(၁)[Unicode]

13.5K 1.2K 180
                                    

တဒုတ်ဒုတ်ခုန်နေရှာသည့် သူ့ရင်ဘတ်‌ငယ်ပေါ်သို့ မြတင့်သည် သူ၏ လက်ကလေးများအား တင်လိုက်ပါ၏။ အမှန်တကယ်ကိုပင် သူ၏ အသည်းနှလုံးသည် တဒုတ်ဒုတ်ခုန်လှုပ်နေခဲ့ပါ၏။ ထိုအခါ၌ မြတင့် ငို၏။ လှိုက်၍လှိုက်၍ ငိုပါ၏။ သူ ကျူးလွန်မိခဲ့ပါသည့် အပြစ်များ၊ အမှားများ၊ နောင်တများနှင့် မထိုက်တန်စွာပင် သူသည် ပြန်လည်၍ ရှင်သန်လာပါသေးသည်တဲ့လေ။ မျက်ရည်ပူများကား ပါးပြင်ပေါ်မှာ တသွင်သွင်စီးကျလျက်ကပင် မြတင့်၏ နှလုံးသည်းခြေ၏ ‌ဟိုးအတွင်းကျကျထောင့်တစ်နေရာကနေ ပျော်ရွှင်ဝမ်းမြောက်မှုဟူသည့် ပန်းကလေးသည် ဖူးငုံလာပါ၏။

မြတင့်၏ အတွေးအာရုံထဲမှာ ချက်ချင်းမြင်ယောင်လာမိသည့်သူမှာ သူ၏ ခြံစောင့်ကလေး မြတ်သိန်းပင် ဖြစ်ရရှာပါ၏။ အတိတ်က မြတ်သိန်း၏ မိမိအား နာကျည်းဟန်ရှိသည့် မျက်ဝန်းများမှာ မြတင့်၏ ဘဝတစ်လျှောက်လုံးစာအတွက် အိပ်မက်ဆိုးများသာ ဖြစ်ခဲ့ရလေသည်။

"ကျွန်တော် မြဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး" တဲ့လေ။

မြတ်သိန်းဟာ သူ့စကားသူ တည်ခဲ့သည်လေ။ မြတင့်သည် သူ၏ နောက်ဆုံး ထွက်သက်ကလေးအထိ မြတ်သိန်း၏ မျက်နှာအား မမြင်တွေ့ခဲ့ရပါချေ။ မြတ်သိန်းနှင့် ပတ်သက်ပါသည့် အမှတ်တရဟူ၍ စာ‌ကြောင်း ငါးကြောင်းမျှသာ ပါသည့် ဝါကျင်ကျင်စာရွက်ကလေး တစ်ရွက်သာ ရှိခဲ့ရလေသည်။

"မြရေ တစ်ခါလောက်တော့ နှင်းဆီတွေအစား စံပယ်တွေ ပန်ဆင်ကြည့်စမ်းပါ၊ စံပယ်တွေဟာ သိပ်မွှေးတာ မြရဲ့" တဲ့လေ။

စာကလေးသာ ပါး၍ လူကိုယ်တိုင် ရောက်မလာခဲ့သူ။ သူဟာ မြတင့် သေအံ့ဆဲဆဲဖြစ်နေသည်ကို ထားမေဆီမှတစ်ဆင့် သိနိုင်ကောင်းပါလျက်နှင့် တစ်ခါကလေးတောင်မှ ရောက်မလာခဲ့သူ ဖြစ်ခဲ့သည်လေ။

လက်ဖဝါးနှစ်ဖက်နှင့် မျက်နှာကို အုပ်ရင်း ရှိုက်၍ ရှိုက်၍ ငိုမိသည့်အခါ သူ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များက သူ၏ပခုံးပေါ်သို့ ပျော့ခွေကျဆင်းလာကြ၏။ မျက်ရည်စများ‌ကြောင့် မြတင့်၏လက်ဖဝါးထက်ဝယ် ပူနွေးနွေးခံစားချက်က‌လေး အား ခံစားမိလိုက်သည့်အခါ၌ မြတင့်သည် ဖော်ပြ၍ မရနိုင်သည့် ခံစားချက်ကလေးတစ်ခုအား ပိုင်ဆိုင်လိုက်ရလေသည်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now