တတိယနှစ်ရောက်သည့်အချိန်အထိ တက္ကသိုလ်ကျောင်းသူဘ၀ ကျွန်မအတွက် အမှတ်အရဆုံး အဖြစ်အပျက်များကို ပြန်ပြောပါဆိုလျှင် အားလုံးလိုလိုသည် ဖြိုးကြီးနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသည်။ ဖြိုးကြီးပြောဖူးသည့်စကား၊ ဖြိုးကြီးနှင့် ဆိုင်ထိုင်ခဲ့သည့်အချိန်၊ ဖြိုးကြီး ကျွန်မကို မုန့်ဝယ်ကျွေးချိန်၊ ဖြိုးကြီးအိမ်ကို ပထမဆုံးသွားခဲ့သည့်အချိန်။ ဘာအတွက်ပဲဖြစ်ဖြစ် အရာရာသည် ဖြိုးသီဟဆိုသည့် လူသားတစ်ယောက်နှင့်သာ သက်ဆိုင်နေသည်။
ပထမနှစ်ကတည်းက စွဲလမ်းခဲ့သည့်စိတ်တွေသည် ယခုတတိယနှစ်ကုန်ခါနီးအချိန်အထိ မပြောင်းလဲသေးခဲ့။ ဒါပေမဲ့ ၀ါငယ်နှင့်ဖြိုးကြီးတို့၏ ခင်မင်မှုကတော့ အရင်လိုမဟုတ်တော့။ ရုပ်ရှင်ရုံမှ ပြန်လာကတည်းက ၀ါငယ်နှင့်ဖြိုးကြီးတို့၏ ဆက်ဆံရေးသည် အေးစက်စက်ဖြစ်နေသည်။ ဖြိုးကြီးကို ၀ါငယ်သည် သိသိသာသာရော၊ မသိမသာပါ ရှောင်နေသလိုပင်။ ထို့အပြင် အရင်က ဖြိုးကြီးအကြောင်းကို ကျွန်မ ရင်ပေါက်မတတ်ရင်ဖွင့်လျှင် ၀ါငယ်သည်းခံနားထောင်တတ်သေးသည်။ နောက်ပိုင်းမှာတော့ နားမထောင်တော့။ တော်စမ်းမိဖြူရာ။ ငါ မသိချင်ဘူးဆိုသည့် ခပ်ပြတ်ပြတ်စကားနှင့် တိမ်းရှောင်သွားတတ်သည်။
ထိုအခြေအနေသည် တတိယနှစ်နောက်ဆုံးအချိန်များတွင် ပိုဆိုးလာသည်။ ဖြိုးကြီးကို ဟိုသွားဒီသွား မခေါ်ချင်တော့သည့်အပြင် အုပ်စုလိုက် မုန့်သွားစားလျှင်တောင် တစ်ယောက်တည်းကွက်ချန်ထားခဲ့ချိန် များလာသည်။ ဖြိုးသီဟသည်လည်း ၀ါငယ်သူ့ကို သိပ်မပေါင်းသင်းချင်တော့တာကို နားလည်ပါလိမ့်မည်။ ကျွန်မတို့အုပ်စုနှင့် တဖြည်းဖြည်းအနေဝေးလာသည်။ နောက်ဆုံးနှစ်ကျောင်းသားအစ်ကိုကြီးများနှင့် အတွဲများလာသည်။ အကျင့်ပါပျက်လာသည်ဟု ဆိုရမည်လားမသိ။ စီးကရက်သောက်တတ်လာသည်။ အရက်သောက်တတ်လာသည်။
မသိမသာအမြဲစောင့်ကြည့်နေတတ်သည့် ကျွန်မ ရင်တွေပူလာသည်။ ဖြိုးကြီးနှင့်အရင်လို ခင်ခင်မင်မင်နေဖြစ်အောင် ကြိုးစားပေမယ့် ဖြိုးသီဟကိုယ်တိုင်က ၀ါငယ့်ကိုရှောင်နေသောကြောင့် ကျွန်မပါ အဆစ်ပါနေသလိုပင်။ အရင်လို ခင်ခင်မင်မင် စကားပြောဆဲဖြစ်ပေမယ့် အပြစ်ရှိသူတစ်ယောက်လို ကျွန်မတို့နှစ်ယောက်နှင့်ဆုံတိုင်း ရှောင်ထွက်သွားတတ်သည်။ ထို့အပြင် နောက်ဆုံးနှစ်အစ်ကိုကြီးများ အုပ်စုနှင့် အမြဲလိုလို အတူရှိနေတတ်သောကြောင့် ပိုဆိုးသည်။ ကျွန်မ စိတ်မကောင်း။ စိတ်မကောင်းပေမယ့် ဘာမှမလုပ်တတ်။
ဒီနေ့တော့ ကျွန်မ မျှော်နေဖြစ်သည်။ ဖြိုးကြီးအပါအ၀င် သူငယ်ချင်းအားလုံးကို အိမ်ကိုလာခဲ့ဖို့ ခေါ်ထားသောကြောင့်ဖြစ်သည်။ မေမေ အိမ်မှာမရှိ။ ဘုရားဖူးခရီးတိုတစ်ခုကို အမျိုးများနှင့် လိုက်သွားသောကြောင့် နှစ်ရက်လောက် အိမ်မှာ ကျွန်မတစ်ယောက်တည်း ဖြစ်နေသည်။ ၀ါငယ်လာအိပ်ပေးမည်ဟု ပြောသည်ကစ၍ စိုးပိုင်ကပါ ညစာလာစားမည်ဆိုသည်။ ဂျပုကပါ လိုက်ခဲ့မည်ဆိုပြီး ကျွန်မတို့အုပ်စု လူညီသွားသည်။ ၀ါငယ်က အသားကင်တွေဝယ်လာလိမ့်မည်။ စိုးပိုင်ကို အအေးနှင့်အာလူးကြော်၊ မုန့်မျိုးစုံအတွက် တာဝန်ပေးထားသည်။ ဂျပုကိုတော့ ကျွန်မတို့ဘာမှ မ၀ယ်ခိုင်းထား။ ကျွန်မတို့အားလုံးတွင် ဂျပုတို့မိသားစု စီးပွားရေးက အဆင်မပြေဆုံး ဖြစ်သည်ကို နားလည်ထားကြသည့်အတွက် ၀န်မလေးစေချင်၍ ဖြစ်သည်။ ကျွန်မကတော့ ညနေစာအတွက် ထမင်းတစ်အိုး တည်ထားရုံသာ။
ဖြိုးကြီးကို ဘာမှ မမှာထားပေမယ့် လာဖြစ်အောင် လာခဲ့ပါဟုသာ အထပ်ထပ်အခါခါ ပြောခဲ့သည်။ ကျွန်မရဲ့ စိတ်ထက်သန်မှုကြောင့်လားတော့မသိ။ အင်းပါ။ လာခဲ့ပါ့မယ်ဟု ဖြိုးကြီးဖြေခဲ့သည်။ ထို့ကြောင့်ပင် တစ်နေ့လည်း ကျွန်မ ပျော်လည်းပျော်သလို မျှော်လည်းမျှော်နေမိသည်။ အားလုံးအရင်လို ပျော်ပျော်ရွှင်ရွှင် စနောက်ရင်း ၀ါငယ်နှင့်ဖြိုးကြီး ပြန်လည်သင့်မြတ်သွားလိမ့်မည်ဟု ကျွန်မ ယုံကြည်သည်။
သို့ပေမယ့် တရွေ့ရွေ့ ရွေ့လျားနေသော နာရီလက်တံများနှင့်အတူ ကျွန်မရင်ထဲမှ ယုံကြည်မှုသည် တဖြည်းဖြည်းယိမ်းယိုင်လာပြီဖြစ်သည်။ အရင်ဆုံး ၀ါငယ်ရောက်လာသည်။ မွှေးသင်းနေသည့် အသားကင်များကို မြင်ရသော်လည်း ကျွန်မ မပျော်နိုင်။ အစားမက်လွန်းသည့် ကျွန်မတစ်ယောက် အသားကင်ကို ဂရုမစိုက်နိုင်ဘဲ တံခါးပေါက်ဝကိုသာ မကြာမကြာ ကြည့်ရင်း ရောက်လာစေချင်သူကို မျှော်နေမိသည်။ စိုးပိုင်နှင့် ဂျပုတို့ အတူတူ ရောက်လာကြသည်။ ကျွန်မ မျှော်နေသူကတော့ ပေါ်မလာခဲ့။
"စားကြရအောင်ဟာ။ အသားကင်တွေ အေးကုန်ပြီ။"
ဆယ့်ငါးမိနစ်လောက် ထပ်စောင့်ပြီးသည်နှင့် ၀ါငယ်မအောင့်နိုင်တော့ဘဲ တိုက်တွန်းနေသည်။ ကျွန်မ သဘောအရဆိုလျှင်တော့ တစ်နေညခင်းလုံးစောင့်နေချင်သည်သာ။ စိုးပိုင်နှင့် ဂျပုကပါ စားဖို့ပါးစပ်တပြင်ပြင် ဖြစ်နေသောကြောင့် ကျွန်မ အလျှော့ပေးလိုက်ရသည်။ ထမင်းပွဲကို ဧည့်ခန်းမှာပင် စိတ်မပါ လက်မပါ ပြင်ဆင်ဖြစ်သည်။ စားပွဲ၊ ထိုင်ခုံနှင့်မဟုတ်။ ပန်းကန်တွေ၊ ထမင်းအိုးတွေ၊ ဟင်းပန်းကန်တွေကို ကြမ်းပြင်ပေါ်တွင်သာချရင်း ၀ိုင်းထိုင်ဖြစ်ကြသည်။ ကျွန်မအတွက် အမေ ကြော်လှော်ပေးခဲ့သော အခြောက်အခြမ်းများကိုပါ ထည့်ချထားသောကြောင့် ညစာစားပွဲလေးသည် ခြောက်သွေ့မနေ။
"ငါ ဖုန်းဆက်ကြည့်လိုက်ဦးမယ်။"
ကျွန်မ ဖုန်းကိုလှမ်းယူရန် လက်ပြင်တော့ ၀ါငယ်က လှမ်းတားသည်။
"လာမှာမဟုတ်ဘူး။ ခေါ်မနေနဲ့။"
"လာမယ်လို့ သူ သေချာပြောထားတာကို။"
"မိဖြူ.. တော်တော့ဟာ။"
"ဘာကိုတော်ရမှာလဲ။"
"မျှော်မနေနဲ့ဆို။ ငါ တကယ် စိတ်မရှည်တော့ဘူး။"
ထမင်းခပ်ထည့်နေသည့် ၀ါငယ်၏ စူပုပ်ပုပ်စကားကြောင့် ကျွန်မ လက်တွန့်သွားသည်။ မာထန်နေသည့် ၀ါငယ့်ကို လှမ်းကြည့်ရင်း ရွံ့တွံ့တွံ့လည်း ဖြစ်သွားသည်။ ၀ါငယ်နှင့် ကျွန်မ အကြိမ်ကြိမ်အခါခါ စကားများဖူးပေမယ့် ဒီတစ်ခါ ၀ါငယ့်ပုံစံက တင်းမာလွန်းသည်။ ကျွန်မ မျက်နှာပြင်ရင်း အရင်လို စနောက်ဖို့ ကြိုးစားဖြစ်သည်။
"ငါ့ဘာသာမျှော်တာ ဘာဖြစ်လဲ။ နင့်အငှားမျှော်ခိုင်းနေတာမဟုတ်ဘူး မသာမ။"
"အေး။ အငှားလိုက်လို့ရမယ်ဆိုရင် လိုက်ပေးလိုက်ချင်သေးတယ်။ နင့် ပုံစံကိုကြည့်ရင်း သနားလွန်းလို့ဟဲ့။ နင် တစ်သက်လုံး မျှော်မနေနဲ့။ ဟိုက နင့်ကို ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူး။"
ဝါငယ့်စကားက ပြင်းထန်လွန်းသည်။ ရုတ်တရက် ကျွန်မ ခေါင်းတွေပူသွားသည်။ ဘာပြန်ဖြေရမှန်းမသိတော့သလို မျက်နှာတွေပူကာ အရမ်းရှက်သွားသည်။ ကျွန်မ ဖြိုးကြီးကို ကြိတ်ကြွေနေတာကို စိုးပိုင်ရော၊ ဂျပုပါ ရိပ်မိနေပေမယ့် ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း ယခုလို မပြောခဲ့ဖူးပါ။ နောက်ပြီး အခု ဖြစ်သည်က ၀ါငယ် ကျွန်မကို အရှက်ခွဲလိုက်သလိုပင်။ ရန်ဖြစ်ဖို့ပင်မေ့ကာ ကျွန်မ ၀မ်းနည်းလာသည်။ ငိုချင်လာသည်။ ပြောရက်လိုက်တာ ဟု မတွေးဘဲမနေနိုင်။ ၀ါငယ်ကတော့ သူ့အပြောကို သူ နောင်တရဟန်မတူ။ တင်းမာနေသော မျက်နှာက အနည်းငယ်မှ ပျော့ပြောင်းခြင်းမရှိ။
"နင်ပဲပြောလိုက် ဂျပုရာ။ ငါ မပြောချင်ဘူး။"
ခေါင်းကြီးငုံ့ထိုင်နေသည့် ဂျပုက ကျွန်မကို မရဲတရဲမော့ကြည့်သည်။ ထို့နောက် ၀ါငယ့်ကို ပြန်လှည့်ကြည့်သည်။ ပြောသင့်၊ မပြောသင့် စဉ်းစားနေသလို အတန်ကြာအောင် ငြိမ်သက်နေပြီးမှ သက်ပြင်းချသည်။
"၀ါငယ် ပြောချင်တာကဟာ.. ဟို.. ဟို.. ဖြိုးကြီးက.. အဲ.. ဟိုဟာလေကွာ.. မိန်းကလေးတွေကို စိတ်မ၀င်စားဘူး.. အဲ့တာ.."
အံ့သြသူသည် ကျွန်မ တစ်ယောက်တည်းလား။ ထမင်းဝိုင်းတွင် ၀ိုင်းထိုင်နေသူ လေးယောက်အနက်မှ ကျွန်မ တစ်ယောက်တည်းသာ နားမလည်သလို အူကြောင်ကြောင် မျက်လုံးအ၀ိုင်းသား။ ဘာလို့ မိန်းကလေးတွေကို စိတ်မ၀င်စားရမှာလဲ။ စိတ်ဝင်စားလွန်းလို့ ခက်နေတာ မဟုတ်ဘူးလား။ ဟောတစ်ယောက် ဟောတစ်ယောက်နှင့် တွဲပဲတွဲနိုင်လွန်းသည့် ဖြိုးကြီးအကြောင်းကို ကျွန်မသာမက တက္ကသိုလ်တစ်ခုလုံးပင် သိသည်။
"မိဖြူရာ... ငတုံးမ။ နင့် ဖြိုးကြီးက အခြောက်ဟဲ့ အခြောက်။"
ဒေါသရောသောကြောင့်လားမသိ။ ၀ါငယ့်အပြောက မာလွန်းသည်။ ကျွန်မရဲ့ နားနှစ်ဖက်စလုံး ဗုံးခွဲနေသော စစ်မြေပြင်မှာ ရောက်နေသလို ၀ီခေါ်နေသည်။ လှုပ်ရှားမရပေမယ့် မောလွန်းသည်။ နှလုံးခုန်နှုံးတဒုန်းဒုန်းနှင့်အတူ ကျွန်မ ချွေးတွေစိမ့်ထွက်လာသည်။
"မ..မဟုတ်.."
"ဟုတ်လွန်းလို့ မိဖြူရာ။ သူ့ပုံစံက မထင်ရဘူး ပြောမလို့မဟုတ်လား။ အေး ငါလည်း အရင်က နင့်လိုပဲ အခြောက်ဆို ဆံပင်ညှပ်၊ အလှပြင်တယ်ပဲ ထင်နေတာ။ မဟုတ်ဘူးဟေ့။ မဟုတ်ဘူး။ ကျားကျားလျားလျားနဲ့ ခြောက်နေကြတဲ့ အခြောက်တွေမှ အများကြီးပဲ။ ဟိုတစ်ခေါက် ရုပ်ရှင်ရုံမှာ တွေ့ခဲ့တဲ့ ကောင်မလေ။ အေး။ သူပြောတဲ့ မီးချောင်းနှစ်ချောင်းရိုက်တဲ့ကားဆိုတာ ယောက်ျားနှစ်ယောက် ကြိုက်တဲ့ကားကိုပြောတာ။ အဲ့ဒီ့ကားတွေ ဒီလောက် ပွထနေတာ နင် မသိဘူးလား။ ငါ အဲ့ဒီ့ကတည်းက လိုက်စုံစမ်းနေတာ။ နင့်ဖြိုးကြီးက ခြောက်တာမှ ဟိုးအရင်ကတည်းကခြောက်တာ။ pooh ရုပ်ပေးခဲ့တဲ့ ပဲခူးက သူ့မမဆိုတာ အစ်ကိုကြီးဟဲ့။ အခု သူနဲ့တွဲနေတယ်ဆိုတဲ့ နောက်ဆုံးနှစ်က အစ်ကိုကြီးတွေအုပ်စုဆိုတာလည်း အခြောက် အုပ်စု။"
"ဟင့်အင်း.. ဟင့်အင်း.."
ကျွန်မ ခေါင်းကိုတွင်တွင် ခါနေမိသည်။ မယုံနိုင်။ ဘယ်လိုမှ မဖြစ်နိုင်။ ၀ါငယ် ဖြိုးကြီးကို ကြိုက်နေသေးသောကြောင့်သာ ကျွန်မကို ယခုလို ရက်ရက်စက်စက်ပြောနေတာ ဖြစ်ရမည်။ ဘယ်လိုမှ လက်မခံနိုင်။ ၀မ်းနည်းတာရော၊ စိတ်မကောင်းတာရော၊ ဖြိုးကြီးအတွက် ဒေါသဖြစ်ပေးရတာပါပေါင်းကာ ကျွန်မ ရင်တွေ ဗြောင်းဆန်ကုန်သည်။ ကျွန်မကသာ အရူးတပိုင်းဖြစ်နေပေမယ့် စိုးပိုင်ရော၊ ဂျပုကပါ သိထားပြီးသည့် ကိစ္စရပ်တစ်ခုလို သိပ်မျက်နှာမပျက်ကြ။ သူငယ်ချင်းဖြစ်သူအပေါ် သံယောဇဉ်ရှိသည့် ဂျပုကတော့ မျက်နှာပျက်နေသည်။ ၀ါငယ့်ကို ကန့်ကွက်ရင်းက ကျွန်မကို စကားဆက်သည်။
"ဂေးလို့ ပြောစမ်းပါ ၀ါငယ်ရာ။ အခြောက် အခြောက်နဲ့ ငါ့သူငယ်ချင်းကို မပြောစမ်းပါနဲ့။ နင်ပြောတာကိုက နှိမ်ချင်နေသလိုကြီး။ ငါလည်းသိတာ မကြာသေးဘူးမိဖြူ။ သူက ငါ့ကိုတောင် ဖွင့်ပြောတာ မဟုတ်ဘူးလေ။ အခု သူပေါင်းနေတဲ့ အစ်ကိုကြီးတွေအုပ်စုက ဂေးတွေဆိုတာတော့ သေချာတယ်။ အဲ့ဒီ့အုပ်စုထဲက အစ်ကိုကြီးတစ်ယောက်နဲ့ သူနဲ့ .. အဲ.. အဲဒါဟာ.. သူနဲ့ ကြိုက်နေကြတာ။"
"ရုပ်ရှင်ရုံမှာတွေ့ခဲ့တဲ့ သူနဲ့နောက်ဆုံးတွဲခဲ့တဲ့ ကောင်မကိုလည်း ငါ သွားတွေ့ပြီးပြီ။ သူက ဖြိုးကြီး အခြောက်ဆိုတာကို သိတယ်။ ဒါပေမဲ့ ဘီ မှတ်လို့တွဲမိတာတဲ့လေ။ ဟွန်း။ နင် ဘီ ဆိုတာလည်း ဘာမှန်းမသိဘူး မဟုတ်လား။ အေး ဘီဆိုတာက အထီးရော၊ အမရော ကြိုက်တဲ့ဟာတွေ။"
"၀ါငယ်ရာ။ မဟုတ်သေးပါဘူး။ ယောက်ျားလေးရော၊ မိန်းကလေးရော တစ်ပြိုင်တည်း လိုက်ကြိုက်ပြီး အကျင့်မကောင်းသူလိုမျိုး ချိုးချိုးဖဲ့ဖဲ့ မပြောနဲ့လေဟာ။ ဘီ ဆိုတာ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်နိုင်၊ သဘောကျနိုင်တဲ့ လူမျိုးကိုခေါ်တာ။ သူ့အတွက် လိင်ကွဲ၊ လိင်တူက ပြဿနာ မဟုတ်ဘူး။ သူ ချစ်မိတာ ဘယ်သူဆိုတာက အဓိက ဖြစ်တာမျိုးဟာ။"
"နင် ရှင်းမနေနဲ့ ဂျပု။ ရှင်းလေ။ ရှုပ်လေ။ ငါလည်း မလေ့လာဘူးထင်လား။ တစ်ညလုံး မိုးလင်းပေါက် လိုက်ဖတ်တာပဲ။ LGBT ဆိုတဲ့အကြောင်း။ ဘာတွေမှန်းကိုမသိဘူး။ များလိုက်တဲ့အမျိုးအစားတွေ။ ရှုပ်ယှက်ခတ်နေလို့ ခေါင်းတောင်မူးတယ်။ အထီးဆိုအထီး၊ အမဆိုအမပေါ့။ ဒါကိုပဲ ဇယားရှုပ်နေကြတာ။"
"ဒါကတော့ နင်က အပြစ်ရှာချင်လို့ ဖတ်တာကိုး ၀ါငယ်ရ။ ငါက ဖြိုးကြီးကိုနားလည်ချင်လိုလေ့လာတာ။ လေ့လာတာချင်းတူပေမယ့် ရည်ရွယ်ချက်ချင်းမှ မတူတာ။"
ဂျပုစကားကို ၀ါငယ်က ပြန်ရန်တွေ့ဖို့ ပါးစပ်ဖွင့်ချိန် တံခါးခေါက်သံနှင့်အတူ ကျွန်မ အတွေ့ချင်ဆုံး၊ မတွေ့ချင်ဆုံး ဖြိုးသီဟရဲ့ ပုံရိပ်ကို မြင်လိုက်ရသည်။ ကျွန်မတို့အားလုံး အံ့သြဖို့ပင် အချိန်မရလိုက်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လမ်းမထက်မှ ကားသံတွေ ပိုကျယ်လာသလိုပင်။ ဟွန်းသံတွေလည်း ဆူညံလာနေသည်။ ကျွန်မ အသက်မရှူရဲ။ ခေါင်းကိုငုံ့ထားသောကြောင့် ဖြိုးကြီးမျက်နှာကို မမြင်ရ။ ကျွန်မ ဘေးနားသို့ ခြေသံမကြားအောင် လျှောက်လာပြီး တိတ်ဆိတ်စွာ ၀င်ထိုင်သည်။
"မင်း.. မင်း.. ဘယ်တုန်းကတည်းက ရောက်နေတာလဲ။"
ကျွန်မ တစ်ကိုယ်လုံးအေးစက်သွားသည်။ အဖြေကို မကြားရက်။ မကြားရဲ။ ဒါပေမဲ့ စိုးပိုင်အမေးကို ဖြိုးကြီး ဖြေသည်။