လွန်းမောင်သည် ဟိုတစ်နေ့အား လူမှားခဲ့သည့် အနီရောင်ဝတ် အမျိုးသားအား စိတ်ထဲမှ ထုတ်မရဘဲ ရှိနေပါ၏။ ထိုအမျိုးသားက သူ့ကို ကြည့်ခဲ့သည့်အကြည့်များအား သူသည် သိပ်ကို ရင်းနှီးဖူးသလိုပင် ရှိနေ၏။ ထိုအကြည့်များကြောင့် လွန်းမောင်မှာ ရင်ထဲ၌ လေးလေးပင်ပင်ကြီး ဖြစ်ခဲ့ရ၏။
ထိုအမျိုးသားထံမှ နာကျင်ကွဲရှမှုတို့သည် သူ့ထံသို့ပင် ကူးစက်ပျံ့နှံ့လာပါသေးသည်။ သူ ဘိလပ်မသွားခင်ကအထိ အိမ်ရှေ့က ခြံမှာ ဘယ်သူမှ မနေကြသေး။ ယခုတော့ နေမည့်သူများ ရှိနေကြဟန်တူသည်။ ခြံထောင့်က နှင်းဆီခြံကလေးဟာလည်း တင့်တယ်နေပါ၏။ အနီရောင်နှင်းဆီများကြောင့် လွန်းမောင်သည် ထိုယောက်ျားအား သတိရမိရသေးသည်။
အရှေ့ခြံက ဘယ်ကသူတွေလဲလို့ ထားမေကို မေးတော့ လူထူးဆန်းတွေ နေတာဟုသာ ပြောပြ၏။ ထိုအိမ်နှင့် အဆင်မပြေဘူးလားဟု ထားမေကို ထပ်မေးကြည့်ပြန်တော့ အဲဒီအိမ်က ကပ်စေးနှဲတွေတဲ့လေ။ ပန်းတစ်ပွင့်ကိုတောင် တွန့်တိုသေးသတဲ့။ ဘယ်လိုလူတွေပါ့လိမ့်ဟူ၍ပင် လွန်းမောင်မှာ အမြင်စောင်းခဲ့ရသေးသည်။
သို့ရာတွင် ထားမေသည် မြတင့်က မေမေ့အား ပေးခဲ့သည့် ငွေလေးထောင်အကြောင်းကိုတော့ ထည့်မပြောဘဲ တမင်ချန်ထားခဲ့လေ၏။
လွန်းမောင်သည် ထိုယောက်ျားပျိုအား တွေ့လိမ့်နိုးနိုးဖြင့် လိုက်ရှာကြည့်သေးသည်။ မတွေ့ခဲ့ရပါ။ ထပ်တွေ့ချင်သည်။ ထိုပြင်းရှရှ မျက်ဝန်းများ၏ အဖြေကို ရှာဖွေကြည့်ချင်သည်။
မြတင့်မှာ နဂိုကတည်းက အိမ်ပြင်သိပ်ထွက်လေ့ရှိသူ မဟုတ်ခဲ့ရာ လွန်းမောင်သည် မြတင့်အား မြင်တွေ့ခွင့် မရခဲ့ပါချေ။ အခုတော့ လွန်းမောင် ရှာတွေ့ခဲ့ပြီ။
ထိုမြင်းလှည်းဖြူကလေးသည် ထားမေ လိုက်လာခဲ့ရန် ခေါ်ထားသည့် မင်းကတော်များဆီသို့ ဦးတည်မောင်းနှင်နေပါ၏။ လွန်းမောင်သည် ထိုမြင်းလှည်းအား ကျော်တက်ရန် စိတ်ကူးမရှိဘဲ ခပ်ဝေးဝေးမှ ဖြည်းဖြည်းချင်း လိုက်နေမိ၏။ ဒေါ်အမာတင်၏ ခြံရှေ့သို့ ရောက်သည့်အခါ မြင်းလှည်းသည် ရပ်တန့်သွား၏။
မြင်းလှည်းပေါ်မှ အနီရောင်ပုံရိပ်ကလေး ဆင်းလာ၏။ ဆံနွယ်ရှည်များက ပျော့ပျောင်းလွန်း၍ထင်သည်။ ချည်ထားသည့် ဖဲကြိုးကလေးသည် ပြေလျော့ကျသွားတော့၏။ ဆံနွယ်များသည် ကျောပြင်တစ်လျောက် ပြန့်ကျဲသွားတော့၏။ ထိုယောက်ျားသည် စိတ်မရှည်သည့်ပုံပေါ်နေသေး၏။ ဆံပင်ရှည်များအား ကမန်းကတန်း စုချည်လိုက်၏။
သက်ရှိပန်းချီးကားတစ်ချပ်အလား လှပ၏။ လွန်းမောင်သည် မျက်တောင်မခတ်ဘဲ ငေးနေမိသေး၏။
ထိုအခိုက်၌ လွန်းမောင်၏ ရင်ခုန်သံများသည် တငြိမ့်ငြိမ့် မြန်ဆန်လာတော့၏။ ထူးဆန်းသည်မှာ ထိုရင်ခုန်သံများအား လွန်းမောင်သည် ရင်းနှီးနေခြင်းဖြစ်၏။ သူသည် ထိုယောက်ျား၏ နာမည်ကိုလည်း မသိသေး၊ တွေ့ဖူးသည်မှာလည်း နှစ်ကြိမ်သာ ရှိသေးသည်ကို ဘာကြောင့်များပါလိမ့်။
နာကျင်နေသည့် ထိုယောက်ျား၏ မျက်ဝန်းကလေးများအား လွန်းမောင်သည် ကာကွယ်ပေးချင်လာသည်။ ဤစိတ်ဆန္ဒသည် သူ ဘယ်တုန်းကမှ မကျေပွန်ခဲ့သည့် ကတိသစ္စာတစ်ခုလိုပင် ခံစားနေရသေး၏။
"ဘာကြောင့်များ မောင် မင်းကို ရင်းနှီးနေရတာလဲ၊ ဘာကြောင့်များ မင်းကိုတွေ့လိုက်တာနဲ့ ငိုချင်လာရတာလဲ"
လွန်းမောင်သည် ကားပေါ်မှ ဆင်း၍ ခြံဝင်းထဲသို့ ဝင်လာခဲ့ပါ၏။ ထားမေက မင်းကတော်တွေသာ လာမည်ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင်တော့ တရားသူကြီးချုပ်၊ အဆန်း၏ ဖေဖေသမားတော်ကြီး ဦးအောင်မြင့်၊ အခြားဝတ်လုံတော်ရရှေ့နေများလည်း လာရောက်ကြ၏။
ရှန်ပိန်ရနံ့များ၊ ဝီစကီအနံ့များ၊ စီးကရက်အနံ့များဖြင့် လှိုင်လျက်ရှိ၏။ မြတင့်မှာ ဒေါ်အမာတင်နှင့် စကားပြောလျက်ရှိသည်ကို ခပ်လှမ်းလှမ်းမှ မြင်နေရ၏။ ထားမေကိုလည်း တွေ့လိုတွေ့ငြား လိုက်ရှာကြည့်ရာ မင်းကတော်များ၏ သမီးများဖြစ်ဟန်ရှိသော မိန်းကလေးများနှင့် ပိုကာဆော့၏။ သူ့နှမ ပြုံးပျော်နေတာ တွေ့ပြန်တော့ လွန်းမောင်သည် ပြုံးမိရသေးသည်။ ဒီလိုမျိုး အမြဲတမ်း ပျော်နေစေချင်သည်။
အစောက ကြည့်ခဲ့သည့် နေရာ၌ မြတင့်အား လိုက်ရှာကြည့်မိရာ မတွေ့ရတော့။ လွန်းမောင်သည် အခြားသော နေရာများတွင် တွေ့ရလိုတွေ့ရငြား မျက်စိဝေ့ကာ လိုက်ရှာမိ၏။ မတွေ့ရ။
"ဝတ်လုံတော်ရရှေ့နေကြီး ကိုလွန်းမောင်ပါလား"
လွန်းမောင် လှည့်ကြည့်လိုက်တော့ အရေးပိုင်မင်း ကိုလှသောင် ဖြစ်နေ၏။ မိမိ၏ ရာထူးအပြည့်အစုံကို ထည့်ခေါ်လိုက်၍ လွန်းမောင်မှာ ကသိကအောက်ဖြစ်သွား၏။ နှမမျက်နှာနှင့် သည်းခံလိုက်၏။
"အရေးပိုင်မင်း စီစဉ်ထားတဲ့ ပါတီက သိပ်ကောင်းတာပဲ"
"မေမေ စီစဉ်တာပါဗျာ၊ ခင်ဗျားတို့ ဘိလပ်က ဒင်နာတွေ ပါတီတွေကိုတော့ ဘယ်မှီမလဲဗျာ"
"အရေးပိုင်မင်းကတော့ နှိမ့်ချနေပြန်ပါပြီ"
"ဒါနဲ့ စကားမစပ် ကိုလွန်းမောင်တို့ အခု စစ်ဆေးနေတဲ့ ရွှေဆိုင် မီးလောင်တဲ့အမှုက အခြေအနေ ဘယ်လိုရှိလဲ"
"ရှို့မီးလို့တော့ ယူဆရတာပဲ၊ ကျွန်တော်တို့ စုံစမ်းနေဆဲပါ"
ကိုလှသောင်က ဟက်ခနဲ ရယ်၏။
"ရှို့မီးလို့ ကျုပ်တော့ မထင်ဘူး၊ အဲဒီရွှေဆိုင်ပိုင်ရှင်က နမောနမဲ့နိုင်တယ်လို့ ကျုပ် ကြားမိတယ်၊ သူ သတိပေါ့လျော့မှုကြောင့် လောင်တာရော မဖြစ်နိုင်ဘူးလား"
လွန်းမောင်က မျက်မှောင်ကျုံ့လျက်
"အရေးပိုင်မင်းက ကိုယ် လုပ်ရမယ့် အုပ်ချုပ်ရေးပိုင်းကိုပဲ စိတ်ဝင်စားတာ ပိုသင့်တော်ပါလိမ့်မယ်၊ တရားစီရင်ရေးဆိုတာက တရားသူကြီးချုပ်နဲ့ ကျွန်တော်တို့လို ဝတ်လုံတော်ရရှေ့နေတွေရဲ့ အလုပ်ပါ"
လွန်းမောင်သည် ဤမျှသာ ပြောပြီး နေရာမှ ထွက်သွား၏။ ကိုလှသောင်လို အရေးပိုင်မင်းက ဘာလို့ ဒီကိစ္စကို စိတ်ဝင်စားနေရသလဲဟူသည်ကို လွန်းမောင်သည် တွေးမရဖြစ်နေ၏။
ဖြစ်ပုံက ဤသို့ဖြစ်၏။
ပြီးခဲ့သော တစ်လခန့်က သူနှင့် မြတင့် ထိုရွှေဆိုင်သို့ လက်စွပ်သွားကြည့်ခဲ့ကြသည်။ သူသည် ထိုရွှေဆိုင်ပိုင်ရှင်အား မြတင့်ကို စော်ကားခဲ့သည့် ဝန်ထမ်းမအား အလုပ်ထုတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ သူသည် နောက်နှစ်ပတ်မျှ ရှိသည့်အခါ ထိုရွှေဆိုင်ဘက်သို့ အမှတ်မထင် ရောက်သွားခဲ့၏။ ထိုဝန်ထမ်းမက ထိုဆိုင်မှာ အလုပ်လုပ်နေဆဲ ဖြစ်နေ၏။
ထိုည၌ပင် ကိုလှသောင်သည် ထိုရွှေဆိုင်အား မီးရှို့ပစ်ခဲ့၏။ သူ့အမိန့်ကိုမှ မနာခံ၊ ပမာမခန့် လုပ်ရဲသည်။ မြတင့်အား ထိပါးနှောင့်ယှက်ခဲ့၍ မီးရှို့ခြင်း မဟုတ်ခဲ့ရ၊ မိမိအား မလေးမစားလုပ်၍သာ မီးရှို့ရခြင်းဖြစ်သည်ဟု ဖြေသိမ့်ခဲ့၏။
ယခင် ဝတ်လုံတော်ရရှေ့နေများဆိုလျှင် နည်းနည်းလောက် ပေးကမ်းလိုက်ရုံနှင့် ကိစ္စပြီး၏။ အခုတော့ သူ့ယောက်ဖလောင်း ကိုလွန်းမောင် ဝတ်လုံတော်ရရှေ့နေဖြစ်လာကာမှ ထင်သလောက်မလွယ်ကူတော့။ ဖြစ်ချင်တော့ ကိုလွန်းမောင်က ဆိုင်ရှင်ဘက်ကနေ ရှေ့နေလိုက်ပေးနေ၏။ ကိုလွန်းမောင်လို လူမျိုးဟာ ပေးကမ်း၍ ရမည့်သူမျိုးလည်း မဟုတ်။ မလိုအပ်သည့်နေရာမှာမှ ဖြောင့်မတ်နေသည်ဟု တွေးကာ ကိုလှသောင်သည် ကိုလွန်းမောင်အပေါ်၌ အမြင်စောင်းလျက်ရှိ၏။
ကိုလွန်းမောင်အား သတ်ပစ်လိုက်ရရင် ကောင်းမလားလို့လည်း ကိုလှသောင်သည် တွေးမိ၏။ ထင်ထားသည်ထက် ပိုရှုပ်ထွေးသွားမည့် ကိစ္စဖြစ်၍ အကောင်အထည်မဖော်ဖြစ်ခဲ့။ သို့နှင့် ထားမေတို့ ပိုကာဆော့သည့်အထဲ တစ်အိမ်ယူကာ ဝင်ဆော့နေလိုက်တော့သည်။ ထားမေ သူငယ်ချင်းမများက ဘယ်တော့ယူကြမလဲ မေးကြ၍ ပို၍ပင် စိတ်ညစ်သွားရ၏။
"တရားသူကြီးချုပ်ရဲ့ မိန်းမကလည်း မြတင့်ဆီက ရွှေထည်တွေ ကြည့်ချင်သတဲ့လေ၊ သို့ပေသိ အခု သူက ပိုကာဆော့တုန်း ရှိသေးတယ်၊ တို့တွေကလည်း သူ့ထက်အရင်ကြည့်နှင့်လို့ မသင့်ဘူးမလား"
"မြကို အားမနာပါနဲ့၊ ပန်းခြံထဲ လမ်းလျှောက်ရင်း စောင့်နေပါ့မယ်"
ဒေါ်အမာတင်အား အားနာ၍ ပြောလိုက်ရသော်လည်း သိပ်တော့ မကျေနပ်ချင်။ စောင့်ရသည့်အလုပ်ကို သိပ်မုန်း၏။
ဒေါ်အမာတင်၏ အကြိုက်သည် ထူးဆန်းသည်ဟု မြတင့် ထင်၏။ ပန်းခြံကလည်း ရွက်လှပန်းများနှင့် ပြည့်နေ၏။ သားအမိနှစ်ယောက် အကြိုက်တူကြပါလားဟု တွေးမိသေးသည်။ အတိတ်တုန်းက ကိုလှသောင်အိမ်မှာလည်း ရွက်လှပန်းတွေ ရှိခဲ့သည်။
"ခင်ဗျားက နှင်းဆီတွေပဲ ကြိုက်တယ် ထင်နေတာ၊ ရွက်လှပန်းတွေလည်း ကြိုက်တာပဲလား"
နောက်ကျောဘက်မှ အသံကြောင့် ရင်ဘတ်ထဲ၌ ဒိန်းခနဲ။ မောင့်အသံပါလား။
မြတင့်သည် အသံကို ထိန်းလျက်ကပင်
"နှင်းဆီတွေကို ကြိုက်ပြီးမှတော့ ဘယ်ပန်းကိုမှ ပြောင်းမကြိုက်ချင်တော့ပါဘူး"
"ကျွန်တော် ဒီစကားကို ရင်းနှီးနေတယ်၊ ဘယ်မှာ ကြားဖူးတာပါလိမ့်"
လွန်းမောင်၏ တွေးစစဟန်ကြောင့် မြတင့်မှာ အတွေးများသွားရ၏။ မောင်ကလည်း သူ့လိုပဲလားဟူ၍ တွေးမိသွား၏။
နှစ်ယောက်စလုံး အသံတိတ်သွား၍ ပတ်ဝန်းကျင်သည် အနေရခက်သည့် အနေအထားသို့ ပြောင်းလဲသွား၏။ လွန်းမောင်ကပင် ချောင်းဟန့်၍ စပြော၏။
"ကျွန်တော့်နာမည်က လွန်းမောင်ပါ၊ ရင်းနှီးတဲ့သူတွေကတော့ မောင်လို့ပဲ ခေါ်ကြတယ်၊ မောင်ဆိုတာကြီးက နည်းနည်း တစ်မျိုးပဲ၊ ချစ်သူရည်းစားတွေမှ ခေါ်ကြတဲ့ အခေါ်အဝေါ်မဟုတ်လား"
"..."
သူ့ရှေ့က လူက ဘာမျှအမူအရာမပြောင်း၊စကားလည်း ပြန်မပြော၍ လွန်းမောင်မှာ ပို၍ပင် နေရခက်လာပါ၏။
"ကျွန်တော် ခင်ဗျားကိုတော့ ဟိုတစ်ခါ ရွှေဆိုင်မှာကတည်းက မှတ်မိနေတာပါ၊ ခင်ဗျားလိုပုံစံကလည်း မန္တလေးမှာ ခပ်ရှားရှားမဟုတ်လား"
မြတင့်က လွန်းမောင်ကို ဒေါသဖြင့် ဗြုန်းခနဲ မော့ကြည့်၏။
"တို့လိုပုံစံ ဟုတ်လား၊ ပြောစမ်းပါဦး တို့ပုံစံက ဘာဖြစ်နေလို့လဲ"
"ယောက်ျားတစ်ယောက်က နှုတ်ခမ်းနီနဲ့ ပါးနီနဲ့ဆိုတော့ ထူးဆန်းတယ်မဟုတ်လား၊ ဘယ်ယောက်ျားကမှ ခင်ဗျားလို မဟုတ်..."
ဖြန်း!
မြတင့်သည် လွန်းမောင်၏ ပါးအား အားဖြင့် လွှဲရိုက်ပစ်လိုက်၏။ လွန်းမောင်သည် နာကျင်မှုထက် ကြောင်အသွားမှုက ပို၏။ ဒေါသထွက်ဖို့ရန်ပင် မေ့သွားရသည်အထိ။
"ကိုယ်ချင်းစာစိတ်မရှိတဲ့သူတစ်ယောက်က ဘယ်တော့မှ တစ်ဖက်သားကို ဖြည့်တွေးပေးတတ်မှာ မဟုတ်ဘူး၊ အတိတ်တုန်းကရော အခုရော မောင်က အတူတူပဲ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး ပြောင်းလဲဖို့လည်း မကြိုးစားခဲ့ဘူး"
လွန်းမောင်၏ ပါးတစ်ဖက်မှာ ပူထူလျက် ထိုအခါမှ ဒေါသထွက်ရန် အမှတ်ရ၏။
"မောင် ပြောတဲ့စကားထဲမှာ ဘာအမှားများ ပါသွားလို့လဲ မောင့်ကို ပြောပြ၊ ပြီးရင် မောင့်ပါးကို ကြိုက်သလိုရိုက်!"
"အများနဲ့ မတူတာနဲ့ပဲ မြဟာ ထူးဆန်းသွားတဲ့လား မောင်ရယ်၊ အခြားသူတွေက ပြောနေကြရင်တောင် မောင်တစ်ယောက်ကတော့ မြကို ဒီလိုပြောလို့မဖြစ်ဘူးလေ"
မြဟာ တစ်ခုခုကိုတော့ ဖုံးကွယ်ထားသည်။ မိမိအား အရမ်းရင်းနှီးခဲ့သည့်သူတစ်ယောက်လို စကားပြောပုံကိုထောက်လျှင် သူ မသိသေးသည့် တစ်ခုခုတော့ ရှိနေပြီ။
"မြ ဝန်ခံစမ်း၊ မောင်တို့ အရင်ကတည်းက ရင်းနှီးခဲ့ကြတာ မဟုတ်လား၊ အဲဒီနေ့ကလည်း မြ လူမှားတာ မဟုတ်ဘူးမလား အဲဒီမျက်လုံးတွေက လိမ်လို့မရဘူး မောင် သိနေတယ်"
လွန်းမောင်က မြတင့်၏ ပုခုံးအား ခပ်ကြမ်းကြမ်း လှုပ်ကိုင်၍ မေး၏။ မြတင့်၏ ပုခုံးများ နာကျင်လှပြီ။
"အခြားယောက်ျားတွေနဲ့ မတူဘဲ ထူးဆန်းလွန်းလို့ ကယောင်ချောက်ချားတွေ ဖြစ်နေတာလား ကိုလွန်းမောင်"
မြတင့်၏ စကားကြောင့် လွန်းမောင်သည် အင်မတန် ဒေါသထွက်သွားရ၏။ မိမိက ခံစားချက်အစစ်အမှန်များအား ထုတ်ဖော်ပြောနေချိန်တွင် သူကတော့ လှောင်ပြောင်နေခဲ့သည်လေ။
"မြဟာ မောင့်အပိုင် ဖြစ်ခဲ့ဖူးတယ်မဟုတ်လား! မင်းကို မောင် ပိုင်ဆိုင်ခဲ့ဖူးတယ်မဟုတ်လား"
မြတင့်က မဲ့ပြုံးကလေးနှင့် ပြော၏။
"ရူးလိုက်တာ မောင်ရယ်၊ မောင်နဲ့မြဟာ အခုမှ နှစ်ကြိမ်ပဲ တွေ့ဖူးသေးတာ ဘာတွေများ စိတ်ကူးယဉ်နေတာလဲကွယ်၊ပြီးတော့... မြတင့်က မြတင့်ပဲ၊ ဘယ်သူ့အတွက်မှ မဟုတ်ဘူး"
ထိုအခါမှ လွန်းမောင်သည် မြတင့်၏ နာမည်အပြည့်အစုံကို သိရ၏။ မြ တစ်လုံးတည်း ဟူ၍သာ ထင်ခဲ့မိသည်။ ဒါတောင် မြတင့်ကိုယ်တိုင်က မြ ဟု ပြောမှသာ သိရခြင်း။
လွန်းမောင်က တိုးညင်းစွာ ပြော၏။
"မြကို တွေ့ရင် မောင် သိပ်ငိုချင်တာပဲ..."
မြတင့်က ဘာမှပြန်မပြောခဲ့ပါချေ။ ငိုချင်ရင်လည်း ငိုချလိုက်ပေါ့ဟူ၍သာ ခပ်ရွဲ့ရွဲ့ ပြန်ပြောလိုက်ချင်၏။
ကိုလှသောင်သည် အိမ်အပေါ်ထပ်၌ ပိုကာဆော့နေရင်းမှ ပန်းခြံထဲတွင် မြတင့်နှင့် လွန်းမောင် အတူရှိနေသည်ကို တွေ့လိုက်ရ၏။ ဘာဖြစ်သည်မှန်းလည်း မသိ။ မြတင့်နှင့် လွန်းမောင်ကို အတူမရှိစေချင်။ သို့နှင့် ပိုကာကတ်များကို ပစ်ချ၍ ပန်းခြံထဲသို့ မပြေးရုံတမယ် ထွက်လာမိ၏။
"မြတင့် ပန်းခြံထဲမှာ ဘာလုပ်နေတာလဲ"
မြတင့်ရော လွန်းမောင်ပါ လှည့်ကြည့်၏။
"မေမေက ရွှေထည်တွေ ကြည့်တော့မယ်တဲ့"
မြတင့်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်လျက်ရှိသည်ကို ကိုလှသောင်သည် မြင်လိုက်ရ၏။
"နေမကောင်းရင် ပြန်နားလိုက်"
"မလိုပါဘူး"
"ဒါဖြင့် အိမ်ထဲမြန်မြန်ဝင်၊ မေမေ စောင့်နေတယ်"
မြတင့်သည် လွန်းမောင်အား နာကျည်းစွာဖြင့် တစ်ချက်မျှ ကြည့်ကာ ထွက်သွား၏။
မြဟာ နှင်းဆီကလွဲလို့ ဘယ်ပန်းကိုမှ ပြောင်းမကြိုက်ခဲ့ဖူးဘူး၊ ဒါပေမယ့်မောင်ကတော့ မြရဲ့ နှင်းဆီဖြစ်ဖို့ မထိုက်တန်ဘူး။
မြတင့် ထွက်သွားပြီးနောက် ကိုလှသောင်သည် လွန်းမောင်အား စေ့စေ့ကြည့်၏။
"ခင်ဗျားနဲ့ မြတင့် ဘယ်လိုပတ်သက်သလဲတော့ ကျုပ် မသိဘူး၊ ဒါပေမယ့် မြတင့်ကို ငိုအောင် လုပ်ရင်တော့ ကျုပ် ဒီအတိုင်း လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး"
ကိုလှသောင်၏ စကားကြောင့် လွန်းမောင်မှာ မခံချင်စိတ်ဖြစ်လာ၏။
"ဒီမှာ ကိုလှသောင်၊ အခြားအရာတွေတော့ ကျုပ် မသိဘူး၊ ကျုပ် သိတာ တစ်ခုက မြတင့်က ကျုပ်အပိုင်၊ မြတင့်နဲ့ ကျုပ် အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ မမှတ်မိပေမယ့် ကျုပ်အပိုင်ကို ကျုပ် ရအောင် ပြန်ယူမယ်!"
လွန်းမောင်ကပင် ဆက်ပြော၏။
"ပြီးတော့ ခင်ဗျားက ကျုပ်နှမကိုပဲ ယူရမှာ၊ ကျုပ်နှမက ခင်ဗျားကို သိပ်ချစ်တာ၊ ခင်ဗျားကြောင့် ကျုပ်နှမ ထားမေ မျက်ရည်ကျတဲ့နေ့ ကျုပ် ခင်ဗျားကို လာသတ်တဲ့နေ့ပဲ"
ကိုလှသောင်မှာ ပြောစရာ စကားတို့ မရှိတော့။ သူ့မှာ ထားမေ ရှိနှင့်နေပြီးသား။ သို့သော်လည်း မြတင့်ကိုလည်း သူ့အနားမှာ ရှ်နေစေချင်သေးသည်။ သူ့လောက် မကောင်းသည့်ယောက်ျား ရှိပါ့ဦးမလားဟူ၍ပင် တွေးမိပါ၏။
"ပြီးတော့ မြတင့်ကိုလည်း ချစ်ဖို့ မကြိုးစားနဲ့"
လွန်းမောင်ထွက်သွားသည်အထိ ကိုလှသောင်သည် နေရာ၌ တောင့်တောင့်ကြီး ရပ်နေဆဲ။
"မြတင့်ကို ချစ်ဖို့ မကြိုးစားနဲ့တဲ့လား၊ ကျုပ်မှ မြတင့်ကို မချစ်တာ၊ ကျုပ်က ဘယ်တော့မှ ယောက်ျားချင်း မကြိုက်ဘူး!"
ကိုလှသောင်သည် မျက်လွှာချ၍ တိုးတိုးကလေး ဆို၏။
"ခင်ဗျားကို အခြားသူက ပိုင်ဆိုင်ခွင့်ရသွားမှာကိုလည်း မလိုလားပြန်ဘူး"