မြတင့်(ပြန်လည်ရှင်သန်ခြင်း)

By Lwin_Sue_Taungoo

128K 11.4K 2.2K

Unicode မြတင့်... သူ အမှားတွေ အများကြီး လုပ်ခဲ့မိသည်။ သူ့အား ချစ်ပေးခဲ့ရသောသူများအပေါ်တွင် ရက်စက်ခဲ့မိသည်။ သူ... More

မြတင့် ပြန်လည် ရှင်သန်လာပြီ
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁)[Zawgyi]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၁)
(၁၂)
(၁၃)
(၁၄)

(၁၀)

927 39 1
By Lwin_Sue_Taungoo

အပြင်၌ မိုးကား သည်းသည်းမဲမဲ ရွာနေပါ၏။ တစ်ချက်တစ်ချက်ဆိုလျှင် လျှပ်စီးများပင် လက်သွားသေးသည်။ ထိုအခါ၌ မြတင့်၏ ခန္ဓာကိုယ်သည် တုန်၍ တုန်၍သွား၏။ မြတင့်သည် သူ၏ အခန်းထဲ၌ ဖယောင်းတိုင်မီး၏ အကူအညီဖြင့် ရွှေဘယက်ပုံ ပုံကြမ်းများ ရေးဆွဲလျက်ရှိသည်။ ဂျိန်းခနဲ မိုးကြိုးပစ်သံကြီး မြည်ဟီးသွားသည့်အခါ၌ မြတင့်၏ လက်ထဲမှ ခဲတံလေးသည် ပြုတ်ကျသွားရပြီး ခန္ဓာကိုယ်လေးမှာလည်း တသိမ့်သိမ့် တုန်ရီနေပါ၏။

မိုးခြိန်းသံ၊ လေထန်သံများကိုတော့ မြတင့်သည် သိပ်ကို ကြောက်ပါ၏။ မြတင့်မှာ နေစရာ ထိုင်စရာ မရှိဖြစ်နေပါ၏။ ထိုအခိုက်၌ မြတင့်၏ အခန်းတံခါးသည် ရုတ်တရက်ပွင့်သွား၏။ မိုးခြိန်းသံများကို ကျော်လွန်ကာ ပေါ်ထွက်လာသည့် ခြေသံပြင်းပြင်းသည် အခန်းထဲ၌ ပြန့်၍ သွား၏။

"မြ အဆင်ပြေရဲ့လား"

လှည့်ကြည့်လိုက်သည့်အခါ၌ သူသည် မြတ်သိန်းပင်ဖြစ်နေပါ၏။ စိုးရိမ်ပူပန်နေသော မျက်ဝန်းများနှင့် မြတင့်အား ကြင်နာနွေးထွေးစွာ ကြည့်နေပါသေးသည်။ မြတင့်သည် မည်သည်ကိုမှ မတွေးတောနိုင်တော့ဘဲ မြတ်သိန်းထံ အပြေးသွား၍ တင်းကြပ်စွာ ဖက်ထားပစ်လိုက်ပါ၏။

"မြ တအားကြောက်တာပဲ"

မြတင့်သည် မြတ်သိန်းအား တိုး၍ တိုး၍ တင်းကြပ်စွာ ဖက်ထားပစ်လိုက်ပါ၏။ ရင်ခုန်သံများ စည်းချက်မညီညာစွာ ခုန်လှုပ်သွားသူမှာ မြတ်သိန်းသာ ဖြစ်ရပါ၏။ မြတ်သိန်းသည် တောင့်တောင့်ကြီး ရပ်နေမိပါသေး၏။ သူ၏ ကျောပြင်အား တင်းကြပ်စွာ၊ အားကိုးစွာ ဖက်တွယ်ထားရှာသည့် မြတင့်၏လက်များမှ အထိအတွေ့ကိုလည်း ခံစားမိတစ်ချက် မမိတစ်ချက်။

ထို့နောက်တွင်တော့ မြတ်သိန်းသည် သူ၏ရင်ဘတ်၌ အင်္ကျီမှ တစ်ဆင့် စိမ့်ထွက်ကာ စိုစွတ်လာမှုကို ခံစားမိလာပါ၏။ မြတင့် ငိုနေခြင်းသာ ဖြစ်၏။

"ဘာဖြစ်လို့ ငိုနေရတာလဲ မြရာ"

မြတ်သိန်းသည် မြတင့်၏ မျက်နှာကလေးအား ဆွဲယူ၍ ကြည့်လိုက်သည့်အခါ၌ ရင်ဘတ်၌ အောင့်၏။ မျက်ရည်စများ အပြည့်နှင့် ဖြစ်နေရှာသည့် မြတင့်၏ မျက်နှာကလေးအား မြင်လိုက်ရပါ၏။

"မငိုပါနဲ့ဗျာ၊ ကျွန်တော် ရှိနေပြီပဲ၊ မငိုနဲ့တော့နော်၊ တိတ်ပါဗျာ တိတ်ပါ"

ထိုအခါမှ မြတ်သိန်းသည် မြတင့်အား ပိုမိုတင်းကြပ်စွာ ဖက်ထားပေးလာပါ၏။ မြတင့်မှာမူ အသက်ရှူပင်မဝနိုင်တော့။ ပင့်သက်အား လု၍ ရှူရှိုက်နေရခိုက်တွင် မြတ်သိန်းဆီမှ ပန်းရနံ့သင်းသင်းကလေးကို ရ၏။

"မြ အသက်ရှူကြပ်နေပြီ"

မြတ်သိန်းသည် မိုးသံဖြင့် မြတင့်၏အသံကို မကြား။ ထို့ကြောင့် သူသည် ပိုမိုတင်းကြပ်စွာ ဖက်ထားမြဲ။ သူ့အားကြီးနှင့် ဖက်ထားသည်မှာ မြတင့်ခမျာ လှုပ်ပင်မလှုပ်နိုင်ရှာပေ။ မြတင့်က ရှိသမျှ အင်အားကလေးဖြင့် လူးလွန့်လိုက်သည့်အခါမှသာ မြတ်သိန်းက သဘောပေါက်သွားပြီး လွှတ်ပေးရှာသည်။

ဖယောင်းတိုင်မီး မှုန်ပြပြ၏အောက်တွင် မြတ်သိန်း၏ နားရွက်ဖျားကလေးများမှာ ရဲတွတ်လျက်ရှိ၏။ သူသည် ရှက်ရွံ့ပူနွေးစွာဖြင့် သူ၏ လည်ပင်းတစ်လျှောက် ပွတ်သက်၍ နေလေသည်။ မြတင့်ကိုယ်တိုင်၌လည်း ပူထူကာ နေရထိုင်ရခက်လျက် ရှိသည်။

"မြက မိုးခြိန်းရင် ကြောက်တတ်မှန်း မသိခဲ့ဘူး"

မြတင့်သည် သူ့အား ကြောက်တတ်သည်ဟု မြတ်သိန်းက စွပ်စွပ်စွဲစွဲပြောလာသည့်အခါကျ မခံချင်စိတ်ကလေး ဖြစ်လာပြန်သည်။

"တစ်ခါတစ်လေမှ ကြောက်တာ"

မြတ်သိန်းက မြတင့်အား ထပ်၍ စချင်လာပြန်သည်။

"ငိုလည်း ငိုသေးတယ်နော်"

မြတင့်သည် နှုတ်ခမ်းအား ခပ်တင်းတင်း စေ့ပစ်လိုက်သည်။ ပြီးနောက် မြတ်သိန်းအား မျက်စောင်းတစ်ချက်ထိုးပစ်လိုက်ပြီး သူ ဆွဲလက်စ ရွှေဘယက်ပုံကြမ်းအား ဆက်၍ ဆွဲနေလိုက်သည်။ အပြင်၌ မိုးကား သည်းထန်စွာ ရွာနေဆဲ။

"ကျွန်တော် သွားရတော့မလား"

မြတ်သိန်းက ရိုးရိုးသားသားသာ မေးလိုက်ခြင်း ဖြစ်၏။ သို့ရာတွင် မြတင့်သည် မြတ်သိန်းက သူ့အား စနေသေးသည်ဟု ထင်သွားလေ၏။

"ကုတင်ဘေးမှာ ထိုင်ခုံရှိတယ်မလား၊ အဲ့မှာ သွားထိုင်နေ၊ စကားမများနဲ့ တိတ်တိတ်ကလေးနေ၊ မြ ပုံဆွဲမလို့"

မြတင့်က မြတ်သိန်းအား ဒေါသသံဖြင့် ပြောလိုက်လေသည်။ မြတ်သိန်းသည် ထိုအခါမှ ပို၍ပင် ရယ်ချင်လာသေးသည်။

ကြောက်တယ်ဖြင့် ကြောက်တယ်ပေါ့။ မြတစ်ယောက်ဟာ သူရဲ့ အားနည်းနေတဲ့ အခြားတစ်ဖက်ကို ဘယ်တော့မှ ထုတ်မပြချင်ခဲ့။ ဟန်ဆောင်ရတာဟာ သိပ်ပင်ပန်းပါလျက်နှင့် ကိုယ့်ကိုကိုယ် ညှင်းဆဲလွန်းလှပါ၏။

"မြက ဘာပုံဆွဲနေတာလဲ"

"..."

"ဖယောင်းတိုင်မီးလေးနဲ့ ပုံဆွဲနေတာ မြင်ရလို့လား"

"..."

"မြရဲ့ရွှေထည်တွေကို ဟိုမင်းကတော်အိုကြီး ဒေါ်အမာတင်က အတော်သဘောကျတယ်နော်"

"..."

"ဖယောင်းတိုင် ထပ်လိုသေးလား၊ ကျွန်တော် သွားယူပေး...."

မြတင့်သည် ဆွဲလက်စ ခဲတံအား စားပွဲပေါ်သို့ ဗြန်းခနဲ ပစ်ချလိုက်ပြီးနောက် မြတ်သိန်းအား ဒေါသတဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပါ၏။

မြတ်သိန်းကား နည်းနည်းတော့ ပိန်း၏။ မြတင့်က သူ့အား ဘာကြောင့် ဒေါသဖြစ်နေရသည်ကို မည်မျှပင် တွေးတောကာမူ မသိနိုင်တော့ပါချေ။

"စကားမများနဲ့လို့ ပြောထားတယ်မလား၊ မြတ်သိန်းက သာလိကာလား၊ သိပ်စကားများတာပဲ"

ထိုအခါမှသာ မြတ်သိန်းသည် သူ့ပါးစပ်ကို လက်နှင့်အုပ်ပြီး ငြိမ်ငြိမ်ကလေး ထိုင်လိုက်ပါတော့၏။ မကြာလိုက်။ စကားစပြောပြန်သည်။

"မြက ပုံဆွဲရတာ ဝါသနာပါတာလား"

မြတင့်သည် စိတ်မရှည်တော့ပါချေ။ မြတ်‌သိန်းဟာ ဘာလို့များ အမြင်ကပ်စရာကောင်းလောက်အောင် စကားများလွန်းနေရတာလဲနော်။ ဤမောင်မင်းကြီးသားအား အနားမှာခေါ်ထားမည်ဆိုလျှင် ပုံကောင်းကောင်းဆွဲနိုင်မည်မဟုတ်တော့ပါချေ။ ပြန်လွှတ်လိုက်ရအောင်လည်း မိုးရွာနေ၍ ကြောက်သည်လေ။

သို့နှင့် မြတင့်သည် ပုံဆက်မဆွဲတော့ဘဲ မြတ်သိန်းနှင့် စကားစမြည်ပြောရန်ကိုသာ ရွေးချယ်လိုက်ရပါတော့၏။

"ဝါသနာပါတယ်ရယ်တော့ မဟုတ်ပါဘူး"

"ဒါပေမယ့် မြရဲ့ လက်ရာတွေကို မင်းကတော်အသိုင်းအဝိုင်းက သဘောကျကြတယ်လေ၊ အဲ့တာ လက်ရာမြောက်လို့ပေါ့"

မြတင့်က ခနဲ့တဲ့တဲ့ ရယ်၏။ သူ့ ဆံပင်အဖျားများကိုလည်း ထိုးဆွကာ ဆော့နေ၏။

"မင်းကတော်‌တွေဆိုတာကလည်း ခပ်အအတွေပါ မြတ်သိန်းရယ်"

မြတ်သိန်းက နားမလည်ဟန်ဖြင့် မြတင့်အား ကြည့်၏။ မြတင့်ကပင် ဆက်ပြော၏။

"ဈေးချိုနားက ဒေါ်ကြည်သာဆိုတဲ့ ဝတ်လုံတော်ရ အမတ်ကြီးရဲ့ မယားဖြစ်သူကို မြတ်သိန်း သိတယ်မလား"

မြတ်သိန်းက ခေါင်းညိတ်လျက်

"ဟိုတစ်ခေါက်က ကျွန်တော်နဲ့ မြ နှစ်ယောက်သား ကိုလှမြင့် မြင်းလှည်းငှားပြီး ရွှေဘယက် သွားပြခဲ့တဲ့ မိန်းမကြီး မဟုတ်လား"

မြတင့်က ခေါင်းညိတ်ကာ ထောက်ခံ၏။

"အဲဒီမိန်းမကြီးက တော်တော်'အ'တဲ့ မိန်းမ၊ မြက ဒီဘယက်ဟာ တစ်ကုံးပဲ ရှိတဲ့ဘယက် ဒေါ်ကြည်သာမှ မဟုတ်ရင် ဘယ်သူနဲ့မှ မလိုက်ဖက်ဘူးလို့ ပြောလိုက်တာ တစ်ခါတည်း တန်းယူသွားတာပဲ၊ အမှန်က မြမှာ အဲဒီလို ဘယက်မျိုး သုံးခုတောင် ကျန်သေးတာ၊ 'အ'လိုက်ပုံများ ဝတ်လုံတော်ရအမတ်မင်းရဲ့ မိန်းမဖြစ်နေလို့‌ တော်သေးတယ်"

မြတင့်က ကုန်ခါနီး ဖယောင်းတိုင်ကို ငြိမ်းလိုက်ပြီး အသစ်တစ်တိုင် ထပ်ထွန်း၏။

"အဲဒီမင်းကတော်ဆိုတာဟာ ပိုက်ဆံရှာတတ်ကြတာတွေ မဟုတ်ဘူး၊ လင်ယောက်ျားက ရှာပေးထားတဲ့ ပိုက်ဆံများနှင့် သုံးဖြုန်းပြီး သူ့ထက်ငါ အပြိုင်အဆိုင် လှချင်ပချင်ရုံလောက်သာ သိတဲ့ဟာတွေ၊ မြရဲ့ ပါးစပ်က လှတယ်လို့ ပြောလိုက်ရင် သူတို့ကပါ လှတယ် လိုက်လုပ်ကြတတ်သေးတာ၊ ဦးနှောက်ဟာ အခွံတွေများ‌လားတောင် မသိနိုင်တော့ပါဘူး မြတ်သိန်းရယ်"

မြတင့်က သရော်သလို ပြုံး၍ ဆက်ပြော၏။

"သူတို့တွေ ခပ်အအ ဖြစ်နေကြတာပဲ ကောင်းပါတယ်၊ မြ ငွေရှာရ လွယ်တာပေါ့ မဟုတ်ဘူးလား"

"မြက စီးပွားရှာတဲ့နေရာရော ပန်းချီဆွဲတဲ့နေရာရော သိပ်တော်တာပဲ"

မြတ်သိန်းက ထိုင်နေရာမှ ထပြီးနောက်

"မြ ပြောတဲ့ ခပ်အအမိန်းမတွေအထဲမှာ အရှေ့အိမ်က အဖွားကြီးတို့ သားအမိရော မပါဘူးလား"

မြတင့်က မြတ်သိန်း၏စကားကြောင့် ရယ်၏။

သူနှင့် ထားမေ နှင်းဆီပန်းကိစ္စနှင့် စကားများထားကြသေးသည်လေ။ ထားမေကလည်း အချိုးက မပြောင်း။ သူ့အမေ ဒေါ်စိန်ကိုပါ မြတ်သိန်းအကြောင်း တိုင်တော့ထားသည် ထင်သည်။ ဒေါ်စိန်က မြတ်သိန်းကို မြင်တိုင်း မျက်စောင်း ထိုးထိုးသွားတတ်သေးသည်။

"မြက ဘာလို့ရယ်သလဲ၊ ဒေါ်စိန်ဆိုတဲ့ ဖွားတော်ကို မြက ဘာလို့ ငွေလေးထောင်တောင် ပေးခဲ့ရသလဲ"

မြတင့်က မဲ့ပြုံးပြုံး၏။

"မြ ငွေကို အငမ်းမရရှာနေတာ အဲ့တာကြောင့်ပေါ့၊ သူလိုလူတွေကို ငွေနဲ့ပေါက်ပြီး ခပ်ကြွားကြွားနေနိုင်အောင်လို့လေ"

မြတင့်က လေသံပျော့ပျော့ကလေးနှင့် ပြော၏။

"မြရဲ့ ဖြစ်တည်မှုကိုက ငွေမှမရှိရင် နင်းချေခံရမှာ မဟုတ်လားကွယ်၊ ပြီးတော့ မြ တန်ဖိုးထားရတဲ့ သူတွေကို ကာကွယ်ဖို့ ငွေရှိမှ ဖြစ်မယ်လေ၊ ပြီးတော့ အနီရောင်တွေရောပေါ့"

မြတင့်က ကြိုးစား၍ အပြုံးတစ်ခုကို ဖန်တီးလိုက်ပါ၏။ သိပ်ပြီး ပီပြင်လှသည်တော့ မဟုတ်ခဲ့ပါ။

"မြဟာ ကိုယ့်အကြောင်းကိုယ် သိပါရဲ့၊ မြဟာ အားနည်းတယ်၊ တစ်ခုခုဆို ငိုဖို့လောက်ပဲ သိတာ၊ မိုးချိန်းသံကြားရင်တောင် မျက်ရည်ကျတတ်တဲ့ ကိုယ့်ကိုကိုယ် မြဟာ သိပ်မုန်းပါတယ် သိပ်ကို မုန်းမိပါတယ်ကွယ်"

မြတ်သိန်းက မြတင့်၏ ပခုံးစွန်းနှစ်ဖက်အား ဆုပ်ကိုင်လိုက်ပြီးနောက်

"မြဟာ သန်မာပြီးသားပါ၊ လှလှပပရှင်သန်နေတဲ့ မြကို ကျွန်တော်က..."

"ကျွန်တော်က...သက်ဆုံးတိုင် မြင်သွားချင်တာ"

"မြကို ကျွန်‌တော်က သက်ဆုံးတိုင် ချစ်သွားချင်တာ" ဟူ၍တော့ မြတ်သိန်းသည် မပြောဖြစ်ခဲ့ပါ။

မြတ်သိန်းက ပိတ်ထားသော ပြတင်းတံခါးများကို ဖွင့်လိုက်၏။ မိုးစဲကာ ကောင်းကင်ကြီးသည် ကြည်လင်လျက် ရှိသည်။

"မိုးစဲသွားပြီ၊ ခဏနေ မင်းကတော်ဟောင်း ဒေါ်အမာတင်ဆီ ရွှေဘယက်တစ်ကုံး သွားပြစရာရှိတယ်၊ ကိုလှမြင့်ကို မြင်းလှည်း အားလား တစ်ချက်လောက် မေးပေးထားပါဦး၊ အားတယ်ဆိုရင် နေ့လယ်နှစ်ရီကို ချိန်းထားလိုက်ပါ"

မြတ်သိန်းသည် မြတင့် ပြောသည့်အတိုင်း မြင်းလှည်းငှားလိုက်ပါ၏။

မြတင့်မှာ သွားစရာတစ်ခုခုရှိလျှင် မြင်းလှည်းဆရာ ကိုလှမြင့်ကို အားကိုးနေရသည်။ ကိုလှမြင့်၏မြင်းလှည်းမှ မအားလျှင် မြတင့်မှာ သူ သွားလိုရာကို မသွားနိုင်။

"မြမှာ ကားတစ်စီးလောက် ရှိရင် သိပ်ကောင်းမှာပဲ" ဟူ မြတ်သိန်းသည် ရေရွတ်မိပါ၏။

"ကျွန်တော် ဝယ်ပေးချင်လိုက်တာ"

သို့ရာတွင် သူ့မှာ ဘာမှ မရှိ။ ထိုအခါမျိုးတွင် မြတ်သိန်းသည် မြတင့်ထံမှ ထွက်သွား၍ ငွေကို အငမ်းမရ ရှာပစ်ချင်သည်။ သူဟာ အလုပ်ကြမ်းဆိုလည်း လုပ်နိုင်ပါရဲ့။

သို့သော် မိုးတွေရွာလို့ မြ ကြောက်တဲ့အခါ သူမှမရှိလျှင် မြဟာ အခန်းထောင့်လေးမှာ ခွေ၍နေမလား။ ရှိုက်၍များ ငိုနေမည်လား။ ထိုသို့ တွေးမိသည့်အခါ မြတ်သိန်းသည် မြတင့်အား ကရုဏာပိုရပြန်သည်။ သူ မြတင့်အား တစ်ယောက်တည်း ထားပစ်ခဲ့နိုင်သည်အထိ သူ့နှလုံးသားသည် မာကျော၍မနေပါ။

"မြရေ ကျွန်တော်တော့ ရူးပြီ၊ မြဆီက ဘယ်လိုလုပ်ပြီးများ ပြေးရပါ့မလဲ"

တစ်နေ့နေ့တော့ ကျွန်တော် မြဆီကနေ ပြေးမှာပါ။

*****

‌မင်းကတော်ဟောင်း ဒေါ်အမာတင်၏ အိမ်သည် မဟာမြတ်မုနိဘုရားကြီးနှင့် မနီးမဝေးတွင် ရှိ၏။ အိမ်ကြီးမှာ အတော်ပင် ခမ်းနားကြီးကျယ်လှ၏။ ဤအိမ်ကြီးသို့ မြတင့် ရောက်ဖူးသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်၏။

မြတင့် အိမ်ထဲ ဝင်သွားသည့်အခါ တိုင်းရင်းဆေးအနံ့များ လှိုင်လှိုင်ရ၏။ ဒေါ်အမာတင်ဟာ အသက်ကြီးပြီ မဟုတ်ပါလား။

ပထမတစ်ခေါက်တုန်းကတော့ ဤအိမ်ကြီးထဲမှာ မင်းကတော် စိုးကတော်တွေ အကုန်နီးပါး စုပြီး မြတင့်၏ ရွှေထည် ငွေထည် ဒီဇိုင်းအဆန်းများကို ဝယ်ယူခဲ့ကြသည်လေ။

ပုံအဆန်းဆုံး စိန်နားကပ်တစ်ရံကိုမူ ဒေါ်အမာတင်နှင့် အခြားမင်းကတော်တစ်ဦး အဝေမတည့် ဖြစ်ခဲ့သေးသည်။ ဒေါ်အမာတင်က ထိုစိန်နားကပ်ကို အလျှော့ပေးလိုက်ပြီးနောက် မြတင့်၏ နားမှ စိန်နားကပ်ကို တောင်းဆို၏။

မြတင့်ကလည်း ခေသူမဟုတ်သောကြောင့် ဈေးကို သုံးဆတင်ကာ ရောင်းပေးခဲ့လိုက်သည်လေ။

"ဟေ့ မြတင့် ရောက်ပြီလား၊ ထိုင်ပါဦးကွဲ့"

မြတင့်သည် ထိုင်ခုံတစ်ခု၌ ဝင်ထိုင်လိုက်၏။ ဒေါ်အမာတင်က မြတင့်၏နံဘေး၌ ဝင်ထိုင်ပါ၏။

"အခုတစ်ခေါက်ရော အခြားမင်းကတော်တွေ မပါဘူးလား ဒေါ်ဒေါ်"

ဒေါ်အမာတင်သည် သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်နှင့်မှ မလိုက်၊ တဟားဟား အော်ရယ်တော့သည်။

"အမလေး ငယ်ရယ်၊ အဲ့ဟာမများနှင့် ပြိုင်မလုချင်ဘူးကွယ့်၊ သူတို့က ငယ်သူတွေ မဟုတ်လား သိပ်မြန်ကြတာ"

မြတင့်က ဒေါ်အမာတင်၏ နားရွက်ကိုကြည့်လိုက်၏။ သူ့နားကပ်အဟောင်းကလေးအား ပန်ထား၏။ ဒေါ်အမာတင်ကလည်း သတိထားမိဟန်ရှိ၏။

"ဒေါ်ဒေါ်တော့ ဒီနားကပ်ကလေး သိပ်ကြိုက်တာပဲ၊ ဒေါ်ဒေါ်သားကတောင် ပြောတယ် နားကပ်လေး သိပ်လှတာပဲ ဘယ်သူ့ဆီက ဝယ်သလဲတဲ့"

မြတင့်က မေး၏။

"ဒေါ်ဒေါ့်သားက ဘယ်သူများလဲ"

ဒေါ်အမာတင်က အံ့ဩဟန်ဖြင့် ပြော၏။

"ဒေါ်ဒေါ့်သားကိုတော့ တော်တော်များများ သိကြပါရဲ့၊ အရေးပိုင်မင်း ကိုလှသောင်လေ"

Continue Reading

You'll Also Like

3.2K 144 6
sin (a ± b) = sin a.cos b ± cos a.sin b cos (a + b) = cos a.cos b - sin a.sin b cos (a - b) = cos a.cos b + sin a.sin b
56.9K 7.5K 21
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
12.2K 1.5K 8
[Sequel of 'MY SUBCONSCIOUS DESIRE'] Once again, a tale of desire and respect Once again, a tale of Rathod and family bond A multi-couple story. F...
1.3M 48.9K 34
Myanmar × BL Uni/Zaw [ 1 ] Warning... Start Date: 20.8.2023 End Date: 27.9.2023 Photo Crd