ညင်သာစွာတုန်လှုပ်သွားလေတယ်။ သူ့ရဲ့မျက်စိရှေ့မှာ ပြုံးရွှင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်။ သူမသူ့ကို မျက်စိတစ်ဖက်မှိတ်ပြပြီး ရုတ်တရက် အနီးနားက အကယ်မယ်လေးတွေကို လက်လေးဝှေ့ရမ်းပြလိုက်တယ် "ဆရာက အားလုံးကို လက်ဖက်ရည်သောက်ဖို့ဖိတ်နေတာ ညီမတော်တို့ ဘာလို့လာမသောက်ကြသေးတာလဲ...? ထို့နောက် သူမ ဘေးကိုကပ်ပြီး ရပ်လိုက်တယ်။ အဲ့ဒီနောက် သူမှတ်မိတာက သူထိုင်နေတဲ့နေရာမှာ ထွက်ပြေးဖို့လမ်းပေါက် လုံးဝမရှိတော့လောက်အောင် အကမယ်လေးတွေ အစုလိုက်အပြုံလိုက် သူ့နားကိုဝိုင်းအုံလာကြတာပဲဖြစ်တယ်။

Su Moye လက်ဖက်ရည်ငှဲ့နေတာရပ်လိုက်ပြီး စွဲဆောင်မှုပြင်းစွာ သူမကိုပြုံးပြလာတယ် "ငါဘာလို့ မင်းကိုပြောပြရမှာလဲ?"

ဖုန်းကျို ကိုယ်ကိုတည့်တည့်မတ်မတ်ထိုင်ရင်း စိတ်ဓာတ်ကျနေသလို မှုန်သုန်သွားတော့သည် "ဒါဆိုလည်း ပြီးတာပဲ" ထို့နောက် ကိုယ်ကို ဟိုလိမ်ဒီလိမ် လိမ်ကောက်နေပြီးမှ ပြောလာခဲ့တယ် "အမှန်တော့ ရှင့်ဆီကအကူအညီတောင်းစရာရှိလို့ လာခဲ့တာ မနေ့ညက ရှင်ကျွန်မကို မေ့မြောသွားအောင် ရိုက်ပေးတယ်လေ ဒါပေမယ့် အဲ့လိုညတိုင်းလုပ်ဖို့က အဆင်မပြေနိုင်ဘူး ဒီညနေ သင်္ဘောကမ်းကပ်မယ်လို့ကြားတယ် ပြီးတော့ အဲ့ဒီမှာ ရှုခင်းလှလှနေရာတစ်ခုရှိတယ်တဲ့ ကျွန်မအဲ့ဒီကိုသွားကြည့်ချင်တယ် ဒါပေမယ့် Ah Qing တူတူလိုက်လာရင်တော့ ပျော်စရာကောင်းတော့မှာမဟုတ်ဘူး ဒီကိုလာရင်းလမ်းမှာ ကျွန်မ နည်းလမ်းတစ်ခုစဉ်းစားမိတယ် ရှင်နားထောင်ကြည့်ကြည့်"

Page-77

Su Moye စာနာမိစွာ ပြန်ပြောလေသည် "မင်းမှာလည်း မင်းသား Qing ကိုရှောင်ဖို့အတွက်နဲ့ ကြိုးစားပန်းစား ကိုယ့်ဘဝကိုယ်ခက်ခဲအောင်လုပ်နေတာပဲ"

ဒီနည်းလမ်းကိုရှာတွေ့ဖို့ ဖုန်းကျိုခမျာ အကြံဉာဏ်တွေကို အတော်ဖျစ်ညှစ်ထားရတာ။

မင်းသား Qing က တကယ်တော့ မျက်စိသိပ်မကောင်းရှာဘူး။ သူမကိုရှာဖို့ အမြဲ သူ့နှာခေါင်းကိုပဲအသုံးပြုရတာလေ။

ညနေရောက်ရင် ဒီနဂါးသင်္ဘောကြီးက အသည်းကွဲတောင်ရဲ့ဘေးမှာ ကမ်းကပ်မှာဖြစ်တယ်။ အသည်းကွဲတောင်မှာ အသည်းကွဲချောက်ကမ်းပါးရှိတယ်။ ချောက်ကမ်းပါးရဲ့အောက်ခြေမှာကတော့ Mingxi ပင်လယ်အော်ပေါ့။

ဖုန်းကျို Mingxi ပင်လယ်အော်ဆီ ဒီညသွားချင်ရတဲ့အကြောင်းက Yueling ပန်းတွေသွားကြည့်ချင်လို့ပါ။ မင်းသား Qing ဆီကလွတ်မြောက်ဖို့အတွက် သူမကိုယ်ကို အမွှေးနံ့သာမှုန့်တွေဖြူးဖို့အကြောင်း သူမတွေးပြီးပါပြီ။ ဒါပေမယ့် မင်းသား Qing ရဲ့စိတ်သဘောအရဆိုရင် သူမကိုရှာမတွေ့တော့တာနဲ့ တရှူးရှူးဒေါပွမှာသေချာတယ်။ အဲ့ဒီအချိန်ကျရင် နဂါးသင်္ဘောကြီးတစ်ခုလုံးကိုတောင် သူမြိုပစ်ဖို့အလားအလာရှိတယ်။

သူမ ရှေ့နောက်သေချာစဉ်းစားလို့အပြီးမှာ သူမရဲ့ဂါဝန်ကိုဝတ်ပြီး သူမကိုယ်အနံ့ကိုသယ်ဆောင်ပေးမယ့် အခြားတစ်ယောက်ကိုရှာတာထက် တခြားပိုကောင်းတဲ့အကြံမရှိတော့ဘူး။ ဒါပေမယ့် ဧရာမ မင်းသား Qing ကိုတွေးမိရုံနဲ့တင် ထိုအစားထိုးမဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သူမ အဲ့လောက်ထိ မရက်စက်နိုင်ဘူးလေ။ သို့ပေမယ့်လည်း မိုးကောင်းကင်က သူမကို ပစ်တော့မထားပါဘူး။ သူမအကြံအိုက်နေတုန်းတန်းလန်း Changdi ရဲ့ပုံရိပ်က အချိန်ကိုက်သူမရှေ့မှာပေါ်လာခဲ့တယ်။

ဖုန်းကျို Su Moye ကိုပြောလိုက်တယ် "ကျွန်မမြင်ရသလောက်တော့ Changdi က Xize အပေါ်ကို တိတ်တခိုးသဘောကျနေတယ်ထင်တယ် ဒီည ကျွန်မ Xize နာမ်မည်နဲ့ သူမအခန်းထဲမှာ စာတစ်စောင်ထားခဲ့ပြီး မြစ်ဘေးမှာဆုံဖို့ သူမကိုဖိတ်လိုက်မယ် Mo Shao.. ရှင့်ရဲ့ခန္ဓာကိုယ်အချိုးအစားက Xize နဲ့သိပ်မကွာဘူး ရှင် သူ့နေရာမှာသာဟန်ဆောင်လိုက်ရင် အစီစဉ်က အလွယ်လေးပဲ"

သူမ စကားခဏရပ်ပြီး သေသေချာချာ ဆက်ပြောတယ် "ကျွန်မတို့ကမ်းပေါ်တက်တာနဲ့ ခြေလှမ်းအနည်းငယ်အကွာမှာ တွင်းတစ်တွင်းတူးကြမယ် ပြီးတော့ တွင်းကိုမြစ်ရေနဲ့သွယ်ပြီး မန္တန်နဲ့မမြင်ရအောင်ဖုံးထားလိုက်မယ်လေ Changdi သာ ရှင့်နားပြေးကပ်လာခဲ့ရင် သေချာပေါက် သူမတွင်းထဲကိုပြုတ်ကျမှာပဲ အဲ့ဒီအချိန်မှာ ကျွန်မက အနီးနားကလှေငယ်တစ်ခုပေါ်မှာ စောင့်နေပြီးတော့ အဝတ်အစားတစ်ချို့ကို အဆင်သင့်ပြင်ထားလိုက်မယ် ရှင် သူမကို တွင်းထဲကကယ်ထုတ်ပြီး လှေငယ်ဆီခေါ်လာခဲ့ ပြီးတော့ ကျွန်မဆီကအဝတ်အစားတွေနဲ့ သူမရဲ့ရေစိုနေတဲ့အဝတ်တွေကိုလဲအောင်လုပ်လိုက် ဒီကိစ္စအားလုံးသာ အဆင်ပြေပြေအောင်မြင်သွားလို့ရှိရင် ကျွန်မရဲ့အကျိုးတော်ဆောင်ကြီးအဖြစ် ရှင့်ကိုသတ်မှတ်ပြီး Yueling ပန်းတွေကြည့်ဖို့ ခေါ်သွားမယ်"

Page-78

ဖုန်းကျိုတစ်ယောက် သူမရဲ့လက်ချောင်းလေးကို လက်ဖက်ရည်ခွက်ထဲကိုနှစ်ရင်း တကယ့်အတည်ပေါက်ကြီးနဲ့ မြေပုံဆွဲပြနေတာကို Su Moye ထိုင်ကြည့်နေခဲ့တယ်။ သူ တစ်စုံတစ်ခုကိုစဉ်းစားမိကာ ရယ်မောလေတယ် "မင်းဦးလေးငယ်ကတောင် ပြောသေးတယ် ချင်းချူရဲ့တစ်ဦးတည်းသောမြေးမလေးမို့ အရမ်းအလိုလိုက်ခံထားရတာတဲ့ ပြီးတော့ နတ်ဆိုးတစ်ကောင်လိုစရိုက်နဲ့ တစ်ချိန်လုံးပြဿနာလိုက်ရှာနေတာလို့ပြောတယ် အရင်တုန်းကတော့ ငါသူ့ကိုမယုံခဲ့ဘူး အခုကိုယ်တွေ့မြင်ရတော့မှပဲ မင်းရဲ့ဂုဏ်သတင်းနဲ့ တကယ်ကိုကိုက်ညီတာကို ငါလုံးဝယုံတော့တယ်"

ဖုန်းကျို ဒေါဖောင်းသွားလေတယ် "ဦးလေးငယ်ကသာ ကျီရန့်အားကိုးနဲ့ ပြဿနာမျိုးစုံလိုက်ရှာနေတာပါ ဒါကိုများ ကျွန်မအကြောင်း အရှက်မရှိပြောသေးတယ်..!" သူမ စိတ်ထိခိုက်သွားသလိုပုံနဲ့ "အမှန်တော့ ကျွန်မရော ကျွန်မဒေါ်ဒေါ်ရော ပြဿနာမမွှေခင် အမြဲတမ်း အရင်သေချာတွေးတာတတ်ကြတယ်" ထို့နောက် ဝမ်းနည်းတဲ့အသံတိမ်လေးနဲ့ ဆက်ပြောတယ် "အခုတော့ ဒေါ်ဒေါ်က ဦးလေးရဲ့ဟွာရဲ့အားကိုးရှိသွားပြီမလို့ သိပ်စိတ်ပူစရာမလိုတော့ဘူး ဒါပေမယ့် ကျွန်မကတော့ ပြသနာမရှာခင် သေချာစဉ်းစားဖို့လိုသေးတယ်"

(ဖုန်းကျိုရယ် သုံဟွာကိုသာအမိဖမ်းစမ်းပါ နင် တစ်ကမ္ဘာလုံးကိုပြောင်းပြန်လှန်ပြသနာရှာရင်တောင် ဘယ်သူမှနင့်ကိုအာခံရဲမှမုတ်ဘူး🤣)

Su Moye သောက်နေတဲ့လက်ဖက်ရည်တောင်သီးသွားပြီး အံ့အားသင့်စွာပြောလိုက်တယ် "... ဒါ ကောင်းတဲ့အကျင့်လို့ ယူဆလို့ရပါတယ်" ထို့နောက် သူ့ရဲ့မျက်ခုံးမွှေးလေးတွေကို ကုတ်ခြစ်ကာ ဆက်ပြောတယ် "ပြောရရင် မင်းအစီအစဉ်ဆွဲထားတာ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် အစီအစဉ်အရဆိုရင် အရှင် Xize ကိုပါ ဆွဲထည့်ရမှာ..." သူ့ရဲ့မျက်နှာအမူအရာဟာ လျှို့ဝှက်နက်နဲလာခဲ့တယ် "Xize လိုလူမျိုးက လှိမ့်လို့လွယ်တဲ့သူမဟုတ်ဘူးနော် မင်းသူ့ကိုအသုံးချနေတယ်ဆိုတာသာသိရင် ပြဿနာတွေပိုများလာမှာ ငါစိုးရိမ်တယ်" (ဪ Su Moye.. သုံဟွာကိုကြောက်ရှာသားပဲ😂)

ဖုန်းကျို အလေးအနက်စဉ်းစားကြည့်နေပြီး ခဏကြာတော့ စကားလုံးသုံးလုံးပဲထွက်လာခဲ့တယ် "ကျွန်မကရော ဂရုစိုက်နေတဲ့ပုံပေါက်လို့လား?" (မြန်မာစကားနဲ့ပြန်တော့ စကားလုံးများသွားတာ😅)
Page 79-88

Page-79

ညနေစောင်းလာတော့ ခေါင်းပေါ်မှာမျက်နှာဖုံးတစ်ခုစောင်းလျက် ဖုန်းကျိုတစ်ယောက် မြစ်ကမ်းဘေးကကျူပင်တွေကြားမှာ ဆောင့်ကြောင့်ထိုင်ကာ တောက်ပပြီးစူးရှတဲ့မျက်လုံးတွေနဲ့ အခြေအနေကို ချောင်းကြည့်နေခဲ့တယ်။

Si’xing မြစ်ရေဟာ အသည်းကွဲတောင်ရဲ့ဘေး ကျဉ်းမြောင်းပြီးလေငြိမ်တဲ့ နက်စောက်စောက်ချောက်ကမ်းပါးအတွင်းမှာ ဖြတ်သန်းစီးဆင်းလို့နေတယ်။ တောင်ပေါ်သားတွေမျှောထားတဲ့ ဆုတောင်းမီးပုံးတွေဟာ ပင်လယ်အော်မှာ အစုလိုက်အပြုံလိုက် ပျံတက်နေကြပုံက မသိရင် ကောင်းကင်ကနေ ကြယ်မိုးတွေရွာနေတဲ့အတိုင်းပဲ။

ဒီနေ့ညမှာ ရွာသူရွာသားတွေရဲ့ ကျောက်စိမ်းအပျိုစင်ပွဲတော်ရှိတယ်လေ။ ပွဲတော်က ယောကျာ်းပျိုတွေနဲ့ မိန်းမပျိုတွေကို အောင်သွယ်ပေးတဲ့ပွဲတစ်ခုပေါ့။ ဒီနယ်ရဲ့ ရှေးဟောင်းဓလေ့တစ်ခုလည်းဖြစ်တယ်။ ပွဲတော်ညမှာ လက်မထပ်ရသေးတဲ့ လူငယ်ယောကျာ်းပျိုတွေနဲ့ မိန်းမပျိုလေးတွေဟာ မျက်နှာဖုံးတပ်ပြီး အပြင်ကိုထွက်လည်လေ့ရှိကြတယ်။ ဆိတ်ငြိမ်ပြီး ပန်းတွေဝေတဲ့ မြက်ခင်းပြင်တစ်နေရာသို့သွားကာ သူတို့ရဲ့ခံစားချက်တွေကို သီချင်းတွေသီဆိုကပြရင်း ဖွင့်ဟဝန်ခံလေ့ရှိတယ်။ ဒီလိုနဲ့ တစ်သက်တာနှစ်ဦးသဘောတူ ထိမ်းမြားလက်ထပ်မှုကို အစပြုကြတာပေါ့။

ဒီလိုမျိုးအရေးကြီးပွဲတော်ကျင်းပမှာဖြစ်တဲ့အတွက် ဒီည အသည်းကွဲတောင်ပေါ်ကိုတက်ရောက်ဖို့ ပိတ်ပင်ထားမှာဖြစ်တယ်။

ဖုန်းကျို ခေါင်းပေါ်ကမျက်နှာဖုံးကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း တခစ်ခစ်ရယ်လို့နေတယ်။ ကံကောင်းစွာနဲ့ မျက်နှာဖုံးကို သူမ လိုရမယ်ရ ယူလာခဲ့မိလို့သာပဲပေါ့။ နို့မို့ဆို တောင်ပေါ်ကို ဒီတိုင်းတက်ရရင် လွယ်မှာမဟုတ်လောက်ဘူး။

ရုတ်တရက် မြစ်ဝှမ်းပေါ်ကို လေပြင်းတစ်ချက်တိုက်ခတ်သွားလေသည်။ ဖုန်းကျို နှာချေပြီးနောက် သူမရဲ့နှာခေါင်းကိုသုတ်ဖို့ အင်္ကျီလက်ထဲကနေ လက်ကိုင်ပုဝါလေးတစ်ထည် ထုတ်လိုက်တယ်။ ပြီးတော့ နေ့လည်က သူမကိုယ်တိုင်တူးထားတဲ့ သူမရှေ့နားကရေတွင်းလေးဆီ လှမ်းကြည့်လိုက်တယ်။ ခရမ်းရောင်ဝတ်ရုံနဲ့ Xize အဖြစ်ဟန်ဆောင်ရမယ့် Su Moye တစ်ယောက် အခု တဖြည်းဖြည်းနဲ့ သူ့အလုပ်သူစလုပ်နေပြီ။

"နေဝင်သွားလို့ မိုးမခပင်တွေပေါ်ကို လမင်းကြီးရောက်လာတဲ့အချိန်မှာ သင့်ကိုကျွန်ုပ် လာဆုံတွေ့မယ်"

မကြာပါဘူး အပြာရောင်ဝတ်စုံနဲ့ မိန်းမပျိုတစ်ဦး ပေါ်ထွက်လာလေတယ်။ တစ်လှမ်းချင်း စိမ်ပြေနပြေနဲ့ ရှေ့ကိုလျှောက်လာပြီး ရေတွင်းနားမရောက်ခင်မှာပဲ သူမခြေလှမ်းတွေကို ရပ်ပစ်လိုက်တယ်။ ရွာသူရွာသားတွေရဲ့ မီးပုံးအလင်းရောင်တွေ၊ မီးရှူးမီးတိုင်ရောင်စုံတွေကြားမှာ သူမရဲ့ စိတ်အားထက်သန်နေတဲ့မျက်လုံးတွေက Su Moye ဆီ ရောက်ရှိသွားလေသည်။

ဖုန်းကျို လက်ဖဝါးနှစ်ဖက်ကို တင်းတင်းဆုပ်ရင်း ပါးစပ်ကနေလည်း ပွစိပွစိနဲ့ တိုးတိုးလေးရေရွတ်လို့နေတယ် "နောက်တစ်လှမ်း.. နောက်တစ်လှမ်း.. နောက်တစ်လှမ်း..."

သို့ပေမယ့် အပြာရောင်ဝတ်စုံနဲ့ Changdi ကတော့ ရှေ့ဆက်တိုးမလာခဲ့ဘူး။ မသေချာမရေရာမှုတွေရောနေတဲ့ ရှက်ရွှံ့သလိုမျက်နှာထားနဲ့ သူမနှလုံးသားထဲကစကားတွေကို ဣနြေ္ဒရရလေး စလာတယ် "အရှင် ကျွန်မကို စာတစ်စောင်ပို့ထားတာ ကျွန်မဖတ်ပြီးသွားပြီ စာထဲမှာ အရှင်ကျွန်မကို တိတ်တခိုးသဘောကျနေတာကြာပြီလို့ ပြောထားတယ် ကျွန်မကြောင့် အရှင် အိပ်ရေးပျက်ရတဲ့ညပေါင်းများပြီတဲ့..."

ညလေတွေကြားမှာ Su Moye ရဲ့ကိုယ်လေး မသိမသာ ဆတ်ခနဲတုန်သွားတာကို ဖုန်းကျိုမြင်လိုက်ရတယ်။

Page-80

Changdi ရှက်ရွှံ့စွာနဲ့ အပေါ်ကိုမော့ကြည့်လာတယ် "ပြီးတော့ အရှင်ပြောထားသေးတယ် နေ့ဘက်တွေဆို ဘေးနားမှာတခြားလူတွေရှိနေတာ အရမ်းနေရကျပ်တာပဲဆို? ကျွန်မကိုသေချာကြည့်လို့မရလို့ အရှင့်ရဲ့တောင့်တမှုဆန္ဒတွေကို ဖြေသိမ့်ဖို့အတွက် ကျွန်မကိုဒီနေရာကိုဖိတ်လိုက်တာပါတဲ့ ဒါပေမယ့် အဲ့ဒီလုပ်ရပ်က အရမ်းရဲတင်းနေသလိုဖြစ်မှာလည်း စိုးတယ်တဲ့..."

ထပ်ပြီး ညလေတွေကြားမှာ Su Moye ရဲ့ကိုယ်လေး မသိမသာတုန်သွားပြန်တာကို ဖုန်းကျိုမြင်လိုက်ရပြန်တယ်။

သိမ်မွေ့တဲ့မျက်ဝန်းတွေနဲ့ Changdi အသာအယာဆိုလိုက်တယ် "ကဲ.. အခုကျွန်မရောက်လာပြီလေ ဘာတစ်ခွန်းမှမပြောဘဲ ဒီတိုင်းရပ်ကြည့်နေတော့မှာလား? အရှင် အဲ့လိုဆက်ပြီးကြည့်နေရင် ကျွန်.. ကျွန်မ မနေတတ်တော့ဘူး..."

Su Moye ထပ်ပြီးတော့ သိမ့်ခနဲတုန်သွားပြီး အနောက်ကိုတစ်လှမ်းဆုတ်လိုက်တာကို ဖုန်းကျိုမြင်နေရတယ်။ သူမစောင့်ကြည့်နေရင်း သူ့ကိုအားပေးနေခဲ့တယ် "Mo Shao အားတင်းထား!"

Changdi Su Moye ကိုသေချာကြည့်ပြီး ညှို့ဓာတ်ပြင်းတဲ့မျက်လုံးတွေနဲ့ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာတယ် "အဲ့လိုလုပ်ရပ်မျိုးက ရဲတင်းသလိုဖြစ်မှာ အရှင်စိုးရိမ်နေစရာမလိုပါဘူး အမှန်တော့ အရှင့်အတွက် ကျွန်မရဲ့ခံစားချက်တွေကလည်း..." သူမ ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ဘဲ ရှေ့ကိုတစ်လှမ်းတိုးလိုက်သည်။

"အား..."

Changdi ရေတွင်းထဲကိုပြုတ်ကျသွားလေပြီ။

ဖုန်းကျို ခဏလောက်တုံ့ဆိုင်းသွားကာ ဘာမှမတုံ့ပြန်သေးခင် Su Moye ရေတွင်းရဲ့ရှေ့မှာ ကျောက်ရုပ်ကြီးလိုအေးခဲနေတာကိုကြည့်ရင်း သူမနဖူးပေါ်ကချွေးစေးတွေကို သုတ်လိုက်တယ်။ ထို့နောက် ကျူပင်တွေကြားထဲကနေ အလျင်အမြန်ခုန်ထွက်ပြီး ငါးစာဟပ်သွားပြီဆိုတဲ့သဘောနဲ့ သူ့ကိုလှမ်းအချက်ပြလိုက်တယ်။ ဒါပေမယ့် ဒါမပြီးသေးဘူးလေ။ နောက်တစ်ဆင့်ကျန်သေးတယ်။ ရေတွင်းထဲကိုခုန်ဆင်းပြီး Changdi ကိုကယ်ရအုန်းမယ်။ Su Moye သူမရဲ့အချက်ပြမှုကိုမြင်ပြီး ခဏလောက်တုံ့ဆိုင်းနေခဲ့တယ်။ ပြီးတော့မှ သူ့ပုလွေကို ပေ၂၀ရှည်တဲ့ ထိုးဝါးတစ်ခုအဖြစ်ပြောင်းပြီး ရေတွင်းထဲကိုချပေးလိုက်တယ်။

ရေတွင်းထဲကနေ Changdi ရဲ့ဒေါပွနေတဲ့အသံ ချက်ချင်းထွက်လာလေတယ် "အရှင် ကျွန်မခေါင်းကိုထိုးမိနေပြီ...!" Su Moye ကပျာကယာနဲ့ ဟိုစမ်းဒီစမ်းထိုးနေတာကိုရပ်ကာ ပြန်ပြောလိုက်တယ် "အိုး.. တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဒီတိုင်ကနေ တက်မလာသေးဘဲ ဘာလို့ဟိုလျှောက်ဒီလျှောက် လျှောက်နေတာတာလဲ? ငါ မင်းလဲဖို့အဝတ်အစား သွားယူပေးမယ်"

ကျူပင်တွေကြားထဲမှာ ဆောင့်ကြောင့်ထိုင်ရင်း ရေတွေရွှဲရွှဲစိုနေတဲ့ Changdi တစ်ယောက် Su Moye ရဲ့ပုလွေကနေတစ်ဆင့် တက်လာပြီး သူ့အနောက်ကနေ မှုန်ကုတ်ကုတ်နဲ့ လိုက်ပါသွားတာကို လှမ်းကြည့်နေခဲ့တယ်။

Page-81

ပြဿနာတစ်ချို့ရှိပေမယ့် ကိစ္စတစ်ခုလုံးအောင်မြင်ဖို့ လမ်းတစ်ဝက်လောက်ပဲလိုတော့တယ်။ ခုနက Mo Shao ဟန်ဆောင်နေတုန်း ခဏခဏတုန်လှုပ်နေတာ ထူးတန်းတယ်။ Changdi အတွက် သူမရေးထားခဲ့တဲ့ စာတွေက အရမ်းစိတ်လှုပ်ရှားစရာကောင်းနေလို့များလား? အရမ်းစိတ်လှုပ်ရှားစရာကောင်းလွန်းလို့ ဆွဲဆောင်မှုကောင်းလှတဲ့ Mo Shao တောင် ခံနိုင်ရည်မရှိလို့လား? အကယ်၍ မနက်ဖြန် Xize သာ သူမသူ့နာမ်မည်ကိုသုံးပြီး Changdi ဆီကို အဲ့လိုစာမျိုးရေးခဲ့တယ်ဆိုတာသာသိရင် သူသည်းခံနေပါ့မလား သူမသိချင်မိပါရဲ့။

ဖုန်းကျို သက်ပြင်းရှည်ကြီးတစ်ခုချလိုက်မိတယ်။ သူမသက်ပြင်းချပြီးရုံရှိသေး သူမရဲ့ဘေးနားကနေ လူတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ် "မင်း ဒီမှာဘာလုပ်နေတာလဲ?"

ဖုန်းကျို လှည့်ကြည့်လိုက်ပြီး ဘယ်သူလဲဆိုတာမြင်လိုက်ရတော့ ပျော်ရွှင်စွာပြုံးပြလိုက်တယ် "ရှင့်ကိုစောင့်နေတာပေါ့ ဒါပြီးရင် Yueling ပန်းတွေကြည့်ဖို့ ရှင့်ကိုခေါ်သွားမယ်လို့ ကျွန်မပြောခဲ့သားပဲ"

သူမ ခမ်းဝေးဝေးကလှေငယ်လေးဆီ တစ်ချက်လှမ်းကြည့်လိုက်တယ် "ရှင်သွားတာအရမ်းမြန်တာပဲ ခုနကမှ Changdi ကိုခေါ်သွားရုံရှိသေး အခုပြန်တောင်ရောက်လာပြီ"

ထို့နောက် သူမသူ့ကိုပြန်ကြည့်ရင်း ပြောလိုက်တယ် "ဘာလို့ Xize ရဲ့သွင်ပြင်အတိုင်းနေနေသေးတာလဲ? ဒီနားမှာဘယ်သူမှမရှိခင် မြန်မြန်ပြန်ပြောင်းလိုက်.."

ကျူပင်တွေကြားထဲကနေ ဖုန်းကျို ခြေနှစ်လောက်ထွက်လာပြီး ကျောက်ပန်းသားမျက်နှာဖုံးတစ်ခုကိုယူဖို့ ပြန်လှည့်လိုက်တယ်။ ပြီးတော့ Xize ရဲ့မျက်နှာလေးချောချောလေးပေါ်မှာ တပ်ပေးဖို့အတွက် သူမရဲ့လက်ကိုလှမ်းလိုက်ရင်း "မေ့သွားလို့ ကျွန်မတို့တွေ Yueling ပန်းတွေကြည့်ဖို့ တောင်ပေါ်ကိုတက်ချင်ရင် ဒါတွေဝတ်ထားမှရမယ် ရှင့်အတွက်လည်း တစ်ခုအပိုယူလာခဲ့တာ ရှင်လမ်းမသိဘူးမလား? ကျွန်မနားမှာပဲနေပြီးလိုက်ခဲ့"

ထို့နောက် သူမ သူ့ပုခုံးကိုပုတ်လိုက်တယ်"ဟုတ်သားပဲ တကယ်လို့များ သူစိမ်းမိန်းကလေးတစ်ယောက်က ရှင့်ကို သီချင်းလာဆိုပြခဲ့ရင် ဒီစကားကိုသေချာမှတ်ထား 'ကိုယ့်ကိုကိုယ်သေချာကာကွယ်ပြီး မသေမျိုးကျင့်စဉ်ကိုတည်ငြိမ်အောင်ထားပါ' ပြီးတော့ တကယ်လို့ လူစိမ်းကောင်လေးတစ်ယောက်က ကျွန်မကိုအတင်းအဓမ္မခေါ်ဆောင်သွားဖို့ ကြိုးစားလို့ရှိရင်ကျတော့ ဒီစကားကိုမှတ်ထား 'ယဉ်ကျေးမနေနဲ့ တစ်ခါတည်းမြေပြင်ပေါ်လဲကျသွားအောင် ဆော်ပလော်တီးလိုက်' အခု ကျွန်မတို့သွားမယ့်လမ်းရှေ့မှာ မရေမတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အတားအဆီးအခက်အခဲတွေက စောင့်ကြိုနေတယ် ဒါကြောင့်မို့ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမမှရမယ် အဟမ်း.. အဟမ်း ဒါတော့ဒါပေါ့ ရှင်ပဲအဓိက ကျွန်မကိုကူညီရပေးရမှာဆိုပေမယ့်ပေါ့"

Su Moye အသံအောအောကြီးနဲ့ ပြန်ဖြေလေတယ်။

ဖုန်းကျို ခေါင်းလေးစောင်းသွားပြီး "ဘာလို့ရှင့်အသံက Xize နဲ့အရမ်းတူနေရတာလဲ? ရှင့်ရဲ့သွင်ပြင်တိုင်းပြန်ပြောင်းလိုက်တော့လို့ ကျွန်မခုနကပြောလိုက်တာမဟုတ်ဘူးလား?" ကောင်းကင်ကြီးပေါ်ကို တစ်ချက်မော့ကြည့်လိုက်ပြီး သူမ ဆက်ပြောတယ် "ထားလိုက်တော့ ထားလိုက်တော့ အချိန်ကသိပ်မစောတော့ဘူး ကျွန်မတို့အမြန်သွားမှဖြစ်မယ် မဟုတ်ရင် လွဲကုန်တော့မယ်"

Page-82

တောင်ပေါ်ကိုနက်သထက်နက်အောင် တိုးဝင်တက်လာခဲ့ပြီးနောက် နေလုံးကြီးလည်း တဖြည်းဖြည်းပျောက်ကွယ်သွားလေပြီ။ နွေဦးညက ကောင်းကင်မှာကြယ်တွေမရှိဘူး။ ဖုန်းကျို လမ်းကိုကောင်းကောင်းမြင်ရဖို့အတွက် ညပုလဲလုံးကိုပဲ အားထားနေရတယ်။ အလုံးအထည်လှတဲ့ ဝါးတောတွေနဲ့ အခြားသောသစ်ပင်ပန်းမန်တွေက သူမတို့သွားရာလမ်းလေးကို စီတန်းထားပေးတယ်။

ဖုန်းကျို ဒီ Mingxi ပင်လယ်အော်အကြောင်းကို နန်းတော်ထဲကနေ သူမရှာတွေ့ခဲ့တဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကတစ်ဆင့် သိခဲ့တာလေ။ စာအုပ်ထဲမှာ မြေပုံကို အသေးစိတ်ဆွဲပြထားတယ်။ အခု သူမရဲ့လက်ထဲကမြေပုံကိုကြည့်ရင်း သွားနေတာလေ။

ဒီည အသည်းကွဲတောင်မှာ အောင်သွယ်ရေးပွဲတော် ကျင်းပနေပေမယ့် Yuelao နတ်ဘုရားကြီးကတော့ (God of marriage and love) ပွဲတော်နဲ့လိုက်ဖက်တဲ့ရှုခင်းကို ချီးမြှောက်ပေးမထားဘူး။ ကောင်းကင်ကြီးက သူတို့ရဲ့ခေါင်းပေါ်မှာအုပ်မိုးထားတဲ့ အနက်ရောင်အမိုးခုံးကြီးလို မဲမှောင်လို့နေတယ်။ နတ်ဘုရားကြီးရဲ့ ကိုယ်ရောင်ကိုယ်ဝါရော၊ သူ့ရဲ့မုတ်ဆိတ်မွေးတွေပါ ထိုအမိုးခုံးကြီးရဲ့နောက်မှာ ကွယ်လို့နေတယ်။ ဖုန်းကျိုတစ်ယောက် လမ်းတစ်ခုလုံးကို သူမပဲဦးဆောင်ကာ စမ်းတဝါးဝါးသွားနေခဲ့တယ်။

Page-83

သူမတို့တောင်ပေါ်ကို နက်သထက်နက်အောင် တိုးဝင်တက်လာရင်း လူသူနဲ့ပိုပြီးအလှမ်းဝေးလာလေတယ်။ ရံဖန်ရံခါများဆို ကျားတွေအော်ဟိန်းသံကိုတောင် ကြားရတယ်။ ဒီခရီးမှာ Su Moye ကိုပါအတူခေါ်လာတာ အမြှော်အမြင်ရှိတဲ့အကြံလို့ ဖုန်းကျိုတွေးနေမိလေရဲ့။

သာယာစွာ သီချင်းသီဆိုသံတွေက အနောက်မှာတဖြည်းဖြည်းကျန်ခဲ့ပြီ။ သူမတို့ Mingxi ပင်လယ်အော်ကိုရောက်တော့ သူမတို့ရဲ့မြင်ကွင်းကိုနှုတ်ဆက်လိုက်တာက ပိန်းပိတ်အောင်မှောင်နေတဲ့ရှုခင်းပြင်ကြီးပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်လို့။ ခုနက သူမတို့ဖြတ်လာခဲ့တဲ့ လူတွေရှုပ်ယှက်ခတ်ဆူညံနေတဲ့ တောင်ခြေကမြို့လေးနဲ့များကွာပါ့။

ဖုန်းကျို ညပုလဲလုံးကို အင်္ကျီလက်ထဲပြန်ထည့်လိုက်ပြီးနောက် နှင်းတွေရွှဲစိုနေတဲ့ မြက်ခင်းပြင်ပေါ်ကိုလှဲချလိုက်တယ်။ ထို့နောက် Su Moye ကိုလည်း သူမနဲ့တူတူလာလှဲဖို့ လှမ်းခေါ်လိုက်တယ်။ ထိုစဉ်မှာပဲ ခြေလှမ်းအနည်းငယ်အကွာကနေ ဖြေးညှင်းတဲ့အသံတစ်ချို့ကို ကြားရတယ်။ Mo Shao သူမရဲ့အကြံပြုချက်ကို နားထောင်တယ်လို့ပဲ ယူဆလိုက်တယ်။

ဒီည Mo Shao ကိုကြည့်ရတာ အရင်ကထက် ရုပ်တည်နေသလိုပဲ။ ပထမတော့ သူမ Changdi အတွက်ရေးခဲ့တဲ့စာတွေကြောင့်လို့ ဖုန်းကျိုထင်လိုက်မိတာ။ ဒါပေမယ့် လာရာလမ်းတုန်းက တောအုပ်တစ်နေရာဆီကနေ ပျံ့လွင့်လာတဲ့ သီချင်းသံတချို့ကို ကြားခဲ့ရတယ်။ ပထမဆုံးနှစ်ကြောင်းနဲ့ နောက်ဆုံးနှစ်ကြောင်းကိုပဲ သူမသေချာကြားလိုက်တာ။ ထိုကြားလိုက်တဲ့ စာသားလေးခုပေါင်းလိုက်ရင် ဒီလိုဖြစ်လာတယ် 'ငါတို့ရဲ့ဆံနွယ်တွေကို ကျစ်ဆံမြီးထိုးလိုက်တဲ့အချိန်ကစပြီး ငါတို့တွေဟာ လင်နဲ့မယားဖြစ်လာကြပြီ၊ သံသယဆိုတဲ့စကားက ငါတို့နှစ်ယောက်ရဲ့ လမ်းခရီးမှာမရှိစေရဘူး၊ ငါရှင်သန်နေသမျှကာလပတ်လုံး နင့်ဆီကိုပဲပြန်လာမယ်၊ ငါသေသွားတဲ့အခါကျလည်း ငါ့ကိုပဲသတိရနေပေးပါ' လှပတဲ့သီချင်းသံလေးက သူမရဲ့နားဆီသို့ ပျံ့လွင့်လာတဲ့အခါကျမှပဲ သူမခေါင်းထဲမှာ အလင်းတန်းတစ်ခုလင်းလက်သွားပြီး သူမလည်း နားလည်သဘောပေါက်လာခဲ့တော့သည်။

Mo Shao ဆိုတာဘယ်သူလဲ? သူ့ဘေးနားမှာ အလှလေးတွေထောင်သောင်းမက ဝိုင်းအုံနေကြတာတောင် မျက်တောင်တစ်ချက်မခတ်တဲ့သူမဟုတ်လား? ဒီလိုလူမျိုးက ကိုးရိုးကားရားရည်းစားစာလေးတစ်စောင်ကြောင့် ဆွ့ံအသွားတာ ဖြစ်နိုင်ပါ့မလား? Mo Shao ဆွ့ံအသွားတာက ဒီလိုလှပတဲ့ပွဲတော်ညလေးမှာ အတွဲကိုယ်စီ စုံညီနေကြတာကိုမြင်ရတော့ အရင်က Aranya နဲ့အတိတ်အကြောင်းကို ပြန်သတိရမိသွားလို့ပဲဖြစ်ရမယ်။ ဒါ့ကြောင့်မို့ သူနာကျင်သွားပြီး ဘာမှမပြောချင်တော့တာ။

Mo Shao ကို ဒီလိုတစ်ယောက်တည်း ဆွ့ံဆွ့ံအအနဲ့ပစ်ထားတာက သူငယ်ချင်းကောင်းတစ်ယောက်ရဲ့လုပ် မဟုတ်ဘူး။ သူမ သူ့ရဲ့အာရုံတွေကို တခြားတစ်နေရာဆီ အမြန်ဆုံးလွှဲပြောင်းပေးဖို့လိုတယ်။

Page-84

အမှောင်ထုထဲမှာ ဖုန်းကျိုချောင်းဟန့်ကာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ် "Yueling ပန်းတွေက ခွေးနာရီ(ည ၉ နာရီ)မဆုံးခင်ထိ မပွင့်ဘူးလို့ စာအုပ်ထဲမှာရေးထားတယ် ကျွန်မတို့ ခဏလောက်ထပ်စောင့်ရအုန်းမယ် Yueling ပန်းတွေနဲ့ပတ်သက်ပြီး ကျေးလက်သီချင်းတစ်ပုဒ်တောင် ရှိပါတယ် ရှင်ကြားဖူးတော့လားမသိဘူး" သူမပြောရင်းတန်းလန်း သူမလက်ကိုတီးခေါက်ကာ အသာအယာသီချင်းစဆိုပါတော့တယ် "Yueling ပန်းလေးရယ် ဆီးနှင်းဝေချိန်ခဏလေးပါပဲလား ခူးရင်ခူး မခူးရင်ညှိုးပြီးကြွေတာပဲ အချိန်ခဏလေးပဲရှင်သန်ပြီး ဆွေးမြေ့သွားတယ် လမင်းကြီးထွက်လာချိန်မှာ ပန်းပွင့်လေးကမရှိတော့ဘူး ပန်းပွင့်လေးပွင့်လာချိန်မှာ လမင်းကြီးကမရှိတော့ဘူး လမင်းကြီးကလည်း ပန်းပွင့်လေးရှိနေတာမသိသလို ပန်းပွင့်လေးကလည်း လမင်းကြီးရှိနေတာမသိဘူး Yueling ပန်းလေး.. တဒင်္ဂအတွင်းမှာ ရှင်သန်လာပြီး တဒင်္ဂအတွင်းမှာပဲ သေဆုံးသွားတယ်"

ဖုန်းကျိုငယ်ငယ်က အရမ်းအပျင်းထူတာလေ။ ကျောင်းစာဘာသာရပ်တိုင်းမှာ အမှတ်တွေနည်းလွန်းလို့ Bai Zhi မင်းကြီး ခေါင်းကိုက်ရတာခဏခဏပဲ။ သို့ပေမယ့် အဆို၊ အကပိုင်းမှာတော့ သူမ တကယ်ပါရမီပါတယ်။ သူမငယ်ငယ်တုန်းက ဒီလိုပါရမီပါတဲ့အကြောင်း ထုတ်ကြွားရတာအရမ်းသဘောကျတာ။ နောက်ပိုင်း သူမအဒေါ်ရဲ့စာအုပ်တွေဖတ်ပြီး ထိုကဲ့သို့လုပ်ရပ်တွေက ဖျော်ဖြေရေးသမားတွေပဲလုပ်တာဆိုပြီး
သိလိုက်ရတဲ့အချိန်ကနေစပြီး သူများတွေကို ကပြ၊ သီချင်းဆိုပြတာတွေ မလုပ်တော့တာခုတိုင်ပဲ။ ဒါပေမယ့် ဒီညမှာတော့ Su Moye ကိုနှစ်သိမ့်ပေးဖို့အတွက် ဖျောဖြေရေးသမားတစ်ယောက်လုပ်ရမယ်ဆိုလည်း သူမ ဝန်လေးမနေပါဘူး။ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူမ လိုလိုလာလားတောင် လုပ်ပေးအုန်းမှာ။ သူမကိုယ်သူမ အရမ်းစိတ်ရင်းကောင်းပြီး အရမ်းကိုမှန်ကန်တယ်လို့ ခံစားမိတယ်။

ဒီသီချင်းက အတော်လေးကိုဝမ်းနည်းစရာကောင်းတဲ့သီချင်းပါ။ ပြီးတော့ ဖုန်းကျို ထိုသီချင်းထဲကဝမ်းနည်းပူဆွေးမှုတွေကို ပေါ်ပေါ်လွင်လွင်နဲ့ ဖော်ပြသွားနိုင်ခဲ့တယ်။ ဒါပေမယ့် သူမဆိုတာကိုနားထောင်ပြီး Su Moye ပေါ့ပေါ့ပါးပါးပဲ ပြောလာတယ် "အင်း.. မင်းဆိုတာ မဆိုးပါဘူး" အဲ့နောက်တော့ သူ ဘာမှထပ်မပြောတော့ဘူး။

ဒီည Mo Shao နည်းနည်းထူးဆန်းနေတယ်။ ဒါကြောင့်မို့လည်း သူမ သူ့ကိုနှစ်သိမ့်ပေးဖို့ ပိုလိုတာပေါ့။ ဖုန်းကျို သူမတို့ရဲ့အရိပ်လေးတွေကိုကြည့်ပြီး ဆက်ပြောလိုက်တယ် "သာမာန်အားဖြင့် သစ်ပင်ပန်းမန်တွေနဲ့ပတ်သက်ပြီး ကျွန်မစိတ်ဝင်စားလေ့မရှိပေမယ့် ဒီ Yueling ပန်းတွေအကြောင်းကိုတော့ သေသေချာဖတ်ရှုဖြစ်ခဲ့တယ် ရှင်ဒီအကြောင်းကိုသိချင်မှသိမှာ ဒဏ္ဍာရီတွေအရ Yueling ပန်းတွေက ကျောက်စိမ်းအပျိုစင်ပွဲတော်ညမှာပဲ ပွင့်လေ့ရှိတာတဲ့ ဒါပေမယ့် ပန်းလေးတွေပွင့်လာရင် ကောင်းကင်မှာ လမင်းကြီးကိုမမြင်ရဘူးတဲ့ ဒါကြောင့်မို့ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်က လမိုက်ညအချိန်ပဲ အမှန်တော့ Yueling ပန်းလေးတွေနဲ့ လမင်းကြီးတို့နဲ့နှိုင်းယှဉ်ရင် ရှင်နဲ့ A...”

Aranya ဆိုတဲ့စကားက သူမနှုတ်ဖျားမှာပဲရှိသေးတဲ့အချိန် သူမကိုယ်သူမ အလျင်အမြန်ရပ်တန့်လိုက်တယ်။ Mo Shao က Aranya ကြောင့်  ဝမ်းနည်းနေတာလေ။ ဒီလိုအချိန်မှာ Aranya ဆိုတဲ့နာမ်မည်ကို ထည့်မပြောတာအကောင်းဆုံးပဲ။ သူမ အမြှော်အမြင်ကြီးစွာနဲ့ 'Aranya' ဆိုတဲ့နာမ်မည်အစား 'သူမ' ဆိုတဲ့နာမ်စားကိုပဲ ပြောင်းသုံးလိုက်တယ် "ရှင်ကမှ သူမနဲ့အမှတ်တရတွေရှိလို့ကောင်းသေးတယ် Yueling ပန်းလေးတွေကိုကြည့်ပါလား တစ်ခေါက်တစ်ခါတော့ သူတို့ခမျာ လမင်းကြီးကိုတွေ့ချင်ရှာမှာပဲ ဒါပေမယ့် လမင်းကြီးထွက်လာတာနဲ့ သူတို့လေးတွေမရှိတော့ဘူး သူတို့ရှိနေတဲ့အချိန်မှာလည်း လမင်းကြီးကိုမတွေ့ရဘူး သူတို့မှာလည်း ကံမပါတဲ့အချစ်တစ်ခုကြောင့် တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခွင့်တောင်မရရှာဘူး ဒါ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးမဟုတ်ဘူးလား?"

Page-85

အချိန်တော်ကြာကုန်သွားပေမယ့် Su Moye တစ်ယောက်ကတော့ မလှုပ်မယှက်တိတ်ဆိတ်နေဆဲပဲ။ ဖုန်းကျို ထပ်ပြောမလို့ရွယ်တုန်းရှိသေး လေထဲမှာ ဖြည်းဖြည်းချင်းလင်းလက်လာတဲ့ တောက်ပတဲ့အလင်းရောင်တွေကြောင့် သူမမျက်လုံးတွေ ပြူးကျယ်လာခဲ့သည်။

လင်းလင်းလက်လက် တောက်ပစွာထွန်းလင်းနေတဲ့အလင်းရောင်တွေက သူမတို့ရဲ့မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းထားတယ်။ မျက်စိတစ်ဆုံးကျယ်ပြန့်တဲ့ Yueling ပန်းပင်လယ်ကြီးပါပဲလား..။ Yueling ပင်တွေကြားမှာ ပွင့်ဖတ်ငယ်လေးတွေစုပြီး ပန်းပွင့်တွေအဖြစ် ငှားငှားစွင့်စွင့်ပွင့်လန်းကာ မှိန်ဖျော့ဖျော့အဖြူရောင်အလင်းတွေ ထုတ်လွှင့်လျက်ရှိတယ်။ ထိုစဉ် လေပြေလေးတိုက်ခတ်လာတော့ ဆီးနှင်းတွေစိုနေတဲ့ ပွင့်ဖတ်လေးတွေဟာ ကောင်းကင်ပေါ်သို့ဝဲပျံသွားပုံက အပေါ်ကလရောင်ခြည်တွေ ဖွာကျနေတဲ့အတိုင်းပဲ။ ပန်းပွင့်ပင်လယ်ကြီးက တောက်ပတဲ့ကောင်းကင်ဖြူဖြူကြီးနဲ့တူပြီး လေထဲမှာပျံ့လွင့်နေကြတဲ့ ပွင့်ဖတ်လေးတွေက တိမ်တွေမျောလွင့်နေတာနဲ့တူတယ်။

ဒီတော့ ဒါ Yueling ပန်းတွေပွင့်တဲ့ပုံပေါ့။ ဘယ်လောက်တောင်လှလိုက်တဲ့ မြင်ကွင်းလဲ! ကောင်းကင်ဘုံမှာရော ချင်းချူမှာပါ ဒီလောက်လက်ရာမြောက်ပြီး ရင်သပ်ရှုမောရတဲ့ ပန်းချီကားဆန်ရှုခင်းမျိုးကို သူမတစ်ခါမှ မမြင်ဖူးဘူး။

ဖုန်းကျို စိတ်လှုပ်ရှားစွာနဲ့ Su Moye ကိုလှည့်ကြည့်လိုက်တယ်။ Mo Shao တစ်ယောက်ကတော့ လက်လေးပေါ်ခေါင်းလေးတင်ပြီး အခုထိတိုင် တိကျပြတ်သားစွာ ရုပ်တည်နေတုန်းပဲ။ သူမလည်း သူ့ကိုမြင်ပြီး တိတ်တခိုးလေး သက်ပြင်းမချမိဘဲမနေနိုင်ဘူး။ ဒီလောက်ထိစော်ရှုပ်ပွေလီလှတဲ့ ယောကျာ်းတစ်ယောက်က နှစ်ပေါင်း ၂၀၀ကျော်တိုင်အောင် မိန်းမတစ်ယောက်တည်းအတွက် နာကျင်စွာခံစားနေတာ Aranya က တကယ်တော်တဲ့မိန်းကလေးတစ်ယောက်ပဲဖြစ်ရမယ်။

ဖုန်းကျို Mo Shao ဒီလိုဝမ်းနည်းတည်ကြည်နေတာ၊ တိတ်ဆိတ်နေတာ၊ အထီးကျန်နေတာကို ဆက်ပြီးကြည့်မနေနိုင်တော့ဘူး။ သူမ သူ့အနားကိုတိုးကပ်သွားပြီး လေထဲမှာပျံ့လွင့်နေတဲ့ နှင်းတွေလိုဖြူဖွေးတဲ့ Yueling ပန်းလေးတွေဆီ လက်ညှိုးထိုးပြရင်း သူ့ကိုနှစ်သိမ့်ပေးဖို့ဆုံးဖြတ်လိုက်တယ် "ကြည့်ပါအုန်း Yueling ပန်းတွေပွင့်နေတာ ဘာဖြစ်လို့အဲ့လောက်အရမ်းလှနေတာပါလိမ့်? ဒီည ဘေးနားမှာတခြားပန်းတွေမရှိလို့ တစ်ကိုယ်တည်း ကွင်းပြင်လယ်ကြီးမှာ စိတ်ကြိုက်ပွင့်လန်းနေရလို့များလား? ဒါကြောင့်မို့ ကျွန်မတို့တွေ သူတို့ကိုပဲမြင်ရလို့ သူတို့ကိုပဲအလှဆုံးလို့ ထင်နေလို့များလား?"

သူမ Su Moye ရဲ့ မျက်နှာဖုံးတပ်ထားတဲ့မျက်နှာလေးဆီကို လှည့်ကြည့်လိုက်ပြီး စိတ်ရင်းခံနဲ့အကြံပေးလိုက်တယ် "နှစ်ပေါင်းများစွာကြာအောင် ရှင်သူမကိုမေ့လို့မရနိုင်တာ ရှင့်ရဲ့နှလုံးသားထဲကို သူမတစ်ယောက်တည်းကလွဲပြီး အခြားဘယ်သူမှ အဝင်မခံလို့ပါ တခြားအရာတွေကိုရှင်းထုတ်ထားတော့ သူမရဲ့ပုံရိပ်က ပိုရှင်းလင်းလာပြီး ရှင့်ကိုပိုနာကျင်စေတယ်" သူမ တကယ့်အတည်ပေါက်နဲ့ ဆက်ပြောလေတယ် "ဒါပေမယ့် ဒါမဟုတ်သေးဘူးလေ သူမအပြင် တခြားသူတွေ တခြားအရာတွေရှိသေးတာပဲ တစ်ခါတစ်လေ ကျွန်မတို့ဆက်ပြီးခေါင်းမာနေကြတဲ့အကြောင်းက ကျွန်မတို့တွေ အရာတစ်ခုအတွက်တည်းနဲ့ တခြားအရာတွေကိုမသိကျေးကျွံပြုထားလို့ပါ Mo Shao ရှင်ဒါကိုမသိတာမဟုတ်ဘူး မသိချင်တာပါ" သူမ ဒီလောက်ထိ ပွင့်ပွင့်လင်းလင်းပြောပြပြီးတာတောင် Mo Shao လိုစဉ်းစားချင့်ချိန်တတ်တဲ့ ယောကျာ်းတစ်ယောက်က နားမလည်သေးဘူးဆိုရင် သူမရဲ့တာဝန်ကို သူမကျေပွန်အောင်လုပ်ခဲ့ပြီးပြီလေ။ ထပ်ပြီးဘာလုပ်ရမလဲ သူမမသိတော့ဘူး။

Page-86

မမျှော်လင့်စွာနဲ့ ဒီတစ်ကြိမ်တော့ သူပါးစပ်ဟလာပါတယ်။ Yueling ပန်းတွေဟာ ပွင့်အာလာပြီး မကြာခင်မှာပဲ မှိတ်တုတ်မှိတ်တုတ်အလင်းတန်းတွေအဖြစ် ယုတ်လျော့မှေးမှိန်သွားလေတယ်။ ထိုအလင်းတန်းတွေအောက်မှာ Mo Shao အေးတိအေးစက် ပြန်ပြောလာတယ် "ငါ့နှလုံးသားထဲမှာ တစ်ယောက်တည်းပဲထားတော့ရော ဘာဖြစ်လဲ? အခြားသူတွေကို ဂရုစိုက်နေရအောင် သူတို့က ဘာထူးခြားနေလို့လဲ?"

(အားလုံးပဲ အောက်ကပုံကိုကြည့်ပြီး Mo Shao က တကယ်တော့ဘယ်သူလဲဆိုတာ ခန့်မှန်းမိမှာပါ😂 မခန့်မှန်းမိရင်လည်း အဲ့လိုခပ်ပြတ်ပြတ်စကားမျိုးမြင်တာနဲ့ ဘယ်သူပြောတာလဲဆိုတာ ခန့်မှန်းမိလောက်ပါတယ်နော်😉)

ဖုန်းကျို Mo Shao ဒီလိုစကားမျိုးပြန်ပြောလာနိုင်တဲ့အတွက် သူ့ကိုတကယ်ချီးကျူးမိတယ်။ သို့သော် ချီးကျူးမှုတွေကြားမှာမှ သနားမှုက ချက်ချင်းပေါ်လာပြန်တယ်။ သူမ ညင်သာစွာ ပြန်ပြောလိုက်တယ် "ရှင့်လိုခိုင်မာတဲ့စိတ်ဓာတ်မျိုးက တကယ်ရှားတယ် ဒါပေမယ့် သူမတစ်ဦးတည်းကိုပဲ ရှင့်နှလုံးသားထဲမှာထားနေရင် ရှင်ပဲနာကျင်ရ..."

ထိုအချိန်မှာ Mo Shao စကားဖြတ်ပြောလာခဲ့တယ်။ သူ့ရဲ့အသံက ဝိုးတဝါးလေး လျှို့ဝှက်နက်နဲနေတယ် "ငါဘယ်ချိန်တုန်းက နာကျင်နေလို့လဲ?"

Mo Shao က အတော်ခေါင်းမာတဲ့ ဘဲသေတစ်ကောင်ပဲလို့ ဖုန်းကျို ကောက်ချက်ချမိလေရဲ့။ သူ့ရဲ့အားနည်းချက်ပျော့ကွက်ကို သူများတွေမမြင်အောင် အတင်းဖိဖုံးနေတယ်။ ဒီတော့ သူမလည်း သူနဲ့အတူ သဘောတူပေးရတာပေါ့ "သိပါတယ် ကျွန်မသိပါတယ် ဒါသာမာန်နာကျင်မှုမဟုတ်ဘူး နှစ်လိုကြည်နူးဖွယ်ကောင်းတဲ့ နာကျင်မှု.. ကျွန်မနားလည်တယ် သဘောပေါက်ပါတယ် ဒါပေမယ့် ဒီနှစ်လိုကြည်နူးဖွယ်ကောင်းတဲ့ နာကျင်မှုမျိုးက ရှင့်နှလုံးသားကိုဒုက္ခပေးနိုင်တယ်နော် ရှင်ဒါကိုလျစ်လျူရှုမနေသင့်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီနာကျင်မှုက ရှင့်ကိုလွှမ်းမိုးသွားရင် သေတောင်သေစေနိုင်..."

Mo Shao စကားဖြတ်ပြောပြန်တယ် "မင်းနားလည်တယ်လို့ ငါမထင်ပါဘူး"

"ဘုရားရေ! ယောကျာ်းတစ်ယောက်အနေနဲ့ အမှန်ကိုဝန်ခံလိုက်စမ်းပါ" ဖုန်းကျို မျက်မှောင်ကြုတ်မိသွားတယ်။ ရုတ်တရက် လူတစ်ယောက်ကို နှစ်သိမ့်ပေးချင်ရင် ညင်သာဖို့လိုတယ်ဆိုတဲ့အကြောင်း သတိရမိသွားတဲ့အတွက် သူမမျက်နှာကိုဖြေလျော့ပြီး အသံကိုလည်း ပျော့ပျောင်းလိုက်တယ် "ရှင်ဒီလိုမရမကငြင်းဆန်နေတာကိုက ဝန်ခံနေတာပဲ ရှင်နာကျင်နေတာမဟုတ်ဘူးဆိုရင် ဒီညဘာဖြစ်လို့နှုတ်ဆိတ်နေတာလဲ?"

Mo Shao သူမကိုတစ်ချက်လှည့်ကြည့်လာပြီး ဘာမှပြန်မပြောတော့ဘူး။

Page-87

ဖုန်းကျို ကျယ်လောင်စွာ ရင်ဒိတ်ခနဲခုန်သွားလေသည်။ သူမ သူ့ရဲ့ဖုံးကွယ်ထားတဲ့ခံစားချက်တွေကို တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း ထိုးဖောက်မြင်နိုင်လို့ သူဘာမှပြန်မပြောတော့တာလား? သူအရှုံးပေးလိုက်ရလို့ ရှက်ပြီးစိတ်ဆိုးသွားတာလား? Mo Shao အရမ်းသနားစရာကောင်းတာပဲ။

ကောင်းပြီလေ။ သူ သူမကိုစိတ်ဆိုးသွားတာဆိုတော့ သူမလည်း ဆက်ပြီးမဝံ့မရဲ အသာအယာပြောဖို့မလိုတော့ဘူး။ သူမရဲ့ ဉာဏ်အလင်းပေးဖို့ကြိုးစားမှုတွေကို ဘေးကိုအသာချိတ်ထားလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသိချင်နေတာ တစ်ခုရှိတယ်။ Aranya အကြောင်း ဇာတ်လမ်းတော်တော်များများ သူမကြားဖူးပြီးသွားပြီ။ ဒါပေမယ့် သူမဘယ်လိုဘယ်ပုံရှိတယ်ဆိုတာတော့ သူမမသိရသေးဘူး။ အခုနေ သူ့ရဲ့ဒေါသတွေကို အခွင့်ကောင်းယူပြီး နည်းနည်းလောက်လှည့်စားပြီးမေးကြည့်မယ်ဆိုရင် မဆိုးဘူးလေ။

ဖုန်းကျို ပေါ့ပေါ့ပါးပါးပုံစံဖမ်းလိုက်ပြီး အေးဆေးပဲပြောလိုက်တယ် "ရှင်ပဲ ရှင့်နှလုံးသားထဲမှာ တစ်ယောက်တည်းပဲထားချင်တယ်ဆို? သူမကရော ဘယ်လိုမျိုးလဲ?"

တိတ်ဆိတ်နေတဲ့ညမှာ ခမ်းလှမ်းလှမ်းတောင်ကုန်းတစ်နေရာဆီမှ မပီမပြင်သီချင်းသံလေး ပျံ့လွင့်လာပြီးနောက် ပြန်တိတ်ဆိတ်သွားပြန်တယ်။ နောက်ဆုံးတော့ Mo Shao စကားပြောလာလေပြီ။ သူ့ရဲ့အသံက ညင်သာစွာတိမ်ဝင်နေပြီး စိတ်ရင်းခံ ရိုးသားမှုတွေကိုမြင်နိုင်လေသည်။

"အရမ်းလှတယ်" သူ သူမကိုပြောလာတယ် "သူမကြီးလာရင် ဒီ့ထက်တောင်ပိုလှအုန်းမှာ" သူစကားခဏရပ်ပြီး ဆက်ပြောလေတယ် "သူမမှာ ထူးခြားကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်လည်းရှိသေးတယ်" ထို့နောက် သူ မှတ်ဉာဏ်တွေကိုပြန်လည်ခေါ်ယူနေခဲ့တယ် "ပြီးတော့.. အရမ်းလည်းထက်မြက်တယ် အရာအားလုံးမှာ ထက်မြက်ပါတယ်" နောက်ဆုံးတော့ သူအဆုံးသတ်လိုက်တယ် "သူမနဲ့သက်ဆိုင်တဲ့ အရာအားလုံးက အံ့သြစရာကောင်းတယ်" ထို့နောက် သူ့ကိုယ်သူပြောနေသလိုပုံစံမျိုးနဲ့ "ငါသူမကိုပဲရွေးချယ်ခဲ့တော့ ပင်ကိုယ်အားဖြင့် သူမနဲ့ပတ်သက်သမျှအရာအားလုံးက အံ့သြစရာကောင်းနေမှာပေါ့" (Oops! သုံဟွာရယ်😍 ဖုန်းကျိုသာ ဒီအကြောင်းသိရင် အပျော်လွန်ပြီးထကလောက်မယ်🤣)

ဖုန်းကျို Mo Shao ရဲ့စကားတွေကို စဉ်းစားကြည့်တယ်။ လှပတဲ့မျက်နှာ၊ ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်၊ ထက်မြက်တဲ့အရည်အချင်း.. အစကတည်းက Aranya ကံအကောင်းအကြောင်းမလှတာ မထူးဆန်းတော့ပါဘူး။ ဆိုရိုးစကားတောင် ရှိသေးတယ်မဟုတ်လား 'မိုးကောင်းကင်က ထူးခြားအံ့သြဖွယ်ကောင်းတဲ့မိန်းမတွေကို မနာလိုဖြစ်တတ်တယ်' တဲ့။ အေးလေ Aranya လိုအဘက်ဘက်ကပြည့်စုံနေတဲ့ မိန်းမတစ်ယောက်ကို မိုးကောင်းကင်က မနာလိုမဖြစ်ဘဲနေပါ့မလား..။ ကံကောင်းစွာနဲ့ သူမရော သူမရဲ့အဒေါ်ရော ရုပ်ပဲလှကြပြီး ထူးခြားကောင်းမွန်တဲ့ပင်ကိုယ်စရိုက်၊ ထက်မြက်တဲ့အရည်အချင်း တစ်ခုမှမရှိလို့သာပဲပေါ့။ သူမ Mo Shao ရဲ့စကားကို နှစ်ခါပြန်အသိအမှတ်ပြုပြီး သူနဲ့သဘောတူကြောင်းပြချင်ပေမယ့် ဘာပြောလို့ပြောရမှန်းမသိဘူး။ ဒါ့ကြောင့်မို့ သူမ ဒီတိုင်းပဲပြောလိုက်တယ် "အရင်တုန်းက ကျွန်မ လူတစ်ယောက်ကို ကြိုက်ခဲ့ဖူးတယ် သူကအရမ်းချောမောခန့်ညားတယ်လို့ ကျွန်မထင်မြင်ချက်ရှိပုံရပေမယ့် တကယ်က သူကအလွန်ဆိုးဝါးတဲ့သူတစ်ယောက်လို့ ကျွန်မထင်တယ်" ထို့နောက် သူမ ထပ်ပြောလိုက်တယ် "ဒါကြောင့်မို့ သူဒီလောက်ထိ အသက်ရှည်နေတာနေမှာ" (မှန်လိုက်တဲ့စကား ဖုန်းကျိုရယ်😂 သူများတွေကိုဒုက္ခပေးဖို့ သုံဟွာခုထိအသက်ရှင်နေတာလေ🤣)

Page-88

ထိုအချိန် Mo Shao သူမအနောက်ကနေ ငေးတိငေးမောနဲ့ သံယောင်လိုက်ပြောလာလေတယ် "ငါသူမနဲ့အတူရှိနေရင် သူမလည်းအသက်ရှည်ရှည်နေရလိမ့်မယ်"

(ပြောတတ်ပါ့ ကိုသုံဟွာ.. အေးပေါ့ နှစ်ယောက်သား ပြသနာတွေရှာလိုက် သူများတွေကိုဒုက္ခပေးလိုက်နဲ့ အသက်ရှည်ရှည်နေကြပေါ့🤣)

ဖုန်းကျို တိတ်တိတ်လေး သက်ပြင်းချမိတယ်။ Mo Shao ရဲ့စကားတွေဆီမှ နောင်တရနေဟန်အရိပ်အယောင်တစ်ခုမျှ သူမမတွေ့မိပေမယ့် နာကျင်မှုဆိုတာက အပေါ်ယံကြည့်ရုံနဲ့ မြင်နိုင်တဲ့အရာမှမဟုတ်ဘဲ။ သူ အရမ်းကိုစိတ်ထိခိုက် နာကျင်နေတာဖြစ်မယ်။ အင်းလေ အဲ့ဒီနှစ်တုန်းကသာ သူ Aranya နဲ့အတူရှိနေရင် Aranya ရဲ့သေဆုံးမှုကိုတားဆီးနိုင်ပြီး သူမအသက်ရှည်ရှည်နေရမှာပေါ့။ ဟင်း... ကံကြမ္မာက လူကိုတကယ်ကစားနိုင်တာပဲ။ Mo Shao ရဲ့နှုတ်က ဒီစကားတွေထွက်လာတာ ဘယ်လောက်တောင် သူ့ရင်ထဲမှာ နောင်တတရဖြစ်နေမလဲမသိ။

Mo Shao ဘယ်လောက်တောင် အချစ်နာကျနေမလဲ..။ အရမ်းကို ဝမ်းနည်းနေမှာပေါ့။

              __________________

သူမတို့မျက်စိရှေ့မှာပဲ Yueling ပန်းလေးတွေဟာ ကြွေကျလာတဲ့ကြယ်လေးတွေလို လေထဲမှာ မြောလွင့်လျက်ရှိတယ်။ ပန်းပွင့်လေးတွေတော်တော်တော်များများ လေနဲ့အတူ မြောပါသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားကြလေသည်။ သီချင်းစာသားထဲကအတိုင်း 'တဒင်္ဂအတွင်းမှာ ရှင်သန်လာတယ် တဒင်္ဂအတွင်းမှာပဲ သေဆုံးသွားတယ်' ။

Su Moye အရင်ထရပ်ပြီး ပြောလိုက်တယ် "သွားရအောင်"

ဖုန်းကျို ထကာ သူမရဲ့ဂါဝန်ကိုပြင်လိုက်တယ်။ ပြီးနောက် သူမခေါင်းကိုမော့လိုက်တဲ့အချိန်မှာပဲ Yueling ပန်းတွေရဲ့နေဝင်ချိန်အောက်မှာ သူမ ရုတ်တရက် အေးခဲသွားလေတယ်။ ခုနက မြက်ခင်းပြင်ပေါ်မှာလှဲနေတုန်းက သူမသေချာသတိမထားမိဘူး။ သူမ အခုရပ်လိုက်တော့မှဘဲ သူမရဲ့မြင်ကွင်းကြောင့် အံ့အားသင့်သွားတယ်။ Su Moye ရဲ့မျက်နှာကို ကျောက်ပန်းသားမျက်နှာဖုံးနဲ့ ဖုံးအုပ်ထားပေမယ့် ပေါ်လွင်နေတဲ့ သူ့ရဲ့ဆံနွယ်တွေက လရောင်လို ငွေရောင်တွေတောက်နေတယ်။

ရုတ်တရက်ကြီး သူမခေါင်းကို မိုးကြိုးတစ်ခုလာထိမှန်လိုက်သလိုပဲ။

ခဏလောက်ကြာတော့ မနက်ခင်းကျတဲ့မြူတွေလို ခပ်ဆင်ဆင်အလင်းရောင်မှိန်ဖျော့ဖျော့အောက်မှာ ဖုန်းကျို ခရမ်းရောင်ဝတ်ရုံနဲ့ ယောကျာ်းပျိုအနားသို့ တိုးကပ်သွားပြီး တုန်ယင်စွာနဲ့ သူမလက်ကို သူ့မျက်နှာပေါ်သို့လှမ်းကာ မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ခွာလိုက်တယ်။ ပန်းပွင့်တွေရဲ့ မှိတ်တုတ်မှိတ်တုတ်အလင်းဟာ အပင်တွေပေါ်၊ မြက်ခင်းပြင်ပေါ်၊ သူမတို့နှစ်ယောက်ပေါ်တွေဆီ ဖြာကျလာခဲ့တယ်။ မြှင့်ချည်နှိမ့်ချည် မြောလွင့်နေတဲ့ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်တွေကြားမှာ ဖုန်းကျို အက်ကွဲကွဲအသံနဲ့ပြောလိုက်တယ် "အရှင် Xize?!" သူ ဘာမှမတုံ့ပြန်သေးခင်မှာပဲ သူမ ထပ်မေးလိုက်တယ် "ဘာဖြစ်လို့ ကျွန်မကိုညာခဲ့တာလဲ"

လူငယ်လေးဟာ သူ့မျက်နှာပေါ်ကကျတော့မယ့် မျက်နှာဖုံးလေးကို လက်တစ်ဖက်နဲ့ ဖမ်းယူလိုက်ပြီးနောက် ပေါ့ပါးစွာ ပြန်ပြောလိုက်တယ် "ငါတစ်ခါမှ ငါမင်းရဲ့ဆရာ Mo ပါလို့ မပြောခဲ့ပါဘူး"

Continue Reading