(၁၀)

3.4K 469 52
                                    

အပြင်၌ မိုးကား သည်းသည်းမဲမဲ ရွာနေပါ၏။ တစ်ချက်တစ်ချက်ဆိုလျှင် လျှပ်စီးများပင် လက်သွားသေးသည်။ ထိုအခါ၌ မြတင့်၏ ခန္ဓာကိုယ်သည် တုန်၍ တုန်၍သွား၏။ မြတင့်သည် သူ၏ အခန်းထဲ၌ ဖယောင်းတိုင်မီး၏ အကူအညီဖြင့် ရွှေဘယက်ပုံ ပုံကြမ်းများ ရေးဆွဲလျက်ရှိသည်။ ဂျိန်းခနဲ မိုးကြိုးပစ်သံကြီး မြည်ဟီးသွားသည့်အခါ၌ မြတင့်၏ လက်ထဲမှ ခဲတံလေးသည် ပြုတ်ကျသွားရပြီး ခန္ဓာကိုယ်လေးမှာလည်း တသိမ့်သိမ့် တုန်ရီနေပါ၏။

မိုးခြိန်းသံ၊ လေထန်သံများကိုတော့ မြတင့်သည် သိပ်ကို ကြောက်ပါ၏။ မြတင့်မှာ နေစရာ ထိုင်စရာ မရှိဖြစ်နေပါ၏။ ထိုအခိုက်၌ မြတင့်၏ အခန်းတံခါးသည် ရုတ်တရက်ပွင့်သွား၏။ မိုးခြိန်းသံများကို ကျော်လွန်ကာ ပေါ်ထွက်လာသည့် ခြေသံပြင်းပြင်းသည် အခန်းထဲ၌ ပြန့်၍ သွား၏။

"မြ အဆင်ပြေရဲ့လား"

လှည့်ကြည့်လိုက်သည့်အခါ၌ သူသည် မြတ်သိန်းပင်ဖြစ်နေပါ၏။ စိုးရိမ်ပူပန်နေသော မျက်ဝန်းများနှင့် မြတင့်အား ကြင်နာနွေးထွေးစွာ ကြည့်နေပါသေးသည်။ မြတင့်သည် မည်သည်ကိုမှ မတွေးတောနိုင်တော့ဘဲ မြတ်သိန်းထံ အပြေးသွား၍ တင်းကြပ်စွာ ဖက်ထားပစ်လိုက်ပါ၏။

"မြ တအားကြောက်တာပဲ"

မြတင့်သည် မြတ်သိန်းအား တိုး၍ တိုး၍ တင်းကြပ်စွာ ဖက်ထားပစ်လိုက်ပါ၏။ ရင်ခုန်သံများ စည်းချက်မညီညာစွာ ခုန်လှုပ်သွားသူမှာ မြတ်သိန်းသာ ဖြစ်ရပါ၏။ မြတ်သိန်းသည် တောင့်တောင့်ကြီး ရပ်နေမိပါသေး၏။ သူ၏ ကျောပြင်အား တင်းကြပ်စွာ၊ အားကိုးစွာ ဖက်တွယ်ထားရှာသည့် မြတင့်၏လက်များမှ အထိအတွေ့ကိုလည်း ခံစားမိတစ်ချက် မမိတစ်ချက်။

ထို့နောက်တွင်တော့ မြတ်သိန်းသည် သူ၏ရင်ဘတ်၌ အင်္ကျီမှ တစ်ဆင့် စိမ့်ထွက်ကာ စိုစွတ်လာမှုကို ခံစားမိလာပါ၏။ မြတင့် ငိုနေခြင်းသာ ဖြစ်၏။

"ဘာဖြစ်လို့ ငိုနေရတာလဲ မြရာ"

မြတ်သိန်းသည် မြတင့်၏ မျက်နှာကလေးအား ဆွဲယူ၍ ကြည့်လိုက်သည့်အခါ၌ ရင်ဘတ်၌ အောင့်၏။ မျက်ရည်စများ အပြည့်နှင့် ဖြစ်နေရှာသည့် မြတင့်၏ မျက်နှာကလေးအား မြင်လိုက်ရပါ၏။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now