《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

79.4K 9.1K 577

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၅၃

592 87 3
By wishywish0805

Chapter ● 53 ●

ချန်ခေါ့စိတ်ထဲတွင် ဘဝကံကြမ္မာကြီးက သူ့အပေါ် တော်တော်လေးကို အညှာအတာကင်းမဲ့ပြီး ဖော်ရွေမှုမရှိဟု တွေးနေမိသည်။ နဂိုကတည်းက ညာလက်ကို အသုံးပြု၍မရသည့်အဖြစ်မှာ အလွန်တရာ ဆိုးရွားညံ့ဖျင်းနေပြီဖြစ်သော်လည်း သည်အချိန်တွင်မှ သူ့တွင် လုပ်စရာကိစ္စက တော်တော်များနေသည်။

သူသည် အငှားကားတစ်စီးကို ခေါ်ငှားလိုက်သည်။ မူလအတိုင်းဆိုပါက ကားသည် တိုက်အောက်ရောက်သည်အထိ မောင်းဝင်သွား၍ရသည်။ သို့သော် ယနေ့တွင် တိုက်အောက်ရောက်ရန် မီတာ တစ်ရာ နှစ်ရာခန့်အကွာမှစပြီး မောင်းဝင်သွား၍ မရတော့ပေ။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းရှင်တို့၏ ကားနှစ်စီးက ဘာကြောင့်မှန်းမသိ တစ်စီးနှင့်တစ်စီးငြိသွားကြပြီး ယခုလောလောဆယ်တွင် အချေအတင် စကားများနေကြ၍ဖြစ်သည်။

ချန်ခေါ့သည် ဤတိုက်ခန်းတွင် ငှားနေလာသည့် ကာလအတောအတွင်း တိုက်အောက်အထိရောက်အောင် မောင်းဝင်လာ၍ရသော လမ်းနှစ်လမ်းကိုသာ သိသည်။ ပထမတစ်လမ်းမှာ ယခုဝင်လာသောလမ်းဖြစ်ပြီး၊ ဒုတိယတစ်လမ်းမှာ အရှေ့ဘက်ဂိတ်ပေါက်မှ ဝင်သောလမ်းဖြစ်သည်။ ယခုအချိန်ကျမှ ကားဆရာအား ထိုအရှေ့ဘက်ဂိတ်ပေါက်ဘက်မှတဆင့် ပတ်မောင်းပြီး ပို့ခိုင်းရန်လည်း အဆင်မပြေနေတော့ပေ။ ချန်ခေါ့သည် ကားတံခါးကိုဖွင့်ပြီး ကားပေါ်မှ ဆင်းလာရန်သာ တတ်နိုင်တော့သည်။

သည်လိုအချိန်မျိုးတွင် မိမိနားတွင် ကျန်းယွီသော်ရှိနေသည့်အဖြစ်ကလည်း ကိစ္စကောင်းတစ်ရပ်ဖြစ်သည်ဟု ချန်ခေါ့က တွေးနေသည်။ ကျန်းယွီသော်သည် ရည်ရွယ်ချက်တစ်ခုခုကြောင့်ဖြစ်စေ၊ သို့မဟုတ်လည်း ဘဝနေထိုင်မှုအမူအကျင့်ကြောင့်ဖြစ်စေ၊ အချိန်အတိုင်းအတာတစ်ခုအထိ တည်းခိုနေထိုင်ဖြစ်သည့်နေရာ၏ မြေနေရာအနေအထားကို သိရှိနေလေ့ရှိသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းယွီသော်သာရှိလျှင် ကားဆရာအား ကွေ့ပတ်မောင်းနှင်သွား၍ရမည့် လမ်းကြောင်းတစ်ခုနှစ်ခုလောက်ကို အနည်းဆုံးတော့ အကြံပေး၍ရမည်ဖြစ်သည်။

ကားပေါ်မှဆင်းလာပြီးနောက် ခြေလှမ်းဘယ်နှလှမ်းမှ မလှမ်းရသေးမီ လက်တစ်ဖက်တွင်သာဝတ်ဆင်ထားပြီး ဇစ်မပိတ်ထားရသော အနွေးထည်အင်္ကျီက နောက်သို့ လျှောကျသွားသည်။ လေက ရုတ်တရက် တိုက်ခတ်လာသောအခါ ချန်ခေါ့၏ ခန္ဓာကိုယ်တစ်ခြမ်းက အေးစက်ထုံကျဉ်လာသည်။

ချန်ခေါ့သည် ဘယ်လက်အား ကျောနောက်သို့ရစ်ပတ်ကာ အနွေးထည်အား ပုခုံးပေါ်သို့ ပြန်ဆွဲတင်ရန် ကိုယ်ကို အတန်ကြာအောင် လှည့်လိမ်ပြီး ကြိုးပမ်းနေသော်လည်း မအောင်မြင်ခဲ့ပေ။ ဤသို့ဖြင့် သူသည် ဘယ်လက်ဖြင့် ညာဘက်လက်ဘေးမှတဆင့် အနွေးထည်အင်္ကျီကို ရှေ့သို့ဆွဲယူလိုက်ကာ ဘုန်းကြီးသင်္ဃန်းခြုံထားသကဲ့သို့ပင် ခြုံလိုက်ကာ၊ ကိုယ့်ကိုယ်ကိုအား လေအေးထုထဲတွင် မခဲသွားခင် တိုက်ကော်ရစ်တာထဲသို့ မြန်မြန်ရောက်အောင် ပြေးဝင်လိုက်သည်။

လုံခြုံရေးအစောင့်ခန်းက ဘယ်ဘက်တွင်ရှိနေ၍သာ တော်သေးတော့သည်။ လုံခြုံရေးကလည်း ဖုန်းပြောနေဆဲဖြစ်သောကြောင့် သူအပြေးတစ်ပိုင်း ပြေးဝင်လာသည်ကိုမြင်သော် အော်၍သာ နှုတ်ဆက်လာသည်။

"လူကြီးမင်းချန် ပြန်လာပြီလား"

"ဟုတ်ကဲ့။ အလုပ်ရှုပ်လိုက်ပါဦး"

ချန်ခေါ့သည် အနွေးထည်ကို ဆွဲထားရင်း လေ၏အမြန်နှုန်းဖြင့် ဓါတ်လှေကားထဲသို့ ပြေးဝင်သွားလိုက်သည်။

အိမ်ထဲသို့ ရောက်လာသည်နှင့် ချန်ခေါ့သည် စိတ်တိုတိုဖြင့် အနွေးထည်အင်္ကျီကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ဧည့်ခန်းအလယ်တွင်ရပ်နေကာ ဘာဆက်လုပ်သင့်မှန်းလည်း မသိတော့ပေ။

တစ်လခန့် ထွက်ခွာသွားခဲ့သော တိုက်ခန်းထဲတွင် တစ်ညတာ ပြန်လာအိပ်မည့်ကိစ္စအတွက် ဘာကို ဘယ်လိုလုပ်ရမှန်း သူတကယ်ကို မသိနေတော့ပေ။

ပေကပ်နေသာ ဖုန်မှုန့်များကို အရင်သုတ်ရမည်လား၊ သို့မဟုတ် ရေနွေးအရင်သွားတည်ရမလား၊ သို့မဟုတ် အိပ်ရာခင်း အရင်သွားခင်းရမလား ... ...

တစ်အောင့်ခန့် မတ်တတ်ရပ်ပြီး စိတ်ထဲတွင် အစီအစဉ်ချလိုက်ပြီးနောက်မှ ချန်ခေါ့က စတင်လှုပ်ရှားတော့သည်။ အရင်ဦးဆုံး သူသည် ရေနွေးအရင်တည်လိုက်သည်။ ထို့နောက် ကြမ်းတိုက်စက်ရုပ်ကို ခလုတ်ဖွင့်လိုက်သည်။ ထို့နောက်တွင်မှ ကြမ်းတိုက်အဝတ် အသစ်တစ်ခုကို ဖောက်ပြီး ဖုန်များကို စတင် တိုက်ချွတ်တော့သည်။

ဖုန်သုတ်ခြင်းအလုပ်မှာ လုပ်စရာရှိသည့်အလုပ်များထဲတွင် အရိုးရှင်းအလုပ်သာ ဖြစ်တော့သည်။ ရှိသမျှ ရေပြင်ညီမျက်နှာပြင် ကြမ်းခင်းပေါ်တွင် ဟိုဟိုဒီဒီ သုံးလေးချက်ခန့် ပွတ်တိုက်လိုက်လျှင် ကိစ္စပြတ်ပြီ။ ဘယ်လက်အတွက်ပြောရလျှင် ဘာခက်ခဲမှုမှမရှိသောအလုပ်ဖြစ်သည်။

အလုပ်များအားလုံး လုပ်ပြီးသွားအောင် အချိန်ကို ဘယ်လောက်မှ အသုံးမပြုလိုက်ရပေ။ သို့သော် အိပ်ခန်းထဲသို့ ဝင်လိုက်သောအခါ သူ၏ စောစောပိုင်းက အောင်မြင်မှုအသေးစား အားလုံးတို့မှာ ပျောက်ဆုံးသွားကုန်တော့သည်။

အိပ်ရာပေါ်တွင် ဖုန်စုပ်စက်ဖြင့် ဖုန်စုပ်လိုက်ပြီးနောက် ဗီရိုတံခါးကိုဖွင့်လိုက်ချိန်တွင် ချန်ခေါ့သည် ကျန်းယွီသော်အားဖုန်းဆက်ပြီး မိမိအား အိပ်ရာခင်းအစွပ်နှင့်စောင်အစွပ် စွပ်ရန် အကူအညီတောင်းလိုသော ဆန္ဒဇောတစ်ခု ဖြစ်ပေါ်လာတော့သည်။

သို့သော်သူသည် အံကြိတ်ကာ သည်းခံလိုက်သည်။ ယခုအချိန်တွင် ကျန်းယွီသော်က သူ့အား ထိန်းချုပ်စောင့်စည်းရန် ပြောခဲ့ပြီးသည့်အပြင်၊ သူကိုယ်တိုင်ကလည်း ကျန်းယွီသော်အား သူ့အပေါ် သိပ်ပြီး မစဉ်းစားပေးရန် မညှာတာပေးရန် ပြောခဲ့သည်။ ထိုစကားပြောပြီး မျက်နှာတစ်ဖက်လှည့်လိုက်သည်နှင့် ထိုသူအား အိပ်ရာခင်း ကူခင်းပေးရန်ခေါ်ရမည့်အဖြစ်မှာ ဘယ်လိုပဲစဉ်းစားပါစေ၊ မျက်နှာပူစရာကောင်းပြီး ရှက်စရာကောင်းသည်။

နောက်ဆုံးတွင် ချန်ခေါ့သည် ဆင်းဒဝှစ်ချ် နည်းလမ်းကိုသုံးလိုက်သည်။ အိပ်ရာခင်းကို အဆင်ပြေသလို နှစ်ချက်မျှ ခါလိုက်သည်။ ပြန့်အောင် ဖြန့်ခင်းရန်တော့ ဘယ်လိုမှမဖြစ်နိုင်တော့ပေ။ သူအိပ်၍ရသော ဧရိယာလောက်အထိ ခင်းလိုက်လျှင်ရပြီ။ ထို့နောက် စောင်အစွပ်ကို အပေါ်တွင် ပစ်တင်လိုက်သည်။ ပြီးတော့မှ စောင်ကိုယူထုတ်လာပြီး ဖိတင်လိုက်သည်။ သည်လောက်ဆိုလျှင် အဆင်ပြေပြီဟု ပြော၍ရပြီ။

ကြည့်လိုက်လျှင်တော့ အနည်းငယ် ဆိုးရွားပြီး ပစ်စလက်ခတ်ဖြစ်နေသည်။ သို့သော်လည်း အိပ်ပျော်သွားလျှင်တော့ ဘာမှသိတော့မည်မဟုတ်ပေ။

ချန်ခေါ့သည် မိမိ၏လက်ရာကို တစ်စက္ကန့်တောင် မွေ့လျော်ခံစားလိုစိတ်မရှိပေ။ သူသည် အိပ်ခန်းထဲမှထွက်လိုက်ပြီး ရေချိုးပြီးနောက် တီဗွီခဏကြည့်ပြီးလျှင် အိပ်ရာဝင်လိုက်တော့မည်ဟု စဉ်းစားနေသည်။

ဖုန်းက မြည်သံတစ်ချက်ထွက်ပေါ်လာသည်။

သူသည် ဖုန်းကိုသွားယူပြီး ကြည့်လိုက်သည်။ ကျန်းယွီသော်က မက်ဆေ့ပို့လာခြင်းဖြစ်သည်။

{ သန့်ရှင်းရေးလုပ်ပြီးသွားပြီလား }

ချန်ခေါ့က အသံမက်စေ့ပို့လိုက်သည်။

- ပြီးသွားပြီ။ -

ဖုန်းကို လက်ထဲမှ မချရသေးမီ ကျန်းယွီသော်က ဖုန်းဆက်လာသည်။

ချန်ခေါ့က ဖုန်းလက်ခံပြောဆိုခြင်းခလုတ်ကို နှိပ်လိုက်သည်။

"လုပ်ပြီးသွားပြီလို့ ငါပြောတယ်မလား"

"အိပ်ရာလည်း ခင်းပြီးပြီပေါ့၊ ဟုတ်လား။ ခင်ဗျား အိပ်ရာခင်းနိုင်တယ်ပေါ့လေ"

ကျန်းယွီသော်က အနည်းငယ် အံ့သြနေပုံရသည်။

"အင်း။ ခင်းပြီးပြီ။ ဘာပဲဖြစ်ဖြစ် ... ... ခင်းတော့ ခင်းလိုက်ပြီးပြီကွာ"

"တစ်လွှာပြီးတစ်လွှာ အလွှာလိုက် ခင်းလိုက်တာမလား"

"... ... ဟုတ်တယ်"

ချန်ခေါ့သည် အိပ်ရာပေါ်မှ ပစ္စည်းတစ်ပုံကို လှမ်းကြည့်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အိပ်တာကို အနှောင့်အယှက်မဖြစ်ဘူး"

"ကျွန်တော်က ခင်ဗျားကို တစ်ခု ပြောပြချင်လို့ ဖုန်းဆက်လိုက်တာ။ ခင်ဗျား ဒီအတိုင်း ... ... စောင်အစွပ်ထဲကို ဝင်အိပ်လိုက်ပြီးတော့ အဲဒီအပေါ်မှာ စောင်ကို ထပ်ခြုံလိုက်။ အဲဒီလိုဆိုရင် မလျှောထွက်သွားတော့ဘူး။ လူကိုလည်း အလိပ်လိုက် လာမပတ်နေတော့ဘူး"

"အိပ်ရာအိတ်(sleeping bag)လိုမျိုးလား"

ချန်ခေါ့က ကြောင်အမ်းအမ်းဖြစ်သွားသည်။

"အင်းလေ"

ချန်ခေါ့သည် တစ်ခဏအတွင်းတွင် ဉာဏ်အလင်းပေါက်သွားသလိုခံစားလိုက်ရပြီး လူတစ်ကိုယ်လုံးလည်း ထိုးထွင်းသိမြင်သွားသလို ဖြစ်သွားသည်။

"စန်းကော၊ မင်းက တကယ်ပဲ ဉာဏ်ကြီးရှင်လေးပဲ"

"လန့်သွားပဲ။ ကျွန်တော့်ကို အချောလေးလို့ ပြောမယ်လို့ ထင်သွားတာ"

ကျန်းယွီသော်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"မနက်ဖြန်ကျရင် ခင်ဗျားဆီကို လာခဲ့လိုက်မယ်။ ခင်ဗျားနဲ့အတူ ဟိုတယ်မှာ ပစ္စည်းတွေ သွားယူဖို့ လိုက်ပေးမယ်လေ"

ချန်ခေါ့သည် စိတ်အခြေအနေအရမ်းကောင်းသည်။ "ချစ်စရာကောင်းတဲ့အချောလေး" အပေါ်ကိုလည်း တုံ့ပြန်ပြောဆိုရန် သတိမမူမိသလို၊ မနက်ဖြန်တွင် မိမိအနေဖြင့် တကယ်တမ်း ပြန်ပြောင်းလာမလား၊ မလာဘူးလား ဆိုသည့်မေးခွန်းက ပြတ်ပြတ်သားသားမဖြစ်သေးသည့်အချက်ကိုလည်း မေ့လျော့သွားကာ ကျန်းယွီသော်အား တစ်ခါတည်းပြန်ဖြေလိုက်သည်။

"ဟုတ်ပြီ"

ဖုန်းပြောဆိုမှု ပြီးဆုံးသွားတော့မှ ချန်ခေါ့က စိတ်နှင့်ကိုယ်ပြန်ကပ်လာသည်။ သို့သော် ကတိစကားကတော့ ပြောထွက်ပြီးသွားပြီ။ အရင်ဆုံး ပြန်ပြောင်းလာပြီးတော့မှ နောင်ကိစ္စကို နောက်မှရှင်းတော့မည်။

ပြန်ပြောင်းလာမလား မပြောင်းဘူးလားကိစ္စထက် ချန်ခေါ့အတွက် မျက်မှောက်တွင် ပို၍ပင်ပန်းဆင်းရဲစေသောကိစ္စမှာ ဘယ်လိုရေချိုးရမလဲဟူသည့် ပြဿနာပင်ဖြစ်တော့သည်။ ယနေ့တွင် ရေမချိုးတော့မှာ သေချာနေသည်။ သို့သော် မျက်နှာသစ်သည့်အချိန်တွင် သူသည် shower အောက်တွင် ရပ်ပြီး အစမ်းအနေဖြင့် ရေချိုးသည့်ပုံစံလုပ်ကြည့်သည်။ ညာလက်ကို ကြိုးစား မြှောက်ပင့်ပြီး နံရံတွင် မှီထောက်လိုက်ကာ ဘယ်လက်ဖြင့် စပရေးပိုက်ကို ကိုင်လိုက်သည်။ ထိုကဲ့သို့ဆိုလျှင် ချိုး၍ရလောက်ပြီ ... ...

ချန်ခေါ့သည် စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ စပရေးပိုက်ကို နေရာတွင်ပြန်ထားလိုက်ချိန်တွင် ဦးနှောက်ထဲ၌ ကျန်းယွီသော်က မိမိအားရေချိုးပေးနေသည့်မြင်ကွင်းက ရုတ်တရက်ပင် လက်ခနဲ ဖြတ်ပြေးသွားသည်။

ထို့ပြင် ထိုမြင်ကွင်းမှာ ပုံမှန်မြင်နေကျ 'ငါတို့ကသူငယ်ချင်းကောင်းများသာဖြစ်ကြသည်' ဟူသော အတည်အတံ့ရေချိုးသော မြင်ကွင်းမျိုးမဟုတ်ပေ။

တကယ်ကိုပင် မျက်စိစပါးမွှေးစူးစရာကောင်းအောင် အကျည်းတန်လှသည်။

သူသည် အလျင်အမြန်ပင် ကိုယ်ကိုလှည့်ပြီး သွားတိုက်တံကိုယူလိုက်ပြီးနောက် မှန်ကိုကြည့်ပြီး မိမိကိုယ်ကို အဆက်မပြတ် သတိပေးနေသည်__ မစ္စတာ ချန်ခေါ့၊ ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းချုပ်ထိန်းပါဦး။

သို့သော်လည်း အမှန်အတိုင်းပြောရလျှင် ထိုနည်းလမ်းမှာ ဘာမှအသုံးမဝင်ပေ။ အထူးသဖြင့် မြင်ကွင်းပုံရိပ်က ပျောက်ကွယ်မသွားသေးပေ။ ကျန်းယွီသော်က မိမိနှာခေါင်းထိပ်တွင် ချန်ရစ်ခဲ့သော ထိုအနမ်းတစ်ပွင့်ကို ထပ်ပြီး အမှတ်ရသွားပြန်သည်။

ဘာခံစားချက်မှ မရှိသော်လည်း ... ... ဟုတ်သည်၊ ဘာခံစားချက်မှ မရှိပေ။ သို့သော် တကယ့်တကယ်ထိတွေ့မှုနှင့် စိတ်ကူးယဉ်တို့က ပေါင်းစုံသွားသည်နှင့်တစ်ပြိုင်နက် ထိုအပြုအမူကိုယ်၌ကိုက အတော်အတန် ရင်ခုန်ပေါက်ကွဲစရာဖြစ်နေသည်။

မစ္စတာချန်ခေါ့တစ်ယောက် ချုပ်ထိန်းနိုင်စွမ်းသိပ်မရှိတော့ပေ။

တော်သေး၍ စဉ်းစားချင့်ချိန်နိုင်သောအသိစိတ်က ဘယ်လက်သည် သုံးနေကျလက်မဟုတ်ကြောင်းကို သူ့ကို သတိပေးလာတော့မှသာ ချန်ခေါ့သည် အချိန်မီလေး ရပ်တန့်လိုက်သည်။

.

ကျန်းယွီသော်သည် ပြတင်းလိုက်ကာနောက်ကွယ်တွင် မတ်တတ်ရပ်နေပြီး အပြင်ဘက်သို့ လှမ်းကြည့်နေသည်။ အပြင်ဘက်ရှိ လမ်းမီးတိုင်များထဲမှ မီးတစ်လုံးသည် နှစ်သစ်ကူးကာလတုန်းက ပျက်သွားကာ ယခုအထိ ပြန်မပြင်ရသေးပေ။ ယခုအခါတွင် မျက်နှာချင်းဆိုင် မျက်စောင်းထိုးနားမှ ထောင့်ချိုးကိုနေရာသည် ယခင်ကထက်တောင် မှောင်မိုက်သွားကာ ထိုနားတွင် လူရှိမရှိကို သေချာမမြင်ရတော့ပေ။

ယခင်ကဆိုလျှင် ကျန်းယွီသော်သည် ထိုနားတွင် လူတစ်ယောက်ယောက်ရှိနေသည်ဟု သံသယစိတ်ရှိပါက သူသည် စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းပဲဖြစ်ဖြစ်၊ သို့မဟုတ်လည်း အပြင်သို့ထွက်ပြီး သွားစစ်ဆေးကြည့်တာပဲဖြစ်ဖြစ် လုပ်မိမည်ဖြစ်သည်။ သို့သော် ယနေ့တွင် သူသည် ထိုကဲ့သို့မလုပ်ဘဲ လိုက်ကာနောက်တွင် မိနစ်အနည်းငယ်ခန့် မတ်တတ်ရပ်နေလိုက်ပြီးနောက် ထိုနားမှ လှည့်ထွက်သွားသည်။

ဖယ်ရှားရှင်းထုတ်၍မရသောအချိန်မျိုးတွင် လျစ်လျူရှုရန်ကြိုးစားကြည့်ပါဟု အစ်မလော်က သူ့ကို ပြောဖူးသည်။

ထိုစကားက သူ "ရောဂါရှိနေသည်" ဟူသော အချက်ကို အခြေခံပြီး အကြံပေးသောစကားဖြစ်သည်။ သို့သော် တစ်ဖက်လူကလည်း ဘာမှထပ်မလှုပ်ရှားလာသည့်အပြင်၊ အကယ်၍ အရေးပေါ်အခြေအနေဖြစ်ပေါ်လာလျှင်လည်း သူကိုယ်တိုင်က ကိုင်တွင်ဖြေရှင်းနိုင်သည့်အနေအထားမျိုးတွင်၊ သူ့အနေဖြင့် အစ်မလော်ပြောသည့်အတိုင်း တစ်ခေါက်လောက် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လျစ်လျူရှုကြည့်မည်။

ဤသည်မှာ သူ့အနေဖြင့်ပြောရလျှင် အနည်းငယ်တော့ အန္တရာယ်ရှိသည်။ သူတို့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူကိုယ်တိုင်၏ မြင်ကွင်းအောက်တွင်မဟုတ်နေပါက၊ ဘယ်ကိစ္စမဆို ဖြစ်ပွားသွားနိုင်သည်။

... ... ဘာကိစ္စမှ မဖြစ်ပွားလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျန်းယွီသော်သည် သူ့လက်ဖဝါးထဲမှ ဒဏ်ရာအမာရွတ်ကို ငုံ့ကြည့်လိုက်သည်။

ဒဏ်ရာက ဘယ်လိုရလာသလဲဆိုသည်ကို သူကိုယ်တိုင်က သိနေတာလည်း ဖြစ်နိုင်သလို၊ မသိနေတာလည်း ဖြစ်နိုင်နေသည်။ တခါတရံတွင် သူ့အနေဖြင့် အဘယ်ကဲ့သို့သော ကိစ္စနှင့် ကြုံတွေ့ခဲ့တာများလဲဟု သူကိုယ်တိုင်က သေသေချာချာ အကဲမဖြတ်နိုင်တာမျိုး ရှိသည်။

ဘာမဆို ဖြစ်ပွားနိုင်ချေရှိတာလည်း ဖြစ်နိုင်သည်။ ဘာဆိုဘာမှ ဖြစ်ပွားလာနိုင်ခြေ မရှိတာလည်း ဖြစ်နိုင်သည်။

များသောအားဖြင့် သူကိုယ်တိုင်က သေချာသိနေသော တစ်ခုတည်းသောအရာမှာ သူ၏ အကြောက်တရားဖြစ်သည်။

သူသည် ကိစ္စတော်တော်များများကို လျစ်လျူရှု၍ရသည်။ အမှန်တရားကိုတောင် မသိကျိုးကျွန်ပြုလိုက်၍ ရသည်။

သို့သော် အကြောက်တရားတစ်ခုတည်းကိုမူ သူ့အနေဖြင့် ဘယ်လိုမှ လျစ်လျူရှုပစ်၍မရပေ။

အကြောက်တရားသည် အမှန်တကယ်တည်ရှိနေသောအရာဖြစ်သည်။ ထိုအကြောက်တရားသည် စိတ်ကူးယဉ်နှင့် စိတ်ခံစားမှုကို အခြေတည်၍ ဖြစ်ပေါ်လာခြင်းလုံးဝမဟုတ်ပေ။ လက်တွေ့အမှန်တရားကို အခြေတည်နေခြင်းဖြစ်သည်။

ကျန်းယွီသော်သည် ဘယ်တုန်းကမှ သည်တစ်လအတောအတွင်းလောက် စိတ်အားထက်သန်စွာ "သာမန်လူ" တစ်ယောက် "ဖြစ်" ချင်လိုစိတ် မဖြစ်ခဲ့ဖူးပေ။

သူ့ဘဝသည် ယခုအချိန်အထိ တောက်လျှောက်ပင် သူ့အတွက် ပုံမှန်ဖြစ်နေခဲ့သည်။ သူ့သူငယ်ချင်းများ၊ သူ၏အနှီနောက်လိုက်ငတိများ၊ ရှိသမျှသော ရင်းနှီးကျွမ်းဝင်မှုတို့သည် သဘာဝကျပြီး ပုံမှန်သာဖြစ်သည်။

သံသယဖြစ်ခဲ့ဖူးသော၊ တုန်လှုပ်ခဲ့ဖူးသော ထိုလူများလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားကြသည်။ သူ့ကမ္ဘာသည်လည်း အနှောင့်အယှက်ကင်းမဲ့သွားသည်။

သူ့ဘဝထဲတွင် ချန်ခေါ့ ထွက်ပေါ်မလာခင်အထိမှာ အခြေအနေက ထိုအတိုင်းသာဖြစ်နေသည်။

ချန်ခေါ့နှင့်အတူရှိနေသည့်အချိန်ကဲ့သို့အနေအထားမျိုးကို ကျန်းယွီသော်က ဘယ်တုန်းကမှ မတွေ့ကြုံဖူးပေ။ ဤမျှလောက်အထိ အခက်အခဲဖြစ်နေသည့် သခင်လေးမျိုးကို သူ တစ်ခါမှ မတွေ့ဖူး၍လည်း ဖြစ်နိုင်သည်။ ဂက်စ်မီးဖိုနှင့် ရေနွေးစက်ကိုတောင် မဖွင့်တတ်သည့်သူကို ပို၍တောင် မတွေ့ဖူးသေးပေ။ အစကတည်းက ကျန်းယွီသော်၏ ချန်ခေါ့အပေါ် အလေးထားဂရုပြုမှုမှာ အန္တရာယ်မရှိသည့် သာမန်သူစိမ်းတစ်ယောက်ထက် ပိုလွန်နေခဲ့ပြီးသားဖြစ်သည်။

ချန်ခေါ့က ကျန်းယွီသော်လုံးဝမမြင်ဖူးခဲ့သော ဆန်ကုန်မြေလေးအလကားကောင်ပုံရိပ်ကိုအသုံးပြုပြီး အလွန်အားကောင်းလှသော တည်ရှိမှုခံစားချက်ကို လှည်းကျင်းဖယ်ထုတ်ခဲ့သည်။

နောက်ပိုင်းတွင် သဘာဝကျကျပင် ချန်ခေါ့နှင့် ခင်မင်သွားသည်။ ထိုခင်မင်မှုသည်လည်း ကျန်းယွီသော်၏ အတိုင်းအတာနယ်ပယ် အပြင်ဘက်တွင်ရှိနေသည်။

သူသည် ထိုကဲ့သို့သောလူမျိုးနှင့် ပြောရလျှင် သူ၏ကိုယ်ပိုင်ကမ္ဘာအပြင်ဘက်မှလူနှင့် ဤကဲ့သို့ အပေါင်းအသင်းမဖြစ်ဖူးခဲ့ပေ။ ငွေကြေးပမာဏများစွာသုံးပြီး ဖျော်ဖြေရန်ဖိတ်ကြားလိုသူရှိသော သဲပန်းချီဆွဲသောပညာရှင်တစ်ယောက်။ အိပ်မက်ယောင်စကားပြောလျှင်တောင် "တောင်ခြေ နေဝင်" အပြင် နောက်ပိုင်း အခြားကဗျာစာသားကိုပါ ဆက်လက်ရွတ်ဆိုနိုင်သော လူတစ်ယောက် ... ...

[T/N : "တောင်ခြေ နေဝင်" ဆိုတာက တရုတ်နိုင်ငံ ထန်ခေတ်က ကဗျာဆရာ Wang Zhi Huan ဝမ်ကျစ်ဟွမ့် ရဲ့ နာမည်ကြီး ကဗျာ (登鹳雀楼 dēng guàn què lóu/ Ascending Stork Tower) ထဲက စာသားတစ်ပိုင်းတစ်စဖြစ်ပါတယ်။ မြန်မာလို ရေလည်အောင် မရှင်းပြတတ်တော့ အောက်မှာ အင်္ဂလိပ်လို ရှင်းပြထားတဲ့ ဗီဒီယို ထည့်ထားပေးပါတယ်နော်။]

ထို့ပြင် ချန်ခေါ့က မိမိကို မျက်နှာချင်းဆိုင်ရင်ဆိုင်ရချိန်တွင်လည်း "စန်းကော" နှင့် တွေ့ဆုံရင်ဆိုင်ရလျှင် ရှိသင့်သော သတိထားစိတ် လုံးဝမရှိနေခဲ့ပေ။ အခြားလူတော်တော်များများအတွက် ထိုအခေါ်အဝေါ်က အထင်သေးစရာဖြစ်ကောင်း ဖြစ်နေနိုင်သော်လည်း ချန်ခေါ့ဆီတွင် ပေါ့ပါးသက်သာမှုကို ကျန်းယွီသော်က ခံစားရသည်။

သူကလည်း ချန်ခေါ့ရှေ့ရောက်လျှင် သူကိုယ်တိုင်တောင် သတိမထားလိုက်မိသောအခြေအနေတွင် အချို့သော ဟန်ဆောင်ပကာသနများကို လွှတ်ချလိုက်မိကာ သဘာဝအကျဆုံးသော တုံ့ပြန်မှုကို ပေးမိသည့်အပြင် အနက်နဲဆုံး မစဉ်းစားမဆင်ခြင်ထားသော စကားများကိုလည်း ပြောမိသည်။

သည်အကြောင်းရင်းများကြောင့် ထင်သည်၊ သူသည် သူ့ကိုယ်ပိုင်ကမ္ဘာကို လက်တွေ့နှင့် ပို၍နီးစပ်အောင်လုပ်ပေးနိုင်သော သူငယ်ချင်းမျိုးကို အမြဲတမ်း ရှိနေစေချင်သည်။

ချန်ခေါ့ပျောက်ကွယ်သွားမည်ကို သူကြောက်လန့်သည်။

ချန်ခေါ့က မျက်နှာချင်းဆိုင်ပြီး သူ့ကို ဘာတစ်ခွန်းမှ မပြောဖူးခဲ့သော်လည်း၊ ယုတ်စွအဆုံး သံသယစိတ်ကိုပင် ထုတ်ဖော်ပြသလာရန် ရှားပါးသော်လည်း၊ ချန်ခေါ့မေးခဲ့ဖူးသော မေးခွန်းတိုင်းသည် ကျန်းယွီသော်၏စိတ်ထဲမှ အထိမခံနိုင်ဆုံးသောနေရာကို တိတိကျကျ သွားရောက်စိုက်ထိုးနေသည်။

သူသည် "ပုံမှန်လူ" တစ်ယောက် ဖြစ်အောင် မဖြစ်မနေ လုပ်ရတော့သည်။

တော်တော် ပင်ပန်းသည်။ သို့သော် ယခုအချိန်အထိ သူ နောင်တမရသေးပေ။

သည်တစ်ညလုံးတွင် မြောင်က ခုတင်ပေါ်သို့ တက်လိုက်ဆင်းလိုက်နှင့် အကြိမ်ကြိမ်လုပ်နေကာ၊ တစ်ခေါက်ဆိုလျှင် သူ့ခေါင်းပေါ်ကိုတောင် တက်နေလိုက်သေးသည်။ ကျန်းယွီသော်သည် အားလုံးကို သိနေသည်။ အပြင်ဘက်တွင် ကားအချို့က မောင်းနှင်ဖြတ်သန်းသွားသည်။ ကြက်တွန်ချိန်တွင် အတွဲတစ်တွဲက အနောက်ဥယာဉ်ခြံ၏အပြင်ဘက်တွင် အသံတိုးတိုးနှင့် ရန်ဖြစ်နေကြသည်။

ယောက်ျားလေးက တော်တော်လေး စကားများသည်။ မိန်းကလေးကို အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် မသင်္ကာဖြစ်သောမေးခွန်းများကို အပြန်ပြန်အလှန်လှန် မေးမြန်းနေသည်။ ကျန်းယွီသော်က အလေးအနက်ထားပြီး တစ်အောင့်ခန့် နားထောင်လိုက်သေးသည်။ အမျိုးသားလုပ်ဖော်ကိုင်ဖက်က ချစ်သူများနေ့တွင် တစ်ရုံးလုံးတွင် ရှိသမျှသော အမျိုးသမီးဝန်ထမ်းလုပ်ဖော်ကိုင်ဖက်များကို ချောကလက်တစ်တောင့် လက်ဆောင်ပေးသောကိစ္စကိုလည်း ထည့်ပြောသေးသည်။

တော်တော်အားယားပြီး ပျင်းဖို့ကောင်းတဲ့ ငပိန်းပဲ။

မိန်းကလေးကလည်း ကျန်းယွီသော်နှင့် အတွေးတူပုံရသည်။ နောက်ဆုံးတွင် ပါးရိုက်သံတစ်ချက်က စကားအချေအတင်ဖြစ်နေသော ရန်ပွဲကို အဆုံးသတ်လိုက်သည်။

ခြေသံကိုနားထောင်ရသည်မှာ နှစ်ယောက်သားက အတူတူထွက်သွားကြပုံရသည်။

ကျန်းယွီသော်က အနည်းငယ် ရယ်ချင်သွားသည်။

ချစ်သူရည်းစားလေးထားတာ အားတော်တော်ကုန်ရတာပဲ။ ... ... တကယ်လို့ ယောက်ျားလေးနှစ်ယောက်ဆိုလျှင်ရော...။

ကျန်းယွီသော်သည် ချန်ခေါ့အား စဉ်းစားမိသွားသည်။ ချန်ခေါ့က အသက် ၃၀ ရှိနေပြီ။ မဟုတ်သေးဘူး။ အသက် ၂၈ နှစ်ရှိနေပြီ။ သက်လတ်ပိုင်းအရွယ်ကို ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေသူတစ်ယောက် ဖြစ်နေပြီ။ သေချာပေါက်ကို အခြားအမျိုးသားတစ်ယောက်နှင့် ချစ်သူရည်းစားဖြစ်ဖူးရမည်။ ထိုသို့ဆိုလျှင် ချန်ခေါ့လည်း သည်လိုမျိုး အဓိပ္ပါယ်မရှိသော ဉာဏ်မဲ့မှုမျိုး လုပ်ဖူးလောက်မလား။

မလုပ်ဖူးလောက်ဘူး ထင်သည်။ ချန်ခေါ့အလုပ်လုပ်နေချိန်တွင် အလွန်တည်ငြိမ်ပြီး အင်မတန်သပ်ရပ်သည်။ အကယ်၍ ချစ်သူရည်းစားထားလျှင်လည်း တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေမည့်ပုံမပေါ်ပေ။

သို့ဆိုလျှင် အကယ်၍ ချစ်စရာကောင်းသော ... ... အချောလေးက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေလျှင် ချန်ခေါ့က ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲ။

ကျစ်...။

တကယ်ကို အားယားနေတာပဲ။ ညလယ်ခေါင် အိပ်မပျော်ဘဲ ခုတင်ပေါ်တွင် ချန်ခေါ့တစ်ယောက်ရည်းစားထားလျှင် ငပိန်းအလုပ် လုပ်မလုပ်ဆိုသည့်ပြဿနာကို စိတ်ပူပြီး စဉ်းစားနေမိသည်။

ကျန်းယွီသော်က ကိုယ်ကိုလှည့်လိုက်သည်။ မြောင်ကို ဖမ်းယူလိုက်ပြီး မျက်နှာကို မြောင်၏ ဗိုက်သားထဲတွင် နှစ်မြှုပ်ထားလိုက်သည်။ အိပ်မပျော်လျှင်လည်း မျက်လုံးမှိတ်ပြီး ခဏမှေးရမည်။ ခန္ဓာကိုယ်ကို တစ်ရေးအိပ်လိုက်သည်ဟူသော ပုံရိပ်ယောင်အထင်တစ်ခုကို ဖန်တီးပေးရမည်။

ယနေ့သည် ယွမ်ရှောင်းပွဲတော်နေ့(မီးပုံးပွဲတော်နေ့)ဖြစ်သည်။ မနက်စောစောတွင် ကျန်းယွီသော်သည် ဗျောက်အိုးသံကြောင့် ဆူညံပြီး လန့်နိုးလာသည်။

.

အိမ်ရာဝန်းထဲတွင် မီးပန်းဗျောက်အိုးဖောက်ခြင်းကိုတားမြစ်သောစာကို နေရာတကာတွင် ကပ်ထားသော်လည်း ဗျောက်အိုးသံမှာ ဟိုတယ်ထက်တောင် ပို၍ စည်ကားဆူညံနေသေးသည်။

ချန်ခေါ့သည် တစ်ချက်သမ်းဝေလိုက်သည်။ ဤအသံမှာ ကြာလေဆိုးလေသာ ဖြစ်လိမ့်မည်။ နောက်ထပ် ထပ်အိပ်ချင်လည်း အိပ်ပျော်တော့မည်မဟုတ်ပေ။

သူသည် အိပ်ရာထရန် လုပ်လိုက်သည်။ ယနေ့တွင် ကျန်းယွီသော်က သူနှင့်အတူလိုက်ပြီး ဟိုတယ်သွားကာ ခရီးဆောင်အိတ်များ၊ ပစ္စည်းများကို လိုက်ယူပေးမည်။ သို့သော် ချန်ခေါ့သည် ဆိုင်ကို တစ်ချက်သွားကြည့်ရဦးမည်ဖြစ်သည်။ အရေးအကြီးဆုံးသော အနားယူဧရိယာ၏ နံရံကို ယနေ့တွင် အလှကြွေပြားများ ကပ်လိမ့်မည်။ အိမ်တွင်းအလှဆင်အပင် တချို့တလေကိုလည်း ယနေ့တွင် ဆိုင်သို့ အပို့ရောက်လာစရာရှိသည်။ ချန်ခေါ့သည် ထိုပစ္စည်းများကို နေရာတကျထားရန် တစ်ယောက်ယောက်ကို စီစဉ်ရမည် ... ...

အိပ်နေရင်းမှ ထထိုင်လိုက်ချိန်တွင် ချန်ခေါ့သည် အကျင့်ပါနေသည့်အတိုင်း ခုတင်ပေါ်သို့ ညာလက်ဖြင့် ထောက်လိုက်သည်။

ကျောက်ပတ်တီးက မွေ့ရာနှင့်ထိသွားသည့် ထိုအခိုက်အတန့်တွင် လက်ပေါ်မှ ထုံကျဉ်သောခံစားချက်က ရုတ်ခြည်းပင် ချန်ခေါ့အား သတိရသွားစေသည်။

အား အား အား အား အား အား ... လက်ကောက်ဝတ် လက်ကောက်ဝတ် လက်ကောက်ဝတ်က လခွမ်းကိုမှ အရိုးကျိုးနေတာပဲ ...

ချန်ခေါ့သည် အားမသုံးရဲဘဲ ချက်ချင်းပင် ခုတင်ပေါ်တွင် ထောက်မိသော ညာလက်မှ အားကိုလျှော့လိုက်ကာ ကိုယ့်ကိုယ်ကိုယ် ခွေးက မစင်ပုံဟပ်သကဲ့သို့ ခုတင်ပေါ်သို့ ဘေးတစ်စောင်းပြန်လှဲချကာ၊ ထို့နောက်တွင်မှ ဘယ်လက်ဖြင့် မွေ့ရာကိုထောက်ပြီး ထထိုင်လိုက်သည်။

"လခွမ်း"

ချန်ခေါ့သည် ညာလက်ကို တစ်ချက်ကြည့်လိုက်သည်။ အချိန်မှီရုံလေး သတိရသွား၍သာ တော်သေးတော့သည်။

ကျန်းယွီသော်ဖုန်းဆက်လာချိန်တွင် ချန်ခေါ့သည် မျက်နှာသစ် သွားတိုက်ပြီးခါစဖြစ်သည်။ ဖုန်းကိုင်လိုက်သည်နှင့် ချန်ခေါ့သည် ကျန်းယွီသော်၏ ပေါ့ပါးသွက်လက်သောအသံကို ကြားလိုက်ရသည်။

"နိုးပြီလား။ မနက်စာ မစားနဲ့ဦး၊ ကျွန်တော် ယူလာပေးမယ်"

ကျန်းယွီသော်၏အသံမှာ နွေဦးရာသီ ကျောင်းအပျော်ခရီးထွက်သော ကျောင်းသားလေး၏အသံကဲ့သို့ ဖြစ်နေသည်။

"အရင်တစ်ခေါက်တုန်းကစားတဲ့ ကောက်ညှင်းဆုပ်ကို ခင်ဗျား ထပ်စားချင်သေးလား"

ချန်ခေါ့သည် မနက်စောစောပိုင်းတွင် သူ့အား ချမ်းမြေ့ပျော်ရွှင်စေသော ကိစ္စထွေထွေထူးထူးမရှိဘူးဟု ယူဆထားသူဖြစ်သည်။ သို့တိုင်တောင် ကျန်းယွီသော်၏ ယခုကဲ့သို့သော ပုံစံက ချန်ခေါ့ဆီသို့ ကူးဆက်လာသည်။

"ကောင်းတာပဲလေ။ ဆိုင်ကို အလုံးနည်းနည်းကြီးအောင် လုပ်ပေးခိုင်းလို့မရဘူးလား။ အရင်တစ်ခေါက်ကဟာက စားလို့မဝဘူး"

"ခင်ဗျားကို နှစ်လုံးဝယ်လာပေးမယ်။ အလုံးကြီးတဲ့ဟာက အသေးလောက် စားလို့မကောင်းဘူး"

"ဟုတ်ပြီ"

"ခင်ဗျား သွားတိုက်ပြီးပြီလား"

ကျန်းယွီသော်က ထပ်မေးလာပြန်သည်။

"... ... ပြီးပြီ။ ငါ ရေမချိုးဖြစ်ပေမယ့် သွားတိုက်မျက်နှာသစ်တာလောက်တော့ လုပ်လို့ရပါတယ်ကွာ"

"ခင်ဗျား ဘယ်လက်နဲ့ သွားတိုက်တာလား"

"လျှပ်စစ်သွားတိုက်တံလေ။ ပါးစပ်ထဲထည့်လိုက်တာနဲ့ ရပြီ"

ချန်ခေါ့က သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောလာသည်။

"မင်းက ငါ့ကို သွားပါတိုက်ပေးချင်နေတာလား၊ စန်းကော"

"မဟုတ်ပါဘူး။ ခင်ဗျားကို ပလုတ်ကျင်းဆေးရည် ဝယ်သွားပေးဖို့ လိုမလိုကို မေးကြည့်တာ"

"မလိုဘူး။ ငါ့အတွက် ကောက်ညှင်းဆုပ်နှစ်လုံး ယူလာပေးရင်ရပြီ"

ဖုန်းချလိုက်ပြီးတော့မှ ချန်ခေါ့သည် ကျန်းယွီသော်အား ယနေ့အတွက် မိမိတွင် လုပ်စရာတစ်ပုံကြီးရှိနေကြောင်း၊ ဟိုတယ်သွားပြီး ပစ္စည်းယူပြီးသည်နှင့် တစ်ခါတည်း ပြန်၍မရကြောင်းကို ပြောပြရန်မေ့သွားသည်ကို သတိရတော့သည်။

ချန်ခေါ့က မျက်မှောင်ကြုတ်လိုက်သည်။ ယခုတစ်ခေါက် "ကွဲကွာပြီးမှ ပြန်လည်ဆုံဆည်းခြင်း" သည် အနည်းငယ် စိတ်လှုပ်ရှားတက်ကြွစရာကောင်းသွားသည်နှင့်တူသည်၊ သူသည် မကြာခဏပင် ကျန်းယွီသော်၏ အတွေးဆန္ဒအတိုင်း လိုက်ပါလုပ်ဆောင်နေမိသည်။ စကားပြောရင်းနှင့် မိမိကပြောလိုသောကိစ္စများကို မေ့မေ့သွားသည်။

ဤသည်မှာ မရည်ရွယ်ဘဲ မတော်တဆဖြစ်သွားသည်လား၊ သို့မဟုတ် မသိစိတ်ထဲမှ ထိုကဲ့သို့ လုပ်ချင်စိတ်ရှိနေသည်လားဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း မသိနေပေ။

"ဒီလောက်ဆိုရင် လောက်ပြီလား"

ကျန်းယွီသော်က အိမ်ခန်းထဲသို့ဝင်လာပြီးနောက်တွင် အင်္ကျီထဲမှ ကောက်ညှင်းလုံးနှစ်လုံးကို ထုတ်ယူလာပေးသည်။

ချန်ခေါ့က ကောက်ညှင်းဆုပ်နှစ်လုံးကို လှမ်းယူလိုက်သည်။ ကောက်ညှင်းလုံးက ယခုအထိ ပူနွေးနေဆဲဖြစ်သည်။

"လောက်တယ်။ မင်းရော စားပြီးပြီလား"

"မစားရသေးဘူးလေ။ အတူတူစားမယ်။ ကျွန်တော်အရင်စားလိုက်ရင် အခုအချိန်မှာ ခင်ဗျားစားနေတာကို ထိုင်ကြည့်နေရမှာ၊ ဘယ်လောက်တောင် ခံရခက်လိုက်မလဲ။ ပဲနို့လည်း ရှိသေးတယ်"

ကျန်းယွီသော်က နောက်ထပ် ကောက်ညှင်းလုံး ၃ လုံးနှင့် ပဲနို့နှစ်ထုပ်ကို ထပ်ထုတ်ယူလာသည်။

ချန်ခေါ့က ကျန်းယွီသော်ကို ကြည့်နေရင်းမေးလိုက်သည်။

"အင်္ကျီထဲမှာ ဒီလောက်တောင် အများကြီးထိုးထည့်ထားတာ။ ပြုတ်မကျကုန်ဘူးလား"

"အိတ်ကပ်ထဲထည့်ပြီး လက်နဲ့ထိန်းထားတာလေ။ ခင်ဗျားက ဒါတောင် မစဉ်းစားတတ်ဘူးလား"

"မင်းက ဘာလို့ သုံးခုတောင် စားရတာလဲ"

ချန်ခေါ့က စကားလွှဲလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော် သုံးလုံးစားချင်လို့။ နှစ်လုံးပဲ ယူလာပေးလို့ ခင်ဗျားကိုယ်တိုင်ပြောခဲ့တာ၊ ပြီးတော့ လွန်ခဲ့တဲ့တစ်စက္ကန့်တုန်းက လောက်ပြီလို့လဲ ခင်ဗျားပြောခဲ့တယ်"

ကျန်းယွီသော်က နောက်သို့တစ်လှမ်းဆုတ်ပြီး ဆက်ပြောလာသည်။

"ခင်ဗျား လုချင်နေတာမလား"

ချန်ခေါ့က ကောက်ညှင်းတစ်လုံးကိုယူပြီး တစ်ကိုက်ကိုက်လိုက်သည်။

"မပြောတတ်ဘူး။ တကယ်လို့ ဒီနှစ်လုံးနဲ့ ငါစားလို့မဝရင် ... ..."

ချန်ခေါ့က စကားတောင်ပြောမဆုံးသေးမီ မျက်လုံးပင့်အကြည့်တွင် ကျန်းယွီသော်က လက်ထဲမှ ကောက်ညှင်းလုံးတစ်ဝက်ခန့်ကို စား၍ကုန်သွားပြီဖြစ်သည်။

ချန်ခေါ့မှာ တကယ်ကိုပင် ပြောစရာပျောက်ဆုံးသွားသည်။

"ငါလူး၊ မင်း ဒီလောက်ထိတောင် လုပ်စရာလိုလို့လား"

"ဘယ်သူမှ မသိနိုင်ဘူးလေ။ တကယ်လို့ ခင်ဗျား တကယ်ပဲ လာလုစားမယ်ဆိုရင် ကျွန်တော်လည်း ဒုက္ခိတတစ်ယောက်ကို သွားရိုက်လို့က မရနေဘူး"

ကျန်းယွီသော်က ပြောရင်းနှင့် ကောက်ညှင်းလုံးကို ပလုပ်ပလောင်းဖြင့် အလျင်အမြန်စားနေသည်။

"မင်းအိမ်ပြန်သွားလို့ သုံးနှစ်ခွဲကလေးကိုမြင်ရင် သူများကို အစ်ကိုလို့ခေါ်ဖို့ မမေ့နဲ့"

ချန်ခေါ့က ပဲနို့ကို တစ်ငုံသောက်လိုက်သည်။

"သူက လေးနှစ်ရှိပြီ"

"ဪ ... ဒါဆို မင်း သူ့ကို ဦးလေးလို့ခေါ်ရတော့မှာပဲ"

ကျန်းယွီသော်က အတော်ကြာအောင် ရယ်နေသည်။

မနက်စာစားပြီးနောက် တိုက်အောက်သို့ဆင်းလာပြီး အငှားကား မောင်းဝင်လာသည်ကိုမြင်တော့မှ ချန်ခေါ့သည် ကျန်းယွီသော်အား ယနေ့တွင် မိမိလုပ်စရာရှိသည့်အလုပ်များအကြောင်းကို ပြောပြရန် ကျန်နေသေးသည်ကို သတိရတော့သည်။

သူသည် ရုတ်တရက်ပင် မိမိက တမင်သက်သက်လုပ်နေသည်ဟူသော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ ကျန်းယွီသော်အား မိမိအပေါ်သိပ်ပြီး သဘောမကောင်းရန်၊ မစဉ်းစားပေးရန် ပြောခဲ့ပြီးသားဖြစ်နေသော်လည်း၊ ယခုတွင် ကားပေါ်တက်ခါနီးအချိန်ရောက်တော့မှသာ ကျန်းယွီသော်အား ယနေ့တွင် တစ်နေကုန်နီးပါး မိမိနှင့်အတူ အချိန်ဖြုန်းရလောက်မည်ဆိုသော အကြောင်းကို ပြောရန်သတိရနေသည်။

ချန်ခေါ့က အလျင်အမြန်ပင် ကျန်းယွီသော်အား ကြည့်ပြီး ပြောလိုက်သည်။

"မင်းကိုပြောဖို့မေ့နေတာ။ ခဏနေရင် ပစ္စည်းယူပြီးတာနဲ့ ချက်ချင်းပြန်လာလို့မရသေးဘူး။ ဆိုင်ကိုသွားရဦးမယ်။ ဒီနေ့က ဆိုင်ကိုပြင်ဆင်နေတဲ့အလုပ်သမားတွေတောင် မနားကြဘူး။ ပြီးတော့ ဆိုင်တွင်းအလှဆင်အပင်တွေလည်း လာပို့စရာရှိတယ်"

ကျန်းယွီသော်က "အင်း" ဟုသာ ပြောလိုက်သည်။

ချန်ခေါ့က ကျန်းယွီသော်၏ ထိုတုံ့ပြန်မှုကို သိပ်နားမလည်လိုက်ပေ။ သို့နှင့် နောက်ထပ်ဖြည့်ပြောလိုက်ရသည်။

"ငါ လုပ်စရာရှိတာတွေလုပ်ပြီးကုန်တော့မှ မင်းငါ့ကို လာရှာလိုက်မလား"

"အဲဒါဆို ခင်ဗျား ဘာလို့ စောစောက မပြောခဲ့တာလဲ။ ကျွန်တော်က ရောက်တောင်ရောက်နေပြီကို၊ ခင်ဗျားကို ကောက်ညှင်းလုံးနှစ်လုံး လာပို့ပြီးတာနဲ့ ပြန်ရမှာလား"

ကျန်းယွီသော်က ချန်ခေါ့အား စိုက်ကြည့်နေသည်။

"တော်တော်လည်းအရွယ်ရောက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်နေပြီကို လူကိုလိမ်ပြီး မနက်စာလာပို့ခိုင်းတယ်ပေါ့လေ။ ခင်ဗျားက ဘယ်သူ့ကို ပြဿနာလာရှာနေတာလဲ"

ချန်ခေါ့သည် ကျန်းယွီသော်ကိုကြည့်ပြီး ရုတ်တရက်ပင် အလွန်ပျော်ရွှင်မြူးထူးသွားသည်။

ကျန်းယွီသော်၏ ယခုကဲ့သို့ တစ်ခဏအတွင်း စန်းကောဟန်ပန်အဖြစ် ချက်ချင်းပြောင်းလဲသွားသည့်ပုံစံမှာ အလွန်တရာကို ... ... ချစ်စရာကောင်းသည်။ အလွန်တရာလည်း ... ... ဆွဲဆောင်မှုရှိလှသည်။

"ဒါဆို အတူတူပဲသွားလိုက်မလား"

"သွားမယ်လေ။ ကျွန်တော် ဒီနေ့နားတယ်"

ကျန်းယွီသော်က အငှားကားရှိရာဆီသို့ လျှောက်သွားသည်။

"မင်းမှာလည်း နားရက်ရှိတယ်ပေါ့"

ချန်ခေါ့က ကားပေါ်တက်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်ခြင်းဖြစ်သည်။

ကျန်းယွီသော်ကလည်း အသံတိုးတိုးနှင့် ပြန်ပြောလာသည်။

"မဟုတ်ရင်ရော...။ ဒီလောက် စည်ကားတဲ့ ပွဲတော်ရက်ကြီးမှာ အခန်းလခသွားမကောက်ဘူး၊ သွားမတောင်းဘူး၊ ရန်လည်းမဖြစ်ဘူး။ ကျွန်တော် အမြဲတမ်း ဒီလိုပဲ"

ချန်ခေါ့က "ဪ" ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။

"ညနေဆိုရင် ခင်ဗျားအလုပ်တွေပြီးလောက်မလား"

"ညနေဆိုရင် ပြီးကိုပြီးပါတယ်။ အလုပ်သမားတွေလည်း အိမ်ပြန်ပြီး ပွဲတော်ကို ဆင်နွှဲရမယ်လေ"

"ဒါဆိုလည်း ပြီးတာပဲ"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ ဆက်မေးလာသည်။

"ဒါဆို ... ... ချန်ချင့် ... ချန်ချင့်က ခင်ဗျားကိုပါ အတူခေါ်ပြီး ထမင်းစားဖို့ ဖိတ်လို့၊ သူ့အိမ်မှာ"

"ယွမ်ရှောင်းပွဲတော်ညစာလား"

"အင်း။ အစက ကျွန်တော်က ခင်ဗျားကို မခေါ်ချင်ဘူး၊ ခင်ဗျား ကျင့်သားမရနေမှာစိုးလို့။ ချန်ချင့်ရဲ့ အဖေအမေဆိုတာက ကျွန်တော်တို့လိုပဲ ... ... တော်တော်ကြမ်းတမ်းလို့"

ကျန်းယွီသော်က ချန်ခေါ့ကို ကြည့်နေသည်။

"ဒါပေမဲ့ ခင်ဗျားကို မခေါ်ပြန်တော့လည်း ခင်ဗျားက တော်တော်လေးကို သနားစရာကောင်းတယ်လို့ ကျွန်တော့်စိတ်ထဲ ထင်ရပြန်ရော။ နှစ်သစ်ကူးတာတောင် ဘယ်သူ့မှ အဖက်လုပ်မယ့်သူမရှိဘူး"

"မင်းက စကားကို ကောင်းကောင်းမပြောတတ်ဘူး ဟုတ်လား"

"ဒါဆို ခင်ဗျားသွားမလား"

"သွားပေါ့၊ ငါက ဒီလောက်တောင် သနားစရာကောင်းနေတာ။ နှစ်ကုန်ကတည်းက ယွမ်ရှောင်းအထိကို အထီးကျန်ပြီး နာကျင်ဆင်းရဲနေရတာ၊ နောက်ဆုံးတော့ ငါ့ကို စာနာပြီး သနားတဲ့လူရှိလာပြီ"

ချန်ခေါ့က ကျစ်ခနဲ စုတ်သပ်လိုက်သည်။

ကျန်းယွီသော်က ရယ်လိုက်ပြီး ကားပြတင်းအပြင်ဘက်သို့ ခေါင်းငဲ့ကြည့်လိုက်သည်။

အငှားကားဖြင့် ဟိုတယ်သို့ အရင်ဆုံး သွားလိုက်သည်။ ကျန်းယွီသော်က ချန်ခေါ့အား ပစ္စည်းကူသိမ်းပေးလိုက်သည်။ ကျန်းယွီသော်၏ လုပ်ပုံကိုင်ပုံက အလွန်ကျွမ်းကျင်နေပုံမပေါက်သော်လည်း လက်တစ်ဖက်သုံး၍မရနေသော ဆန်ကုန်မြေလေးအလကားကောင်တစ်ယောက်၏ လုပ်ရည်ကိုင်ရည်နှင့် နှိုင်းယှဉ်လျှင် အများကြီးသာလွန်နေသေးသည်။

ကျန်းယွီသော်က အဝတ်သေတ္တာနှစ်လုံးကို အဖုံးပိတ်လိုက်ပြီးနောက် ဟိုတယ်ခန်းကို ဝေ့ကြည့်လိုက်သည်။

"ကျွန်တော်ကြည့်ရတာတော့ ခင်ဗျားလည်း တော်တော်ကို အသုံးအဖြုန်းကြီးတာပဲ။ တစ်ယောက်တည်းနေတာပဲကို ဒီလောက်ကြီးတဲ့အခန်း ငှားရတယ်လို့"

"ငါ အခန်းဘိုကင်တင်တုန်းက တစ်ယောက်နေ standard အခန်းမရှိနေလို့လေ။ ကြားထဲမှာ တစ်ခါ အခန်းလဲလိုက်သေးတယ်။ ပြီးတော့ ရွှီတင်းရဲ့မန်ဘာကတ်လည်း သုံးထားသေးတယ်။ အဲဒီကတ်နဲ့ဆိုရင် ဒစ်စကောင့်ရတယ်"

ကျန်းယွီသော်က ဘာမှထပ်မပြောတော့ဘဲ သက်ပြင်းသာတစ်ချက်ချလိုက်သည်။

ပစ္စည်းများကိုသိမ်းဆည်းပြီးနောက် နှစ်ယောက်သားသည် ခရီးဆောင်အိတ်များကိုယူပြီး ဆိုင်ရှိရာသို့ ထွက်လာသည်။ သူတို့နှစ်ယောက် ဆိုင်သို့ရောက်သွားချိန်တွင် အလုပ်သမားများလည်း အလုပ်စလုပ်ခါစဖြစ်သည်။ အချိန်က ကွက်တိလောက် ဖြစ်သွားသည်။

"ဆရာ ... ဒီနေ့ ပင်ပန်းသွားပါပြီ"

"ရပါတယ်ဗျာ။ ဒီမနက်ပိုင်းမှာတင် အားလုံးနီးပါး လုပ်လို့ပြီးလောက်တယ်။ တကယ်လို့ ခင်ဗျားတို့တောင်းဆိုချက်သိပ်မမြင့်ရင် ကျွန်တော်က ပိုပြီးတောင် မြန်မြန်ပြီးအောင် လုပ်ပေးနိုင်တယ်"

"အရည်အသွေးက ပထမပါ။ မလောပါဘူး"

ချန်ခေါ့က ရယ်ရင်းနှင့် ပြန်ပြောလိုက်သည်။

ကျန်းယွီသော်သည် ခရီးဆောင်အိတ်နှစ်လုံးကို ပထမထပ်ရှိ အတွင်းဘက်ထဲသို့ သယ်ယူသွားပြီး ထားလိုက်သည်။ ထို့နောက် ပြန်ထွက်လာပြီး ဆိုင်ခန်းထဲတွင် လှည့်ပတ်ကြည့်နေသည်။

"ဘယ်လိုနေလဲ"

ချန်ခေါ့က မေးလိုက်သည်။

"ကြည့်လို့ကောင်းတယ်။ တော်တော်အဆင့်မြင့်တဲ့ပုံစံပဲ"

ကျန်းယွီသော်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

"နောက်ရက်ပိုင်းလောက်နေရင် အပေါ်ထပ်မှာထားဖို့ ငါ စားပွဲနဲ့ခုံတစ်စုံ လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ လက်က ဒဏ်ရာရသွားတော့ အဲဒီအချိန်ကျရင် မင်း ... ... လာကူပေးလို့ရလား"

"ခင်ဗျားက သစ်သားလက်ရာတွေလည်း လုပ်တတ်တယ်ပေါ့"

ကျန်းယွီသော်က အနည်းငယ်အံ့သြသွားပုံရသည်။

"သစ်သားနဲ့လုပ်တာမဟုတ်ဘူး။ ဘိလပ်မြေနဲ့လုပ်တာ"

"ဘိလပ်မြေနဲ့ အသုံးအဆောင်လက်ရာတွေလည်း လုပ်တတ်သေးတယ်၊ ဟုတ်လား"

ကျန်းယွီသော်က ပို၍တောင် အံ့သြသွားသည်။

ချန်ခေါ့က အနည်းငယ်စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင်လက်လျှော့လိုက်တော့သည်။

"မဟုတ်ဘူး။ လုပ်တဲ့အချိန်ရောက်ရင် မင်းကြည့်ကြည့်လိုက်၊ သိသွားလိမ့်မယ်"

.

ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော်လည်း မလုပ်တတ်ဘူးလေ။ ဘယ်လိုလုပ်ပြီး ကူညီလို့ရမှာလဲ"

"ငါပြောပြတဲ့အတိုင်း လိုက်လုပ်ရုံပဲ။ အရမ်းလွယ်တယ်"

"ကောင်းပြီလေ"

ကျန်းယွီသော်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

နောက်ထပ် မေးရန်စဉ်းစားနေချိန်တွင် တံခါးဝဘက်မှ ကားဟွန်းသံတစ်ခု မြည်လာသည်။

ကျန်းယွီသော်က တံခါးအပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ မောင်းဝင်လာသော ပစ္စည်းတင် ထရပ်ကားလေးတစ်စီးကို တံခါးပေါက်မှတဆင့် မြင်လိုက်ရသည်။

"ငါ သွားကြည့်လိုက်ဦးမယ်။ အလှဆင်အပင်တွေ လာပို့တာဖြစ်လိမ့်မယ်"

ချန်ခေါ့က ပြောရင်းဖြင့် အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။

ဒရိုင်ဘာဘေးခုံတွင်ထိုင်နေသောလူက မြင်ကွင်းကွယ်နေသောကြောင့် ကျန်းယွီသော်သည် ကားမောင်းနေသောလူကို သေချာမမြင်ရပေ။ အလှဆင်အပင်အိုးနည်းနည်းလေးကို လူနှစ်ယောက်တောင် လာပို့ရတာလား။ ကျန်းယွီသော်သည် ချက်ချင်းပင် လိုက်ထွက်လာလိုက်သည်။ အကျိုးသင့်အကြောင်းသင့်ပြောရလျှင် သူသည် ချန်ခေါ့၏ ရှေ့မှသွားရမည်ဖြစ်သော်လည်း သူသည် နောက်မှလိုက်သွားရန်ကို ရွေးချယ်လိုက်သည်။

တံခါးထဲမှ ထွက်လိုက်သည်နှင့်တပြိုင်နက် ဒရိုင်ဘာဘေးခုံကားတံခါးကလည်း ဖွင့်လာသည်နှင့် ကြုံသွားသည်။ ကားထဲမှလူက ခုန်ဆင်းလာပြီး ချန်ခေါ့အား နှုတ်ဆက်လိုက်သည်။

"ချန်ကော"

ချန်ခေါ့က ကြောင်အမ်းအမ်းဖြစ်သွားသည်။

"လင်ရွှိ ... မင်းက ဘယ်လိုဖြစ်ပြီးတော့ ... ..."

လင်ရွှိက ရယ်လိုက်သည်။

"ကျွန်တော့် မိတ်ဆွေတစ်ယောက်က အပင်ပျိုးခင်းတွေ လုပ်တယ်မလား။ အရင်တစ်ခေါက်က ရွှီကော က ဝီချက် ပို့စ်ထဲက ဓါတ်ပုံတွေ့လိုက်တယ်လေ၊ သူတို့ဆိုင်က အလှဆင်အပင်တွေက ကောင်းတာနဲ့ ကျွန်တော့်ကိုလှမ်းပြောပြီး နည်းနည်းလောက် ရွေးယူလာပေးဖို့ အကူအညီလှမ်းတောင်းလိုက်တာ"

ချန်ခေါ့က "ဪ ..." ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။

လင်ရွှိ၏မျက်လုံးအကြည့်က ကျန်းယွီသော်နှင့်ဆုံသွားသောအခါ သိသိသာသာပင် ငြိမ်ကျသွားသည်။

ကျန်းယွီသော်ကလည်း သင့်တော်သောမျက်နှာထားတစ်မျိုးကို ရှာ၍မတွေ့သည်နှင့် သည်အတိုင်း ကြည့်နေရုံသာ တတ်နိုင်သည်။

လင်ရွှိက နှစ်စက္ကန့်ခန့်ငြိမ်သွားပြီးနောက် ပြုံးလိုက်ကာ ကျန်းယွီသော်အား ခေါင်းဆတ်ပြလိုက်သည်။

"စန်းကော ..."

ကျန်းယွီသော်၏ နှုတ်ခမ်းထောင့်က ဘေးဘက်သို့ တွန့်သွားသည်။

သူသည် မပြုံးပြနိုင် ဖြစ်သွားသည်။

လက်တွေ့ကျစွာ ပြောရလျှင်၊ လင်ရွှိက ဘာပြဿနာရှိလောက်မည့်သူမဟုတ်ပေ။ ချန်ခေါ့တစ်ယောက် မိမိ၏ ကာကွယ်မှုအောက်မှ ဝေးကွာနေသော တစ်လအတွင်းတွင် လင်ရွှိအတွက် ချန်ခေါ့နှင့်နီးစပ်ရန်လုပ်နိုင်သော အခွင့်အရေးအများကြီး ရှိခဲ့သည်။ သို့သော် ချန်ခေါ့က တောက်လျှောက်ပင် မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ပေ။

ထိုကဲ့သို့ ဖြစ်နေစေကာမူ၊ သဘောတရားအရ လင်ရွှိကို အန္တရာယ်ရှိသူစာရင်းမှ ဖယ်ထုတ်လိုက်သင့်သော်လည်း ကျန်းယွီသော်သည် လင်ရွှိအား ပြုံးမပြနိုင်ပေ။

သို့သော် စကားတစ်ခွန်းကိုတော့ ပြောကိုပြောရမည်။

ကျန်းယွီသော်က လင်ရွှိအား ကြည့်လိုက်သည်။

"အရင်တစ်ခေါက်ကကိစ္စအတွက် အားနာပါတယ်"

လင်ရွှိက ပြုံးရင်း လက်ကို ခါယမ်းပြီး ပြောလာသည်။

"အာ ... ရတယ် ရတယ်၊ ကိစ္စမရှိဘူး။ နားလည်မှု လွဲတာလေးပဲဟာကို။ ဒီကိစ္စကို စိတ်ထဲမထားပါနဲ့တော့၊ စန်းကော"

ချေးကို ရယ်နေလိုက်။

ကျန်းယွီသော်က အေးစက်စက်မျက်နှာထားဖြင့် လင်ရွှိအားကြည့်နေပြီးနောက် နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြန်သည်။ သို့သော်လည်း ဝတ်ကျေတမ်းကျေအပြုံးတုတစ်ခုကိုတောင် ပြုံးမထွက်နိုင်ခဲ့ပေ။

***

(ဆက်ရန်)


T/N:

登鹳雀楼 dēng guàn què lóu/ Ascending Stork Tower

Continue Reading

You'll Also Like

362K 12.6K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
1.7M 141K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
136K 3.7K 60
"I'm sorry for leaving you", I whispered. "n-never leave ", she cried. "Shhh it's okay, I'm not leaving". *****************************************...
70.2K 11.2K 153
Official English Title (Global Examination) mostly known as Global University Entrance Examination_GUEE တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲလို့ခေါ်တဲ့ syste...