Chapter ● 68 ●
ဆေးရုံထဲသို့ လျှောက်ဝင်လာချိန်တွင် ချန်ခေါ့သည် ကျန်းယွီသော်၏အခြေအနေကို သတိထားပြီး တောက်လျှောက်အကဲခတ်ကြည့်လာသည်။
ကျန်းယွီသော်ကိုကြည့်လိုက်လျှင် တည်ငြိမ်နေပုံပေါ်သည်။ ယခုအချိန်သည် ဆေးရုံ၏ ရုံးတက်ချိန်ကို ကျော်လွန်သွားပြီဖြစ်ကာ နှိုင်းယှဉ်ရလျှင် လူလည်း သိပ်မများနေတော့ပေ။ ကျန်းယွီသော်သည် ဆေးရုံထဲသို့ဝင်လိုက်သည်နှင့် လူအုပ်ထဲကို ဖြတ်ကျော်လိုက်ကာ ချန်ခေါ့က ပြောပြလာသည်ကိုစောင့်မနေတော့ဘဲ အရေးပေါ်ဌာန တည်နေရာ၊ လူနာအမည်စာရင်းသွင်းရန်နေရာ၊ တိုကင်ယူရမည့်နေရာ အစရှိသည်တို့ကို မေးမြန်းရန် စုံစမ်းမေးမြန်ရေးကောင်တာဆီသို့သာ တစ်ခါတည်း တန်းသွားလိုက်သည်။
ထို့နောက် စတင်မေးမြန်းတော့သည်။
"အရေးပေါ်ဌာနက ဘယ်နားမှာလဲ"
စုံစမ်းမေးမြန်းရေးကောင်တာနောက်တွင် ရပ်နေသော ဆေးအကူဝန်ထမ်းက ချန်ခေါ့၏လက်ကိုတွေ့မြင်လိုက်သောအခါ ကျန်းယွီသော်အား ဦးတည်ရာတစ်ဖက်ဆီသို့ ညွှန်ပြလိုက်သည်။
"ဟိုဘက်နားမှာပဲ။ အရေးပေါ်အမည်စာရင်းသွင်းပြီးတော့ အရင်ဆုံး တိုကင်ယူလိုက်ပါနော်"
ကျန်းယွီသော်က ခေါင်းညိတ်လိုက်ပြီး :
"နာမည်စာရင်းက ဘယ်မှာသွင်းရမလဲ"
ဆေးအကူဝန်ထမ်းက နာမည်စာရင်းသွင်းသောပြတင်းပေါက်ကို ညွှန်ပြလိုက်သည်။
"... ... အဲဒီဘေးနားမှာပဲ။ အခုလူနည်းနေတုန်း မြန်မြန်သွားလိုက်ပါ"
ကျန်းယွီသော်က ထိုဘက်သို့လှည့်ထွက်သွားသည်။ ချန်ခေါ့က ဆေးအကူအားခေါင်းညိတ်ပြလိုက်ပြီး :
"ကျေးဇူးတင်ပါတယ်"
ဆေးအကူက ချန်ခေါ့၏လက်ကို ညွှန်ပြလိုက်ရင်း :
"ရှင့်ရဲ့ အဲဒီလက်အခြေအနေကြီးနဲ့ အရေးပေါ်ဌာနကိုအရင်သွားလိုက်ပါ။ သူ့နောက် လျှောက်မလိုက်နဲ့တော့"
"ဟုတ်။ ကျေးဇူးတင်ပါတယ်"
ချန်ခေါ့က ကိုယ့်လက်ကိုကိုယ် တစ်ချက်ငုံ့ကြည့်လိုက်သည်။ မြင်လိုက်ရသော ဝမ်းနည်းဖွယ်ရာမြင်ကွင်းကြောင့် အစက ကျန်းယွီသော်ကိုအာရုံစိုက်နေ၍ လျစ်လျူရှုခံထားရသော ဝုန်းခနဲနာကျင်မှုသည် ပေါက်ကွဲရန် အခွင့်အရေးရှာတွေ့သွားတော့သည်။
သူသည် မျက်မှောင်ကြုတ်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ အကြည့်ကို အလျင်အမြန် လွှဲလိုက်ပြီး နာမည်စာရင်းသွင်းသောပြတင်းပေါက်တွင် တန်းစီနေပြီဖြစ်သော ကျန်းယွီသော်ထံသို့ အကြည့်ရောက်သွားသည်။
ကျန်းယွီသော်က လှည့်ကြည့်လာပြီး ချန်ခေါ့ကလည်း ထိုဆီသို့ လျှောက်သွားလိုက်သည်။
"အရေးပေါ်ဌာနကို ခင်ဗျား အရင်သွားလိုက်ပါလား။ ဒီမှာ မတ်တတ်ကြီးလုပ်နေရင် ခင်ဗျားကို လာတိုက်မိကြမှာစိုးလို့"
"ရပါတယ်ကွာ။ ငါမင်းကို အဖော်လုပ်ပြီး စောင့်ပေးမယ်"
ချန်ခေါ့က ရယ်ရင်းပြောလိုက်သည်။
ကျန်းယွီသော်က ချန်ခေါ့၏လက်ကို ကြည့်လိုက်သည်။
"... ... နာနေလား"
ချန်ခေါ့သည် ကျန်းယွီသော်၏အကြည့်နှင့်အတူ ဘောလုံးတစ်လုံးကဲ့သို့ ရောင်ကိုင်းနေသော မိမိ၏လက်ဘက်ကို လိုက်မကြည့်ဘဲ :
"မနာဘူး"
"ခင်ဗျား ... ..."
ကျန်းယွီသော်က လက်ဆန့်ထုတ်လာပြီး ချန်ခေါ့၏လက်မောင်းအောက်ကို မ,ပြီး ထိန်းကိုင်လိုက်သည်။
"လက်သံကလည်း ပြောင်လိုက်တာ။ ကိုယ့်လက်မှာ ဒဏ်ရာရှိနေတာ မသိဘူးလား"
"ဒေါသက ငယ်ထိပ်ရောက်နေတော့ အဲဒီလောက်အများကြီး ဂရုမစိုက်နိုင်တော့ဘူး"
ကျန်းယွီသော်က ဘာမှထပ်ပြောမလာတော့ဘဲ တစ်ဖက်လှည့်သွားပြီး ရှေ့ရှိ နာမည်စာရင်းသွင်းနေသူများကို ကြည့်နေလိုက်သည်။
ကျန်းယွီသော်တစ်ယောက် စိတ်လှုပ်ရှားပူပန်နေမှန်း ချန်ခေါ့သိလိုက်သည်။ ဤစကားသုံးလေးခွန်းကိုပြောလိုက်ခြင်းမှာလည်း ပူပန်စိုးထိတ်နေသော စိတ်အခြေအနေကို သက်သာလို သက်သာငြားပြောလိုက်ခြင်းသာဖြစ်ပုံရသည်။ သို့သော် ယခုကဲ့သို့သောအခြေအနေမျိုးတွင် စကားပြောနေရသည်မှာလည်း အတော်လေးအားထုတ်နေရလိမ့်မည်။
ချန်ခေါ့က စိတ်ပူနေဆဲတွင်ပင် ချန်ချင့်က အမောတကောနှင့် အော်ဟစ်ရင်း အနောက်မှ အပြေးလာနေသည်။
"ငါလာပြီ၊ ငါလာပြီ။ စန်းကော၊ ငါလာပြီ"
"တန်းလာစီ။"
ကျန်းယွီသော်က ရိုးရိုးရှင်းရှင်းနှင့် တစ်ခွန်းပြောလိုက်ပြီး သူတန်းစီရပ်နေသောနေရာကို ဖယ်ပေးလိုက်သည်။
"မင်းတို့က အရေးပေါ်ဌာနကိုအရင်သွားလိုက်ပြီး သွားထိုင်နေလိုက်ကြပါလား။ ဒီမှာ လူတွေ သွားသွားလာလာနဲ့ ထပ်ပြီးတော့ ထိမိတိုက်မိနေဦးမယ်"
ချန်ချင့်က ပြောလိုက်သည်။
အရေးပေါ်ဌာနတွင်လည်း လူအတော်များနေသည်။ ချန်ခေါ့နှင့်ကျန်းယွီသော်တို့သည် အရေးပေါ်ဌာနအပြင်ဘက်ရှိကော်ရစ်ဒါနံရံဘေးတွင် မတ်တတ်ရပ်နေကြသည်။
ကျန်းယွီသော်က ချန်ခေါ့၏လက်မောင်းကို ပင့်ထိန်းထားပေးပြီး မျက်လုံးများက အရေးပေါ်လူနာဆောင်ထဲတွင် အလုပ်ရှုပ်နေကြသော ဆရာဝန်များနှင့်သူနာပြုများကို စိုက်ကြည့်နေသည်။ လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်က ခြေထောက်ပေါ်တွင် သွေးများပေကျံပြည့်လွှမ်းနေသောလူနာတစ်ယောက်ကို တွန်းဝင်သွားကြသည်။
"ကျန်းယွီသော်"
ချန်ခေါ့က ကျန်းယွီသော်အား ခေါ်လိုက်သည်။
ကျန်းယွီသော်က လှည့်ကြည့်လာပြီး :
"အင်း။ ဘာလို့လဲ၊ ခင်ဗျား သွေးမူးတတ်လို့လား"
"မမူးပါဘူး။ မင်း ... ... အဆင်ပြေရဲ့လား"
ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။
"ဘာမှမဖြစ်ဘူး။ ကျွန်တော်က ဆေးရုံရဲ့ဒီလို ... ... ပတ်ဝန်းကျင်ကို သဘောမကျတာပဲရှိတာ"
"ငါလည်းမကြိုက်ဘူး။ နေရာတကာမှာ လူနာတွေ အနာတရဖြစ်တဲ့သူတွေချည်းပဲ။ ဒီဘက်မှာ အမြန်ဆုံးပြီးသွားမှာပါ။ ဒါမှမဟုတ်လည်း မင်း ကားထဲမှာ သွားစောင့်နေလိုက်မလား"
ချန်ခေါ့က ရယ်ရင်းပြောလိုက်သည်။
ကျန်းယွီသော်က ခေါင်းခါလိုက်ရင်း :
"မသွားဘူး။ ဒီမှာပဲ နေမယ်"
ချန်ခေါ့က ဆက်လက်၍ မဖျောင်းဖျတော့ပေ။ ကျန်းယွီသော်၏ပုံစံမှာ အလွန်ခိုင်မာပြတ်သားစွာ စိတ်ပိုင်းဖြတ်ထားပုံဖြစ်နေသည်။ ချန်ခေါ့၏ ဒဏ်ရာကို ဂရုစိုက်ပြီး စိုးရိမ်နေခြင်းကြောင့်လည်းဖြစ်နိုင်သလို ချန်ယိ၏ စိတ်ရောဂါသည် ဟူသော စကားတစ်ခွန်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သည်အကြောင်းကိုတွေးတောမိသည်နှင့်တစ်ပြိုင်နက် ချန်ခေါ့၏ ဒေါသမီးများ ချက်ချင်းတောက်လောင်လာသည်။
ထိုစဉ်က ကျန်းယွီသော်၏ အံ့သြတကြီးဖြစ်သွားပြီး စိတ်ရှုပ်ထွေးသွားကာ ငေးကြောင်သွားသော မျက်လုံးအကြည့်သည် ချန်ခေါ့၏မှတ်ဉာဏ်ထဲတွင် ရစ်ဝဲစိုးမိုးထားဆဲဖြစ်သည်။ ပြန်လည်တွေးတောမိလျှင် ရင်ထဲတွင် လွှကြီးတစ်ခုဖြင့် အပြန်ပြန်အလှန်လှန် ဆောင့်ဆွဲဖြတ်တောက်နေသကဲ့သို့ပင် ခံစားနေရသည်။
သို့သော် ယခုအချိန်အထိ ချန်ခေါ့သည် ယခုတော့မှ ချန်ယိ၏ ထိုစကားတစ်ခွန်းကို သတိထားမိတော့သည်။
ကျန်းယွီသော်က စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာတာလား။
စိတ်ကျန်းမာရေးဆေးရုံ၊ ဟုတ်လား။
ဤသည်မှာ မှန်လား၊ မှားလားဆိုသည်ကို သူခွဲခြားပိုင်းဖြတ်နိုင်စွမ်းမရှိတော့ပေ။
ယခုအချိန်ရောက်နေတော့မှ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တကယ်တော့လည်း အရေးမကြီးတော့ပေ။
ကျန်းယွီသော်က စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြဿနာရှိနေသည်ဆိုသောအချက်သည် အတည်ပြုပြီးသားဖြစ်ကာ သေချာနေခဲ့ပြီးသားလည်းဖြစ်သည်။ ချန်ယိက မိမိအား ဒေါသဆွချင်၍ ပြောလာခဲ့ခြင်းဖြစ်နေလျှင်တောင် အားကိုးစရာတစ်ခုခုမရှိဘဲ ဤကဲ့သို့သောအကြောင်းပြချက်မျိုးကို စဉ်းစားမိမည်မဟုတ်ပေ။ တစ်ခုခုကို ရှာဖွေတွေ့ရှိသွား၍သာ ဖြစ်လိမ့်မည်။
ချန်ခေါ့သည် ကျန်းယွီသော်ပြောဖူးခဲ့သော "အစ်မလော်" ကို သတိရသွားသည်။ ယခင်က သူသည် ဤစိတ်ရောဂါအထူးကုဆရာဝန်ကို ချက်ချင်းသွားရှာချင်စိတ် လုံးဝမရှိခဲ့ပေ။ ယခုတွင်မူ ချန်ယိသည် ကျန်းယွီသော်က သူ့အကြောင်းများကို ဖုံးကွယ်ထားရန်လိုအပ်နေသူများရှေ့တွင် သူ၏သရုပ်မှန်ကို ဖော်ထုတ် ဆွဲခွာလိုက်ပြီဖြစ်သည်။
ချန်ခေါ့၏ရှေ့တွင်၊ ချန်ချင့်၏ရှေ့တွင်၊ သူ၏နောက်လိုက်ငတိများရှေ့တွင် ... ...။
ယခုကဲ့သို့သော မမျှော်လင့်ထားသော ပြောင်းလဲမှုနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါ ကျန်းယွီသော်က ဘယ်လိုဖြစ်သွားမည်၊ ဘယ်လိုလုပ်သင့်သည် အစရှိသည်ကို ချန်ခေါ့က သိရှိရန်လိုအပ်နေသည်။
"စန်းကော"
ချန်ချင့်က လူနာအမည်စာရင်းသွင်းပြီးနောက် သူတို့ရှိရာဆီသို့လျှောက်လာသည်။
"ငါခုနတုန်းက မေးလိုက်တယ်။ ဆရာဝန်က ဟိုလူကို ကြည့်ပေးပြီးသွားရင် Jaeger အလှည့်ရောက်ပြီ"
ကျန်းယွီသော်က "အင်း" ဟုသာ ပြန်ပြောလိုက်သည်။
ချန်ချင့်သည် ကျန်းယွီသော်အား တစ်အောင့်ခန့်စိုက်ကြည့်နေလိုက်သည်။ ဆေးရုံကို ရှောင်ဖယ်လေ့ရှိသော စန်းကောတစ်ယောက် ဆေးရုံထဲရောက်ရှိနေချိန်တွင် စိတ်အခြေအနေက ပုံမှန်ဟုတ်မဟုတ်ကို အတည်ပြုအကဲခတ်ချင်သောကြောင့်ဖြစ်လိမ့်မည်။
ကျန်းယွီသော်တစ်ယောက် အဆင်ပြေနေသည်ဟု ထင်သွားချိန်တွင် ချန်ချင့်သည် ချန်ခေါ့ဘက်သို့လှည့်ကြည့်လာသည်။
"ကျွန်တော်ကြည့်နေတာ ခင်ဗျားလည်း ဖုံးကွယ်ထားတာ တော်တော်လုံတာပဲနော်"
"ဘာတုန်း"
ချန်ခေါ့က ကြောင်တောင်တောင်ဖြစ်သွားသည်။
"ခင်ဗျားညီက ခင်ဗျားနာမည်နဲ့ ဆိုင်တစ်ဆိုင် လွှဲထားပေးတာဆို။ ခင်ဗျားပြောတာလည်း တစ်ခါမှလည်း မကြားဖူးပါလား။ ပိုက်ဆံနဲ့ပတ်သက်ပြီး ခင်ဗျားက နည်းနည်းလေးမှ မပူပန်တတ်တဲ့စိတ်ကို ပြောပါတယ် ... ... ခင်ဗျားက ဒါကတော့ သဘောထားမစစ်မှန်တော့ဘူး။ ခင်ဗျားကို ကျွန်တော်တို့ ယုံလို့ရောရသေးရဲ့လား။ ဆိုင်တစ်ဆိုင်ရှိတာတောင် မပြောပြဘူး။ စန်းကော၊ ငါပြောတာ မှန်တယ်မလား"
ကျန်းယွီသော်က ဘာစကားမှ မဆိုပေ။ မျက်လုံးအကြည့်ကမူ ဟာတာတာနှင့် လွတ်ဟင်းနေသည်။
ချန်ချင့်ကိုရှေ့တွင်ထားပြီး ချန်ခေါ့သည်လည်း ကျန်းယွီသော်အား တရင်းတနှီးနှင့် ပွတ်သီးပွတ်သပ်လုပ်၍ မကောင်းတတ်ပေ။ ဥပမာဆိုရသော် ကျန်းယွီသော်ကို ပွေ့ဖက်ပေးခြင်း၊ ခေါင်းပုတ်ပေးခြင်း အစရှိသဖြင့် သိသာစွာ စိတ်တင်းကျပ်စိုးထိတ်နေသော ကျန်းယွီသော်အား စိတ်ပေါ့ပါးသက်သာစေသည့်အပြုအမူများကို လုပ်ဆောင်ရန်ဖြစ်သည်။
ယခုတွင်မူ သူသည် အံကိုကြိတ်ပြီးသာ နာကျင်မှုကို တောင့်ခံနေသည်။ လက်ချောင်းထိပ်ဖြင့် မိမိလက်မောင်းကို ထိန်းကိုင်ထားသော ကျန်းယွီသော်၏လက်ကို ခပ်ဖွဖွကုတ်လိုက်သည်။
နှစ်စက္ကန့်ခန့်ကြာသွားပြီးမှ ကျန်းယွီသော်က လှည့်ကြည့်လာသည်။ နှုတ်ခမ်းထောင့်မှလည်း အပြုံးတစ်ခုက ပြုံးပြလာသည်။
ချန်ချင့်က ပါးစပ်ဟလျက်သားနှင့် ချန်ခေါ့၏အဖြေကိုစောင့်နေသောကြောင့် ချန်ခေါ့သည် ရွေးချယ်စရာမရှိဘဲ ရယ်ပြလိုက်ရင်း :
"အဲဒီဆိုင်က ... ... တကယ်တော့ ငါ့အပိုင်မဟုတ်ဘူး"
"ဟင်"
ချန်ချင့်က ချန်ခေါ့အားကြည့်နေသည်။
ချန်ခေါ့၏အဖြေကိုကြားသော် ကျန်းယွီသော်လည်း ခေါင်းကို အနည်းငယ်တိမ်းစောင်းလာကာ :
"အဲဒါဆို ဘယ်သူ့ဟာလဲ"
"ဘယ်သူ့ဆိုင်လဲဆိုတာ သရဲပဲသိလိမ့်မယ်။ အရင်တုန်းကပေါင်းတဲ့ ငါ့ဘော်ဒါတွေအကုန်လုံးက သူငါ့ကို ဆိုင်တစ်ဆိုင်ဝယ်ပြီးလွှဲထားပေးတယ်ဆိုတာ သိကြတယ်။ ငါပဲ မသိတာ"
ချန်ခေါ့က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
ချန်ချင့်က ငြိမ်သက်ကြောင်ငေးနေပြီး အတော်ကြတော့မှ သက်ပြင်းချလိုက်ရင်း ပြောလာသည်။
"လခွမ်း။ အဲဒါက ဘာအကွက်ကြီးလဲ"
"ဒါပေမဲ့ အခု ငါ့ဆိုင်လို့ အားလုံး သိသွားကြမှတော့ ငါ့ဆိုင်ပေါ့လေ"
ချန်ချင့်က နောက်ထပ် ခေတ္တခန့် ငိုင်နေပြီးတော့မှ :
"ကျွန်တော် ခင်ဗျားကို အထင်သေးမိသွားတယ်"
"သူက ခင်ဗျားကို ပေးမရောင်းခိုင်းရင်ရော"
ကျန်းယွီသော်က မေးလာသည်။
"အဲဒီလိုဖြစ်ဖို့မရှိဘူး။ အလွန်ဆုံးမှ သူ မဝယ်တာပဲရှိမှာ။ ဟိုဘော်ဒါတစ်သိုက်ကိုလည်း လွှဲယူခိုင်းမှာမဟုတ်ဘူး"
"မရောင်းလည်း ရတာပဲ။ အဲဒီလိုဆိုရင် ခင်ဗျားကပဲ ယူထားပြီး ကိုယ့်ဘာကိုယ်လုပ်ပေါ့"
ချန်ချင့်က ပြောလိုက်သည်။
ချန်ခေါ့က ချန်ချင့်အား တစ်ချက်ကြည့်လိုက်ပြီး ဘာစကားမှမဆိုပေ။
ယနေ့ ထိုဆိုင်ကိုရောင်းထုတ်ရန်ပြောလိုက်ချိန်တွင် ချန်ခေါ့သည် သေချာအသေးစိတ်စဉ်းစားခဲ့ခြင်း လုံးဝမရှိပေ။ ဒေါသထွက်နေ၍ ဖောက်ခွဲထုတ်လိုက်ခြင်းသာရှိသည်။ အကယ်၍ ထိုအရက်ဘားသာ သာမန်ဘားတစ်ခုဆိုပါက ချန်ယိအတွက်ပြောပလောက်စရာဖြစ်နေမည်မဟုတ်ပေ။ သေချာပေါက်ကို တစ်ခုခုရှိနေခြင်းဖြစ်ရမည်။ မိမိအနေဖြင့် ချန်ယိအား အတင်းအကျပ်ရောင်းပေးလိုက်သည်ဖြစ်စေ၊ အခြားလူတစ်ယောက်အား အတင်းအကျပ်ရောင်းထုတ်လိုက်သည်ဖြစ်စေ၊ အားလုံးသည် ချန်ယိအတွက် စိတ်ခုစရာချည်းသာဖြစ်သည်။
ယခု ချန်ချင့်က ဤကဲ့သို့ပြောလာသောအခါ ချန်ခေါ့သည် ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက်ပင် ချန်ချင့်ပြောသည့်အတိုင်းလုပ်လျှင်လည်း အဆင်ပြေသားပဲဟု တွေးမိသည်။
မိမိတို့ရှေ့မှ အရေးပေါ်လူနာကို ကုသပြီးစီးသွားသောအခါ သူနာပြုက ချန်ခေါ့အား ခေါ်လိုက်သည်။
ချန်ခေါ့၏ဒဏ်ရာကိုကြည့်ပြီး ဆရာဝန်က မျက်မှောင်ကြုတ်လိုက်ရင်း :
"လူကြည့်လိုက်တော့ မွန်မွန်ရည်ရည် အေးအေးဆေးဆေးဖြစ်နေလျက်နဲ့ ဘယ်လိုဖြစ်လို့ ဒီလိုတွေဖြစ်ကုန်ရတာလဲ။ ခင်ဗျား ဒီလက်က ကျောက်ပတ်တီးစည်းထားတာ နှစ်ရက်တောင် ကောင်းကောင်းမပြည့်သေးဘူးမလား။ ဒီလိုဖြစ်အောင် လုပ်လိုက်တယ်ပေါ့လေ။ ပြန်မကောင်းချင်တော့ဘူး၊ ဟုတ်လား"
ချန်ခေါ့က အနည်းငယ် မျက်နှာပူအားနာသွားပြီး ရယ်သာရယ်နေကာ စကားမဆိုပေ။
"မထင်မှတ်ထားတဲ့ ထိခိုက်မှုပါ။ ကလေကချေတစ်ယောက်က လက်အရင်ပါလို့"
ဘေးနားမှ ချန်ချင့်က ပြောလိုက်သည်။
ဆရာဝန်က ချန်ချင့်အားကြည့်လိုက်ပြီး စကားမဆိုပေ။
"မင်း အပြင်ထွက် စောင့်နေ"
ကျန်းယွီသော်က ပြောလိုက်သည်။
ချန်ချင့်က ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ကော်ရစ်ဒါဆီသို့ လှည့်ထွက်သွားသည်။
ပြီးခဲ့သည့်တစ်ခေါက်က ဒဏ်ရာကို ဘယ်လိုကုသခဲ့ရပြီး ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုသည်ကို ချန်ခေါ့က ရှင်းလင်းတိကျစွာ သိသည်။ ယခုတစ်ခေါက်တွင်မူ ဓါတ်မှန်ရိုက်ပြီး ကျောက်ပတ်တီးပြန်စည်းခြင်းကို သူသေချာ အာရုံမစိုက်မိပေ။ ဆရာဝန်က သူ့အား လက်အခြေအနေရှင်းပြနေသည်ကိုလည်း သေချာနားမထောင်ဖြစ်ပေ။ အလုံးစုံသောအာရုံက ကျန်းယွီသော်ထံတွင်သာရှိနေသည်။
စစချင်းတွင် ကျန်းယွီသော်က ဘေးနားမှတကောက်ကောက်လိုက်နေသေးသည်။ နောက်ပိုင်းတွင် ကော်ရစ်ဒါရှိ ထိုင်ခုံတွင် သွားထိုင်နေလိုက်သည်။ တံတောင်ကို ဒူးခေါင်းပေါ်တွင် ထောက်တင်ပြီး မျက်လုံးက ကြမ်းပြင်ကို စိုက်ကြည့်နေသည်။ ချန်ခေါ့၏ဒဏ်ရာကို ကုသပြီးစီးသွားသည်အထိ ကျန်းယွီသော်သည် ထိုကဲ့သို့သောဟန်ပန်အတိုင်း အပြောင်းအလဲမရှိ ထိုင်နေသည်။
"ဒီလက်ကို ထပ်ပြီးတော့ အထိခိုက်မခံရင် ပိုကောင်းမယ်။ နောက်ထပ် ဒီလိုမျိုးထပ်ကျိုးမယ်ဆိုရင် ခွဲစိတ်ရမယ့်အဆင့်ဖြစ်သွားလိမ့်မယ်။ အိမ်မှာ ကောင်းကောင်းဂရုစိုက်ပါ"
ဆရာဝန်က မှာကြားနေသည်။
ချန်ခေါ့က ခေါင်းညိတ်လိုက်ပြီး :
"ကျေးဇူးတင်ပါတယ်။ ကျွန်တော် သတိထားပါ့မယ်"
လူနာစမ်းသပ်ခန်းထဲမှထွက်လာသောအခါ ချန်ခေါ့သည် ခြေလှမ်းခပ်သွက်သွက်ဖြင့် ငြိမ်သက်နေသောကျန်းယွီသော်ရှေ့သို့ သွားလိုက်သည်။ လက်ဆန့်ထုတ်ပြီး ကျန်းယွီသော်၏ဦးခေါင်းကို နှစ်ချက်ခန့် ပွတ်သပ်ပေးလိုက်ပြီးနောက် :
"စန်းကော"
ကျန်းယွီသော်က အိပ်ရာမှ နိုးထခါစကဲ့သို့ ဝုန်းခနဲ ခေါင်းထောင်လာသည်။ တစ်စက္ကန့်ခန့် ငေးကြည့်နေပြီးတော့မှ ထိုင်ရာမှ မတ်တတ်ထလိုက်ပြီး အသံကျယ်ကျယ်နှင့် အော်မေးလာသည်။
"အင်း အားလုံး ပြီးသွားပြီလား"
ချန်ခေါ့က ကျန်းယွီသော်၏အသံကြောင့် အနည်းငယ်လန့်သွားပြီး ဘေးနားပတ်ဝန်းကျင်မှလူများကလည်း လှည့်ကြည့်လာသည်။ သူလည်း အသံကို တိုးနှိမ့်ပြီး :
"ပြီးပြီ။ ငါတို့ ပြန်လို့ရပြီ"
ဆေးရုံတံခါးပေါက်မှထွက်လာပြီး ကားပါကင်ထဲသို့ဝင်သွားတော့မှ ကျန်းယွီသော်က မေးလာသည်။
"ဒီတစ်ခေါက်ကကျတော့ ဘာလို့ အားလုံးကို စည်းလိုက်ရတာလဲ။ အရင်တစ်ခေါက်က လက်မကိုပဲ စည်းခဲ့တာမဟုတ်ဘူးလား"
"မသိဘူး။ ဒဏ်ရာက အရင်တစ်ခေါက်ကထက် ပြင်းထန်လို့နဲ့တူတယ်"
ချန်ခေါ့က မိမိလက်ပေါ်ရှိ ကျောက်ပတ်တီးကိုကြည့်လိုက်သည်။ အရင်တစ်ခေါက်ကထက် အများကြီးပို၍ ထူထပ်ပြီး ခိုင်မာတောင့်တင်းနေသည်။
ချန်ချင့်က ကားတံခါးကို ဆွဲဖွင့်ပေးရင်း :
"တစ်ခုခုစားပြီးမှ ပြန်ကြမလား၊ ဒါမှမဟုတ် တစ်ခါတည်း တန်းပြန်မလား"
"တန်းပြန်မယ်"
ကျန်းယွီသော်ကပြောလိုက်သည်။ ခဏစဉ်းစားလိုက်ပြီးနောက် ထပ်ဖြည့်ပြောလာသည်။
"ငါ့အိမ်ကို မောင်းလိုက်"
"ဟုတ်ပြီ"
ချန်ချင့်က ကားပေါ်သို့တက်လိုက်သည်။
ချန်ခေါ့က အသံတိုးတိုးနှင့် မေးလာသည်။
"ငါက မင်းအိမ်မှာ နေရမှာလား"
"အင်း။ ကျွန်တော် ဒီနေ့ အိမ်မှာ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုရှိနေတယ်။ ခင်ဗျားအိမ်ကို ခင်ဗျားပြန်နေဖို့က တစ်ယောက်တည်း အင်္ကျီလည်းချွတ်မရပြုမရဆိုတော့ ကျွန်တော့်ဆီမှာပဲ နေလိုက်တော့"
ကျန်းယွီသော်က ခေါင်းညိတ်လိုက်ရင်း ပြန်ဖြေသည်။
ချန်ခေါ့က "အင်း" ဟုသာပြန်ပြောလိုက်သည်။
ချန်ချင့်က အိမ်ပြန်ရန်ကားမောင်းနေရာ လမ်းတစ်လျှောက်လုံးတွင် ဘာစကားမှ သိပ်မပြောပေ။ တစ်နေကုန် လှုပ်ရှားသွားလာခဲ့ရသဖြင့် မည်မျှပင် သေနတ်ပစ်သကဲ့သို့စကားများသည့်သူဖြစ်ပါစေ၊ ယခုတွင် ပင်ပန်းသွားပုံရသည်။
သို့သော် ကျန်းယွီသော်အိမ်နားရှိ လမ်းဆုံတစ်ခုတွင် ကားရပ်ပြီး မီးပွိုင့်စောင့်နေစဉ် ချန်ချင့်သည် ကားစတီယာရင်ကို ကိုင်ထားရင်း တစ်ချက်အော်လာသည်။
"ငါလူး"
"ဘာဖြစ်တာလဲ"
ကျန်းယွီသော်က ချက်ချင်းမေးလိုက်သည်။
ချန်ချင့်က တဖြည်းဖြည်း ခေါင်းလှည့်ကြည့်လာပြီး မျက်နှာပေါ်တွင် မယုံနိုင်သောအမူအရာနှင့် အံ့သြတုန်လှုပ်မှုတို့အပြည့်ဖြင့် :
"ငါအခုမှ ကိစ္စတစ်ခုကို ရုတ်တရက်ပြန်စဉ်းစားမိလို့။ ငါလူး။ အခုမှ သတိထားမိတယ်"
ချန်ချင့်၏ဤအမူအရာကိုကြည့်လိုက်သည်နှင့် ချန်ယိပြောခဲ့သော "ရည်းစားကောင်" ဟူသောစကားကြောင့်သာ ဖြစ်ရမည်ဟု သဘောပေါက်လိုက်သည်။ ချန်ချင့်က နာရီပေါင်းများစွာနောက်ကျပြီးမှ တုံ့ပြန်လာသည်။
"ဒီနေ့ခင်ဗျားညီက စန်းကောကို ခင်ဗျားရည်းစားဆိုပြီးပြောလိုက်တယ်မလား"
ထင်သည့်အတိုင်းပင် ထိုစကားပင်...။
အစက ခါးမတ်မတ်နှင့်ထိုင်နေသောကျန်းယွီသော်သည် ထိုစကားကိုကြားမိသည်နှင့်တစ်ပြိုင်နက် နောက်ဘက်သို့ ချက်ချင်း မှီထိုင်လိုက်သည်။ မျက်နှာကလည်း အေးစက်တည်ငြိမ်နေပြီး မည်သည့်စကားနှင့်မှ တုံ့ပြန်မလာပေ။
ချန်ခေါ့ကလည်း စကားမဆိုပေ။ ယခုကဲ့သို့သောကိစ္စနှင့်ပတ်သတ်ပြီး ချန်ချင့်၏သဘောထားကိုသူမသိပေ။ မည်ကဲ့သို့ ပြန်ဖြေရမှန်းလည်း သူမသိပေ။
ချန်ချင့်က နောက်တစ်ခါ ထပ်ပြောလာပြန်သည်။
"ငါလူး။ ငါ ... ..."
"မီးပွိုင့်ကြည့်"
ကျန်းယွီသော်က ဖြတ်ပြောလိုက်သည်။
ချန်ချင့်က မီးပွိုင့်ကိုလှည့်ကြည့်လိုက်သည်။ မီးစိမ်းနေပြီဖြစ်သည်။ ချန်ချင့်သည် ကားကို ရှေ့သို့ဆက်မောင်းနေပြီး စက္ကန့်အနည်းငယ်ခန့်ကြာသွားပြီးနောက် ထပ်အော်လာပြန်သည်။
"ငါလူး"
ကျန်းယွီသော်က ကားထိုင်ခုံကို မှီထိုင်နေရာမှ ပြန်ကန်ထွက်လာပြီး ချန်ချင့်၏ ခေါင်းနောက်စေ့ကို တစ်ချက်ရိုက်ထည့်လိုက်သည်။
"ပါးစပ်ပိတ်တော့။ ဘယ်သူ့ကို သွားလူးချင်လဲ၊ သွားလူးလိုက်။ ဒီမှာလာပြီး ပါးစပ်နဲ့အော်နေတာ လခွမ်းလို မပြီးနိုင်တော့ဘူး"
ချန်ချင့်က ပါးစပ်ပိတ်သွားပြီး ကျန်းယွီသော်၏အိမ်ရှေ့တွင် ကားရပ်လိုက်ပြီးနောက် သူသည် နောက်ထပ်ပြန်နိုးထလာသကဲ့သို့ အလန့်တကြားနှင့် ဖုန်းကို ယူထုတ်လာသည်။
"လခွမ်း။ သာ့ပင်းတို့နှစ်ယောက်ကို ဖုန်းဆက်ပြောရမယ်။ ဘယ်မေဘေးပဲဖြစ်ဖြစ် အပြင်မှာ လိလိုပါးစပ်သရမ်းပြီး ပြောရဲရင် ငါ့လက်နဲ့သတ်ပစ်မယ်"
"သူတို့နှစ်ယောက်က ပြောမှာမဟုတ်ဘူး"
ကျန်းယွီသော်က တံခါးဖွင့်ပြီး အောက်ဆင်းလိုက်သည်။ ချန်ခေါ့ကိုလည်း တွဲကူလိုက်သည်။
"အဲဒါဆိုလည်း သတိတော့ပေးရမယ်။ မတော်တဆ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒီလိုကိစ္စက တကယ်သာ ပြန့်ထွက်သွားရင် အလွန်ဆုံးနှစ်ရက်ပဲကြာမယ်၊ ပြဿနာက အိမ်တံခါးလာခေါက်ပြီပဲ"
"ဘာပြဿနာလဲ"
ချန်ခေါ့က မေးလိုက်သည်။
ချန်ချင့်က ချန်ခေါ့အားကြည့်နေသည်။
"နှာဘူးကိစ္စလေ။ ဒီလိုကိစ္စဆိုတာ ဟိုစောက်တုံးတွေပါးစပ်ထဲမှာဆိုရင် လခွမ်း ... ... ချန်ခေါ့၊ ဒီကိစ္စက ခင်ဗျားကစပြီး ဦးဆောင်လမ်းပြတာမဟုတ်လား"
ထိုစကားကိုကြားပြီး ချန်ခေါ့က ကြောင်တောင်တောင်ဖြစ်သွားသည်။
"ငါက ဘာကိုဦးဆောင်လမ်းပြတာလဲ"
ချန်ချင့်က မျက်မှောင်ကိုကြုတ်ထားရင်း :
"စန်းကောကို ဒီလိုခေတ်ဆန်တဲ့ မဟုတ်မဟတ်တွေလုပ်ဖို့ ဦးဆောင်တာလေ။ ခင်ဗျားတို့လို ပိုက်ဆံချမ်းသာတဲ့အိမ်က သခင်လေးတွေဆိုတာကလေ ... ..."
"မင်းက ပြန်မှာလား မပြန်ဘူးလား။ မပြန်ရင်လည်း ဒီမှာ အစောင့်လို ထိုင်စောင့်နေလိုက်"
ကျန်းယွီသော်က ပြောလိုက်သည်။
"အချိန်ရှိရင် မင်းနဲ့ ဒီကိစ္စအကြောင်း ရှင်းအောင်ပြောရမယ်"
ချန်ချင့်က ကားမောင်းမထွက်ခင် ခေါင်းကို ထပ်ပြူထုတ်လာပြန်ပြီး ချန်ခေါ့အားကြည့်ပြီး :
"ခင်ဗျား ... ... တော်လွန်းတယ်"
အိမ်ခန်းထဲသို့ဝင်ပြီး ချန်ချင့်၏ကား မောင်းထွက်သွားသံကိုကြားရပြီးနောက် ချန်ခေါ့သည် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွမှုတ်ထုတ်လိုက်ပြီး တိတ်ဆိတ်စွာ အလုပ်ရှုပ်နေသော ကျန်းယွီသော်အား ကြည့်နေသည်။
မြောင်ဖွထားသော ပစ္စည်းများကို နေရာတကျဖြစ်အောင် ပြန်သိမ်းဆည်းလိုက်ပြီးနောက် မြောင်အား အစာကျွေးသည်။ ထို့နောက် ကြောင်အိမ်သာသဲကို လဲလှယ်သည်။ နောက်ဆုံးတွင် ရေနွေးတစ်ခွက်ထည့်ပြီး ချန်ခေါ့ရှေ့တွင်ချပေးလိုက်သည်။ ထိုတော့မှသာ ထိုင်ချလိုက်သည်။
"ချန်ချင့်စိတ်ဆိုးသွားတယ်မလား"
ချန်ခေါ့က မေးလိုက်သည်။ ချန်ချင့်စိတ်ဆိုးသွားကြောင်းကို ချန်ခေါ့က အာရုံခံစားမိသည်။ သို့သော် ချန်ချင့်၏ ထိုစိတ်ဆိုးမှုက သိသာထင်ရှားနေခြင်းလည်း မရှိနေပေ။
ကျန်းယွီသော်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
"အင်း။ ခင်ဗျားသိရတဲ့အထိ သိသာသွားတာလား"
"အကြမ်းဖျင်းပါပဲ။ စိတ်ဆိုးသွားတာ ငါ့နာမည်ကိုတောင် မှန်အောင်ခေါ်တတ်သွားသေးတယ်"
ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။
ကျန်းယွီသော်က ရယ်လိုက်သည်။
"မင်း စိတ်အနှောင့်အယှက်ဖြစ်လား။ တကယ်လို့ ဖြစ်ရတယ်ဆိုရင် ငါဆင်ခြေတစ်ခုခုရှာပြီးတော့ မရှင်းမလင်းနဲ့ လှည့်ပြောလိုက်မယ်လေ"
"... ... ဘာကိုလှည့်ပြောမှာလဲ။ မလိုဘူး"
ချန်ခေါ့က ကျန်းယွီသော်အားကြည့်နေသည်။ သို့သော် ကျန်းယွီသော်က တောက်လျှောက်ပင် မိမိနှင့် မျက်လုံးချင်းဆုံအောင် လုံးဝကြည့်မလာခဲ့ပေ။ ခေတ္တခန့်ကြာသော် ချန်ခေါ့က လက်ဆန့်ထုတ်လိုက်ပြီး :
"ငါ့ကို စီးကရက်တစ်လိပ်ပေး"
ကျန်းယွီသော်က သူ့ဘာသာသူပါးစပ်တွင်ခဲထားသော စီးကရက်ကိုယူပြီး ချန်ခေါ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
ချန်ခေါ့က စီးကရက်တစ်ဖွာ သောက်လိုက်ပြီး :
"ငါ့ရဲ့ဟိုဘော်ဒါတွေကတော့ ထားလိုက်တော့။ ချန်ချင့်တို့ ရှေ့မှာကျတော့ ... ... အားလုံးက မင်းညီအစ်ကိုငတိတွေဆိုတော့ တကယ်လို့ ဒီကိစ္စ ... ..."
"တကယ်တော့ ခင်ဗျားညီက ... ... အဲဒီစကားကိုပြောလိုက်တဲ့အချိန်တုန်းက ကျွန်တော်က ရုတ်တရက် ... ... ကောင်းသားပဲလို့တောင် ထင်သွားခဲ့တာ"
ကျန်းယွီသော်က ချန်ခေါ့အား လှည့်ကြည့်လာသည်။
ချန်ခေါ့လည်း သူ့အား ကြည့်နေသည်။
"ဟင်"
"အရမ်းသီးသန့်ဖြစ်ပြီး ထူးခြားတယ်"
ကျန်းယွီသော်က စဉ်းစားလိုက်ပြီး ဆက်ပြောလာသည်။
"လူတွေအများကြီးရှိနေတယ်၊ အဲဒီအထဲမှာမှ အိမ်သားတွေရှိမယ်၊ သူငယ်ချင်းတွေရှိမယ်၊ ပြီးတော့ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝယ်ယူသုံးစွဲသူတွေ၊ အိမ်ငှားတွေ ... ... စသဖြင့် အများကြီးရှိတယ်။ အခေါ်အဝေါ်တစ်ခုချင်းစီတိုင်းရဲ့အောက်မှာ လူတွေအများကြီးရှိနေတယ်"
ချန်ခေါ့က စကားမဆိုဘဲ တိတ်ဆိတ်နေသည်။
"ရည်းစားကကျတော့ တစ်ယောက်တည်းရှိတယ်။ ဟုတ်တယ်မလား။ အနည်းဆုံးတော့ ကာလအပိုင်းအခြားတစ်ခုထဲမှာ ကျန်းယွီသော်က ချန်ခေါ့ရဲ့ကောင်လေး၊ ချန်ခေါ့ရဲ့ ကောင်လေးက ကျန်းယွီသော်။ ဒီတစ်ယောက်ပဲရှိတယ်။ ဟုတ်တယ်မလား"
"ဟုတ်တယ်"
"တော်တော် ကောင်းသားပဲ"
ချန်ခေါ့က အချိန်အတော်ကြာတိတ်ဆိတ်သွားပြီး စီးကရက်တစ်လိပ်ကို ကုန်အောင်သောက်လိုက်ပြီးနောက် သူသည် ဆေးလိပ်ပြာခွက်ထဲတွင် ဆေးလိပ်မီးသတ်လိုက်သည်။
"ကျန်းယွီသော်"
ကျန်းယွီသော်က "အင်း" ဟု ပြန်ဖြေသည်။
"တကယ်လို့ မင်းက မင်းနဲ့ပဲသက်ဆိုင်တဲ့ သီးသန့်ဖြစ်တည်မှုတစ်ခုလိုချင်တယ်ဆိုရင်တော့ မင်းက ငါ့အတွက် အထူးတလည်အဖြစ်ဆုံးနဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပဲ။ မင်းတစ်ယောက်တည်းပဲရှိတယ်။ တစ်သက်လုံး ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ မဖြစ်မနေ ရည်းစားဖြစ်ဖို့မလိုဘူး"
"ဘာအဓိပ္ပါယ်လဲ"
ကျန်းယွီသော်က မေးသည်။
"ရည်းစားဆိုတဲ့အခေါ်အဝေါ်ဆိုတာ ဒီလိုကြီး နဖူးပေါ် ဖြစ်သလိုခတ်နှိပ်ရတဲ့ အခေါ်အဝေါ်မဟုတ်ဘူး။ ငါမင်းကို သဘောကျတယ်၊ မင်းလည်း ငါ့ကို ထပ်တူသဘောကျမှ ရည်းစားလို့ခေါ်လို့ရတာ"
ကျန်းယွီသော်က ဘာစကားမှမဆိုပေ။
"ငါမင်းကို အရမ်းသဘောကျတယ်။ ဒါပေမဲ့ နာမည်ပဲရှိတဲ့ရည်းစားကိုတော့ ငါမလိုချင်ဘူး။ မင်းအတွက်လည်း မတရားဘူး။ ငါပြောတာကို မင်းသဘောပေါက်လား"
"ခင်ဗျား ကျွန်တော့်ကို သဘောကျလား"
"သဘောကျတယ်"
"ကျွန်တော်က ... ... တကယ်လို့ ကျွန်တော်က ... ... သူတို့အားလုံးက ကျွန်တော့်ကို ... ..."
ကျန်းယွီသော်က နှုတ်ခမ်းကိုက်လိုက်ကာ အတော်ကြာအောင် တွေဝေတုံ့ဆိုင်းနေပြီးတော့မှ ကိုယ့်ဦးခေါင်းကို ညွှန်ပြပြီး တိုးသာတုန်ယင်နေသောအသံဖြင့် :
"အဲဒီလိုဆိုလည်း ခင်ဗျား သဘောကျသေးလား"
***
(ဆက်ရန်)