လျှန်တစ်ယောက်အိပ်ရာထက်မှာ လူးလိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။ ခုတင်ခေါင်းရင်းရှိ စားပွဲတင်နာရီက သုံးဂဏန်းနဲ့မိနစ်အချို့ကို ဖော်ပြနေသည်။ သိပ်မကြာခင်အချိန်မှာ တစ်ဘဝလုံးစာတန်ဖိုးထားရတဲ့ သူ့ရဲ့ချစ်မဝလေးနဲ့ ရွှေလက်တွဲနိုင်တော့မည်။
လျှန့်ရဲ့မူလအစီအစဉ်က ထိုသို့မဟုတ်။ နေးလက်ျာနေကောင်းကျန်းမာလာတဲ့အထိ သူ့အချစ်တွေကို မြိုသိပ်ထားပြီး စောင့်ရှောက်ထားဖို့သာ ရည်ရွယ်ထားသည်။ ပြီးရင်တော့ နေးကိုအချိန်အကြာကြီးစောင့်ခိုင်းထားမိလို့ တောင်းပန်ကြောင်းကို အရင်ပြောမည်။ နေးဘက်က သူ့ကိုနှစ်ရှည်လများကြာအောင် စောင့်ဆိုင်းနေခဲ့သလို သူ့ဘက်ကလည်း ဆေးရုံပေါ်က ကလေးလေးကို အမြဲသတိတရရှိနေကြောင်း ပြောပြမည်ဖြစ်သည်။
အရာအားလုံးအဆင်ပြေသွားမှ နေးလက်ျာကိုနောက်တစ်ကြိမ်ဖွင့်ပြောပြီး လျှန့်အချစ်တွေကို လက်ခံပေးဖို့တောင်းဆိုမည်။ နေးဘက်က သူ့ကိုမီးစိမ်းပြတဲ့အချိန်အထိ သူစောင့်မယ် ဆိုတဲ့ ရိုးရှင်းတဲ့အစီအစဉ်တစ်ခုကိုသာ သူရေးဆွဲခဲ့သည်။ အခုတော့ အခြေအနေတွေက သူစီစဉ်ထားတဲ့အတိုင်းမဖြစ်ပဲ ရုတ်တရက်ဆန်စွာ အပြောင်းအလဲဖြစ်သွားခဲ့သည်။
လျှန့်ဘက်ကတော့ နေးလက်ျာရဲ့ဘယ်အခြေအနေကိုမဆို လက်ခံနိုင်ပေမယ့် နေးလက်ျာဘက်က အတိတ်တွေသတိပြန်ရလာခဲ့ရင် ဒီအခြေအနေကို လက်ခံနိုင်ပါ့မလားဆိုတဲ့အတွေးက လျှန့်ရဲ့ပျော်ရွှင်မှု၊ ကြည်နူးမှုတွေကို တစ်စိတ်တစ်ဒေသ ဟန့်တားနေသည်။
အတွေးများစွာနဲ့ ရှုပ်ယှက်ခတ်နေပြီး ဆက်မအိပ်နိုင်တော့တာကြောင့် အနွေးထည်ထူထူထပ်ဝတ်ပြီး နေးလက်ျာလေးရှိနေမယ့်အခန်းဆီကို ဦးတည်လိုက်သည်။ လျှန်အပြင်ထွက်လာတော့ ညဘက်ဂျူတီကျနေတဲ့ဝန်ထမ်းအချို့ကိုသာ တွေ့ရပြီး အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။
" မစ္စတာလျှန်... ဘာများလိုအပ်လို့ပါလဲ "
လျှန့်ကိုလှမ်းတွေ့လိုက်တဲ့ဟိုတယ်မန်နေဂျာက လျှန့်အနားရောက်လာသည်။
" ဘာမှမလိုပါဘူး... ဒီအတိုင်းပဲ အိပ်မပျော်လို့ လမ်းထလျှောက်တာပါ "
" မင်္ဂလာပွဲအတွက် စိတ်လှုပ်ရှားပြီး အိပ်မပျော်တာလား "
" ဟုတ်တယ်... ရင်တွေအရမ်းခုန်နေတယ် "
လျှန့်အဖြေကိုကြားတော့ မန်နေဂျာနဲ့ဝန်ထမ်းအချို့က သဘောတကျရယ်မောလာသည်။
" ကျွန်တော့်တုန်းကလည်း ဒီလိုပဲဗျာ့... ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရသလို ခံစားချက်မျိုး... အဲ့တုန်းကဖီလင်ကို အခုထိပြန်အမှတ်ရနေတုန်းပဲ "
" ဟာ... ဂျာကြီးကလဲ... ကြုံတုန်းလည်းကြွားတာပဲလား "
" ကြွားတာမဟုတ်ဘူး... အဲ့ဖီလင်ကို နားလည်တယ်လို့ပြောချင်တာ "
" ကမ္ဘာကြီးကိုအပိုင်စားရတယ်ဆိုရင်တောင် မစ္စတာလျှန်ရဲ့ကမ္ဘာကြီးက ပိုလှတယ်... စတွေ့တုန်းကဆို တော်ဝင်မျိုးနွယ်ကလို့ ထင်သွားရတဲ့အထိပဲ "
ဝန်ထမ်းတွေရဲ့ နေးလက်ျာအပေါ်ပြုတဲ့မှတ်ချက်ကြောင့် လျှန့်မျက်နှာထက်မှာ ပါးချိုင့်တစ်ဖက်ထင်းထွက်လာရသည်။
" မစ္စတာလျှန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဝေမျှပေးဖို့ အစီအစဉ်ရှိလားမသိ "
" တစ်ချိန်ချိန်ကျရင်ပေါ့... ကိုယ့်ရဲ့ပဉ္စလက်ကမ္ဘာငယ်လေးထဲက ပန်ဒိုရာမင်းသားလေးအကြောင်း ပြောပြဖြစ်မှာပါ "
လျှန့်စကားကြောင့် မန်နေဂျာနဲ့တစ်ဖွဲ့လုံး ပွဲကျသွားတော့သည်။
" ဝါး... မိုက်လိုက်တာဗျာ... မင်္ဂလာပွဲအတွက် ကြိုပြီးဂုဏ်ပြုပေးပါတယ် "
" ကျေးဇူး... ကိုယ် လမ်းနည်းနည်းဆက်လျှောက်လိုက်ဦးမယ် "
လျှန့်ခြေလှမ်းတွေ ဦးတည်ရာကိုသိနေတဲ့ဂျာကြီးက လျှန့်လက်ထဲကို ကတ်ပြားတစ်ခုထည့်ပေးပြီး ကောင်တာကိုပြန်လှည့်သွားတော့သည်။ လက်ထဲကရွှေရောင်သော့ကတ်လေးကိုကြည့်ပြီး လျှန် ခေါင်းအသာရမ်းမိတော့သည်။
ဒီဟိုတယ်က လျှန်ဒီဇိုင်းဆွဲပေးထားတဲ့ဟိုတယ်ဖြစ်တာကြောင့် ဝန်ထမ်းအများစုက လျှန့်ကို မျက်မှန်းတမ်းမိပြီး ရင်းနှီသည်။ လျှန် ဒယ်ဒီ့ဆီမပြန်ခင်ကမှ ဖွင့်ထားတာဖြစ်လို့ အချိန်အားဖြင့်တော့ သိပ်မကြာသေး။ မင်္ဂလာပွဲစီစဉ်မယ်ဆိုတော့ အရင်ဆုံးစဉ်းစားမိတာက ဒီနေရာမို့ နေးလက်ျာကိုအလည်ခေါ်လာပြီး ပြမိတော့ အရမ်းသဘောကျနေတာကြောင့် ဒီမှာကျင်းပဖို့ဖြစ်သွားသည်။
ရွက်ဖျင်တဲဒီဇိုင်းပုံစံဆောက်ထားတဲ့ ဘန်ဂလိုဘက်ကို ခြေဉီးလှည့်မိပြီး အခန်းတစ်ခုရှေ့ရောက်တော့ လျှန့်ခြေလှမ်းတွေရပ်တန့်သွားသည်။ လက်ထဲမှာကိုင်ထားတဲ့သော့ကတ်ကိုကြည့်ပြီး လျှန်ခြေတုံချတုံဖြစ်နေသည်။ တံခါးရဲ့အပြင်ဘက်မှာ မိနစ်အချို့ကြာသည့်တိုင်အောင် မတ်တပ်ရပ်နေခဲ့ပြီး နှစ်ခြိုက်စွာအိပ်မောကျနေမည့်နေးလက်ျာလေးကို ပုံဖော်စိတ်ကူးမိတော့ လာလမ်းအတိုင်းလှည့်ပြန်လာခဲ့သည်။ ကြင်နာသူအလှလေး အိပ်မက်တွေချိုမြိန်ပါစေလေ။
တံခါးတစ်ဖက်မှာလည်း ရင်ခုန်သံတွေကို ထိန်းချုပ်မရနိုင်လို့ မင်္ဂလာပွဲအချိန်မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေတဲ့ကောင်ငယ်လေးတစ်ယောက် ရှိလေရဲ့။
>>>>>>>>>>
အပြာရောင်နှင်းဆီပန်းတွေနဲ့ အလှဆင်ထားတဲ့ မင်္ဂလာစင်မြင့်ထက်မှာ လျှန် စိတ်လှုပ်ရှားစွာနဲ့ ရပ်နေမိသည်။ ရာသီဉတုက နွေဦးကိုရောက်လာပြီဆိုပေမယ့်လည်း တောင်ကုန်းထက်မှာ ကျင်းပဖြစ်တဲ့ outdoor wedding ဖြစ်တာကြောင့် အအေးဓာတ်ကတော့ရှိနေသေးသည်။ ရင်းနှီးတဲ့လူတစ်ချို့နဲ့ မိသားစုဝင်တွေရှိတဲ့ပွဲဖြစ်တာကြောင့် စည်းကားမနေပေမယ့် သက်တောင့်သက်သာရှိလှသည်။ စင်မြင့်ထက်မှာနေပြီး ဧည့်ခံပွဲကိုလာရောက်ချီးမြှင့်ပေးကြတဲ့လူတွေဘက်ကို လျှန် ကြည့်မိတော့ အားလုံးက အပြုံးကိုယ်စီနဲ့တောက်ပလို့နေသည်။
လျှန်တို့စီစဉ်ပေးထားတဲ့ မင်္ဂလာလက်ဆောင်တွေနဲ့ အကုန်လုံးအဆင်ပြေချောမွေ့နေကြသည်မို့ စိတ်အေးရသည်။ အရှေ့ဆုံးဝိုင်းမှာထိုင်နေတဲ့ဒယ်ဒီကတော့ လျှန်ကိုကြည့်ပြီး ခေါင်းညိတ်ပြသည်။ အနောက်မှာကပ်လျက်ထိုင်နေတဲ့ ရိုးမာန်နဲ့ ရှန်ခိုက်တို့ကတော့ လျှန့်ကို လက်မတထောင်ထောင်လုပ်ပြီး ပွဲကျနေသည်။
သိပ်မကြာခင်မှာပဲ ငြိမ့်ညောင်းတဲ့စန္ဒယားသံစဉ်နဲ့အတူ ဦးနော်လက်ကိုတွဲလို့ လျှန့်ရဲ့ချစ်မဝလေးက လျှန့်ဆီကိုလျှောက်လှမ်းလာသည်။ ကာလာရောင်ခြယ်အကူအညီတွေမပါပဲ သဘာဝအတိုင်းကြည်စင်နေတဲ့ မျက်နှာနုနုထက်မှာ အပြုံးပါးပါးလေးနဲ့ အလှသွေးခြယ်နေတဲ့ နေးလက်ျာလေးက မထိရက်မကိုင်ရက်စရာ ဖန်လုံအိမ်လေးထဲမှာ ထည့်သိမ်းထားချင်စရာကောင်းလှသည်။
" နေးနေးကို မင်းလက်ထဲအပ်ပါတယ်... ဦးနော်ရဲ့တူလေးကို ဂရုစိုက်ပေးပါ "
" ကိုယ့်အသက်နဲ့ ခန္ဓာထက် နေးလက်ျာကို ပိုပြီးတန်ဖိုးထားဂရုစိုက်ပေးမှာပါ "
ဦးနော်က နေးလက်ျာရဲ့လက်ကိုကိုင်လို့ လျှန်ရဲ့လက်ထဲသို့ အပ်နှံလာသည်။ လောကကြီးထဲမှာ သွေးသားရင်းချာဆိုလို့ နှစ်ယောက်တည်းရှိတဲ့သံယောဇဉ်ကို လျှန် စာနာနားလည်ပေးနိုင်ပါသည်။ ဦးနော်ကို စိတ်ချလက်ချရှိစေရန် လျှန် ကတိပေးလိုက်သည်။
" အရမ်းလှတယ်... ကိုယ့်နေး "
အနားကပ်လို့ ခပ်တိုးတိုးလေးပြောလိုက်တော့ ရှက်ပြုံးလေးပြုံးပြလာသည်။ လက်ဖဝါးနုနုလေးကို ထွေးဆုပ်လို့ မင်္ဂလာကတိကဝတ်ပြုဖို့ ပြင်လိုက်သည်။
" ချစ်ရတဲ့နေးလက်ျာ... မင်းတစ်ယောက်တည်းကိုသာကြည့်ပြီး မင်းကိုပဲမြတ်နိုးတန်ဖိုးထားမယ့်အမျိုးသားပါ... မင်းတစ်ယောက်တည်း ပိုင်ဆိုင်ရမယ့်ပခုံးနှစ်ဖက်ရှိပြီး မင်းရဲ့ပါးပြင်ကိုသာ နမ်းရှိုက်မယ့်နှုတ်ခမ်းတစ်စုံအပ်နှင်းပါ့မယ်... ကိုယ့်နှလုံးသားလမ်းကြောင်းမှာ တစ်ဘဝလုံးစာလမ်းညွှန်အဖြစ် မင်းကိုပေးအပ်ပါ့မယ် "
" ဝိုးး... "
ကောင်းချီးမင်္ဂလာပေးကြသူများ၏ ဩဘာသံက ဝေါခနဲထွက်လာသည်။
နှလုံးသားထဲ ယုံကြည်နေချင်ပါတယ်
အချစ်စိတ်တို့ ဘယ်တော့မှမပြောင်းလဲနဲ့နော်
ရင်ထဲက စိတ်မချဘူး . ကံကြမ္မာကို မယုံရဲဘူး
ဝေးရမယ်ဆိုတဲ့အတွေး မတွေးချင်ဘူး...
" ထူးထူးခြားခြား အခိုက်အတန့်တွေသာမက သာမန်အချိန်တွေကိုပါ မြတ်နိုးပါမယ်လို့ ကတိပေးပါတယ် "
" ..... "
လျှန့်ရဲ့စကားအဆုံး စင်အောက်က ပရိတ်သတ်တွေဆီကနေ သဘောကျသလိုမျိုး ရယ်သံလေးတွေ ထွက်ပေါ်လာသည်။
" ကိုယ်ကတိပေးတယ် နေး ... ကိုယ့်နှလုံးသား . ကိုယ့်ဝိညာဉ်နဲ့ တိုင်တည်ပြီးတော့ကို ကတိပေးတယ် ... ကိုယ့်ဘဝတစ်ခုလုံးနဲ့ရင်းပြီး သေတပန် သက်တဆုံး မင်းကိုမြတ်နိုးပါ့မယ်လို့... ကိုယ်မင်းကိုချစ်တယ် နေးလက်ျာ... စကားလုံးတွေကအစ ဖော်ပြနိုင်တဲ့နည်းလမ်းတွေအကုန်လုံးနဲ့ မင်းကိုချစ်တယ် "
" နေးလည်း ကိုကိုနဲ့ထပ်တူပါပဲ... ကိုကို့ကိုချစ်တယ် "
ချစ်ရတဲ့သူ ယုံကြည်စေချင်တယ်
ရွှေရင်ကို ပူစေတဲ့အတွေးများ ဘေးဖယ်
ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာမြတ်နိုးခဲ့
မင်းအနားမှာ ထာဝရရှိချင်တယ်...
ကတိပြုသံအဆုံး ထိန်းချုပ်မရနိုင်စွာ လျှန့်မျက်ဝန်းထက်မှာ မျက်ရည်စတို့ရစ်သိုင်းလာသည်မို့ ခေါင်းငုံ့ချလိုက်သည်။ နေးလက်ျာနဲ့အတူ ဒီလိုအခိုက်အတန့်တွေကို ဖြတ်ကျော်နိုင်ဖို့ဆိုတာ လျှန် မတွေးရဲခဲ့တဲ့အခြေအနေတစ်ခုမို့ လက်တွေ့မှာဖြစ်လာခဲ့တော့ ရင်ထဲကခံစားချက်တွေကို ဘယ်လိုနည်းလမ်းနဲ့ ဖော်ပြရမလဲဆိုတာ မစဉ်းစားနိုင်ဘူးဖြစ်နေသည်။
နောက်ဆုံးတော့ လျှန်တို့ရဲ့မင်္ဂလာပွဲလေး အောင်မြင်စွာနဲ့ အထမြောက်သွားခဲ့သည်။ ရှယ်ယာရှင်ဧည့်သည်တစ်ချို့ကို နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ စီစဉ်ထားတဲ့အတိုင်းပဲ ပင်လယ်ကိုသွားချင်နေတဲ့ နေးလက်ျာလေးရဲ့ အလိုဆန္ဒအတိုင်း ပျားရည်ဆမ်းခရီးကို စတင်ခဲ့သည်။
>>>>>>>>>>
ပင်လယ်ပြင်ကို မျက်နှာမူလို့ မျက်လုံးတွေကိုမှိတ်ထားရင်း လေညှင်းခံနေတဲ့ နေးလက်ျာလေးကို လျှန်အနောက်ကနေ သိမ်းပွေ့ပစ်လိုက်သည်။
" ပျော်ရဲ့လား... နေး "
" ဟုတ်... အရမ်းပျော်တယ် ကိုကို "
အနောက်အရပ်ကို ပုန်းကွယ်လုဆဲဆဲ နေမင်းကို ငေးကြည့်နေတဲ့ နေးလက်ျာက လျှန့်ကို ခပ်တိုးတိုးပြန်ဖြေလာသည်။ ပင်လယ်ရေလှိုင်းသံတွေနဲ့မလို့ နေးရဲ့အသံက တိုးတိုးလေးသာထွက်လာသည်။
" လက်ထပ်ပွဲမှာ ပန်းတွေကလည်း အရမ်းလှတယ်... ကိုကို "
" အင်း "
" ကိုကိုရှန်ခိုက်နဲ့ ကိုကိုရှားမြတ်တို့ကို ပြန်တွေ့ရလို့လည်း အရမ်းပျော်တယ် "
" အင်း "
" မင်္ဂလာဝတ်စုံကိုလည်း အရမ်းသဘောကျတယ် "
" အင်း... "
" ဟာ... ကိုကို တော်ပြီလေ.. "
နှစ်ကိုယ်ကြားစကားတွေနောက်မှာ နေးရဲ့ ငြူစူသံလေးက ထွက်ပေါ်လာသည်။ ဘာကြောင့်လဲဆိုတော့ နေးလက်ျာက တစ်ခွန်းပြောတိုင်း လျှန်က နေးလက်ျာလေးရဲ့ပါးတစ်ဖက်ကို နစ်နေအောင် ဖိကပ်နမ်းလာ၍ဖြစ်သည်။
" ဆက်ပြောလေ နေး... ကိုယ် နားထောင်နေတယ် "
" မပြောတော့ဘူး... ဆက်ပြောရင် နေးရဲ့ပါးလည်း ချိုင့်သွားတော့မယ် "
ပြောလိုက်မှပဲ နေးရဲ့ပါးတွေကို အတင်းတိုးနမ်းလာတဲ့ ကိုကို့ကြောင့် နေးမှာ မရုန်းသာမလှုပ်သာပဲ ငြိမ်နေလိုက်ရတော့သည်။ နေးကိုယ်တိုင်ကိုက မရုန်းချင်တာလည်း ပါတာပေါ့လေ။
" မအေးဘူးလား နေး... အထဲဝင်ရအောင်လေ "
" နေး အေးနေရင် ကိုကိုကဖက်ထားပေးပေါ့ "
" မအေးလည်းဖက်ထားပေးမယ်ကွာ "
ရင်ခွင်ထဲက ကိုယ်လုံးမွှေးမွှေးလေးကို လျှန်က ခပ်ကျစ်ကျစ်သိုင်းဖက်ထားလိုက်ပြီး လည်တိုင်ကြားခေါင်းအပ်လို့ နေးလက်ျာလေးရဲ့ ကိုယ်သင်းနံ့လေးကို တစ်ဝကြီးရှိုက်သွင်းလိုက်သည်။
" ကဲ... အေးလာပြီ... ဝင်ကြမယ်ကွာ "
" ဟာ . ကိုကို ... ပြုတ် . ပြုတ်ကျမယ်လေ ... အား ... ကိုကို အောက်ချပေးလို့ "
နေးကိုရုတ်တရက်ကြီး ကောက်ပွေ့လိုက်တဲ့ ကိုကို့ကြောင့် ကိုကို့လက်ထဲက နေးကိုယ်လေးကိုရုန်းမိသည်။ ကိုကိုက မလွှတ်ပေးပဲ နေးကိုချီရင်း ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည့်အခါ နေးမှာ ကိုကို့လည်ပင်းကို ကျစ်နေအောင်ဖက်ထားရင်း အော်မိတော့သည်။
" ကိုယ့်ကိုချစ်လား... နေးကလေး "
" ဟုတ် "
" ချစ်တယ်လို့ပြော "
" ကိုကို့ကို အရမ်းချစ်တယ် "
နေးကိုချီထားရင်း နေးရဲ့နှုတ်ခမ်းတွေကို ဖိနမ်းလာတဲ့ ကိုကို့အနမ်းတွေက နူးနူးညံ့ညံ့။ လှစ်ခနဲဝှေ့တိုက်လာတဲ့ ပင်လယ်လေတွေကြား နေးကိုယ်လေးက အနည်းငယ်ကျုံ့သွားတဲ့အခါ ကိုကိုက အလိုက်သိစွာပင် နေးကို နွေးထွေးနေအောင် ရင်ခွင်ထဲမှာ သိမ်းပွေ့ထားတော့သည်။
လိမ္မော်ရောင်အသွင်နဲ့ နေမင်းကတော့ ပင်လယ်ရောက်အောက်ကို နစ်မြုပ်သွားပြီဖြစ်သည်။ တစ်နေ့တာကလည်း ကုန်ဆုံးသွားပြီဖြစ်သည်။ အသစ်တဖန် ဖြစ်ပေါ်လာမယ့် နေ့ရက်တွေကြား လျှန့်အချစ်တွေက နေးလက်ျာလေးအပေါ် တိုးရင်းတိုးရင်း။
အန္တရာယ်တွေလည်း မမှုတော့ပါ
ချစ်သူရဲ့အရိပ်အောက်မှာ
သာယာအေးမြလို့ လုံခြုံနွေးထွေးပြည့်စုံသွား
ရင်ခုန်စေသောအနမ်းများဟာ
တို့ဘဝအတွက် အားအင်များ
ဒီကမ္ဘာမြေအဆုံးထိ အတူတူချစ်သွားမှာပါ
>>>>>>>>>>
ဆက်ရန်
Yellowish_One 💛
(၂၇-၃-၂၀၂၄)
အချပ်ပိုရှိသေးသည်။