"တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်"
နှင်းဆီကလေးများအား စိုက်ပြီး ခြောက်လမျှကြာသည့်အခါ နီနီရဲရဲနှင်းဆီပွင့်ကလေးများ ဝေဝေဆာဆာဖူးပွင့်နေကြပြီလေ။ အပွင့်များဟာလည်း ကြီးလိုက်ပါဘိ။ ဆူးများဟာလည်း ထက်လှပါရဲ့လေ။ တစ်ခါ တစ်ခါများဆိုလျှင် မြတင့်တစ်ယောက် ဆူးစူးမိပါသေးသည်။ သွေးများစို့၍ ခပ်စူးစူးမျှ နာကျင်သွားလျှင်တော့ မြတင့်သည် ဆူးများအား စိတ်ဆိုးမိသယောင်ဖြစ်မိသည်။ သို့ပေသိ မြတင့်သည် သူကိုယ်တိုင်မှာ ဆူးများသော နှင်းဆီပွင့်ဖြစ်နေရှာသည်ကိုတော့ သတိမထား၊ မသိရှိခဲ့ပါချေ။
နှင်းဆီရနံ့များက မိန်းမောဖွယ်ကောင်းသော်လည်း မြတင့်ကလေးမှာ စိတ်တိုလျက်ရှိသည်။
"ကြီးမေသောင်းရေ၊ ကြီးမေသောင်း"
မြတင့်က နှင်းဆီခြံထဲမှနေ၍ ကြီးမေသောင်းအား လှမ်းခေါ်သည်။ ကြီးမေသောင်းမှာလည်း ပြာယီးပြာယာဖြင့် အိမ်ထဲမှ ပြေးထွက်လာရလေသည်။
"မြ ဘာများဖြစ်လို့လဲ"
မြတင့်က မျက်မှောင်ကလေးပင် ကျုံ့၍ နေလေပြီ။
"ကြီးမေသောင်း ပန်းခူးသေးလား"
ကြီးမေသောင်းက လက်ကာကာ ခြေကာကာဖြင့် ငြင်းရှာသည်။
"အမလေး၊ မောင်မင်းကြီးသား ကိုမြတ်သိန်းကို ကြောက်လွန်းလို့ပါတော်၊ မခူးရဲပေါင်"
မြတင့်က တွေးစစကလေးဖြင့် ဆက်ပြောသည်။
"မြရဲ့ နှင်းဆီတစ်ပွင့် ပျောက်နေတယ်"
"ဟေ"
"အလှဆုံးအပွင့်ကိုမှ ရွေးခူးသွားတယ်၊ မြတော့ သိပ်စိတ်ဆိုးတာပဲ"
မြရဲ့ ပန်းတွေကို ဘယ်သူများ ခိုးယူဝံ့သလဲ။
မောင်တော့ မဟုတ်တာ သေချာသည်။ မောင်က ဗမာပြည်ကိုပင် ပြန်မရောက်သေး။ ပြီးတော့ မောင်သာဆိုလျှင်လည်း တစ်ပွင့်တည်း ခူးမည်မဟုတ်။ သူ လှသည်ထင်သည့်အပွင့်မှန်သမျှ ခူးပစ်မည်သာ။ ယခင်ဘဝတုန်းက မောင် မြရဲ့ ပန်းတွေ လာခူးတုန်းက ဆယ်ပွင့်ကျော်ခဲ့သည်လေ။ အဲ့ဒီတုန်းက မြနဲ့ မြတ်သိန်း နှင်းဆီတွေကို အတော်လေး ပြန်ပြုစုလိုက်ရသည်လေ။
အခု ပန်းသူခိုးက ဘယ်သူများလဲကွယ်။
ဘယ်မိန်းမပျိုအတွက်များ မြရဲ့အလှဆုံးပန်းကလေးကို ခိုးယူသွားရသနည်း။
လူတွေများ သိပ်တရားကျဖို့ ကောင်းတာပဲ။ ကိုယ်တိုင်မှ မစိုက်ပျိုးချင်ပါဘဲနှင့် တစ်ပါးသူ အမြတ်တနိုး စိုက်ပျိုးရသည့် ပန်းကလေးကိုမှ ခူးရက်သည်။
ထိုမျှပင်မကသေး။ မြ အလှဆုံးဟုသတ်မှတ်ကာ အမြတ်တနိုး ထားထားရတဲ့ ပန်းကလေးကိုမှ ခူးယူရက်သည်။ မြတင့်သည် အနှီပန်းသူခိုးအား အထင်ပင်သေးမိသွားသည်။ အမှန်တကယ်ဆို ခွင့်တောင်းသင့်သည်မဟုတ်ပါလား။
အို...၊ ခွင့်တောင်းလည်း မြက ပေးမခူးပါဘူး။ အခုဘဝမှာတော့ မြအပိုင်လို့ သတ်မှတ်ထားတဲ့ အရာမှန်သမျှ မည်သူတစ်ဦးတစ်ယောက်ကမှ လာ၍ မထိပါးစေရတော့ပါ။ မြက အကုန်လုံးကို ကာကွယ်ပေးမှာ။
မြတင့်မှာ ပန်းသူခိုးအကြောင်းအား မောင်မင်းကြီးသား ကိုမြတ်သိန်းအား မပြောရဲခဲ့ပါချေ။ တော်ကြာ တွေ့သမျှလူ လေးခွနဲ့ လိုက်ပစ်နေမှ ဒုက္ခ။
"မြရေ ခိုင် ဈေးသွားလိုက်ဦးမယ်နော်၊ မြ ဘာများမှာချင်သေးလဲ"
မိခိုင်သည် နှင်းဆီခြံထဲ ငူငူငိုင်ငိုင်ဖြစ်နေသည့် မြတင့်အနားရောက်လာသည်။ လက်ထဲတွင်လည်း ဆွဲခြင်းကလေးနှင့်။
"ကြက်ပေါင်နှစ်ချောင်းလောက် ဝယ်ခဲ့ပေးပါလား၊ ဪ.. ဆိုင်ရှင်ကို အရေခွံခွာပေးခိုင်းဖို့ မမေ့ပါနဲ့"
မြတင့်သည် ငူငူငိုင်ငိုင်ဖြစ်နေသည့်ကြားမှ ကြက်ပေါင်အား မှာဖြစ်အောင်မှာလိုက်သေးသည်။
" ဟေ့ မိခိုင် ဈေးသွားမှာလား အလှူသွားမှာလား"
မြတ်သိန်း၏ အသံဆောင့်အင့်အင့်။
မြတင့်ရော မိခိုင်ပါ လာပြန်ပြီဟူသည့်အကြည့်များဖြင့် မြတ်သိန်းအား လှည့်ကြည့်လိုက်ကြလေသည်။
"သနပ်ခါးနဲ့ ကျစ်စမြည်းနဲ့ အတော်
ပဲများနေတယ်ပေါ့ ဟုတ်လား မိခိုင်"
"ကိုမြတ်သိန်း..."
မိခိုင်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်အော်လေသည်။ ဒီလိုကျပြန်တော့ မြတ်သိန်းက မိခိုင်ကို ကြောက်ရရှာသည်။ ဆက်မပြောရဲတော့၍ ဇက်ကလေးပင် ပု၍ ဝင်သွားသည်။
ကြီးမေသောင်းက မီးဖိုခန်းထဲမှ လှမ်း၍အော်သည်။
"ကိုယ့်နှမကို အူတိုတာလည်း လျှော့ဦးဟေ့၊ မင်းနှမ လင်နောက်လိုက်သွားမှ ရှက်စရာကြီးဖြစ်နေဦးမယ်ဟေ့"
"အောင်မလေးဗျာ...၊ ကျုပ်နှမ မိခိုင်ကို ယူတဲ့ကောင်ကတော့ ကံဆိုးတာပဲဗျ၊ အိမ်မယ်ကျ တံမြက်စည်းတောင် တစ်ချက်လှည်းရကောင်းမှန်း သိတဲ့ဟာလေးမဟုတ်ဘူး"
"ဟာ မိခိုင် စိတ်ဆိုးလာပြီနော်"
မိခိုင်သည် ခြေဆောင့်လက်ဆောင့်ဖြင့် ဈေးခြင်းတောင်းဆွဲကာ ထွက်သွားလေတော့သည်။
"ကြီးမေသောင်းတို့က ခိုင့်ကို သိပ်စကြတာပဲ၊ ခိုင့်မှာ သနားပါတယ်"
"အဲ့မယ် စိတ်ဆိုးပြီး ထွက်သွားတာကြည့်၊ လူကြီးတွေကို မရိုမသေနဲ့"
"ဟုတ်ပါ့တော်"
မြတ်သိန်းကပြောသည်ကို ကြီးမေသောင်းက အိမ်ထဲမှနေ၍ ထောက်ခံလေသည်။
မြတင့်မှာ ရယ်လျက် ကြီးမေသောင်းတို့ကိုတော့ မနိုင်ဘူးဟူသည့်သဘောဖြင့် ခေါင်းကလေး ရမ်းကာ အိမ်ထဲ ဝင်လာလေသည်။
အစောက အနှီအကျင့်မကောင်းလွန်းသည့် ပန်းသူခိုးကိုပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားလေသည်။
*****
မိခိုင်သည် ကြီးမေသောင်းနှင့် မြတ်သိန်းအား စိတ်ဆိုးလွန်း၍ မျက်စိများပင် ပြာဝေသွားရသည်။
"မိခိုင်ကိုများ တံမြက်စည်းတောင် လှည်းရကောင်းမှန်း မသိဘူးတဲ့၊ တစ်အိမ်လုံး ပြောင်စင်သန့်ရှင်းနေတာကျ ဘယ်သူ လုပ်ထားတာမှတ်လို့၊ မိခိုင် လုပ်တာတွေကျ မမြင်ကြဘူး"
မိခိုင်မှာ တွေးရင်း တွေးရင်းဖြင့် မျက်ရည်ကလေးများပင် ဝဲ၍လာလေသည်။ မိမိအား စနေမှန်း သိသော်လည်း ငိုချင်လာတာကို ဘယ်လိုလုပ် ထိန်းထားလို့ရပါ့မလဲ။
မိခိုင်၏မျက်ဝန်းအိမ်ထဲတွင် မျက်ရည်ကလေးများဖြင့် ပြည့်၍လာလေသည်။ သို့ဖြစ်၍ အရှေ့မှ လာသော မိန်းမပျိုနှစ်ယောက်ကိုပင် မမြင်တော့ဘဲ ဝင်တိုက်မိလေသည်။
မြေကြီးပေါ်တစ်ခုခု ပြုတ်ကျသွား၍ ခွက်ခနဲ မြည်သံကို ကြားလိုက်ရမှ မိခိုင်သည် မျက်ရည်များအား ကပျာကယာသုတ်၍ အရှေ့မှ မိန်းမပျိုနှစ်ယောက်အား ကြည့်လိုက်မိလေသည်။
"ဒီမယ်၊ ရှင် လူတစ်ယောက်လုံး လာနေတာ မမြင်ဘူးလား"
မိခိုင်သည် ခပ်စွာစွာလေသံနှင့် မိန်းမပျိုအား ကြည့်လိုက်မိသည်။ မျက်နှာချင်းဆိုင် ခြံမှ ထားမေဟူသည့် မိန်းမ။ ကျန်တစ်ယောက်ကိုတော့ မိခိုင် မမြင်ဖူး၍ မသိပါချေ။
"ကျွန်မ ကြက်ဥတွေ အကုန်ကွဲကုန်ပြီ၊ ရှင် ဘယ်လိုပြန်လုပ်ပေးမှာလဲ"
ဘေးနားက နောက်ထပ်မိန်းမပျိုတစ်ယောက်က ခပ်စွာစွာမိန်းမပျိုအား ဝင်၍ ပြောသည်။
"အို... ထားမေရယ်၊ ကြက်ဥတွေက သိပ်လည်းမများပါဘူး၊ အဆန်းတို့ ပြန်ဝယ်လိုက်လို့ရပါတယ်"
ထားမေဟူသည့် မိန်းမပျိုက လက်မခံ။
" အို.. ထားမေကတော့ မကျေနပ်ဘူး၊ ကဲ ရှင် ဘယ်လိုလုပ်ပေးမှာလဲ"
မိခိုင်ဘက်ကို လှည့်၍ ခါးထောက်ကာ ထပ်မံ၍ ရန်တွေ့ပြန်သည်။
"မိခိုင် ပြန်လျော်ပေးပါ့မယ်၊ ကွဲသွားတဲ့ ကြက်ဥတွေက ဘယ်နှလုံးများလဲ"
ထားမေက မဲ့ကာရွဲ့ကာဖြင့် ပြောသည်။
"အလုံးသုံးဆယ်ကျော်တယ်ရှင့်"
"ရှင်"
မိခိုင်မှာ မိုးကြိုးအပစ်ခံလိုက်ရသည့်နှယ် ပူထူ၍သွားလေသည်။
"မိခိုင်မှာ အဲ့လောက် ငွေမပါလာဘူးရှင့်၊ ရော့ ဒီမှာ ငွေတစ်ဆယ်"
ထားမေက မိခိုင်လက်ထဲက ပိုက်ဆံကို ဆွဲယူလိုက်လေသည်။ ပြီးနောက် အထင်သေးသည့်အကြည့်များဖြင့် ခိုင့်အား ကြည့်ပစ်လိုက်သည်။ အဆန်းမှာတော့ ခိုင့်အား အားနာ၍မဆုံး။
"ရှင်..ရှင် ကျွန်မ ကြက်ဥတွေက ငွေငါးဆယ်ပေးခဲ့ရတာရှင့်၊ ရှင့်ငွေတစ်ဆယ်နဲ့ ကျွန်မက ဘာလုပ်ရမှာလဲ"
ထားမေသည် မိခိုင်အား လက်ညိုးငေါက်ငေါက်ထိုးကာ ရန်ဆက်တွေ့မယ်ဟန်ပြုသည်။
မိခိုင်မှာ ကြောက်ရွံ့အားနာခြင်းနှင့် ရှက်ရွံ့ဒေါသထွက်ခြင်းအား တစ်ပြိုင်နက်ခံစားနေရလေသည်။ ထားမေဟူသည့်မိန်းမသာ ရန်ဆောင်သည့် စကားတစ်ခွန်းမျှ ထပ်ပြောလာလျှင် ဆံပင်မွေးများ အပြုံလိုက် ကျွတ်သည်အထိ ဆောင့်ဆွဲမိတော့မည်မှာ ဧကန်။
"ရှင် ဒီငွေတစ်ဆယ် ယူမှာလား မယူဘူးလား"
"ရှင်...ရှင်.. သူခိုးကများ လူပြန်ဟစ်လို့"
"ထားမေရယ် တော်ပါတော့၊ လိုတဲ့ပိုက်ဆံ အဆန်းကပဲ စိုက်ပေးပါ့မယ်၊ လာပါ သွားရအောင်ပါကွာ"
အဆန်းဟူသည့် မမသည် ထားမေဟူသည့် မိန်းမကြီးအား ဆွဲ၍ ခေါ်သွားလေသည်။
"မမကပဲ ကြားထဲက တောင်းပန်ပါတယ်ကွယ်... ဟုတ်ပြီလား ခိုင်"
"ဟုတ်ကဲ့၊ ရပါတယ် မမ"
အဆန်းဟုခေါ်သည့် မမက မိခိုင်ကို တောင်းပန်သည့်အပြင် ပြုံးပါပြုံးပြသွားသေးသည်တဲ့လေ။
အဆန်းနှင့် ထားမေ ထွက်သွားပြီးကာမှ မိခိုင်သည် တစ်စုံတစ်ခုအား သတိရသွားမိလေသည်။
"ကြက်ပေါင်!"
မိခိုင်သည် ကိုယ့်နဖူးကို ပြန်ရိုက်လိုက်မိလေသည်။
"ဒီအမိုက်မ မိခိုင်ကို ခွင့်မလွှတ်ပါနဲ့တော့ မြရေ"
မိခိုင်သည် ဘာမျှ မဝယ်နိုင်ခဲ့ဘဲ ဈေးခြင်းတောင်း အခွံလေး ပိုက်ကာ မျက်ရည်လည်ရွဲဖြင့် အိမ်ပြန်လာခဲ့ရလေသည်။
အဆိုးဆုံးကတော့ မြ မှာလိုက်တဲ့ ကြက်ပေါင် မဝယ်နိုင်ခဲ့တာကိုပဲ။
မိခိုင်သည် မြတင့်က သူ့အား ဆူမှာကိုတော့ သေမတတ်ကြောက်သည်။
မြက ကြီးမေသောင်းနှင့် ကိုမြတ်သိန်းလို သူ့အား တတွတ်တွတ် ဆူနေသည်မျိုးမရှိ။
မြက သူ့အား ဆူခဲသည်လေ။ တစ်ခါမျှ မဆူဖူးဘူးဆိုလျှင် ပို၍ မှန်လိမ့်မည်။
မြအား ဘယ်လိုပြန်ပြောရမလဲ။
ကြက်ဥအလုံးသုံးဆယ် ခွဲပစ်လိုက်မိတဲ့အဖြစ်အား ဘယ့်နှယ်များ ပြန်ပြောပြရမလဲ။ မြက မှာထားသည်လေ။ မျက်နှာချင်းဆိုင်က အိမ်နှင့် မပတ်သတ်ရတဲ့လေ။ အခုတော့ သူ ပတ်သက်မိသွားပြီ။
ကြီးမေသောင်းနဲ့ ကိုမြတ်သိန်းကတော့ ဆူလိုက်မယ့်ဖြစ်ခြင်း။
ဘာမှမဝယ်နိုင်ခဲ့တဲ့အပြင် ငွေလေးဆယ်ပါ အကြွေးတင်ခဲ့ပြီလေ။
အဲ့ခြံက ထားမေဆိုတဲ့မိန်းမက မကျေနပ်လို့ ငွေလေးဆယ်လာတောင်းရင် ဘယ့်နှယ်ရှိစ။
"ကျုပ်မှာ လေးဆယ်မပြောနဲ့ လေးကျပ်တောင် မရှိဘူးတော့၊ ဟီး...ဟီး..."
မိခိုင်သည် အော်အော်ပြီးပင် ငိုချပစ်လိုက်လေသည်။
အိမ်ပြန်ရောက်၍ မြတင့်အား အလုံးစုံပြောပြလိုက်သည့်အခါ မိခိုင် ထင်ထားသလို မဟုတ်ခဲ့ပါ။
မြတင့်သည် သူ့အား လုံးဝ မဆူခဲ့ပါ။
"ခိုင် ကြီးမေသောင်းကို ကူစရာရှိတာ သွားကူလိုက်ပါ"
မခိုင် ထွက်သွားပြီးသည့်နောက်တွင် မြတင့်သည် သက်ပြင်းချမိလေသည်။
နောက်ရက်ကျရင်တော့ အရှေ့အိမ်ကို ငွေလေးဆယ် သွားပေးမှ ဖြစ်တော့မည်။ မြတ်သိန်းကိုပဲ သွားပေးခိုင်းရရင် ကောင်းမလားဟူ၍လည်း မြတင့် တွေးမိသေးသည်။ အို မဖြစ်သေးပါ။ မြတ်သိန်းဟာ ဒေါသက ခပ်ကြီးကြီးရယ်နှင့်။ မတော်လို့များ မောင့်မိဘတွေဖြစ်တဲ့ ဦးညွန်တို့၊ ဒေါ်စိန်တို့က ခပ်နှိမ်နှိမ်စကားတွေပြောကြသည့်အခါ မြတ်သိန်းမှာ သည်းခံနိုင်စွမ်းရှိမည်မဟုတ်။ ခြေပါလက်ပါဖြစ်ကုန်လျှင်လည်း မြတ်သိန်းအတွက်မကောင်း။
ပြဿာနာဖြစ်ခဲ့သည့် ခိုင့်ကို ကိုယ်တိုင်သွားပေးခိုင်းလျှင်ရော အဆင်ပြေပါ့မလားဟု တွေးမိသည်။ ခိုင်ဟာ ကြောက်တတ်သည်လေ။ မြတင့်က သွားပေးရန် ပြောလျှင်တောင် သူက ငြင်းမှာ သေချာသည်လေ။ ပြီးတော့လည်း သူတို့လို ဂုဏ်မောက်နေတဲ့ မိသားစုနှင့်လည်း မိမိအိမ်က ကလေးများအား မပတ်သက်စေလိုပါချေ။
"မြလေ ထားမေနဲ့ မပတ်သက်ချင်တော့ဘူးကွယ်၊ ကံကြမ္မာဟာ အခုထက်ထိ မြဘက်မှာ မရှိသေးဘူးပဲ"
******
တောင်းပန်စာ
မြတင့်(ပြန်လည်ရှင်သန်ခြင်း) ကို ကိုယ့်ဘာသာပြန်ဖတ်ရင်း လိုအပ်နေတာလေးတွေ တွေ့မိလို့ ပြန်ပြင်နေတာပါ။ နိုတီတွေကြောင့် မျက်စိနောက်သွားရင် တောင်းပန်ပါတယ်။