(၈)

5.6K 543 151
                                    

အနှီပန်းသူခိုးသည် နှင်းဆီတို့အား နှစ်ပွင့်ခူးပါ၏။ တစ်ပွင့်ကို ခိုးယူသွား၍ ကျန်တစ်ပွင့်အား ဆိုင်းဘုတ်ကလေး၏နံဘေး သစ်သားခြံစည်းရိုးကလေး၏ သစ်သားတိုင်များကြားဝယ် ညှက်၍ ထားခဲ့ပါ၏။

ဤကျန်တစ်ပွင့်မှာ ခြံပိုင်ရှင်အတွက် ပန်ဆင်ရန်ဟူ၍များ ရည်ရွယ်၍ ထားခဲ့လေသည်လား မပြောတတ်ပါ။ မြတင့်မှာ ဝမ်းနည်းဒေါသကလေး ဖြစ်၍ သွားပါ၏။ သူ မည်မျှတန်ဖိုးထားကာ စောင့်ရှောက်ခဲ့ရသည့် နှင်းဆီနီနီတွေ ဖြစ်ခဲ့ရပါသလဲ။ နှင်းဆီကလေးတွေဟာ မြတ်သိန်း၏ ချစ်ခြင်းမေတ္တာများ ဖြစ်ရသည်လေ။

မြတင့်သည် ပန်းသူခိုးမှ ချန်ထားရစ်ခဲ့သည့် အနှီနှင်းဆီကလေးအား တယုတယ ကောက်ယူလိုက်ပါ၏။ ငြိမ်ခံနေ၍တော့ မဖြစ်တော့ပါ။ သူကိုယ်တိုင် သူခိုးဖမ်းမှပဲ ဖြစ်တော့မည်။

သို့သော် မြတင့်သည် ပန်းသူခိုးမှာ မည်သည့်အချိန်တွင် လာရောက်ခိုးယူနေသနည်းကိုလည်း မသိရှိရဘဲ ရှိနေ၏။ မြတင့်သည် မျက်ခုံးကလေး နှစ်ဖက်အား တွန့်ချိုးလိုက်မိသည်။

"ညလုံးပေါက်စောင့်ဖမ်းမှပဲ ဖြစ်တော့မယ်"

ညဉ့်သည် နက်၍နက်၍ လာပါ၏။ မြတင့်သည် အပေါ်ထပ်ရှိ သူ၏ အခန်းပြတင်းမှ နေ၍ ထိုပန်းသူခိုးအား စောင့်၍ နေပါ၏။ ပိုးကောင်ကလေးများ၏ တကျီကျီ အော်ဟစ်သံမှလွဲ၍ ပတ်ဝန်းကျင်သည် ပကတိငြိမ်သက်လျက်ရှိ၍နေပါ၏။

အခန်းပြတင်းမှနေ၍ မြောက်ဘက်သို့ စောင်းငဲ့ကြည့်လိုက်လျှင် မြတ်သိန်း‌၏ မွေ့ပျော်ရာ ခြံစောင့်အိမ်ကလေးတည်ရှိရာ နေရာအား ဝိုးတဝါးတွေ့လိုက်ရ၏။

ထိုအခါ၌ မြတင့်သည် သက်ပြင်းဖွဖွချမိပါ၏။ မြတ်သိန်းအား ကြီမေသောင်း၏ အခန်းဘေးက အခန်းလွတ်တွင် နေပါရန် အတန်တန်ပြောသော်လည်း အကြိမ်ကြိမ် ငြင်းဆိုနေမြဲ။ သူ၏ ခြံစောင့်အိမ်ကလေးတွင်သာ နေမည်ဟု ဇွတ်ပြောသေးသည်။ လွတ်လွတ်လပ်လပ်ပဲ နေချင်သတဲ့လေ။ ဒီကောင်လေးဟာ တစွတ်ထိုးကလေးပဲဟု မြတင့် သတ်မှတ်ပစ်လိုက်လေသည်။ စေတနာကိုမှ နားမလည်။

သို့သော်လည်း မြတင့်သည် မြတ်သိန်းက ဘာကြောင့်များ ငြင်းဆိုနေရသလဲဟူသည်ကိုတော့ ဖြည့်၍ မတွေးမိခဲ့ပါချေ။ မြတင့်မှာ မြတ်သိန်း၏ ခံစားချက်များအား ပစ်ပယ်မိမှန်း မသိ ပစ်ပယ်ကာ နေခဲ့မိသည်လေ။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now