Chapter ● 45 ●
"အိမ်ပြောင်းမယ်ဆိုတဲ့ အဓိပ္ပာယ်လား"
ကျန်းယွီသော်သည် လက်ထဲတွင်ကိုင်ထားသော ရေသန့်ဘူးကို တစ်ချက်ဖျစ်ညှစ်လိုက်ပြီးနောက် ဘူးထဲတွင် ကျန်ရှိနေသော ရေကို ခေါင်းမော့ကာ အကုန်သောက်ချလိုက်သည်။ ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ကာ ပါးစပ်သုတ်လိုက်သည်။
ချန်ခေါ့က ကျန်းယွီသော်အားကြည့်နေသည်။
အချိန်အတော်များများ၌ ကျန်းယွီသော်တွင် အနေအထား နှစ်ရပ်ရှိနေသလို ခံစားရသည်။ ချန်ခေါ့အနေဖြင့် အနက်အဓိပ္ပါယ်အတိအကျကို ဘယ်လိုသတ်မှတ်ရှင်းပြရမှန်း မသိသော်လည်း ထိုကဲ့သို့ဖြစ်နေသည်ကို သူ့စိတ်ထဲတွင် သိနေသည်။
ဥပမာဆိုရလျှင် လောလောဆယ် မျက်မှောက်ရှိ ကျန်းယွီသော်က အေးဆေးတည်ငြိမ်နေသည်။ ယမန်နေ့ညက အေးဆေးတည်ငြိမ်မှုနှင့် နှိုင်းယှဉ်လျှင် မတူညီသော အနေအထားနှစ်မျိုးဖြစ်သည်။
"ငါ ပြောချင်တာက ... ..."
ချန်ခေါ့က စဉ်းစားလိုက်သလို တုံ့ဆိုင်းသွားသည်။
"ငါ့အိမ်မှာ ခဏ ပြန်သွားနေရင် ကောင်းမလားလို့"
"လခွမ်း"
ကျန်းယွီသော်က ရယ်လိုက်သည်။
"ခင်ဗျား ချန်ယိကို အရင်ဆုံး သွားပြောလိုက်ပါဦး။ ပြောပြီးရင် သူ ခင်ဗျားကို ချောချောမွေ့မွေ့နဲ့ ပြန်ခိုင်းမလားဆိုတာ ကြည့်ကြည့်ပေ့ါ"
ချန်ခေါ့က သက်ပြင်းချလိုက်သည်။ ကိုယ်ကို ဘေးတစ်စောင်းအနေအထား လှည့်လိုက်ပြီး ခြေထောက်ကို ကွေးလိုက်သည်။ ထို့နောက် ခြုံစောင်အစွန်းတစ်ဖက်ကို ဆွဲယူကာ ကိုယ့်ခြေထောက်ပေါ်ကို ခြုံလိုက်သည်။
"အေးလို့လား။ အနွေးဓါတ်ပေးစက် ဖွင့်ထားတယ်မဟုတ်ဘူးလား။ ဘာလို့ ပိတ်လိုက်တာလဲ"
ပြောရင်း ကျန်းယွီသော်က ခြုံစောင်ကို ချန်ခေါ့ဘက်သို့ အနည်းငယ် တွန်းပေးလာသည်။
"ဖွင့်ထားတာ ကြာသွားပြီလေ။ ကားမှန် နည်းနည်းချထားလည်း ကားထဲက လေထုက မကောင်းတော့ဘူး။ ပြီးတော့ ဖွင့်တာများပြီး ဆီကုန်သွားမှာလည်း စိုးရသေးတယ်"
"ခင်ဗျား တစ်ညလုံး အိပ်မပျော်လိုက်ဘူးလား"
"မအိပ်လိုက်ဘူးထင်တယ်။ ခဏ အိပ်ပျော်သွားချင်လည်း ပျော်သွားလိမ့်မယ်။ ငါလည်း မသိတော့ဘူး။ ဝေဝေဝါးဝါးပဲ"
ပြောပြီးနောက် ချန်ခေါ့က မျက်နှာကို လက်နှင့် ပွတ်လိုက်သည်။
ကျန်းယွီသော်က ချန်ခေါ့အား ကြည့်လိုက်သည်။
"ခင်ဗျား မျက်နှာအရောင်က တော်တော်လေး မကောင်းနေဘူး"
"မင်းထက်တော့ ကောင်းပါသေးတယ်။ မင်းလည်း အိပ်မပျော်ဘူးမလား"
ချန်ခေါ့ကလည်း ကျန်းယွီသော်ကို ကြည့်နေလိုက်သည်။ ကျန်းယွီသော်၏ မျက်နှာအရောင်က သွေးဆုတ်ဖြူရော်နေပြီး ကြည့်လိုက်သည်နှင့် ထိုခေါင်းမူးခြင်းမှာ အလွန် ပြင်းထန်ကြောင်း သိနိုင်သည်။
ကျန်းယွီသော်က ရယ်လိုက်သည်။
"အင်း။ အိပ်မပျော်လည်း လှုပ်လို့မရဘူး။ ကျွန်တော်က ခင်ဗျားအိပ်ပျော်သွားတယ်လို့ ထင်နေတာ"
"ဘယ်လိုလုပ်ပြီး ... ... အိပ်ပျော်နိုင်မှာလဲ"
"တစ်ညလုံးလည်း တော်တော် စဉ်းစားလိုက်ရမှာပဲမလား"
ချန်ခေါ့က ဘာစကားမှမဆိုဘဲ စီးကရက်တစ်လိပ်ယူပြီး မီးညှိလိုက်ပြီးနောက် စီးကရက်ဘူးနှင့်မီးခြစ်ကို ကျန်းယွီသော်၏ လက်နားသို့ ပစ်ပေးလိုက်သည်။
ကျန်းယွီသော်က ဆေးလိပ်တစ်လိပ်မီးညှိလိုက်သည်။ ဆေးလိပ်ကို ပါးစပ်တွင် ခဲထားလိုက်ကာ ကားတံခါးနားတွင် မှီပြီး ကားပြတင်းအပြင်သို့ ငေးကြည့်နေသည်။
"နှင်းကျပြန်ပြီပဲ"
"ခါတော်မီနှင်းက သီးနှံအထွက်ကောင်းမယ်ဆိုတဲ့ နိမိတ်ပဲ"
ချန်ခေါ့က ပြောလိုက်သည်။
"အိမ်ပြန်လို့မရဘူးဆိုတော့ ခင်ဗျား ဘယ်မှာနေမယ်လို့ စဉ်းစားထားလဲ"
"ငါနဲ့ ... ..."
ချန်ခေါ့က အနည်းငယ်တွေဝေသွားပြီးနောက် ရွှီတင်း၏ နာမည်ကို ထုတ်မပြောဘဲ ဆက်ပြောလာသည်။
"သူငယ်ချင်းတစ်ယောက်က ဆိုင်တစ်ဆိုင်ဖွင့်မလို့။ နှစ်မကုန်ခင် ဆိုင်ရဲ့ အပြင်ပန်း အပြင်အဆင်ကို အပြီးလုပ်မလို့ မှန်းထားတာဆိုတော့ ဆိုင်မှာ အရင်နေနေဖို့ စဉ်းစားထားတယ်။ ဒါမှမဟုတ်လည်း ... ..."
"ရွှီတင်းနဲ့လား"
ကျန်းယွီသော်က မေးလာသည်။ မျက်လုံးအကြည့်မှာ ကားပြတင်းအပြင်ဘက်သို့ ကြည့်နေဆဲပင်။
ချန်ခေါ့က ကျန်းယွီသော်အား ကြည့်ရင်း ပြောလာသည်။
"အင်း ... ... ငါ ရွှီတင်းနဲ့ သိလာတာ နှစ်တွေ တော်တော်ကြာနေပြီ။ အမြဲတမ်းလည်း အဆက်အသွယ်ရှိတယ် ... ..."
ကျန်းယွီသော်က ဘာစကားမှ ထပ်ပြောမလာတော့ပေ။
ချန်ခေါ့လည်း ကားအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဒီအချိန်မှာ ... ... မနက်စာရောင်းတဲ့ဆိုင်ရှိလား"
"ရှိတယ်။ ခင်ဗျား ဗိုက်ဆာလို့လား"
ကျန်းယွီသော်က လှည့်မေးသည်။
"နည်းနည်းဆာသလိုပဲ။ တကယ်လို့ တောက်လျှောက်အိပ်ပျော်နေရင်တော့ သိပ်သိသာမှာ မဟုတ်ပေမယ့် ... ..."
ချန်ခေါ့စကားမဆုံးသေးမီတွင်ပင် ကျန်းယွီသော်က ဆေးလိပ်မီးကို ငြိမ်းသတ်လိုက်ကာ စောင်ကို ဆွဲဖယ်လိုက်သည်။ ချန်ခေါ့သည် ကျန်းယွီသော်၏ လက်မောင်းကို အလျင်အမြန်ပင် ဆွဲတားလိုက်သည်။
"ငါလည်း မင်းနဲ့ အတူလိုက်ခဲ့မယ် ... ... တကယ်လို့ မင်း ဗိုက်မဆာဘူးဆိုရင် ငါ ... ... ငါ့ဘာငါ သွားလိုက်မယ်"
"ကျွန်တော် သွားမယ်"
"ရတယ်။ မင်းက ခုနကမှ ခေါင်းမူးသက်သာသွားတာလေ။ စောက်ရမ်းအေးစိမ့်နေတာ"
ချန်ခေါ့က ကျန်းယွီသော်၏လက်ကို ဖမ်းဆွဲထားပြီး မလွှတ်ပေးသေးပေ။
"ကျွန်တော် သွားလိုက်မယ်"
"ငါ မဆာဘူး။ မစားချင်တော့ဘူး"
"ကျွန်တော် ဆာပြီ"
ကျန်းယွီသော်က ချန်ခေါ့အား ကြည့်နေသည်။
ချန်ခေါ့သည် ချက်ချင်းပြန်ပြောစရာစကား ရှာမတွေ့နိုင်ဖြစ်သွားသည်။ ကျန်းယွီသော်က သူ့လက်ကို လှမ်းကြည့်လိုက်သည်။
"လက်ဖယ်"
ချန်ခေါ့သည် ကိုင်ဆွဲထားသော လက်ကိုသာ လွှတ်ပေးလိုက်ရတော့သည်။
.
ကျန်းယွီသော်က ကားပေါ်မှဆင်းပြီးနောက် ကားတံခါးကို ပိတ်လိုက်သည်။ ထို့နောက် လေးဘက်လေးတန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အရှေ့ဘက်ဂိတ်ပေါက်ဘက်သို့ ခေါင်းငုံ့ကာ လျှောက်ထွက်သွားသည်။
အမှန်တကယ်တွင် ကျန်းယွီသော်အတွက်ပြောရလျှင် အပြင်ဘက်၏ ယခုလက်ရှိအပူချိန်သည် အေးသည်ဟု မဆိုသာသော အပူချိန်ဖြစ်သည်။ သို့သော် တစ်ညတာလုံးတွင် သူသည် အနွေးထည်တောင် မချွတ်ဘဲ ကားပေါ်တွင် လှဲနေပြီး ချန်ခေါ့ကလည်း သူ့ကိုယ်ပေါ်သို့ ခြုံစောင်တစ်ထပ် ထပ်ပြီး ပုံထားပေးသေးသည်။ ကိုယ်ခန္ဓာက ထိုကဲ့သို့သော အပူချိန်ထဲတွင် အသားကျနေပြီးမှ ယခုကဲ့သို့ စောင်ကိုဖယ်ခွာပြီး နှင်းပြင်ထဲသို့ ဝုန်းခနဲဆင်းချလာခြင်းမှာ အနည်းငယ်တော့ အေးစိမ့်စိမ့်ခံစားလိုက်ရသည်။
ကျန်းယွီသော်သည် အနွေးထည်ဇစ်ကို အဆုံးထိ ဆွဲတင်ပိတ်လိုက်ပြီးနောက် ခြေလှမ်းသွက်သွက်ဖြင့် ရှေ့ဆက်လျှောက်လာသည်။
ပတ်ဝန်းကျင်တစ်ခွင်တွင် လွန်စွာတိတ်ဆိတ်ငြိမ်သက်နေသည်။ ဤကဲ့သို့သောအချိန်သည် နောက်ကျမှ အိပ်စက်တတ်သူများက အိပ်ရာဝင်ခါစအချိန်ဖြစ်ပြီး စောစောနိုးထကြသူများက မနိုးထသေးသောအချိန်အခါဖြစ်သည်။ သူ့အတွက် အလွန်အင်မတန် လုံခြုံဘေးကင်းသော အချိန်သမယပင် ဖြစ်တော့သည်။
မနက်စာဆိုင်များလည်း ယခုမှ ဖွင့်ခါစဖြစ်နေပြီး မနက်စာဝယ်ယူနိုင်ရန် အချိန် တစ်အောင့်မျှတော့ စောင့်ရဦးလောက်မည်။
အမှန်တွင် နောက်ထပ် နာရီဝက်မျှ နောက်ကျပြီးမှ ထွက်လာလျှင် ကွက်တိကျလိမ့်မည်။
သို့သော် ကျန်းယွီသော်က ယခုချက်ချင်းထွက်လာရန်သာ ဆုံးဖြတ်လိုက်သည်။ အကြောင်းရင်းမှာ ချန်ခေါ့က စောဒကတက်ပြီး သူထွက်မည်တကဲကဲလုပ်နေခြင်းကြောင့်မဟုတ်ပေ။ ချန်ခေါ့က အန္တရာယ်ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်လည်း မဟုတ်ပါ။ ကျန်းယွီသော်ကိုယ်တိုင်ကိုက ထွက်လာချင်၍သာ ဖြစ်သည်။
သူသည် သိပ်ပြီးတော့ ကသိကအောက်နှင့် အိုးတို့အမ်းတမ်းမဖြစ်လိုပေ။
ချန်ခေါ့ကိုလည်း ကသိကအောက် မဖြစ်စေလိုပေ။
ချန်ခေါ့သည် လူကောင်းတစ်ယောက်ဖြစ်သည်။ မိမိပြောပြသောစကားများကို လုံးဝဥဿုံ မယုံကြည်သော်လည်း၊ အနည်းဆုံးတော့ အားလုံးကို မယုံနေသော်လည်း၊ ချန်ခေါ့သည် အမှန်စင်စစ်ကို လူကောင်းတစ်ယောက်ဖြစ်သည်။
မင်းရူးနေတာမဟုတ်ဘူးလား။
ထိုစကားကို လူတစ်ယောက်က သူ့အား ပြောခဲ့ဖူးသည်။ တစ်ယောက်မက ပြောဖူးတာလည်း ဖြစ်နိုင်သည်။ သူ အသေအချာ မမှတ်မိတော့။ ထိုပျောက်ကွယ်သွားသောလူများကို ယခုတွင် သူ သေချာမမှတ်မိတော့ပေ။
အရာအားလုံးက မစိမ်းသက်နေပေ။
သို့သော် တူလည်း မတူနေပြန်ပေ။
ကျန်းယွီသော်အား ထိုစကားကို လုံးဝပြောမထုတ်လာသော တစ်ဦးတည်းသောလူမှာ ချန်ခေါ့တစ်ယောက်တည်းသာရှိသည်။ ကျန်းယွီသော်၏ စဉ်းစားတွေးခေါ်သောလမ်းကြောင်းအတိုင်း လိုက်ကာ ဂရုတစိုက်နှင့်သတိရှိရှိ အလိုက်သင့် ပြောပေးလိုစိတ်လည်း ရှိနေသေးသည်။
မိမိကြောင့် ထိခိုက်အန္တရာယ်ဖြစ်သွားရသည်ဟု မှတ်ယူထားချိန်တွင် ချက်ချင်း ပျောက်ကွယ်မသွားသော တစ်ဦးတည်းသောသူလည်း ဖြစ်သည်။
သဘောကောင်းသောကြောင့်ဖြစ်နိုင်သလို၊ ယဉ်ကျေးသောလူ့ကျင့်ဝတ်များကို ဆုံးမသင်ယူခံထားရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ စိတ်ဝင်စားသော "စိတ်ကူးအတွေးရှိနေသည်" ဟူသော စကားကြောင့်လည်း ဖြစ်နိုင်သေးသည်။
ချန်ခေါ့သည် ဘယ်တစ်ဦးတစ်ယောက်နှင့်မှ မတူပေ။
ကျန်းယွီသော်သည် အနည်းငယ်ကြောက်ရွံ့စိုးရိမ်နေသည်။
တစ်နေ့နေ့ ချန်ခေါ့ပျောက်ကွယ်သွားလျှင် မိမိက မေ့မသွားနိုင်ဘဲ အမြဲတမ်းအမှတ်ရနေမည်ကို ကျန်းယွီသော်က ကြောက်ရွံ့တွေးပူနေသည်။
ထင်ထားသည့်အတိုင်းပင် မနက်စာဆိုင်သည် ယခုမှ ဆိုင်ဖွင့်ခါစဖြစ်သည်။ ကျန်းယွီသော်ရောက်သွားသောအချိန်တွင် ပေါက်စီဆိုင်ပိုင်ရှင်သည် ဆိုင်ခန်းတံခါးရွက်ကို အပေါ်သို့တွန်းတင်ပြီး ဖွင့်လှစ်နေဆဲဖြစ်သည်။
ဆိုင်ပိုင်ရှင်က သူလျှောက်လာသည်ကို မြင်သည်နှင့် နံရံပေါ်မှ နာရီကို တစ်ချက်ကြည့်လိုက်သည်။
"စောလှချည်လား။ ရဖို့ နည်းနည်းစောင့်ရဦးမယ်။ ပေါက်စီက အခုမှ မီးဖိုပေါ်တင်ပေါင်းထားရတာ"
"ကိစ္စမရှိဘူး"
ကျန်းယွီသော်ကပြောပြီး ဆိုင်ထဲသို့ဝင်လာချိန်တွင် မျက်နှာပေါ်၌ ယားယံသလိုခံစားလိုက်ရသောကြောင့် လက်ကိုဆန့်ပြီး တစ်ချက်ကုတ်လိုက်သည်။
မျက်လုံးထောင့်နားတွင် သေးငယ်ပါးလျသော အရည်ပျော်နေဆဲ ရေခဲချောင်းလေးကို စမ်းသပ်မိသည်။
ထောင့်နားရှိ စားပွဲပေါ်တွင် တိုလီမုတ်စပစ္စည်းတစ်ပုံကို ပုံတင်ထားသည်။ နေ့စဉ်သုံးပစ္စည်းများနှင့် မသိမ်းဆည်းဖြစ်သော ဟင်းသီးဟင်းရွက်များဖြစ်သည်။ ကျန်းယွီသော်က ထိုနားသို့သွားပြီး စားပွဲပေါ်မှ မှန်အသေးတစ်ချပ်ကို ယူပြီး ကိုယ့်မျက်နှာကို မှန်ထဲတွင် ကြည့်လိုက်သည်။
ကျောက်စိမ်းရောင် ဝန်းဝိုင်းသောစက်ဝိုင်းမှန်အလယ်တွင် ဖြူရော်ဖျော့တော့နေသော သူ့မျက်နှာကို မြင်နေရသည်။ ရာသီဥတုက အေးစက်လွန်း၍လားမသိ၊ သူ့မျက်နှာပေါ်ရှိ အမာရွတ်ဟောင်းမှာ အေးခဲပြီး ဘေးနားရှိ မျက်နှာအသားအရောင်နှင့် အရောင်ညီလုနီးပါးဖြစ်နေသည်။
မျက်လုံးကတော့ မနီရဲနေပေ။
ကျန်းယွီသော်သည် မျက်လုံးကိုပွတ်သပ်လိုက်ပြီးနောက် ခွေးခြေခုံပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် စီးကရက်တစ်လိပ်မီးညှိပြီး ပါးစောင်တွင်ခဲထားရင်း အပြင်ဘက်သို့ ကြည့်နေသည်။
အပြင်ဘက်တွင် ပတ်ဝန်းကျင်တစ်ခွင်က မီးခိုးဘက်သန်းနေသော အဖြူရောင်ဖြင့် လွှမ်းခြုံအုံ့ဆိုင်းနေသည်။ လမ်းမီးက နှင်းထုကို ကျော်ဖြတ်ပြီး မြေတစ်ကွက်စာလောက်ကို အလင်းရောင်ပေးထွန်းလင်းနေပုံမှာ အဝါရောင်နောက်ခံပေါ်တွင် အဖြူရောင်ပန်းပွင့်ပုံပါသော ခရာ တစ်ခုနှင့်တောင် တူနေတော့သည်။
မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ရှိ လမ်းဓါတ်မီးတိုင်အောက်တွင် လူတစ်ယောက် ရပ်နေသည်။
ပထမတစ်ကြိမ်ကြည့်စဉ်က ထိုနေရာတွင် လူမရှိနေသေးပေ။ ဒုတိယအကြိမ်မြောက် ကြည့်လိုက်ချိန်တွင် ကျန်းယွီသော်က ထိုလူကို တွေ့လိုက်ရသည်။
ဆိုင်ပိုင်ရှင်က စားပွဲပေါ်တွင်တင်ထားသော ထိုင်ခုံများကို တစ်လုံးချင်းစီ အောက်ပြန်ချပြီး စီနေသည်။
"ရထားစီးဖို့ ဘူတာအပြေးသွားစရာရှိလို့လား။ ဒီလိုအချိန်ကတော့ ကားငှားဖို့တောင် မလွယ်လောက်ဘူးထင်တယ်။ လမ်းပေါ်မှာ သရဲတောင် တစ်ကောင်တစ်မြီးမှ မရှိနေဘူး"
"မဟုတ်ပါဘူး။ အိပ်မပျော်တော့ အစောကြီးနိုးနေတာ။ ဗိုက်လည်း ဆာလာလို့"
ကျန်းယွီသော်က အကြည့်ကို ရွှေ့လိုက်သည်။
မျက်နှာချင်းဆိုင်လမ်းဘက်ခြမ်းသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ချိန်တွင် ဓါတ်မီးတိုင်အောက်တွင် လူမရှိနေတော့ပေ။ ကျန်းယွီသော်သည် ခေါင်းကိုငုံ့ပြီး မျက်လုံးများကို ပိတ်ချလိုက်သည်။
ဆိုင်ပိုင်ရှင်က ရယ်ရင်းပြောလာသည်။
"ဒီလောက် အသက်ငယ်ငယ်လေးရှိသေးတာကို အိပ်ရေးပျက်နေပြီလား။ ကျုပ်လို အဘိုးကြီးတောင် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တော့တာပဲ။ မင်းက အလုပ်တွေ အရမ်းပင်ပင်ပန်းပန်းမလုပ်ဖူးလို့နေမယ်"
"ဖြစ်နိုင်ပါတယ်"
ပေါက်စီပေါင်းက ကျက်သွားပြီးနောက် ကျန်းယွီသော်သည် ပေါက်စီအလုံး ၂၀ ကို ဝယ်ယူလိုက်သည်။ ပေါက်စီအရွယ်အစားသည် တော်တော်လေးကြီးသည့်အထဲတွင် ပါဝင်သည်။ ပဲနို့အပူကိုလည်း ထပ်ပေါင်းထည့်လိုက်လျှင် စား၍ မကုန်နိုင်လောက်ပေ။
ကျန်းယွီသော်သည် ပေါက်စီနှင့်ပဲနို့တို့ကို အနွေးထည်ထဲထည့်ပြီး ပွေ့ထားကာ အိမ်ရာဝန်းထဲသို့ ခြေလှမ်းသွက်သွက်နှင့် ပြန်လာသည်။
ခပ်လှမ်းလှမ်းတွင် ရပ်ထားသော ကားကို မြင်နေရသော နေရာသို့အရောက်တွင် ကျန်းယွီသော်သည် ခေါင်းကိုငုံ့ပြီး မျက်လုံးဘေးပတ်ပတ်လည်ကို ပွတ်သပ်လိုက်သည်။ ဘာကိုမှ မစမ်းသပ်မိပေ။
ကားဆီသို့ရောက်ရန် မီတာ နှစ်ဆယ်သုံးဆယ်ခန့် အကွာအဝေးသို့ရောက်သောအခါတွင် ကားတံခါးက ပွင့်လာပြီး ချန်ခေါ့က ကားပေါ်မှ ခုန်ဆင်းလာသည်။
ကျန်းယွီသော်က လျှောက်သွားရင်း ပြောလိုက်သည်။
"ဘာလဲ။ စီတန်းပြီးကြိုဆိုတာလား"
"နှင်းကျနေတဲ့ရာသီဥတုကြီးမှာ ခေါင်းစွပ်တောင်မဆောင်းဘဲ ခြေလျင်နဲ့ ပေါက်စီသွားဝယ်တဲ့ သူရဲကောင်းကြီး ပြန်လာတာကို ကြိုဆိုပါတယ်"
"သိပ်လည်း မဝေးပါဘူး။ လမ်းမကိုဖြတ်ပြီးတော့ နောက်ထပ် သုံးလေးငါးလှမ်းလျှောက်ရင် ရောက်တဲ့ဆိုင်ပဲကို"
ကျန်းယွီသော်သည် ကိုယ်ပေါ်တွင် ကပ်တင်နေသော နှင်းဖတ်များကို ခါချလိုက်ပြီးနောက် ကားပေါ်တက်ထိုင်ကာ ကားတံခါးကို ပိတ်လိုက်သည်။ ထို့နောက် အင်္ကျီထဲမှ မနက်စာအိတ်ကို ယူထုတ်ပြီး ထိုင်ခုံပေါ်တင်လိုက်သည်။
"အခုအချိန်မှာ ဖွင့်နေတာ ပေါက်ဆီဆိုင်ပဲ ရှိတယ်"
"အင်း။ ငါ ပေါက်စီမစားဖြစ်တာ တော်တော် ကြာခဲ့ပြီ။ ပေါက်စီက အလုံးတော်တော်ကြီးတာပဲ"
ချန်ခေါ့လည်း ကားပေါ်တက်လာပြီး ပေါက်စီတစ်လုံးကိုယူကာ တစ်ငုံကိုက်စားလိုက်သည်။
"ဟုတ်တယ်"
ကျန်းယွီသော်လည်း ပေါက်စီတစ်လုံးယူလိုက်သည်။
ချန်ခေါ့သည် လက်ထဲတွင်ကိုင်ထားသောပေါက်စီကို တစ်ကိုက်ကိုက်လိုက်ပြီး ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ပြန်လှည့်သွားသည်။
"ဘာကြည့်တာလဲ။ ဒီဟာက ကျွန်တော့်ထက် ကြီးတယ်လို့ ပြောချင်လို့လား"
"ပါးစပ်ပိတ်ထားစမ်းပါ။ မင်းက ဘယ်လိုဖြစ်ပြီး စားစရာကိုကြည့်ပြီး ဖျက်လိုဖျက်ဆီးတွေ ပြောချင်နေရတာလဲ"
ကျန်းယွီသော်က ရယ်လိုက်ပြီး ပေါက်စီကို အလုပ်ကြီးကြီး တစ်လုံစာ ငုံ့ကိုက်လိုက်သည်။
"ခင်ဗျားတို့သခင်လေးတွေကိုက ကြီးကြီးကျယ်ကျယ်တွေ သိက္ခာထိန်းနေကြတာ"
ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာစကားမှမဆိုပေ။
.
ပေါက်စီစား ပဲနို့သောက်ပြီးသွားကာ ကားပေါ်တွင် ခေတ္တမျှငေးငိုင်နေပြီးနောက် ချန်ခေါ့သည် အချိန်ကို တစ်ချက် ခိုးကြည့်လိုက်သည်။ မနက် ငါးနာရီခွဲနေပြီ။
ကားထဲတွင် အနွေးပေးစက်ကို တောက်လျှောက်ပိတ်ထားသောကြောင့် ယခုတွင် အနည်းငယ် အေးစိမ့်လာပြီဖြစ်သည်။ ချန်ခေါ့က အနည်းငယ်တုံ့ဆိုင်းပြီးနောက် ပြောလာသည်။
"အိမ်ပေါ်တက်ရအောင်။ အိမ်ထဲမှာ နွေးနွေးထွေးထွေးရှိတယ်"
ကျန်းယွီသော်က အင်း ဟုသာ ပြန်ပြောလိုက်သည်။
ချန်ခေါ့သည် ခြုံစောင်တစ်ထွေးကို ပွေ့ပိုက်ပြီး တိုက်ထဲသို့ ရောက်လာချိန်တွင် လုံခြုံရေးအစောင့်ကလည်း တံခါးပေါက်ဝတွင် မတ်တတ်ရပ်နေချိန်နှင့် ဆုံသွားသည်။
"ဒါက ဘယ်လိုဖြစ်တာလဲဗျို့။ မနေ့ညက ခင်ဗျား စောင်ကိုပိုက်ပြီးထွက်သွားတာကို မြင်လိုက်တာတော့ တော်တော်လေး အလောတကြီးဖြစ်နေတဲ့ပုံပဲ။ ညလယ် တိုက်ပတ်ဝန်းကျင်ကို ကင်းလှည့်တော့ ဟိုနားက ကားထဲမှာရှိနေသေးတာ တွေ့လိုက်တယ်။ ကားထဲမှာ ဆေးလိပ်သောက်နေတာတွေ့တော့ ဘာကိစ္စမှမရှိလောက်ပါဘူးလေဆိုပြီး ကျုပ် သွားမမေးတာ"
"... ... စခန်းချကမ့်ပင်း လုပ်နေတာ။ ခင်ဗျားကို့က ကင်းလည်း လှည့်ပေးတာလား"
လုံခြုံရေးအစောင့်က ရယ်လိုက်သည်။
"သေချာပေါက်လှည့်ရတာပေါ့ဗျာ။ ညတိုင်း နှစ်ကြိမ်လှည့်ကြည့်ရတာ။ တိုက်ထဲ နေထိုင်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပါ"
"ဪ"
ချန်ခေါ့ကလည် ရယ်လိုက်သည်။
ဓါတ်လှေကားတံခါးပွင့်လာသောအခါ ကျန်းယွီသော်က စောင်ကို ဖမ်းကိုင်ပြီး ချန်ခေါ့အား အထဲသို့ ဆွဲသွင်းသည်။
"နည်းနည်း ခေါက်ပြီးမှ သယ်ပါလို့ ခုနတုန်းက ကျွန်တော်ပြောသားပဲ။ အဲဒါဆို ဒီလိုမျိုး အထွေးလိုက်ကြီး အကြီးကြီးမဖြစ်နေတော့ဘူးပေါ့"
"ကားပေါ်က အဲဒီနေရာကျဉ်းကျဉ်းလေးထဲမှ ဘယ်လိုလုပ်ပြီး ခေါက်လို့ရမလဲ"
"ခင်ဗျား လုံးဝကို မခေါက်တတ်တာ မဟုတ်ဘူးလား။ နည်းနည်း ခါလိုက်ပြီး ဖြန့်ခင်းတာလောက်ပဲ လုပ်တတ်တာမလား"
"မခေါက်ဖူးဘူး။ ဒါပေမဲ့ ခေါက်တော့ ခေါက်တတ်ပါတယ်။ ဘီရိုထဲ ထည့်သိမ်းဖို့ဆိုရင် ခေါက်မှကို ရတာလေ။ ခေါက်တဲ့အချိန်မှာ ခေါက်ဖို့နေရာတော့ ရှိဖို့လိုတယ်မလား"
ချန်ခေါ့က အမှန်အတိုင်း ပြန်ပြောလိုက်သည်။
ကျန်းယွီသော်က ဘေးနားတွင် မှီရပ်ပြီး ရယ်နေသည်။
အိမ်ထဲသို့ပြန်ရောက်ပြီးနောက် နွေးထွေးသောလေထုကြောင့် ချန်ခေါ့သည် စိတ်လက်ပေါ့ပါးသွားတော့သည်။ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာ နည်းနည်းလေးတောင် ရွေ့လျားချင်စိတ်မရှိတော့ပေ။
ကျန်းယွီသော်က မြောင်၏ အိမ်သာကို သိမ်းဆည်းသန့်ရှင်းလိုက်ပြီးနောက် မြောင်ကိုလည်း အစာကျွေးလိုက်သည်။ ပြန်ထွက်လာသောအခါ ဧည့်ခန်းထဲတွင် ခဏရပ်နေပြီးမှ စကားပြောလာသည်။
"ကားကို ချန်ချင့်ဆီ ကျွန်တော်ပဲ ပြန်ပို့လိုက်မယ်"
"အင်း၊ မင်းပဲ သွားပို့မှာလား"
ချန်ခေါ့က ကားသော့ကို ယူထုတ်လာသည်။
"ကျွန်တော်သွားရင် အဲဒီကောင်က စကားပြောဖို့ ကျွန်တော့်ကို ခဏဆွဲထားလို့ရတယ်လေ။ ခင်ဗျားသွားရင် ခင်ဗျားနဲ့ သူက ဘာစကားတွေ ပြောစရာရှိမှာလဲ"
"ကိုယ်ရံတော်ချုပ်က အဲဒီလောက်တောင် အထီးကျန်နေတာလား ... ..."
ချန်ခေါ့က သော့ကို ကျန်းယွီသော်အား လှမ်းပေးလိုက်သည်။
ကျန်းယွီသော်က တံခါးပေါက်ဆီသို့ လှမ်းသွားရင်းပြောလာသည်။
"နေ့လယ်စာအတွက် ခင်ဗျား ကိုယ့်ဘာသာကို ပါဆယ်မှာစားလိုက်တော့။ ချန်ချင့်က သူနဲ့စားဖို့ သေချာပေါက်ခေါ်ထားမှာ"
"အင်း"
ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။ သူသည် ယခုတွင် ခဏဖြစ်ဖြစ် အိပ်ချင်နေသည်။ နေ့လယ်တွင်လည်း ထနိုင်လောက်မည် မဟုတ်ပေ။
"အန်တီကြီးက မနက်ဖြန်ဆိုရင် ပြန်လောက်ပြီ။ သူပြန်သွားရင်တော့ မြောင်ကိုခေါ်ပြီး ကျွန်တော်ပြန်လိုက်မယ်"
ချန်ခေါ့က ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်ပြီး ဘာစကားမှမဆိုဘဲ ခေါင်းသာ ညိတ်လိုက်သည်။
"ခင်ဗျား ... ..."
ကျန်းယွီသော်က တံခါးလက်ကိုင်ကို အားပါပါနှင့် ဆုပ်ကိုင်ထားသည်။ သွေးဆုတ်ပြီး ဖြူစွတ်နေသော အဆစ်များကို ချန်ခေါ့က လှမ်းမြင်နေရသည်။
"အိမ်ငှားစာချုပ်ထဲက အချိန်ကိုရောက်ဖို့တော့ လိုသေးတယ်။ ဒါပေမဲ့ ခင်ဗျား ပြောင်းထွက်ချင်ရင်တော့ စာချုပ်ဖောက်ဖျက်တဲ့အထဲလည်း အကျုံးမဝင်ဘူး"
ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။
ကျန်းယွီသော်က စကားကို ခဲခဲယဉ်းယဉ်းနှင့် ဆက်ပြောလာသည်။
"ဒီလ ရက်ပြည့်တဲ့အထိ ခင်ဗျား နေလို့ရတယ်။ ပြီးတော့ ... တကယ်လို့ လတ်တလောမှာ ပြောင်းနေစရာ ရှာမတွေ့သေးရင် ... ... ဒီမှာ ဆက်ပြီး နေနေလို့ရတယ် ... ..."
ချန်ခေါ့သည် ဘာပြန်ပြောသင့်မှန်းမသိဖြစ်နေသည်။ ရင်ထဲတွင် အနည်းငယ် ပိတ်ဆို့နေသလို ခံစားနေရပြီး လည်မျိုကလည်း ပိတ်ဆို့ခံရသလို ဖြစ်နေကာ စကားတစ်ခွန်းမှ ထွက်မလာပေ။
ကျန်းယွီသော်ပြောလိုက်သောစကားများက ချန်ခေါ့အား ကျန်းယွီသော်က အိမ်တံခါးကိုဖွင့်ထွက်သွားပြီးနောက်တွင် နောက်ပိုင်းတွင် ဘယ်တော့မှထပ်မတွေ့ရတော့မှာလို ခံစားရစေသည်။
တံခါးဆီမှ အသံတစ်ချက်မြည်လာကာ ကျန်းယွီသော်က ထွက်သွားပြီးနောက် တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်သည်။
ချန်ခေါ့သည် ဆိုဖာပေါ်ထိုင်ပြီး လက်မောင်းကို ဒူးခေါင်းပေါ်ထောက်ကာ ဆက်တီစားပွဲပေါ်တွင် တင်ထားသော ကြောင်ဦးခေါင်းသော့ချိတ်ကို အချိန်အတော်ကြာသည်အထိ ငေးစိုက်ကြည့်နေလိုက်သည်။
နောက်ဆုံးတွင် သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး မတ်တတ်ရပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။
တစ်ညလုံးမအိပ်ဖြစ်ဘဲ ကားထဲမှ ပိတ်လှောင်နေသော လေထုကြောင့်ထင်သည်၊ ချန်ခေါ့သည် မှန်ထဲမှ မိမိပုံရိပ်ကိုကြည့်လိုက်သော် အငတ်ဘေးမှထွက်ပြေးလာသူတစ်ယောက်နှင့် တူနေပြီး၊ မျက်ကွင်းများလည်း နီရဲနေသည်။
ချန်ခေါ့သည် ရေပူခလုတ်ကို လှည့်ဖွင့်ပြီး ရေပန်းအောက်ထဲသို့ ဝင်လိုက်သည်။ ရေထဲတွင်ရပ်နေပြီး တစ်ကိုယ်လုံးက စတင်ပြီး ပျော့ညွတ်ခွေကျတော့မှ ရေခလုတ်ကို ပိတ်လိုက်သည်။ နံရံကို မျက်နှာမူပြီး သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ရေချိုးပြီနောက် ချန်ခေါ့သည် အိပ်ခန်းထဲသို့ဝင်လာကာ ခုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီး မျက်လုံးပိတ်ချလိုက်သည့်အချိန်ကျမှ သူသည် အိပ်ငိုက်လွန်း၍ အနည်းငယ်တောင် မူးဝေဝေဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သိလိုက်ရသည်။
မြောင်က အိပ်ခန်းထဲသို့ဝင်လာပြီး ခုတင်ပေါ်သို့ ခုန်တက်လာသည်ကို ချန်ခေါ့ သိရှိခံစားလိုက်ရသည်။ စောင်ကို ဖြတ်နင်းပြီး သူ့ကိုယ်ပေါ်သို့ ခုန်တက်လာသည်။ ထို့နောက် သူ့ကိုယ်ပေါ်မှတဆင့် သူ့မျက်နှာပေါ်သို့ ရောက်လာသည်။ ပြီးနောက်တွင် သူ့နှာခေါင်းထိပ်ရှေ့ရှိ ခေါင်းအုံးပေါ်တွင် ကွေးအိပ်လိုက်သည်။
ချန်ခေါ့သည် လက်ညှိးတစ်ချောင်းထုတ်ပြီး မြောင်၏ ဗိုက်သားပေါ်ကို ထိုးကြည့်လိုက်ပြီးနောက် မကြာမီတွင် အိပ်ပျော်သွားတော့သည်။
.
"မနက်အစောကြီးကိုကွာ။ သဘက်ခါမှ လာပေးလည်းရတယ်လို့ ငါပြောခဲ့သားပဲမလား"
ချန်ချင့်က အပြေးလာရင်းပြောသည်။
ကျန်းယွီသော်က ကားပေါ်မှ ဆင်းလိုက်သည်။
"အဲဒါဆို မင်းပဲ ပြန်မောင်းထွက်သွားလိုက်"
"မနေ့ညက ဘာမှမဖြစ်သွားဘူးမလား။ မင်း တစ်ယောက်ယောက်ကို လက်ပါလိုက်တယ်မလား။ အပေါ်ထပ်မှာ အသံတွေကြားတော့ ငါပြေးဆင်းလာတာ။ ရန်ဖြစ်နေကြတယ် ပြောသံကြားလို့"
ချန်ချင့်က ကျန်းယွီသော်နောက်မှ လိုက်လာသည်။
ကျန်းယွီသော်က ချန်ချင့်တို့၏ ဆိုင်ထဲသို့ဝင်လာပြီး နားနေခန်းထဲတွင် ဝင်ထိုင်ကာ စီးကရက်ယူထုတ်လိုက်သည်။
"ဘာလက်မှ မပါလိုက်ရပါဘူးကွာ"
"အဲဒါဆို Jaeger က ဘာလို့ မျက်နှာပျက်နေရတာလဲ"
ချန်ချင့်က ဆေးလိပ်ပြာခွက်တစ်ခွက်ကို ယူလာပြီး ကျန်းယွီသော်နားတွင် ဝင်ထိုင်လိုက်သည်။
"မနက်စာ စားပြီးပြီလား"
"ငါးနာရီမထိုးခင်ကတည်းက စားပြီးသွားပြီ"
"ငါလူး။ အတော်ပဲ အတူတူသွားစားမယ်လို့ ငါပြောမလို့ရှိသေးတာ။ သူတို့တွေ အကုန်လုံး စားပြီးကြပြီ၊ ငါပဲ မစားရသေးတာ"
"မင်းသွားဝယ်လေ။ ဝယ်လာပြီး မင်းစားတာကို ငါစောင့်ကြည့်နေပေးမယ်"
"တော်ပါကွာ။ အဲဒီလိုကျတော့ ဘယ်လိုလုပ်ပြီး စားလို့ဝင်မှာလဲ။ Jaeger နဲ့ အတူတူလာတဲ့လူက ဘယ်အချိန်မှာ ပြန်သွားလိုက်တာလဲ။ ငါဆင်းလာတဲ့အချိန်မှာ သူ့ကို မမြင်တော့ဘူး"
ချန်ချင့်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
ကျန်းယွီသော်က ဘာမှမပြောဘဲတိတ်ဆိတ်နေသည်။
"သူ မင်းကို ဘာမှ သိပ်မမေးဘူးမလား။ ငါ လေ့လာကြည့်ကြည့်တာ ... ... အာ ဟုတ်သားပဲ။ သူတို့နှစ်ယောက် ဘယ်လို ပတ်သက်နေကြတာလဲ"
ကျန်းယွီသော်သည် စက္ကန့်ပိုင်းအတွင်းတွင် မေးခွန်းလမ်းကြောင်းလွဲနေသော ချန်ချင့်ကို ကြည့်နေသည်။
"ဘာတုန်း"
"သူနဲ့ Jaeger ... ... Jaeger နဲ့ အဲဒီလူ ... ..."
ချန်ချင့်က မေးနေရင်းနှင့် ဘေးနားတွင်ရှိနေသော လုပ်ဖော်ကိုင်ဖက်များကို တစ်ချက်လှည့်ပြီးနောက် အသံကို ထိန်းကာ ဆက်ပြောသည်။
"သူတို့နှစ်ယောက်က မဟုတ်မှလွဲရော အတွဲ ... ..."
"ပါးစပ်ပိတ်စမ်း"
ချန်ချင့်သည် ယခုကဲ့သို့သောအချိန်မျိုးတွင် ချက်ဆိုနားခွက်မီးတောက်သည်အထိ သွက်လက်လေ့ရှိသည်။ အလျင်အမြန်ပင် ပါးစပ်ပိတ်သွားသော်လည်း နောက်တွင် "ကျစ်" ခနဲ အသံကတော့ နောက်ဆက်တွဲ ပေါ်လာသည်။
"စန်းကော အအေးမိသွားလို့လား။ မျက်နှာအရောင်က သိပ်မကောင်းနေဘူး"
ချန်ချင့်၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျန်းယွီသော်အား နှုတ်ဆက်လိုက်သည်။
"မင်းကိုမြင်တော့မှ မျက်နှာအရောင်မကောင်းတော့တာ။ စန်းကော က မင်းခေါ်ရမယ့်နာမည်လား"
"အစ်ကိုသုံး(စန်းကော) လို့မခေါ်ဘဲ အဘိုးသုံးလို့ခေါ်လည်း ခင်ဗျားက မျိုးဆက်တစ်ခုစာ ရာထူးတက်သွားမှာမှမဟုတ်တာ"
လုပ်ဖော်ကိုင်ဖက်က ရယ်ရင်းပြောသည်။
"ဟေ့ မင်းဘယ်သွားဖို့လဲ။ အပြင်မှာ မနက်စာထွက်ဝယ်ဖို့လား။ မင်းကို ဝယ်ကျွေးမယ်၊ ငါ့ကိုလည်း တစ်ပွဲလောက် ဝယ်လာပေးပါလား"
ချန်ချင့်သည် ထွက်သွားမလိုလုပ်နေသော ထိုလူကို ခေါ်တားလိုက်ပြီး ပိုက်ဆံအိတ်ယူထုတ်လာသည်။
ထိုလူက လျှောက်ထွက်ရင်းပြောလာသည်။
"အားနေလို့ ဝယ်ကျွေးနေလိုက်။ နောက်မှ ကျွေး။ အဆင်ပြေတာ ဝယ်ခဲ့ပေးမယ်၊ ရလား"
"ရတယ်"
ချန်ချင့်က အော်ပြီး ဖြေလိုက်သည်။
ကျန်းယွီသော်က ချန်ချင့်ကို ကြည့်နေသည်။ ထို့နောက် ဆိုင်ထဲမှ တခြားလူများကိုလည်း ကြည့်လိုက်သည်။
ထိုလူများအားလုံးနီးပါးသည် သူသိသောလူများဖြစ်ကြသည်။ အချို့က ချန်ချင့်နှင့် စကားများဖူးသည်။ လက်ပါသည်အထိ ရန်ဖြစ်ဖူးသူများလည်း ရှိသေးသည်။ သို့သော် ကိစ္စများပြီးဆုံးသွားသည်နှင့် အားလုံးက သင့်သင့်မြတ်မြတ်နှင့် ပြန်ခေါ်ကြ အချင်းချင်းပြုံးပြနိုင်ကြသည်။
အလွန် ရိုးစင်းသည်။
ကျန်းယွီသော်သည် တခါတရံတွင် ထိုကဲ့သို့သော ဘဝဖြတ်သန်းမှုကို အားကျသည်။
ချန်ချင့်တို့အုပ်စုနှင့် တောက်လျှောက် ရောနှောပေါင်းသင်းလာသည်မှာ ဆယ်နှစ်ခန့် ရှိသွားပြီဖြစ်သည်။ မိမိသည် ဤနေရာတွင် မွေးဖွားကြီးပြင်းလာခဲ့ပြီး မိမိထံတွင် သည်လောက၏ အမျိုးမျိုးသော အငွေ့အသက်နှင့်အမှတ်အသားတို့ရှိပြီး သည်လူအုပ်စုက မိမိနှင့်တစ်သားတည်းကျသောသူများဖြစ်သည်ဟု မှတ်ယူသည်။
သို့သော်လည်း ထိုလူများကို အားကျစိတ်ကတော့ ရှိနေဆဲပင်ဖြစ်သည်။
ချန်ခေါ့ကတော့ မိမိနှင့် မတူပေ။ ထို့ကြောင့်သာ ချန်ခေါ့က မိမိအား လွယ်လင့်တကူနှင့် မယုံကြည်ခြင်းဖြစ်သည်။
ချန်ချင့်တို့လူအုပ်စုကလည်း သူနှင့် မတူပေ။ ထို့ကြောင့် ချန်ချင့်တို့က မိမိအား ချွင်းချက်မရှိ ယုံကြည်ကြသည်။
.
ချန်ခေါ့သည် မြောင်၏ ခြေဖဝါးရိုက်ချက်ကြောင့် လန့်နိုးလာချိန်တွင် ပြတင်းပေါက်အပြင်ရှိ လောကတစ်ခွင်မှာ မှောင်မိုက်နေဆဲဖြစ်သည်။
သူသည် အပြင်ဘက်ကို အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေပြီးမှ ဖုန်းကို ရှာစမ်းပြီး နာရီ ကြည့်လိုက်သောအခါ ညဘက်ရောက်နေပြီဖြစ်မှန်း သိလိုက်ရသည်။
အိပ်ရာနိုးလာချိန်တွင် ခေါင်းက မူးနောက်နောက်ဖြစ်နေပြီး ဆိုဖာပေါ်တွင် အချိန်အတော်ကြာအောင် ထိုင်နေလိုက်ပြီးတော့မှ အသိစိတ်ပြန်ကပ်ပြီး နိုးနိုးကြားကြားဖြစ်လာသည်။
ဖုန်းထဲတွင် ရွှီတင်းခေါ်ထားသော missed call တစ်ခုအပြင် အခြား ဘာမက်ဆေ့မှ မရှိပေ။
ချန်ခေါ့က အိမ်ခန်းထဲကို ဝေ့ကြည့်လိုက်သည်။ ကြည့်ရတာ ကျန်းယွီသော် ပြန်လာခြင်း ရှိပုံမရပေ။
ချန်ခေါ့က ကိုယ့်အတွက်ကိုယ် ရေတစ်ခွက်ထည့်လိုက်ပြီး မြောင်ကို အစာကျွေးလိုက်သည်။ ထို့နောက် ရွှီတင်းအား ဖုန်းပြန်ခေါ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"မနက်ဖြန်အချိန်ရှိလား။ ဆိုင်ကို သွားကြည့်ကြည့်ဖို့"
"ရတယ်"
"ဒါဆို မနက်ဖြန် မနက် ၉ နာရီကျရင် မင်းကို ငါ လာခေါ်လိုက်မယ်"
"အင်း"
ချန်ခေါ့က တစ်ချက်တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်သည်။
"အရင်တစ်ခေါက်က မင်းပြောတာ ဆိုင်ထဲမှာ ... ... နားနေခန်း တစ်ခန်းရှိတယ်ဆို"
"ရှိတယ်လေ။ အရင်ဆုံး တစ်ခန်းသက်သက်လုပ်ထားပြီးတော့ နောက်ပိုင်းကျရင် နားဖို့ဘာဖို့လုပ်မယ်လို့ ပြောထားတယ်မလား"
"အဲဒီအခန်းက အားလုံးပြင်ဆင်ပြီးသွားပြီလား"
"မပြီးသေးဘူး။ ဘယ်ကလာပြီး အဲဒီလောက် မြန်မြန်ပြီးနိုင်မှာလဲ။ ဘာဖြစ်လို့လဲ"
ရွှီတင်းက တွေးဆဆနှင့် မေးသည်။
"ဘာမှမဟုတ်ပါဘူး။ ငါ ဒီတိုင်း မေးကြည့်တာ။ မနက်ဖြန် မနက် ၉ နာရီ မင်းကို စောင့်နေလိုက်မယ်"
ရွှီတင်းဖုန်းချသွားပြီးနောက် ချန်ခေါ့သည် စားပွဲကို မှီပြီး ဘေးပတ်ပတ်လည်လည်ကို ကြည့်လိုက်သည်။
ဤတိုက်ခန်းတွင် နေဖြစ်ခဲ့သည့် လပိုင်းခန့်အချိန်ကို ကြာရှည်သည်ဟု မဆိုသာသော်လည်း သည်အိမ်ခန်းထဲတွင်ရှိနေသော ပစ္စည်းများအားလုံးကို သူ တရင်းတနှီးရှိနေပြီဖြစ်သည့်အပြင် အပြည့်အဝကို နေသားကျနေပြီဖြစ်သည်။
သူသည် တိုက်ခန်းကို ချက်ချင်းပြန်အပ်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုသို့ဆိုလျှင် ကသိုက်ကရိုက်ဆန်ပြီး ထွက်ပြေးပုန်းရှောင်သည်နှင့် တူသွားမည်။ မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ကျန်းယွီသော်အတွက်ပဲဖြစ်စေ၊ ထိုနည်းလမ်းသည် အလွန်တရာ ကသိကအောက်ဖြစ်သွားမည်။
သို့သော် ကျန်းယွီသော်၏ သဘောပေါက်နားလည်ပုံမှာ မိမိနှင့် အနည်းငယ် လမ်းလွဲသွေဖယ်နေသည်။ ထိုကဲ့သို့သော လမ်းလွဲမှုသည် ကျန်းယွီသော်၏ မိမိကိုယ်ကိုကြိုတင်ကာကွယ်လိုခြင်းမှ မြစ်ဖျားခံလာခြင်းဖြစ်လိမ့်မည်။ ကျန်းယွီသော်က မိမိထက်ဦးအောင် လုယက်ပြီး မိမိနောက်ဆုတ်မည့်လမ်းကို မိမိအစားဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
ချန်ခေါ့က ညင်သာသော သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဖုန်းကိုလှမ်းယူပြီး မိမိအတွက် အစားအသောက်ပါဆယ်တစ်ပွဲ မှာယူလိုက်သည်။
အကယ်၍ သူ့ထင်မြင်ချက်သာ မမှားယွင်းလျှင် ကျန်းယွီသော်သည် ညစာစားရန် ပြန်လာမည်မဟုတ်လောက်ပေ။ မနက်ဖြန် မြောင်ကို လာပြန်မယူခင်အချိန်အထိတောင် ကျန်းယွီသော်က သည်အိမ်ထဲသို့ နောက်တစ်ကြိမ် လုံးဝပြန်ဝင်လာလောက်မည်မဟုတ်ပေ။
ထိုထင်မြင်ချက်သည် အလွန်တိကျမှန်ကန်သည်။ နောက်တစ်ရက်မနက်တွင် ရွှီတင်း၏ကားက တိုက်အောက်သို့ ရောက်လာသောအချိန်အထိ ကျန်းယွီသော်ကလည်း လုံးဝပြန်လာခြင်းမရှိပေ။
ချန်ခေါ့က လက်ပ်တော့ကိုယူပြီး အပြင်ထွက်လာသည်။
.
"Jaeger က အိမ်မှာမရှိလို့လား။ ဘာလို့ အစ်မချန့်ဆီအရင်သွားပြီး အိမ်သော့ သွားယူရတာလဲ"
ချန်ချင့်က ကားမောင်းနေရင်း ပြောလိုက်ခြင်းဖြစ်သည်။
"တကယ်လို့ မရှိနေရင် ဘယ်လိုလုပ်မလဲ"
ချန်ချင့်က ကြောင်တောင်တောင်ဖြစ်သွားသည်။
"မဟုတ်သေးဘူးလေ။ သူ အိမ်မှာရှိမရှိကို မင်းဖုန်းဆက်ပြီး လှမ်းမေးလိုက်ရင် မပြီးသွားဘူးလား"
"ကားမောင်းစရာရှိတာပဲ မောင်းစမ်းပါ"
ကျန်းယွီသော်သည် မီးပွိုင့်မှ ညာကွေ့မီးက နီနေလျက်နှင့် ချန်ချင့်က ကားကို ညာဘက်သို့ ရှောရှောရှူရှူနှင့် လှစ်ခနဲ ကွေ့မောင်းလိုက်သည်ကို ကြည့်နေလိုက်ပြီးမှ၊ ချန်ချင့်၏ ကျောကုန်းကို ဘုန်းခနဲ ရိုက်ချလိုက်သည်။
"မင်းလစာက စောက်ဒဏ်ကြေးဆောင်ဖို့တောင် လောက်ရဲ့လား"
"ငလူး... ငါ မီးနီကို မြင်လိုက်လို့ပဲ ညာကွေ့လိုက်တာလေ"
ချန်ချင့်က အော်ပြောလိုက်သည်။
"မင်း စောက်ဆလင်ဒါမျက်မှန်ပဲ တပ်ထားလိုက်တော့။ အဲဒီမီးနီက ညာကွေ့မြှားခေါင်းကြီး"
ကျန်းယွီသော်လည်း အော်လိုက်သည်။
ချန်ချင့်က ငြိမ်သွားသည်။
"မြှားခေါင်းကြီးလား"
"လမ်းကြည့်မောင်း"
ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။
တိုက်အောက်တွင် ကားရပ်လိုက်သောအခါ ကျန်းယွီသော်က ကားတံခါးဖွင့်ပြီး ချန်ချင့်အားပြောသည်။
"မင်းငါ့ကို ဒီမှာပဲစောင့်နေလိုက်။ ကားပါကင် သွားမထိုးနေနဲ့တော့"
"မင်းကို ပစ္စည်းတွေဝိုင်းသယ်ပေးမယ်လေ။ ကြောင်လှောင်အိမ်တွေ အိမ်သာတွေနဲ့ ပစ္စည်းများတယ်မလား"
ချန်ချင့်အား သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
"ရတယ်"
"ဪ၊ Jaeger ကို ကူသယ်ခိုင်းလိုက်ပေါ့"
ချန်ချင့်က ပြောပြီးနောက် ကားပေါ်တွင် ပြန်ထိုင်လိုက်သည်။
ကျန်းယွီသော်က ဓါတ်လှေကားထဲသို့ဝင်ပြီး သွားမည့်အလွှာနံပါတ်ကို နှိပ်လိုက်ပြီးနောက် ဓါတ်လှေကားတံခါးပြန်ဖွင့်သည်အထိ လုံးဝမလှုပ်မယှက်ဘဲ ငြိမ်သက်ပြီး တက်လာသည်။
ကျန်းယွီသော်သည် လူခေါ်ခေါင်းလောင်းကို နှစ်ကြိမ်နှိပ်ပြီး တံခါးအပြင်ဘက်တွင် စောင့်နေလိုက်သည်။
အတွင်းထဲမှ လှုပ်ရှားသံတစ်ခုမှ မကြားရဘဲ မြောင်၏အော်သံနှစ်ချက်ကိုသာ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ကျန်းယွီသော်သည် ချီတုံချတုံဖြစ်သွားပြီးနောက် တံခါးကို ထပ်ခေါက်လိုက်သည်။
ခေတ္တခန့်စောင့်လိုက်ပြီးနောက် သူသည် သော့ယူထုတ်ပြီး တံခါးကို ဖွင့်လိုက်သည်။
အနွေးဓါတ်က တဟုန်ထိုးရောက်လာပြီး လေထုထဲတွင် ချန်ခေါ့က ဗီရိုထဲတွင် ဖြန်းလေ့ရှိသော ရေမွှေးနံ့ရေးရေးလေးက ရောနှောပါဝင်နေသည်။
ချန်ခေါ့က အိမ်ထဲတွင် မရှိနေပေ။
ကျန်းယွီသော်က အနည်းငယ်တော့ အံ့သြသွားသည်။ ချန်ခေါ့သည် အပြင်ထွက်ရန် နှစ်သက်တတ်သည့်သူမဟုတ်ပေ။ ယခုအချိန်ကလည်း ထမင်းစားချိန်မဟုတ်နေပေ။ ချန်ခေါ့၏ အကျင့်စရိုက်အရဆိုလျှင် ထမင်းစားချိန်ဖြစ်နေစေကာမူ အနှီလူသည် အပြင်ထွက်ရန် ပျင်းရိသူဖြစ်သည်။ ပါဆယ်မှာစားခြင်း၊ အသင့်စားခေါက်ဆွဲပြုတ်ခြင်း စသည်ဖြင့် တနည်းနည်းနှင့် ဖြေရှင်းမည့်သူဖြစ်သည်။
ပြောင်းနေဖို့တိုက်ခန်း သွားကြည့်တာလား...။
ရွှီတင်းနဲ့အတူ ပူးတွဲလုပ်တဲ့ ဟိုဆိုင်ကို သွားကြည့်တာလား...။
ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်ပြီး မြောင်၏ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်သည်။
ဘာကြောင့်မှန်းမသိသော်လည်း ယနေ့ ပစ္စည်းများကို သိမ်းဆည်းနေခြင်းမှာ ပုံမှန်အချိန်များတွင် သူပစ္စည်းသိမ်းဆည်းသည့် လှုပ်ရှားမှုထက် အနည်းငယ် နှေးကွေးနေသည်။ ချန်ချင့်က ဖုန်းဆက်ပြီး သူပါလာပြီး ကူသိမ်းပေးရန်လိုမလို ဖုန်းဆက်လာတော့မှ ကျန်းယွီသော်က ပစ္စည်းများကို အိတ်များထဲသို့ ထည့်သိမ်းလိုက်သည်။
"အခုချက်ချင်း ဆင်းလာပြီ"
ကျန်းယွီသော်သည် ချန်ခေါ့လုပ်သည့်နည်းအတိုင်း မြောင်ကို အနွေးထည်ထဲသို့ ထည့်သွင်းပြီး ပစ္စည်းများကို ကောက်သယ်လိုက်သည်။
တံခါးနားသို့ရောက်သောအခါ ကျန်းယွီသော်က ရပ်တန့်သွားပြန်သည်။
သည်နှစ်ရက်အတွင်းတွင် သူသည် မကြာမဏ သတိလက်လွတ်ဖြစ်လေ့ရှိသည်။ ပုံမှန်ဆိုလျှင် ကြည့်လိုက်သည်နှင့် သတိထားမိပြီး မြင်နိုင်သော ပစ္စည်းကို ယခုတွင် သတိမထားမိဘဲ ကျော်သွားမိမလို ဖြစ်နေသည်။
ဖိနပ်စင်ပေါ်တွင် memo pad တစ်ခု တင်ထားသည်။
အပေါ်တွင် စာကြောင်းတစ်ကြောင်းရေးထားသည်။
- ငါ ဆိုင်သွားကြည့်တယ်။ ကိစ္စရှိရင် ဖုန်းဆက်လိုက်။ -
ချန်ခေါ့က မိမိအတွက် စာတို ချန်ထားခဲ့သည်။
ကျန်းယွီသော်သည် ထိုစာကြောင်းကို အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ တံခါးကို တွန်းဖွင့်လိုက်သည်။ အပြင်သို့ထွက်လာပြီးမှ နောက်သို့ ပြန်ဆုတ်လာသည်။ memo pad ၏ စာရေးထားသော စာရွက်ကို ဆုတ်ဖြဲယူလိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
အန်တီကြီးက ဤအိမ်တွင် လာနေသည့်အခေါက်တိုင်း မပြန်ခင်တွင် အိမ်ကို နောက်တစ်ခါ ပြန်ပြီး သန့်ရှင်းသိမ်းဆည်းသွားလေ့ရှိသည်။ သူလာမနေခင်က ရှင်းထားသည်ထက် ပို၍ရှင်းလင်းအောင် သိမ်းဆည်းလေ့ရှိသည်။
ယခုတစ်ခေါက် မပြန်ခင်တွင်လည်း အန်တီကြီးသည် နောက်ဖေးခြံဝန်းထဲမှ ခြောက်ကပ်သေဆုံးနေသော အပင်များကို ဖြတ်ညှပ်သွားပေးသည်။
ကျန်းယွီသော်သည် နောက်ဖေးခြံတံခါးနားတွင်ရပ်ပြီး ရုတ်တရက် အနည်းငယ် ဟာလာဟင်းလင်းဖြစ်သွားသော ခြံဝင်းကို ငေးစိုက်ကြည့်ပြီး အတွေးနယ်လွန်နေသည်။
ယခင်က သူသည် ခြံဝင်းကို ယခုလောက် ဟာတာတာဖြစ်နေသည်ဟု မထင်ခဲ့မိပေ။ နွမ်းခြောက်သွားသော အပင်ဖြစ်နေစေကာမူ ထိုအပင်များက မြေကွက်အလွတ်ကို နေရာယူထားနိုင်သည်။ ယခုတွင် ရုတ်တရက် မရှိတော့သောအခါ ကျန်းယွီသော်သည် အနည်းငယ် စိတ်လွတ်သွားသလို ခံစားလိုက်ရသည်။
သေသွားတဲ့ဟာလား။ ယမန်နှစ် နွေဦးတုန်းကတောင် အညှောက်ထွက်နေသေးသည်။ အရမ်းကြီး မကြီးထွားသော်လည်း သစ်ရွက်တို့က အမြဲတမ်းရှိနေသည်။ ဆောင်းဦးရောက်တော့မှ ညှိုးခြောက်သွားခြင်းဖြစ်သည်။
ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။ မသေဘူးဆိုလျှင်တောင် နွေဦးပေါက်လျှင် အစို့အညှောက်အသစ်ထွက်ပြီး ရှင်သန်နေဆဲဖြစ်ကြောင်း သက်သေမပြနိုင်ကြတော့ပေ။
သူသည် အိမ်ခန်းထဲသို့ ပြန်ဝင်လာပြီး မြောင်၏ပစ္စည်းရိက္ခာများကို နေရာတကျပြန်ထားလိုက်ပြီးနောက် စားပွဲရှေ့တွင် ထိုင်ချလိုက်သည်။
အန်တီကြီးသည် ကျန်းယွီသော်က ပြန့်အောင်ဖြန့်ပြီး စားပွဲအောက်တွင် ဖိ၍ထားထားသော ဆေးလိပ်ဘူးစက္ကူခွံများကို မလွှတ်ပစ်လိုက်ပေ။ ထိုဘူးခွံများကို ရောင်းရန် စုသိမ်းထားသည်ဟု ထင်သွား၍ဖြစ်မည်... ...
သူသည် ဘူးခွံအနည်းငယ်ကို ယူပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် အနွေးထည်အင်္ကျီအိတ်ကပ်ထဲမှ ဓားမြှောင်ကို ယူထုတ်လိုက်သည်။ ပြန့်အောင် ဖြန့်ထားသော ဘူးခွံစက္ကူပေါ်တွင် ဓားဖြင့် စိမ်ပြေနပြေ လှီးဖြတ်နေလိုက်သည်။
သူသည် အရွယ်အစား နှိုင်းယှဉ်ရန် ပေတံမလိုသလို တိုင်းတာရန်လည်း မလိုအပ်ပေ။ သည်အတိုင်း ဖြတ်လိုက်သည်နှင့် အကြမ်းအားဖြင့် အရွယ်အစားတူညီသော စက္ကူအပိုင်းအစများကို လှီးဖြတ်နိုင်သည်။
ပိုကာကတ်တစ်ခုစာ အရွယ်အစားများဖြစ်သည်။
သူသည် အရွက်ရေ တော်တော်များများ ဖြတ်ဖူးသည်။ တစ်ခါ ဖြတ်လျှင် ၅၅ ရွက်ရသည်။ ပိုကာကတ် တစ်စုံစာ ဖြစ်သည်။
သူသည် ကတ်မရိုက်တတ်ပေ။ ဘယ်ကတ်အမျိုးအစားကိုမှ သူမကစားတတ်ပေ။ ခါတိုင်း ချန်ချင့်တို့ ကတ်ကစားလျှင်လည်း သူထိုင်ကြည့်ချင်စိတ်မရှိပေ။
သို့သော် သူသည် အခေါက်ရေ မရေတွက်နိုင်လောက်အောင် ကတ်ကစားဖူးသည်။
ညစဉ်ညတိုင်း ခွေးလေးများအားလုံးက တစ်စုတစ်စည်းတည်းထိုင်ပြီး ကတ်ရိုက်တမ်း ကစားကြသည်။
ဆေးလိပ်ဘူးခွံကို ဖြတ်ညှပ်ထားရာသော ကတ်များကို အသုံးပြုကြခြင်းဖြစ်သည်။
တစ်စုံတွင် ကတ်ပေါင်း ၅၅ ကတ်ရှိသည်။ ၅၄ ကတ်အထိ အသုံးပြုသည်။
ဘူးခွံစက္ကူပေါ်တွင် နံပါတ်များ စာလုံးများ မရှိပေ။ ရှိရန်လည်း မလိုအပ်ပေ။ အကြောင်းမှာ မမြင်ရသောကြောင့်ဖြစ်သည်။
ခွေးလေးများသည် ကတ်များကို တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျဆွဲပြီး လက်ထဲတွင် ကိုင်ထားကြသည်။ ထို့နောက် စိတ်ထဲတွေ့သော နံပါတ်တစ်ခု သို့မဟုတ် သုံးလေးငါးခုကို ပြောထုတ်သည်။ ထိုမှတဆင့် အဆင်ပြေသလို ကတ်တစ်ကတ် သို့မဟုတ် ကတ်အနည်းငယ် ပစ်ချသည်... ...
ဖုန်းလာသံ မြည်နေသည်။
ကျန်းယွီသော်က ဓားကို ချလိုက်သည်။ စားပွဲပေါ်မှ ဆေးလိပ်ဘူးခွံစက္ကူများကို ဖြတ်တောက်ပြီးစီးသွားပြီဖြစ်သည်။ သူသည် ဘူးခွံစက္ကူများကို အပုံလိုက်ဖြစ်အောင် စုပုံလိုက်ပြီးမှ ဖုန်းကို လှမ်းယူလိုက်သည်။
ချန်ခေါ့ ခေါ်လာခြင်းဖြစ်သည်။
ကျန်းယွီသော်က ဖုန်းကိုင်လိုက်သည်။
"ဟယ်လို ..."
"မင်းအသံက ဘယ်လိုဖြစ်တာလဲ"
တစ်ဖက်မှ ချန်ခေါ့က မေးလာသည်။
"ဟင် ..."
ကျန်းယွီသော်က လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။ တစ်နေကုန် ရေသိပ်မသောက်ဖြစ်၍ လည်ချောင်းက တင်းကြပ်ပြီး ခြောက်ကပ်သွားပုံရသည်။
"ကြက်အော်သံနဲ့တူတယ်"
ကျန်းယွီသော်က ရယ်လိုက်သည်။
"သဘောထားကလည်း စောက်ရမ်းသေးသိမ်တာပဲ"
"မင်း ကြောင်ကို ယူပြန်လိုက်ပြီလား။ ငါ အခုထိ အပြင်မှာပဲ ရှိနေသေးလို့"
"ယူလိုက်ပြီ"
"အင်း။ ငါ အဲဒါ မေးကြည့်ချင်လို့"
"ဟုတ်ပြီ"
"ညကျရင် ငါ သူငယ်ချင်းနဲ့ ညစာစားမှာ။ အားလုံး ... ... အေးအေးဆေးဆေးပဲ"
"သိပါပြီ။"
ချန်ခေါ့က ပြောပြီးနောက် ဖုန်းချလိုက်သည်။
ကျန်းယွီသော်သည် စားပွဲပေါ်တွင် မှောက်အိပ်လိုက်သည်။ လက်ချောင်းထိပ်ဖြင့် စားပွဲပေါ်ကို ခပ်ဖြည်းဖြည်း ခေါက်နေလိုက်သည်။
ချန်ခေါ့က သူလုံခြုံစွာ ရှိနေကြောင်း မိမိအား ပြောပြလာခြင်းဖြစ်သည်။
မိမိစိုးရိမ်နေမှာ စိုးလို့လား။
ဒါမှမဟုတ် ... ... နောက်တစ်ခါထပ်ပြီး မိမိက လိုက်သွားမှာကို စိုးလို့လား။
ကျန်းယွီသော်သည် မျက်လုံးကို လက်ဖျံပေါ်တွင် ဖိချလိုက်သည်။ အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ခေတ္တမျှ အသက်အောင့်နေလိုက်ပြီးမှ တဖြည်းဖြည်းနှင့် ပြန်ရှူထုတ်လိုက်သည်။ မျက်ရည်များလည်း ရှူထုတ်လိုက်သော လေနှင့်အတူ စီးကျလာသည်။
***
(ဆက်ရန်)