အမေဟူသည့် စကားလုံး နှစ်လုံးသည် မည်မျှနွေးထွေးမှု ပေးနိုင်သည်ကို မြတင့်သည် အခြားသူများထက်ပို၍ သိပါ၏။ သူ ငယ်စဉ်အခါကတည်းက သူ၏ ထူးဆန်းသော ဝတ်စားဆင်ယင်ချင်မှုကြောင့် မိဘများထံမှ စွန့်ပစ်ခြင်း ခံခဲ့ရသည်လေ။
မိန်းမအဝတ်အစားများကို နှစ်သက်မိရုံမျှနှင့်၊ မျက်နှာချေနှင့် နှုတ်ခမ်းနီ ကြိုက်တတ်ရုံမျှနှင့် သူ့မိဘများမှ သူ့အား စွန့်ပစ်လိုက်ပါရန် အကြောင်းပြချက်တို့သည် လုံလောက်ခဲ့ပါသည်တဲ့လား။
ဖေဖေ့အစ်မ ကြီးမေသောင်းသာ မရှိခဲ့ဘူးဆိုလျှင်ရော ဖေဖေတို့မေမေတို့ဟာ မြကို တစ်ယောက်တည်း ထားပစ်ခဲ့ကြမှာလား။ ဖေဖေမခေါ်လည်း မေမေကတော့ မြကို ပစ်မသွားလောက်ဘူးမလား။ ကြီးမေသောင်းနဲ့ စိတ်ချလို့ရတာမို့ ထားသွားတာပဲ ဖြစ်မှာပါ။
ရထားလက်မှတ်သွားဝယ်သည့် မြတ်သိန်း၏ ပြန်အလာကို စောင့်ရသည်မှာ မြတင့်တစ်ယောက် အတော်ပင် လည်ပင်းရှည်လျက်ရှိ၏။ လက်မှတ်မှ ရပါ့မလားဟူ၍လည်း မြတင့်သည် ပူပန်၍နေပါ၏။ သူ ဟော်နန်းကို မြန်နိုင်သမျှ မြန်မြန် သွားချင်နေတော့၏။
ပြန်လည်ရှင်သန်လာသည်နှင့် ချက်ချင်း မေမေ့ဆီ သွားခဲ့သင့်တာကို မေ့လျော့နေခဲ့မိသည့် အဖြစ်ကြောင့် မြတင့်သည် ကိုယ့်ကိုကိုယ် မုန်းတီးနေမိ၏။
ကိုယ့်အရေးကိစ္စ၊ ကိုယ့်သောကတွေကို ရှေ့တန်းတင်ရင်းဖြင့် မိမိ၏ မွေးသမိခင်ကိုမှ မေ့ခဲ့ရလေခြင်း။ မေမေဟာ မြတင့်ကို ဘယ်လိုပဲ ပစ်ထားခဲ့ပါစေဦးတော့၊ ဘယ်လိုပဲ မြတင့်၏ ဒဏ်ရာများ အနာတရများကို မမြင်ဟန်ဆောင်ထားခဲ့ပါစေဦးတော့ မြတင့်ကတော့ မုန်းတီးလျက်ကပင် မမေ့ပျောက်နိုင်ဖြစ်၍ ချစ်ရပါ၏။ ချစ်နေရပါ၏။
ပစ်ထားခဲ့ပါစေဦးတော့၊ ဘယ်လိုပဲ မြတင့်၏ ဒဏ်ရာများ အနာတရများကို မမြင်ဟန်ဆောင်ထားခဲ့ပါစေဦးတော့ မြတင့်ကတော့ မုန်းတီးလျက်ကပင် မမေ့ပျောက်နိုင်ဖြစ်၍ ချစ်ရပါ၏။ ချစ်နေရပါ၏။
ထိုအခိုက်၌ ကြီးမေသောင်းသည် ဧည့်ခန်းထဲသို့ လာ၍ မြတင့်အနီး၌ ဝင်ထိုင်ပါ၏။ ပြီးနောက် မြတင့်၏ ပုခုံးကိုလည်း အသာအယာ ထိကိုင်လိုက်ပါသေးသည်။
မြတင့်သည် ကြီးမေသောင်းနှင့် အကြည့်ချင်းဆုံ၏။ ကြီးမေသောင်းဟာ မြတင့်အား ကရုဏာသက်စွာ ကြည့်နေပါ၏။
မိမိ၏ မျက်စိရှေ့၌ အရွယ်ရောက်လာကြသော ဤကလေး သုံးယောက်စလုံးသည် ဒဏ်ရာများနှင့် ဖြစ်ရ၏။
မိခိုင်ဆိုလျှင်လည်း မိဘမဲ့ကလေး။ စစ်ကြီးအတွင်း မိဘတွေ သေသွားခဲ့ကြ၍ ကြီးမေသောင်း ကိုးကွယ်သည့် သီလရှင်ကျောင်းမှာ ခိုကပ်၍ နေခဲ့ရသည့် မိန်းကလေး။ နှပ်ချေးတွဲလောင်း၊ အင်္ကျီက ပုခုံးပေါ်မှ တွဲလျောင်းကျနေပြီး ဂျေးအထပ်ထပ်နှင့် ပေတိပေစုတ်ကလေး။
သီလရှင်ကြီးများက ခိုင့်အား သီလရှင် ဝတ်ပေးကြမည်ဟု ကြီးမေသောင်း သိရတုန်းက ဝမ်းနည်းမိသေးသည်။ နေပူလည်ခေါင် ဆွမ်းခံ စားရရင်းဖြင့် ဤကလေးမ ပင်ပန်းရတော့မည်။ လူတွေဟာ ဘုန်းကြီးတွေလောက်သာ ဆွမ်းလောင်းချင်ကြတာ၊ သီလရှင်များဆိုလျှင် ကန်တော့ဆွမ်းသာ လုပ်ချင်ကြသည်လေ။ သို့နှင့် ကြီးမေသောင်းသည် သူ့နံဘေးတွင် လက်တိုလက်တောင်း ခိုင်းရင်း ကျွေးမွေးပြုစုစောင့်ရှောက်မည်ဟူ၍ သီလရှင်ကြီးများထံမှ တောင်းယူကာ မွေးစားခဲ့ပါ၏။
မြတ်သိန်းကလေးကျပြန်တော့လည်း အညာမှ ဆင်းရဲသားမိသားစုက အငယ်ဆုံးသားကလေး။ သားသမီးများလွန်းလှ၍ မမွေးနိုင်၊ မကျွေးနိုင်တော့ဘူးဟူသည့် မြတ်သိန်း၏ မိဘများ။ မြတ်သိန်းကို ကြီးမေသောင်း ခေါ်သွားတုန်းက မျက်ရည်လည်ရွဲ ဖြစ်ခဲ့ကြသည့် သူ့မိဘများအား ကြီးမေသောင်း ဘယ်တော့မှ မေ့မရခဲ့။ သူ့မိဘများဟာ သူ့တို့သား အငယ်ဆုံးကလေးကို သိပ်ချစ်ရှာကြ၏။
သုံးယောက်ထဲမှာ မြတင့်ကလေးကတော့ ပို၍ပင် သနားစရာကောင်းသေး၏။ ခိုင့်မိဘများဟာလည်း ခိုင့်ကို သိပ်ချစ်ခဲ့ကြမှာ သေချာ၏။ မြတ်သိန်း၏ မိဘများကတော့ ပြောဖို့ရန်ပင် မလိုပါချေ။ မြတင့် မိဘများကတော့ အသက်ရှိနေပါလျက်နှင့်၊ ပိုက်ဆံရှိချမ်းသာပါလျက်နှင့် မြတင့်အား စွန့်ပစ်သွားခဲ့ကြလေခြင်း ဖြစ်ရ၏။
ကြီးမေသောင်းသည် မြတင့်ဖေဖေ၏ အစ်မဖြစ်၏။ သူတို့လင်မယားကွဲတော့ သူ့မောင် မြတင့်၏ဖေဖေသည် ကြီးမေသောင်းအား မြတင့်နှင့် အတူလာနေပေးပါရန် တောင်းဆိုခဲ့ပေးပါ၏။ မြတင့်က သူ့ဖေဖေအား ရှာကြံ၍ ကျေးဇူးတင်ရမည်ဆိုလျှင် ထိုအချက်ကိုသာ ကျေးဇူးတင်စရာရှိ၏။
"ဟော်နန်းက စာလာတယ်ဆို၊ ဘာတွေ ရေးထားသလဲ"
ကြီးမေသောင်းက မေး၏။
"မေမေ အပြင်းဖျားနေလို့ ဟော်နန်းကို အမြန်လာခဲ့ဖို့ မှာလိုက်တယ်"
"မြက သွားမှာလား"
"သွားမှာ ကြီးမေသောင်း၊ အခုမနက်တင် မြတ်သိန်းကို ရထားလက်မှတ် အဝယ်လွှတ်လိုက်တယ်"
"အင်း...၊ မြဟာ မမုန်းနိုင်ဘူး ဟုတ်ရဲ့မလား"
ကြီးမေသောင်း၏ မေးခွန်းကြောင့် မြတင့်၏အတွင်းစိတ်၌ ဝမ်းနည်းသိမ်ငယ်စိတ်များ လှိုက်၍လာ၏။ မျက်ရည်များကား လျှံ၍လာ၏။ ခေါင်းကိုလည်း တွင်တွင်ညိတ်၏။
"ချစ်တယ်၊ မုန်းပစ်ဖို့ မေ့ပစ်ဖို့ ကြိုးစားရင်းကနေပဲ မြဟာ ချစ်နေဆဲဖြစ်ခဲ့တာ၊ ကြီးမေသောင်း.. မြဟာ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ၊ မေမေ ဘယ်မှာနေသလဲဆိုတာကိုလည်း အသိ၊ ဒါကို မေမေ့ဆီ မသွားဘဲ နှစ်တွေအကြာကြီး နေခဲ့မိတာ၊ မြဟာ သားမိုက်တစ်ယောက်ဖြစ်နေခဲ့တာပဲ"
"ကြီးမေသောင်းသာ မြ နေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပဲ၊ ဒါဟာ အမှားတစ်ခုမဟုတ်ပါဘူး၊ ဖြစ်သင့်တဲ့ကိစ္စပါပဲ၊ အထားခံခဲ့ရတာ နန်းမြိုင် မဟုတ်ပါဘူး၊ ဟောဒီက ကြီးမေသောင်းရဲ့သား မြတင့်ပဲလေ၊ ဘာအတွက်ကြောင့်နဲ့မှ နောင်တမရပါနဲ့"
"မြ မေမေ့ကို နှုတ်ဆက်ခွင့်တော့ ရနိုင်ဦးမှာပါနော်"
"အို ကောင်လေးကလည်း နိမိတ်မရှိ၊ နန်းမြိုင်ဟာ စိတ်မာတဲ့ မိန်းမတစ်ယောက်ပဲ၊ ဒီတောင်ကိုလည်း သူ ကျော်ဖြတ်နိုင်မှာပါ၊ မြက စိတ်မလျှော့လိုက်ပါနဲ့"
ကြီးမေသောင်း ဘယ်လိုပင် အားပေးစေကာမူ မြတင့်ကတော့ အမှန်ကို သိပြီး ဖြစ်၏။ ယခင်ဘဝတုန်းကလည်း မြတင့်သည် သူ့မေမေကို ဆုံးရှုံးခဲ့ရပြီးပြီ။ ယခုဘဝ၌လည်း ထပ်၍ ဆုံးရှုံးရတော့မည်။ ဒုတိယအကြိမ်ပင် ဖြစ်ပါစေဦးတော့ နာကျင်မှုသည် လျော့မသွားခဲ့ပါ။ တရိပ်ရိပ် တိုး၍လာပါ၏။
ခဏမျှကြာသည့်အခါ မြင်းခွာသံသဲ့သဲ့ကို ကြားရ၏။ မြတ်သိန်း ပြန်ရောက်လာပြီ။ လက်မှတ်ရပါစေဟုသာ ဆုတောင်းမိပါ၏။ မြတ်သိန်း ဧည့်ခန်းထဲ ရောက်သည်နှင့် မြတင့်က အလောတဆယ်မေး၏။
"လက်မှတ်ရခဲ့လား"
မြတ်သိန်းက ခေါင်းခါ၏။ မြတင့်၏ မျှော်လင့်ချက်အပြည့်ဖြစ်နေရှာသည့် မျက်နှာသည် ညိုးနွမ်းသွားရှာ၏။
"ကျွန်တော် တောင်းပန်ပါတယ်"
"မဟုတ်တာကွယ်၊ ဒါဆို ဘယ်နေ့ရောက်မှ ရမတဲ့လဲ"
"သန်ဘတ်ခါတော့ ရမယ်ပြောတယ်"
"ဒါဆို မြတ်သိန်း အဝတ်အစားတွေ ထုတ်ပြီးပြီလား"
"ဟင်..!"
မြတ်သိန်းက တအံ့တဩဖြစ်သွား၏။
"ကျွန်တော် လိုက်လို့ရတာလား"
"မြက တစ်ယောက်တည်း သွားမှာလားကွယ်"
"မြကို တစ်ယောက်တည်း စိတ်မချနိုင်ပါဘူး၊ ကျွန်တော် လိုက်ခဲ့ပေးမယ်"
"ကျေးဇူးတင်ပါတယ်"
မြတင့်၏ အသံမှာ တိုးလျလျ။ ယခင်ဘဝတုန်းကတော့ မြတင့်ဟာ တစ်ယောက်တည်း သွားခဲ့ပါ၏။ မေမေ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့်အခါတုန်းက မြတင့်မှာ ထင်ထားသည့်ထက်ပို၍ ငိုကြွေးခဲ့ရလေသည်။
ထိုအခါတုန်းက မြတင့်ဟာ သူ့အနားမှာ ရှိနေစေချင်သည့်သူမှာ လွန်းမောင်လည်း မဟုတ်ခဲ့ရ။ သူ ငယ်ငယ်ကတည်းက သူ့အနားမှာ ရှိနေခဲ့သည့် မြတ်သိန်းသာ ဖြစ်ခဲ့ရပါ၏။ မြတ်သိန်းဟာ သူ ငယ်စဉ်ကတည်းက သူ့အနားမှာ ရှိခဲ့ရသောကြောင့် သူ ပိုင်ဆိုင်ထားရသည့် ဒဏ်ရာအနာတရများကို အခြားသူများထက်ပို၍ သိခဲ့လေသည်။
မြတ်သိန်းဟာ အခြားသူများထက်ပို၍ သူ့အား နားလည်ပေးနိုင်သည်ဟူ၍ မြတင့်သည် ယုံမှတ်ထားမိပါ၏။ အမှန်စင်စစ်တွင်လည်း မြတ်သိန်းသည် ထိုသို့ ဖြစ်ရပါ၏။
"ဗျို့...အိမ်ရှင်တို့"
ခြံတံခါးမှ ခေါ်သံကို ကြားရ၏။
"မြ နေခဲ့၊ ကျွန်တော် သွားကြည့်လိုက်မယ်"
မြတ်သိန်း ခြံဝသို့ ရောက်သည့်အခါ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကို တွေ့၏။ ၁၃ နှစ်၊ ၁၄ နှစ်မျှသာရှိလိမ့်ဦးမည်။
"ဒါ မြတင့်တို့အိမ် ဟုတ်သလား"
"အေး ဟုတ်တယ်၊ ဒါ မြတင့်တို့အိမ်ပဲ၊ ဘာကိစ္စရှိလို့လဲ ကောင်လေး" "
ထိုအခါမှ ထိုချာတိတ်သည် အပူလုံးကြီး ကျသွားဟန်ဖြင့် သက်ပြင်းချလိုက်တော့၏။
"တော်ပါသေးရဲ့ဗျာ ကျွန်တော်ဖြင့် လိုက်ရှာနေတာ ကြာလှရှိပြီဗျ"
မြတ်သိန်းက သူကိုယ်တိုင်ကသာ စကားအင်မတန်များသော်လည်း တစ်ပါးသူက များရင်တော့ သူ့မှာ စိတ်မရှည်နိုင်။
"ဝေ့ဝိုက်မနေနဲ့၊ ဘာကိစ္စလဲသာ မြန်မြန်ပြော"
"ဒီလိုဗျ၊ အရေးပိုင်မင်းရဲ့ အမေ ဒေါ်အမာတင်က ဒီနေ့ညနေ သုံးနာရီမှာ သူ့အိမ်ကို လာခဲ့ပေးနိုင်မလားလို့ ကျွန်တော့်ကို လူလွှတ်ပြီး မေးခိုင်းလိုက်လို့၊ အကယ်၍ မြတင့်သာ လာနိုင်မယ်ဆိုရင် သူ့သား အရေးပိုင်မင်း ကိုလှသောင်ကို ကားနှင့် လာကြိုခိုင်းလိုက်ပါ့မယ်တဲ့၊ ဪဪ လာဖြစ်ရင် ရွှေထည်တွေပါ ယူခဲ့ပါတဲ့"
မြတ်သိန်းက ကိုလှသောင်က လာကြိုမည်ဟူသည် ကြားလိုက်သည်နှင့် မျက်နှာကြီး ချုံ့မဲ့သွားတော့၏။
"ဒီမှာစောင့်နေ၊ ကျုပ် မြတင့်ကို သွားမေးလိုက်ဦးမယ်"
မြတ်သိန်းက အိမ်ထဲ ပြန်ဝင်သွား၏။ ထိုကောင်လေးကတော့ ခြံ၏အပြင် နေပူကြီးထဲတွင် ရပ်နေရရှာ၏။ အိမ်ထဲ ဝင်ခိုင်းပြီး ရေတစ်မှုတ်လောက် တိုက်လိုက်တော့ သေသွားမှာတဲ့လားဟူ၍ မြတ်သိန်းအား ကျိန်ဆဲနေတော့၏။
"ဘယ်သူလဲ မြတ်သိန်း"
"ဒေါ်အမာတင်တို့အိမ်က ကောင်လေး၊ ဒီနေ့ ညနေ သုံးနာရီမှာ သူ့အိမ် လာခဲ့ပေးနိုင်မလားတဲ့"
ကိုလှသောင်က လာကြိုပေးမည်ဟူသည်ကိုတော့ မြတ်သိန်းသည် သဘောထားသိမ်နုပ်စွာဖြင့် မပြောဖြစ်ခဲ့ပါ။
"မင်းကတော်တွေ စုံကြပြန်ပြီထင်တယ်"
မြတင့်မှာ သူ့မေမေအတွက် စိတ်ပူနေရ၍ မသွားချင်ပါ။ သို့သော်လည်း ဤသည်မှာ သူ့စီးပွားရေး ဖြစ်နေ၏။ သူမှမသွားနိုင်လျှင် သူနှင့် စီးပွားပြိုင်ဘက်များထဲမှ တစ်ယောက်ယောက်ကို ခေါ်လိုက်ကြမည်မှာ မလွဲဧကန်ဖြစ်၏။ ထိုအခါ၌ မြတင့်ဟာ ပြန်၍တိုးပေါက်တော့မည် မဟုတ်ပါချေ။
"လာခဲ့မယ်လို့ ပြောလိုက်"
"မြ သွားနိုင်တာ သေချာလို့လား၊ မျက်နှာက ဖြူဖက်ဖြူရော်နဲ့"
"ရတယ် ရတယ် မြကို စိတ်ပူမနေဘဲ မြင်းလှည်းသာ ရအောင် ငှားထားလိုက်စမ်းပါကွယ်"
မြတ်သိန်းမှာ မြတင့်က သူ ထိမ်ချန်ထားသည့်အရာရှိသည်ကို လုံးဝ သံသယမဝင်သည်ကို သိသွား၍ အကျေနပ်ကြီး ကျေနပ်လျက်ရှိ၏။
သို့နှင့် ထိုကောင်လေးအား မြတင့် လာနိုင်သည့်အကြောင်း၊ အကြိုလွှတ်ပေးရန်မလိုကြောင်းပါ ပြောပြလိုက်ပြီးနောက် မြတ်သိန်းသည် မြင်းလှည်းဆရာ ကိုလှမြင့်ထံ သွားတော့၏။
မြတင့်သည် ဧည့်ခန်းထဲ၌ သူ့၌ ရှိနေသေးသော လက်ဝတ်ရတနာများကို ထုတ်ကြည့်နေပါ၏။ အမှန်စင်စစ်တွင်တော့ မြတင့်သည် ဒေါ်အမာတင်ဆီ သွားရခြင်းမှာ စီးပွားရေးသပ်သက်မျှသာ မဟုတ်ခဲ့ရပါ။ အိမ်မှာဆိုလျှင် မြတင့်သည် အခန်းထဲအောင်းရင်း စိတ်တို့က တောင်စဉ်ရေမရ ဖြစ်နေမှာ အသေအချာ။ မေမေ့အား စိတ်ပူရ၍ နေမရ ထိုင်မရ ဖြစ်နေရတော့မည်။ အလုပ်ထဲ စိတ်နှစ်ထားသည့်အခါ၌ မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိမ့်မည်ဟု မြတင့်သည် ထင်မိပါ၏။
တစ်ဖက်မှာတော့ အရေးပိုင်မင်း ကိုလှသောင်သည် နေမထိထိုင်မသာ ဖြစ်လျက်ရှိ၏။ မြတင့် လာမည် သေချာလျှင် သူကိုယ်တိုင် သွားကြိုမည်ဟု မေမေ့အား အတင်း နားပူထားရပါ၏။ အခုတော့ မြတင့်သည် သူ့အား လာမကြိုပါရန် ငြင်းလိုက်သည်တဲ့လား။
ကိုလှသောင်သည် မချိတင်ကဲ ခံစားနေ၏။ သူလို အရေးပိုင်မင်းက လာကြိုမည်ဟု ပြောလျှင် ဘယ်မိန်းကလေးကမှ မငြင်းဖူးခဲ့ကြပါချေ။ ဒီဟာလေးနှင့်ကျမှ သူ့မှာ အငြင်းခံ၊ အအော်ခံ၊ အငေါက်ခံနေရသည်မှာ အခါခါပင် ဖြစ်ခဲ့ရ၏။
ပန်းခူးမိတုန်းကလည်း သူခိုးဟူ၍၊ လူရမ်းကားဟူ၍ အစွပ်စွဲခံရသေးသည်။ ဟိုတစ်ပတ်တုန်းကလည်း တစ်သောင်းတန် စိန်ဘယက်ကို ဝယ်ပေးမည်ဟု ပြောတုန်းကလည်း ကိုယ့်ဘာသာ ဝယ်နိုင်သတဲ့လေ။
"တော်တော်ခက်တဲ့ဟာလေး"
နောက်ဆုံးတွင်တော့ ကိုလှသောင်သည် ကားသော့ဆွဲကာ မြတင့်အိမ်ဆီသို့ ထွက်လာခဲ့ပါ၏။ သူ့မိန်းကလေးဆိုသူ၏ အိမ်သည် မြတင့်အိမ်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်ကိုလည်း သူ မသိသည်လည်း မဟုတ်။ ခက်တော့လည်း ခက်သည်။ အခုရက်ပိုင်း သူသည် ထားမေကို မေ့လျော့လျက်ရှိသည်။ သူ့အတွေးထဲ အာရုံထဲ၌ မြတင့်၏ မာနကြီးသော ဟန်ပန်အမူအရာများ၊ ဘဝလေဟပ်နေဟန်ရှိသည့် စကားလုံးများသာ စိုးမိုးလျက်ရှိသည်။ သူသည် မြတင့်အား မြင်ချင်သည်။ တွေ့ချင်သည်။ လက်ဖျားကလေးများအား ထိတွေ့ချင်သည်။
ဘာကြောင့်လဲ၊ ဘာကြောင့်များလဲ။ သူမှာ မိန်းကလေးရှိနေပါရက်နှင့်၊ ထားမေကို ချစ်နေသည်ဟု ထင်ရပါလျက်နှင့် ဘာကြောင့်များ မြတင့်ကိုမှ မြင်ချင် တွေ့ချင်နေရပါသနည်း။
မြတင့်အိမ်ရှေ့သို့ ရောက်ပြီ။ မြတင့်အိမ်ရှေ့၌ ကားရပ်လိုက်သော်လည်း ထားမေတို့အိမ်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေ၍ ထားမေတို့အိမ်ရှေ့၌ ရပ်လိုက်သယောင်ဖြစ်နေပါ၏။
"ဟယ် အစ်ကို၊ ထားမေကို လာကြိုတာလား"
ထားမေသည် ဝတ်ကောင်းစားလှ ဝတ်စားထား၏။ မေမေတို့အိမ်မှာ မင်းကတော်တွေ စုပြီး ရွှေထည်ကြည့်ကြမည်၊ ပိုကာဆော့ကြမည်ဟု ထားမေ သိသောအခါ သူ့အား လာခွင့်ပြုပါရန် ပူဆာ၏။ နားမခံသာတော့သည့်အဆုံး ကိုလှသောင်သည် မေမေ့ဆီမှာ ခွင့်တောင်းပေးလိုက်ရပါတော့၏။ မေမေသည် သိပ်တော့ လာစေချင်ခဲ့သည်မဟုတ်ပါ။ သူ့မျက်နှာကြောင့် သည်းခံပေးခဲ့ခြင်း ဖြစ်မည်။ မေမေဟာ ဘာကြောင့် ထားမေအား မကြည်ဖြူရသည်ကို ကိုလှသောင်သည် တွေးမတတ်ဘဲ ဖြစ်နေရပါ၏။
ထားမေက လာကြိုတာလားဟု မေးမှသာ ကိုလှသောင်သည် ဒီနေ့ ထားမေပါ လာမည့်အကြောင်းကို သတိရသွားမိ၏။
"အဲ..၊ အဲ့လိုတော့ မဟုတ်..."
"အစ်ကိုကလည်း ရှက်နေပြန်ပါပြီ၊ ထားမေက အစ်ကို့ရည်းစားပဲ၊ ကိုယ့်ရည်းစားကို ကိုယ် လာကြိုတာ ဘာရှက်စရာရှိလဲ"
ထားမေသည် ပြောပြောဆိုဆိုနှင့် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်၏။ ကိုလှသောင်သည် အကြပ်ရိုက်သွားရ၏။ ထားမေအား ကားပေါ်မှ ဆွဲချပစ်ရမလားဟူ၍ပင် တွေးမိလိုက်သေးသည်။ ပြီးမှ ထားမေသည် သူ့မိန်းကလေးဟူသည်ကို ပြန်သတိရမိ၏။ သို့နှင့် ကိုလှသောင်သည် အောင့်သီးအောင့်သက်ဖြင့် မောင်းထွက်ခဲ့ရပါတော့၏။
"အစက အစ်ကို လာကြိုမယ်မှန်း မသိလို့ ကိုကို့ လိုက်ပို့ပေးဖို့ အပူကပ်ထားတာ၊ အခု အစ်ကို လာကြိုတော့ ကွက်တိဖြစ်သွားတာပေါ့"
"ကိုလွန်းမောင်ပါ လာမှာလား"
"ဟုတ်တယ် အစ်ကို၊ ဝတ်လုံတော်ရ အမတ်ဖြစ်လာမှာဆိုတော့ မင်းကတော်တွေက ကြည့်ချင်ကြတယ်လေ"
ကိုလှသောင်က ဟက်ခနဲ ရယ်မိသွား၏။ ထားမေကတော့ သတိထားမိဟန် မပေါ်ပါချေ။ သူ့ဝတ်ပုံစားပုံဟာ အထက်တန်းမှ ဆန်ပါရဲ့လားဟူ၍ ကိုလှသောင်အား အတွင်တွင် မေးနေရင်းဖြင့်သာ အချိန်ကုန်တော့၏။
အိမ်ရှေ့၌ မြင်းလှည်းရောက်သည်နှင့် မြတင့်သည် သူ၏ လက်ဝတ်ရတနာထည့်သည် သေတ္တာကလေးကို မ,၍ မြင်းလှည်းပေါ်တက်လိုက်၏။ မြတ်သိန်းကတော့ အဝတ်အစားများ ထုတ်ပိုးနေရ၍ နေခဲ့ရ၏။ ဒါတောင် လိုက်ခဲ့မည် လုပ်နေသေးသည်။ မြတင့်က မနည်း တားယူခဲ့ရသေးသည်။
တစ်ဖက်ခြံ အပေါ်ထပ်ရှိ အခန်းထဲမှ လွန်းမောင်ကတော့ မြတင့် မြင်းလှည်းပေါ်တက်သွားသည်ကို အစအဆုံး မြင်လိုက်ရပါ၏။
"မောင်က ဝေးဝေးလံလံ လိုက်ရှာနေမိတာ၊ မင်းကလေးက မောင့်မျက်စိရှေ့မှာတင် ရှိနေခဲ့တာပဲ"
လွန်းမောင်သည် ထားမေ လိုက်လာခဲ့ဟု ခေါ်ထားသည့် ထိုမင်းကတော်များဆီ မသွားရန် ဆုံးဖြတ်လိုက်တော့၏။ ချက်ချင်း သူ့ကားထုတ်ကာ အနှီမြင်းလှည်းဖြူကလေးနောက်သို့ လိုက်ခဲ့ပါတော့၏။