(၇)

5K 548 111
                                    

"ကန်စွန်းရွက်က သုံးစည်း၊ ကြက်ပေါင်က လေးချောင်း၊ ချဉ်ပေါင်ရွက်က နှစ်စည်း၊ မှာတာတွေ မမေ့နဲ့နော် မခိုင်"

ကြီးမေသောင်းသည် ဈေးဖိုးပိုက်ဆံအား ခိုင့်လက်ထဲ ထည့်ပေးလိုက်သည်။

"မိခိုင် အကုန်မှတ်မိပါတယ် ကြီးမေသောင်းရဲ့"

ကြီးမေသောင်းသည် ခိုင့်ခေါင်းအား ခွပ်ခနဲမြည်အောင် ခေါက်လိုက်ပြီးနောက် ပြော၏။

"ကြက်ဥတွေလည်း မခွဲခဲ့နဲ့၊ ညည်းကြောင့်နဲ့ တို့အိမ် မွဲတော့မယ်"

ကြီးမေသောင်းက ဒေါသသံကလေးဖြင့် ဆက်ပြောပြန်သည်။

"သူများကြက်ဥတွေ ခွဲတဲ့သူက ခွဲတယ်၊ သွားလျော်ပေးတဲ့သူကလည်း ငွေလေးဆယ်အစား ငွေလေးထောင် ပြန်လျော်ခဲ့သတဲ့၊ ငွေကိုများ ရှာရလွယ်တယ်များ ထင်နေကြသလား မသိပေါင်တော်"

ကြီးမေသောင်းသည် လူကြီးပီပီ မြည်တွန်တောက်တီးကာ ပန်းခြံထဲရှိ မြတင့်ကိုပါ မျက်စောင်းလှမ်း၍ ထိုးလိုက်သေးသည်။ ခိုင့်မှာတော့ အလွန် နားပူလှပြီဖြစ်သည်။ ခေါင်းအခေါက်ခံရ၍ ခေါင်းလည်း ပူလှပြီ။

"မိခိုင် ဈေးသွားတော့မယ်၊ ကြီးမေသောင်းက သိပ်နားပူတာပဲ"

"လူကြီးကို မရိုမသေနဲ့၊ သွား..သွား မကြာစေနဲ့"

"ဟုတ်ကဲ့ပါ ကြီးမေသောင်းရဲ့"

အိမ်နှင့် ဈေးမှာ သိပ်မဝေးလှသည်ဖြစ်၍ ခိုင်သည် မြင်းလှည်းမငှားဖြစ်တော့ဘဲ လမ်းလျှောက်ရန် ရွေးချယ်လိုက်ပါ၏။ အပျင်းကြီးမိသည့်နေ့ရက်များတွင်တော့ မြင်းလှည်းငှားမိပါ၏။ မြင်းလှည်းငှားသည်ကပဲ များပါသည်လေ။

ကြီးမေသောင်းမှာသည့် ဈေးဖိုးများ အစုံအလင် ဝယ်ပြီးသည် သေချာသည့်အခါ၌ ခိုင်သည် ခိုင်သည် ဈေးထဲတွင် ဖြန့်၍ ရောင်းချသည့် ခပ်ပေါပေါအထည်ဆိုင်များဘက်သို့ လျှောက်၍ ကြည့်မိ၏။

အို...မမ။

မမတဲ့လေ။ မမဟာ စိန်းနားကပ်နှင့် လည်ဆွဲနှင့်။ မမတစ်ယောက်ဟာ အထက်တန်းစားအလွှာထဲက အဆင့်မြင့်မြင့် မိန်းမတစ်ယောက်။ မမတစ်ယောက်ဟာ ဒီဈေးခပ်ပေါပေါအထည်ဆိုင်များနှင့် မထိုက်တန်ရက်ပါချေဟူ၍ ခိုင်သည် တွေးမိ၍ နေပါ၏။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now