Chapter ● 43 ●
ကျန်းယွီသော်သည် ပုံမှန်ဆိုလျှင် ဘားထိုင်အရက်သောက်ရသည်ကို နှစ်သက်သည့်သူမဟုတ်ပေ။ သူ၏ အနှီ ငတိကောင်ညီငယ်တစ်သိုက်က အကြိမ်ပေါင်းများစွာ လိုက်ဖို့ခေါ်တော့မှ နှစ်ခေါက်သုံးခေါက်ခန့် အားနာပါးနာ လိုက်လေ့ရှိသည်။
ဘားထဲတွင် သီချင်းသံ အလွန်ဆူညံပြီး မီးအလင်းရောင်လည်း မျက်စိစူးပြီး လင်းလက်သည်။ လူများပြီး အရက်လည်း သောက်၍ မကောင်းပေ။ ဘားထဲမှ ထွက်လာလျှင်လည်း ခေါင်းကိုက်သေးသည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်အနေအထားကို သူ မနှစ်သက်ဟုသာ လူအများက ထင်နေကြသည်။ ထိုကဲ့သို့သော ရှုပ်ယှက်ခတ်သည့်ပတ်ဝန်းကျင်က သူ့အား စိတ်ပူပန်လှုပ်ရှားစေပြီး၊ တချို့သော အချိန်အများစုတွင် မှတ်ဉာဏ်ထဲရှိ အတိတ်မှ အချို့အစိတ်အပိုင်းဆီသို့ ရုတ်တရက် ဆွဲခေါ်သွားမတတ် ဖြစ်စေသည်ကိုတော့ သိသည့်သူ မရှိပေ။
အဖြစ်အပျက်များက အတိတ်ကနှင့် ထပ်တူကျလောက်အောင် မတူညီသော်လည်း၊ သူတောင်မသိလိုက်သည့်အချိန်တွင် အမှတ်အသားတစ်ခု၊ အသေးအဖွဲတစ်ခု၊ သို့တည်းမဟုတ် ဖျတ်ခနဲ လင်းလက်သွားသော အလင်းနှင့်အရိပ်တစ်ခုကပင် သူ့အား ထိုကဲ့သို့ စိတ်မအေးဖြစ်စေသည်။
ကျန်းယွီသော်သည် ဆောင်းထားသော ဦးထုပ်အစွန်ဖျားကို အောက်သို့ နိမ့်အောင် ဆွဲချလိုက်ပြီး၊ လက်ခုံပေါ်တွင် မှင်နှိပ်ထားသော ဘားအမှတ်အသားကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ချန်ချင့်၏နောက်မှ လိုက်ပြီး ဘားထဲသို့ ဝင်လာသည်။
အထဲသို့ဝင်လာသည်နှင့် တံခါးဘေးနားတွင်ရပ်ပြီး ဖုန်းပြောနေသော မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်သောအခါ ကျန်းယွီသော်သည် အနည်းငယ်တန့်သွားသည်။ ကြည့်ရတာ အမျိုးသားချည်းသာသက်သက် ရှိသည့်ပုံမရ ... ...။ သည်နှစ်ယောက်က မိန်းကလေးတွေလား။ ဒါမှမဟုတ် ဟို ပန်းဆိုင်ပိုင်ရှင်လိုမျိုး ... ...။ အော် စကားပြောသံကြားရပြီ၊ ကောင်မလေးတွေပဲ ... ...။
ဘားက အတော်အတန် ကျယ်ဝန်းကြီးမားသည်။ အနွေးထည်အင်္ကျီများကို သိမ်းဆည်းပြီးနောက် ကျန်းယွီသော်သည် တခြားအရာများကို ဂရုမစိုက်အားသေးဘဲ ဘား၏ဖွဲ့စည်းတည်ဆောင်ပုံကို အလျင် စနည်းနာလိုက်သည်။
ဘားက နှစ်ထပ်ရှိပြီး ကော်ရစ်တာအလွန်တွင် သန့်စန်ခန်းရှိသည်။ dance floor ကို ဖြတ်ကျော်သွားလျှင် ဘားကောင်တာရှိသည် ... ...။ ယခုအချိန်သည် အရက်ဘားထဲတွင် လူအကျဆုံးအချိန်ဖြစ်သည်။ dance floor တွင်ရော ဘားကောင်တာတွင်ပါ ဧည့်သည်များနှင့် ပြည့်နေသည်။ လေးဘက်လေးတန်တွင် ထိုင်သူကထိုင် ရပ်သူကရပ်နှင့် စားပွဲများတောင် လူကြားထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားစေသည်အထိ လူများနေသည်။
"ငါလူး ... စန်းကော"
ချန်ချင့်သည် ဘားထဲသို့ဝင်လာပြီးနောက် ကျန်းယွီသော်ရှိရာသို့ ခေါင်းလှည့်ကြည့်လာပြီး အော်ပြောလာသည်။ မျက်နှာပေါ်တွင်လည်း ရှော့ခ်ရပြီး အလန့်တကြားဖြစ်သောအမူအရာတို့က ထင်ဟပ်နေသည်။
ချန်ချင့်က ဘာကိုမြင်ပြီး အလန့်တကြားဖြစ်သွားသည်ကို ရှင်းလင်းအောင် မသိရသေးမီ၊ သူ့ခါးနားတွင် လက်တစ်ဖက်က လာရောက်ထိကပ်သွားသည်ကို သိရှိခံစားလိုက်ရသည်။ ထိုလက်တစ်ဖက်က ခါးမှတဆင့် တင်ပါးဆီသို့ ဆက်လက် မပွတ်သပ်ရသေးမီ ကျန်းယွီသော်က ထိုလက်တစ်ဖက်ကို ဖမ်းကိုင်လိုက်သည်။
လှည့်ကြည့်လိုက်သောအခါ အသက် ၄၀ ကျော် အမျိုးသားတစ်ယောက်ဖြစ်နေသည်။ သူလှည့်ကြည့်လာသည်ကိုမြင်လိုက်သော ထိုလူက သူ့အား ပြုံးပြလာသည်။
ထိုအပြုံးမှာ အလွန်ဗြောင်ကျပြီး ပေါ်တင်ဆန်သည်။ ကျန်းယွီသော်သည် ချန်ခေါ့ဟူသော လိင်တူကြိုက်သူနှင့်တစ်စက်ကလေးတောင်မှမတူသည့် လိင်တူတိမ်းညွတ်သူတစ်ယောက်တည်းနှင့်သာ သိကျွမ်းထိတွေ့ဖူးသော်လည်း ထိုအပြုံးထဲတွင် အဘယ်ကဲ့သို့သောအဓိပ္ပါယ်များ ပါဝင်နေသည်ကို တစ်ချက်တည်းနှင့် သဘောပေါက်နေပြီဖြစ်သည်။
ဖမ်းကိုင်ထားသော ထိုလူ၏ လက်ကို ဝုန်းခနဲ ဆောင့်ခါလိုက်ပြီးနောက် ကိုယ်ကို တစ်ဖက်လှည့်ကာ ချန်ချင့်အား တွန်းလိုက်သည်။
ချန်ချင့်ကာ ကျန်းယွီသော်၏နားရွက်နားသို့ တိုးကပ်လာပြီးနောက် dance floor ၏ အတွင်းထဲရှိ စတိတ်စင်အပေါ်သို့ ညွှန်ပြလိုက်သည်။
"စန်းကော ... ဟိုမှာကြည့်စမ်း ... လခွမ်း ဒါက ... ...."
ချန်ချင့်တို့အုပ်စု ဘားထိုင်လျှင် စိတ်အဝင်စားဆုံးအရာမှာ အကမယ်များသာဖြစ်သည်။ ပထမဆုံးအကြိမ် အကမယ်တွေ့ဖူးစဉ်အခါကလည်း ဤကဲ့သို့သော အမူအရာပင် ဖြစ်တော့သည်။
ကျန်းယွီသော်က မျက်မှောင်ကိုကြုတ်ပြီး ထိုစတိတ်စင်ဘက်သို့ ကြည့်လိုက်သည်။
"...... ယောက်ျားတွေလား"
"ဟုတ်တယ်လေ။ မျက်လုံးကန်းသွားတာလား။ အပေါ်ပိုင်းဗလာနဲ့၊ ပြီးတော့ ရင်လည်းမရှိဘူး။ မင်း မမြင်ဘူးလား"
ချန်ချင့်က ကျန်းယွီသော်၏ နား အနားတွင် အော်ပြောသည်။
စင်ပေါ်တွင် အမျိုးသား ၃ ယောက်က စိတ်အားထက်သန်စွာ ကခုန်နေကြပြီး ကိုယ်ပေါ်တွင် အတွင်းခံတစ်ထည်နှင့် ဘွတ်ဖိနပ်ကိုသာ ဝတ်ဆင်ထားသည်။ သီချင်းဂီတသံနှင့်အတူ တိုင်ကို လှည့်ပတ်ရစ်တွယ်ကာ ကခုန်နေသည်။
ကျန်းယွီသော်သည် ကိုယ့်ကိုယ့်ကိုယ် တစ်ခုခုနှင့် ထိုးနှက်ခံလိုက်ရသလို စိတ်ထဲတွင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။ ပုံမှန်အချိန်များတွင် မိန်းကလေးများ ဤကဲ့သို့ ကနေသည်ကိုမြင်ရလျှင် သူ့အနေနှင့် စိတ်ထဲတွင် အထူးတလည် ဘာမှမခံစားရပေ။ သို့သော် ယခု ကိုယ်တစ်ပိုင်းဗလာကျင်း အမျိုးသား ၃ ယောက်က တစ်ကိုယ်လုံး ချွေးများရွှဲရွှဲစိုနေအောင် စည်းချက်ပြင်းပြင်းနှင့် အားရပါးရကနေသည်ကို မြင်လိုက်ရသော် ... ...
အဓိကကျသည်မှာ သူသည် ဤအသက်အရွယ်ရောက်သည်အထိ လိင်တူတိမ်းညွတ်သူဟူ၍ ချန်ခေါ့တစ်ယောက်တည်းကိုသာ သိကျွမ်းဖူးသည်။ လိင်တူတိမ်းညွတ်သူနှင့်ပတ်သက်သော စိတ်ကူးစိတ်သန်းနှင့်အထင်အမြင်များကိုလည်း မရည်ရွယ်ပါဘဲနှင့် ချန်ခေါ့အား အစားထိုးပြီး မြင်ယောင်လေ့ရှိသည်။
ယခုလည်း စိတ်ကူးထဲတွင် ချက်ချင်းပင် ချန်ခေါ့အား စတိတ်စင်ပေါ်တွင် ... ...
"ဒီဘားက မူမမှန်သလိုပဲဟ"
ချန်ချင့်က ကျန်းယွီသော်၏ နားနားတွင်ကပ်ပြီး ပြောလာပြန်သည်။
"စန်းကော ... ဒီဘားက နည်းနည်းထူးဆန်းနေတယ်"
ချေးစကားတွေ...။
ကျန်းယွီသော်က ချန်ချင့်ကို လျစ်လျူရှုလိုက်သည်။ ဤနေရာတွင် နှစ်မိနစ်ပြည့်အောင်တောင် မရပ်ရသေးမီတွင် မတော်တဆရော တမင်တကာပါ သူ့ကို လာလာပြီး တိုက်သွားသည်မှာ လူ ၃ ယောက်တောင် ရှိသွားပြီဖြစ်သည်။ သူသည် ဤကဲ့သို့သောအခြေအနေထဲတွင် ထိုအမျိုးမျိုးသော ထိတွေ့တိုးတိုက်မှုတို့သည် သူ့အတွက် အန္တရာယ်လား သို့တည်းမဟုတ် စနောက်ခြင်းသက်သက်လားဆိုသည်ကို တိကျစွာ ခွဲခြားအကဲဖြတ်နိုင်စွမ်းမရှိတော့ပေ။
ထိုင်နေရန် ချောင်ကျသော ထောင့်တစ်နေရာ ရှာရမည်။
သို့နှင့် ကျန်းယွီသော်က ချန်ချင့်အား အော်ပြောလိုက်သည်။
"ထိုင်ဖို့ စားပွဲတစ်လုံးရှာလိုက်"
"ဒီလိုအချိန်မှာ စားပွဲက ဘယ်လိုလုပ်ပြီး ကျန်နိုင်ဦးမလဲ။ အရင်ဆုံး ဘားကောင်တာကိုသွားရအောင်"
"ဘာလုပ်ဖို့လဲ"
ကျန်းယွီသော်က ဘားကောင်တာရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။ သူတို့ရှိသောနေရာမှ ဘားကောင်တာဆီသို့ရောက်ရန် လူအုပ်ကြီးကို ကျော်ဖြတ်သွားရမည်ဖြစ်သည်။ သူသည် အတွင်းထဲသို့ ထပ်ဝင်လိုစိတ် လုံးဝမရှိတော့ပေ။
ချန်ချင့် လက်ခုံပေါ်တွင် နှိပ်ခတ်ထားသော မီးစုန်းရောင် တံဆိပ်ကို လှုပ်ယမ်းပြလိုက်သည်။
"လက်ဆောင် အရက်တစ်ခွက်ကို သောက်ဖို့လေ။ ဝင်ကြေးထဲမှာ အရက်တစ်ခွက်လက်ဆောင်ပါတယ်မလား"
"ချေးကို အရက်သောက်နေလိုက်။ မင်း ကားမောင်းလာတယ်မဟုတ်ဘူးလား"
ကျန်းယွီသော်က ချန်ချင့်အား ကြည့်ရင်းပြောသည်။
ချန်ချင့်က ကြောင်တောင်တောင်ဖြစ်သွားသည်။
"မင်းဘယ်တုန်းကစပြီးတော့ ငါအရက်သောက်ပြီးကားမောင်းတဲ့ကိစ္စကို ဂရုစိုက်တတ်သွားတာလဲ"
"ငါမသွားဘူး"
ကျန်းယွီသော်က မျက်မှောင်ကြုတ်နေသည်။
"အဲဒါဆို အတော်ပဲ မဟုတ်ဘူးလား။ ပြန်ရင် မင်းပဲ ကားမောင်းလိုက်"
ကျန်းယွီသော်၏ အဖြေကိုမစောင့်နေတော့ဘဲ ချန်ချင့်သည် ဘေးပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လှေကားနှင့်နီးသော ထောင့်ချိုးတစ်ခုကို ညွှန်ပြကာ ပြောလာသည်။
"စန်းကော ... မင်း အဲဒီနားမှာ ငါ့ကို စောင့်နေ။ ငါ အရက်ယူပြီးတာနဲ့ လာခဲ့လိုက်မယ်။ မင်းဘာသောက်ချင်လဲ။ ငါ ဝယ်တိုက်မယ်"
"အရက်မဟုတ်တဲ့ဟာဖြစ်ရင်ပြီးရော။ မြန်မြန်လစ်"
ကျန်းယွီသော်က သက်ပြင်းချလိုက်ပြီး ချန်ချင့်အား တွန်းလိုက်သည်။
ချန်ချင့်တစ်ယောက် လူအုပ်ထဲသို့တိုးညှပ်ဝင်ရောက်ပြီး ဘားထိုင်ဆီသို့ လျှောက်သွားသည်ကို ကြည့်လိုက်ပြီး ကျန်းယွီသော်သည် လှေကားဘေးနားသို့ လျှောက်လာခဲ့သည်။
ချန်ချင့်ရှာထားပေးသော ဤနေရာသည် မဆိုးဘူးဟုပြောရမည်။ အောက်ထပ်တစ်ထပ်လုံးကို မြင်နိုင်ပြီး ကျောနောက်တွင် နံရံ၏ထောင့်ချိုးရှိ၍ အလွန်လုံခြုံသည်။
ချန်ခေါ့က ဒုတိယအထပ်တွင် ရှိနေသည်လား သူမသိသော်လည်း အရင်ဆုံး အောက်ထပ်တွင် အရင်ကြည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မျက်လုံးရှေ့တွင် ပြိုးပြိုးပြက်ပြက်နှင့်လှုပ်ရှားနေသော မီးရောင်အရိပ်များ၊ ကားချပ်များကို တစ်ကွက်ပြီးတစ်ကွက် ထုတ်လွှင့်ပြသနေသည်နှင့်တူသော လူရိပ်သဏ္ဍာန်များ၊ ပေါက်ကွဲမတက် ဆူညံရှုပ်ထွေးနေသောသီချင်းသံများတို့သည် တစ်စုတစ်စည်းတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
အကယ်၍သာ ကျန်းယွီသော်သည် ချန်ချင့်နှင့်အတူ ဘားတွင် အပျင်းပြေ အရက်ထိုင်သောက်ရုံအတွက်သာ လာခဲ့လျှင် သူသည် ဤအရာခပ်သိမ်းကို သည်းခံနိုင်စွမ်းရှိသေးသည်။ သို့သော် သူသည် ဘယ်ညာနှစ်ဖက်စလုံးတွင် အချင်းချင်းနမ်းရှုပ်နေကြသော အမျိုးသားအတွဲများ၊ ထို့ပြင် ရှေ့နားတွင် ကိုယ်တစ်ပိုင်းဗလာကျင်းနှင့် အက ကနေသော ယောက်ျားသားများ၊ မကြာခဏဆိုသလို သူက အထိခံ အပွတ်ခံနေရခြင်း၊ ဘာမှလည်း မကြားနိုင် သေချာလည်း မမြင်ရသောအနေအထား အစရှိသဖြင့် ဤအခြေအနေအရပ်ရပ်ထဲတွင် သူသည် ချန်ခေါ့ကို တွေ့အောင် ရှာရမည့်အပြင် ချန်ခေါ့က သူ့ကို တွေ့သွား၍လည်း မဖြစ်ပေ။ ထိုထက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်ကိုလည်း အမြန်ဆုံး ဖော်ထုတ်ရဦးမည်။
သူသည် ယခုလက်ရှိ သူ့ရှေ့တွင်ရပ်နေသော အနှီလူငယ်တစ်ယောက်က ဘယ်တုန်းကစပြီး သူ့ရှေ့တွင် လာရပ်နေလဲဆိုသည်ကိုတောင် သူမသိလိုက်ပေ။
ထိုလူငယ်သည် အရပ်မြင့်မားပြီး ရုပ်ရည်လည်း အတော်ကြည့်ကောင်းသည်။ အရက်ခွက်တစ်ခွက်ကို ကိုင်ပြီး ကျန်းယွီသော်ရှေ့တွင် လှုပ်ယမ်းပြလိုက်ရင်း မေးလာသည်။
"ကိုလူချော ... တစ်ယောက်တည်းလား"
"... ... မဟုတ်ဘူး"
"ဪ ..."
ထိုလူငယ်က အနည်းငယ်စိတ်ပျက်သွားပုံရသော်လည်း အလျင်အမြန် ဆက်မေးလာပြန်သည်။
"ကောင်လေးနဲ့ အတူလာတာလား"
ကောင်လေးလား။
မင်းဘိုးအေကို ကောင်လေးနေလိုက်...။
ကျန်းယွီသော်သူ ဤမျှဖြေဆိုရန်ခက်ခဲသော မေးခွန်းကို တစ်ခါမှ မဖြေဆိုရဖူးသေးပေ။ ထိုစဉ် သူသည် ဖန်ခွက် နှစ်ခွက်ကိုင်ပြီး လူအုပ်ကြားထဲမှ ခဲယဉ်းစွာ တိုးထွက်လာသော ချန်ချင့်က သူ့ဆီသို့ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
နှစ်စက္ကန့်အချိန်ယူလိုက်ပြီးနောက် ကျန်းယွီသော်သည် အံကိုကြိတ်ကာ သွားကြားထဲမှ တိုးထွက်လာသော လေသံနှင့် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်"
"အဲဒီလိုလား။ အဲဒါဆို အားနာပါတယ်ဗျာ။ နောက်တစ်ခေါက် ခင်ဗျားတစ်ယောက်တည်း လာတဲ့အချိန်ကျရင် ခင်ဗျားနဲ့ ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်"
လူရွယ်လေးက ပြုံးရင်းပြောလိုက်သည်။
ကျန်းယွီသော်က ကြောင်အမ်းအမ်းဖြစ်သွားသည်။
ချန်ချင့်မှာ မီတာအတော်ဝေးဝေးဆီမှပင် ကျန်းယွီသော်အား လှမ်းအော်ခေါ်နေသည်။
"စန်းကော ... စန်းကော ......"
လှည့်ထွက်သွားရန်လုပ်နေသော ထိုလူရွယ်က ချန်ချင့်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းယွီသော်အား တစ်ချက် ပြန်လှည့်ကြည့်လာပြန်သည်။ ထို့နောက် ဖြည်းဖြည်းနှေးနှေးနှင့် လျှောက်ထွက်သွားသည်။
"မင်းကို အသံချဲ့စက်တစ်ခုပေးထားမယ်၊ ဟုတ်ပြီလား"
ကျန်းယွီသော်က ချန်ချင့်အား ကြည့်နေသည်။
ချန်ချင့်သည် ဘာကြီးမှန်းမသိသောဖျော်ရည်ပါသော ဖန်ခွက်တစ်ခွက်ကို ကျန်းယွီသော်လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ငါလူး ... လခွမ်း ... ဒါက လိင်တူဘားကြီးဟ။ လိင်တူအရက်ဘား"
"အစကတည်းက ငါမင်းကို ပြောခဲ့သားပဲ မဟုတ်ဘူးလား။ အခုမှ လာပြီး ချေးကို လန့်နေလိုက်"
ကျန်းယွီသော်သည် ဖန်ခွက်ထဲမှ အရည်ကို တစ်ငုံသောက်ကြည့်လိုက်သည်။ ဖျော်ရည်မှာ ချိုချိုချဉ်ချဉ်အရသာရှိပြီး ပူစီပေါင်းလေးများလည်း ပါသေးသည်။ ဘာဖျော်ရည်မှန်းတော့ သူမသိပေ။
"ခုနတုန်းက လူတစ်ယောက် ငါ့ဖင်လာနှိုက်သွားတယ်ဟ။ ထိတာ ကိုင်တာမဟုတ်ဘူးနော်။ ငါလူး နှိုက်တာဟ"
ချန်ချင့်၏ မျက်နှာအမူအရမှာ လန့်ဖျပ်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။
ကျန်းယွီသော်က သက်ပြင်းတစ်ချက်ချလိုက်ပြီး စကားမဆိုဘဲ ချန်ချင့်အား ဘေးနားသို့ရောက်အောင် ဆွဲဖယ်လိုက်ပြီး မျက်လုံးအကြည့်ကို လူအုပ်ထဲသို့ ဆက်ပို့ထားပြီး စူးစမ်းကြည့်ရှုနေသည်။
ချန်ချင့်က ကျန်းယွီသော်၏ နားရွက်နားသို့ ကပ်ပြောလာသည်။
"ငါအခု Jaeger ကို စောက်ရမ်း သံသယဝင်နေပြီ။ သူ ဒီလိုနေရာကို တကူးတကလာပြီး အရက်လာသောက်တယ်ဆိုတော့၊ မင်းပြောကြည့် ... ... သူ လိင်တူကြိုက်တဲ့လူ မဖြစ်နိုင်ဘူးလား"
"မင်းလည်း အခု လာတာပဲမဟုတ်ဘူးလား"
"... ... အင်း"
ချန်ချင့်က မသဲမကွဲနှင့် စိတ်ရှုပ်ထွေးစွာ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
ကျန်းယွီသော်သည် ဤကဲ့သို့ မပြုလုပ်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် အလျင်းသင့်သော တစ်နေရာရာကို စိုက်ကြည့်နေလိုက်သည်။ ဘေးနားမှ အသံဗလံများ တိုးတိတ်ပျောက်ကွယ်သွားသည်အထိ ထိုနေရာကိုသာ အာရုံစုစည်းစိုက်ကြည့်နေလိုက်သည်။ ထို့နောက်တော့မှ ခေါင်းပြန်မော့ပြီး သီးသန့်ခွဲခြားလိုက်သလိုဖြစ်သွားသော ပတ်ဝန်းကျင်ထဲတွင် ရှာဖွေလိုက်သည်။
ဤကဲ့သို့သောအခြေအနေတွင် ကျန်းယွီသော်သည် ပြိုင်ဘက်ကိုစိုက်ကြည့်နေလိုက်ပြီး၊ သူနှင့်ပြိုင်ဘက်မှလွဲလျှင် အခြားကျန်ရှိနေသော မဆိုင်သည့်အရာများအားလုံးကို ခွဲခြားဖယ်ရှင်းလိုက်ပြီးနောက်၊ ထိုအချိန်တွင် သူသည် တစ်ဖက်လူ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းအပြင် အလွန်သေးငယ်ပါးမွှားသော အပြုအမူလှုပ်ရှားမှုကိုပင် တွေ့မြင်နိုင်သွားသည်။
အမှန်တကယ်တွင် ချန်ခေါ့ကို လူအုပ်ထဲတွင် ရှာဖွေရသည်မှာ အလွန်လွယ်ကူသည်။ ချန်ခေါ့က ရုပ်ချောကြည့်ကောင်းသူဖြစ်ပြီး အခြားလူတော်တော်များများနှင့်မတူသော ဟန်ပန်အရှိန်အဝါတို့က ထင်းခနဲ ဖြစ်နေသည်။ အကယ်၍ လင်ရွှိကဲ့သို့သော ကိုလူချောနှင့်ပါ အတူတူရှိနေသေးလျှင် ... ...။
မှိန်ဖျော့နေသော အမှောင်ရိပ်ထဲတွင် ထိုင်နေစေကာမူ တွေ့မြင်နိုင်သည်။
စတိတ်စင်၏ ညာဘက်မျက်စောင်းထိုးနားတွင် မှောင်ရိပ်ကျနေသည်။ ချန်ခေါ့နှင့် လင်ရွှိတို့သည် စားပွဲအမြင့်တစ်လုံးဘေးနားတွင် မှီထိုင်နေကြသည်။
လင်ရွှိက ခန္ဓာကိုယ်နှင့် ကွက်တိကျနေသော အသားနှင့်ခပ်ကပ်ကပ် မီးခိုးရောင် တီရှပ်ကို ဝတ်ဆင်ထားသည်။ ကိုယ်နှင့်ကပ်နေသော အင်္ကျီကြောင့် ခန္ဓာကိုယ်ကြွက်သားအဖုအထစ်ရာများက ခပ်ရေးရေး ပေါ်လွင်နေသည်။ ထိုကဲ့သို့သော ဆင်ယင်မှုအပေါ်တွင်မှ သာမန်လူများကြားတွင် တွေ့ရခဲသည့် ခပ်ချောချောမျက်နှာကိုပါ ထည့်ပေါင်းလိုက်သောအခါ၊ ကျန်းယွီသော်က dance floor တစ်ခု ခြားနေသည့်နေရာတွင် ရပ်ပြီး ခပ်လှမ်းလှမ်းမှ ကြည့်နေတာတောင်၊ ဘေးနားတစ်ဝိုက်ရှိလူများ၏ အငမ်းမရမွတ်သိပ်နေသည့် အကြည့်များကို သတိထားမိနိုင်နေသည်။
ကျန်းယွီသော်၏ စိတ်ထဲတွင် ချန်ခေါ့ကလည်း တော်တော်လေး စိတ်ပြင်းပြနေလောက်ပြီဟု တွေးထင်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိသည်လည်း အကြောင်းရင်းမရှိဘဲ နှစ်ခေါက်တောင် အနမ်းခံလိုက်ရပြီးပြီ မဟုတ်ပါလား...။
သို့သော် အချိန် ၃ မိနစ်ခန့်အတွင်းတွင် ချန်ခေါ့၏ အကြည့်လည်း နောက်ဆုံးတော့ အခြားတစ်နေရာသို့ ပြောင်းလဲရွေ့လျားသွားသည်။ တခါတရံတွင် ခေါင်းကိုစောင်းပြီး လင်ရွှိပြောနေသော စကားကို နားစိုက်ထောင်ပြီး နှုတ်ခမ်းထောင့်တွင်လည်း မသိသာ မထင်ရှားသော အပြုံးရေးရေးလေး ထင်းသွားသည်။
ချန်ခေါ့၏တည်နေရာကို ချိတ်မှတ်လိုက်ပြီးနောက် ကျန်းယွီသော်သည် မိမိရှိနေသည့်နေရာကို ဗဟိုမှတ်အဖြစ် သတ်မှတ်လိုက်ကာ တဖြည်းဖြည်းနှင့် လေးဘက်လေးတန်ဆီသို့ အကြည့်ဖြန့်ကာ မသင်္ကာစရာကောင်းသောလူနှင့် မသင်္ကာစရာကောင်းသောလှုပ်ရှားမှုတို့ကို ရှာဖွေလိုက်သည်။
လူနှစ်ယောက်က အချင်းချင်း နမ်းရှုပ်နေကြရင်း လက်ကလည်း အခြားတစ်ယောက်၏ ဘောင်းဘီဆီသို့ ထည့်သွင်းနေသည်ကို မြင်လိုက်ရသည်မှလွဲလျှင် ... ... သံသယဖြစ်စရာ တစ်ခုမှ မတွေ့ရပေ။ ထိုကဲ့သို့သော မြင်ကွင်းက သူ့အား အထိတ်တလန့်နှင့် တုန်လှုပ်စေသည်။
လင်ရွှိက တကယ်ကိုပဲ ချန်ခေါ့က သည်လိုနေရာမျိုးကို ဘားထိုင်အရက်သောက်ရန် ချိန်းဆိုခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပရမ်းပတာနှင့်ရှုပ်ထွေးနေသော်လည်း ကျန်းယွီသော်က သံသယဖြစ်စရာ တစ်ခုမှ မတွေ့မိပေ။ သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုများက မပေါ့လျော့သွားသေးတာပဲ ရှိသည်။
အချို့သောခံစားချက်ကြောင့် ဖြစ်ပေါ်လာသော ဤကဲ့သို့ စိတ်မအေးစရာပူပန်မှုသည် ကျန်းယွီသော်အတွက်ပြောရလျှင် မှန်းချက်မလွဲဘဲ အလွန် မှန်ကန်တိကျလေ့ရှိသည်။
လင်ရွှိကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တော့မှ ကျန်းယွီသော်သည် နောက်ဆုံးတွင် သူအား စိတ်မအေးဖြစ်စေသော ရင်းမြစ်အစကို ချက်ချင်းတွေ့ရှိသွားတော့သည်။
အနှီရင်းမြစ်မှာ လင်ရွှိပင်ဖြစ်သည်။
မူလက ကျန်းယွီသော်သည်၊ လင်ရွှိက ချန်ခေါ့ကို သဘောကျပြီး ချန်ခေါ့အား လိုက်ချင်၍ သည်လိုနေရာသို့ ချိန်းဆိုသည် ဟူသော၊ အတွေးလမ်းကြောင်းအတိုင်း သဘောထားရန် စဉ်းစားလိုက်သည်။ သို့သော် လင်ရွှိက ချန်ခေါ့အား ပြုံးရယ်ရင်း စကားတပြောပြောလုပ်နေသော ပုံစံကို ယခုမြင်လိုက်ရသောအခါ ... ...
နည်းနည်းတော့ များသွားပြီဟု သူတွေးနေသည်။ ဗီဒီယိုရိုက်ကူးရေးလုပ်စဉ်က လင်ရွှိက ချန်ခေါ့နှင့် သည်မျှအထိရင်းနှီးကြမှန်း သူသတိမထားခဲ့သလို၊ ထိုနှစ်ယောက်ကြားတွင် အချင်းချင်း အပြောအဆိုအဆက်အဆံလည်း အများကြီးမရှိကြပေ။ သို့သော် ယခုကဲ့သို့ အဆက်မပြတ်နှင့် စိတ်လိုလက်ရ ချဉ်းကပ်နေသည့်အနေအထားမှာ ဘယ်လိုပဲကြည့်ကြည့် မူမမှန်နေပေ။
ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။
"စန်းကော"
ချန်ချင့်က ကျန်းယွီသော်နားနားတွင် အော်ပြောလာသည်။
"ငါ Jaeger ကို ရှာတွေ့ပြီထင်တယ်"
"အင်း"
ကျန်းယွီသော်က ချန်ချင့်၏အသံကြောင့် သီးသန့်ခွဲခြားထားသောအဝန်းအဝိုင်းထဲမှ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည်။ ပတ်ဝန်းကျင်မှအသံများကလည်း ပေါက်ကွဲထွက်လာသလိုပင် ပြန်လည်ဆူညံလာသည်။ စက္ကန့်အနည်းငယ်ကြာသွားတော့မှ ကျန်းယွီသော်က လက်ရှိနှင့် အဆက်အသွယ်ပြန်ရသွားသည်။
ချန်ချင့်က ဆက်ပြီး အော်ပြောနေသည်။
"အဲဒီကောင်က ဘယ်သူလဲဟ။ ကြည့်ရတာ သူနဲ့ အရမ်းခင်တဲ့ပုံပဲ။ သူတို့နှစ်ယောက်က မဟုတ်မှလွဲရော ......"
"ပါးစပ်ပိတ်ပြီး မင်းအရက်ကိုပဲ သောက်နေစမ်းပါ"
ကျန်းယွီသော်က ချန်ချင့်၏ စကားကို ဖြတ်ပြောလိုက်သည်။
"အဲဒီကောင်က တော်တော်ကြည့်ကောင်းသလိုပဲဟ။ မော်ဒယ်နဲ့တူ ... ..."
"မင်းသဘောကျရင် Jaeger ကိုပြောပြီး မင်းနဲ့ မိတ်ဆက်ခိုင်းလိုက်လေ။ ဘယ်လိုလဲ"
ကျန်းယွီသော်က ချန်ချင့်အားကြည့်ရင်းပြောသည်။
"တော်ပါပြီကွာ။ ငါ မိန်းကလေးတွေပဲ သဘောကျတာ ... ... ဒါနဲ့ ဒီအထဲမှာ မိန်းကလေးတွေလည်း မနည်းဘူးပဲ။ ငါ ခုနကတောင် နှစ်ယောက်ကို တွေ့လိုက်သေးတယ်။ တော်တော်လှတယ်။ ဒါပေမဲ့ ကြည့်ရတာ အတွဲတွေနဲ့ တူတယ် ...... ဟေ့ စန်းကော မင်းပြောကြည့်၊ သူများတွေက ငါတို့နှစ်ယောက်ကိုလည်း ......"
"တော်စမ်း"
ကျန်းယွီသော်က အနှီသူကောင်းသားကို ကြည့်ရင်းပြောလိုက်သည်။
ချန်ချင့်က သက်ပြင်းချလိုက်သည်။
"... ... ငါ အပေါ်ထပ်သွားပြီး လိုက်ကြည့်လိုက်ဦးမယ်။ ငါ ဒီလိုဘားမျိုးကို တစ်ခါမှ မလာဖူးသေးဘူးဆိုတော့ အခု ရောက်တောင် ရောက်လာမှတော့ကွာ"
ကျန်းယွီသော်က စကားမဆိုဘဲ တိတ်ဆိတ်နေသည်။ ချန်ချင့်က လှေကားအတိုင်း အပေါ်ထပ်သို့တက်သွားတော့မှသာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
သို့သော် ချန်ချင့်ထွက်သွားပြီး မကြာမီတွင်ပင် ဘေးပတ်ဝန်းကျင်မှ အချို့သောလှုပ်ရှားမှုများက သူ့အား စိတ်မအေးဖြစ်လာစေပြန်သည်။
တိုးကပ်လာသောလူ၊ စိုက်ကြည့်နေသော အကြည့် ... ...
ကျန်းယွီသော်သည် မျက်နှာထားကို ခပ်တည်တည် ထားထားပြီး တိုးကပ်လာသောထိုလူကို မျက်နှာထားမှတဆင့် ကြောက်စရာကောင်းသော အန္တရာယ်အရိပ်အယောက်ကို ခံစားရစေပြီး ထပ်ပြီးတိုးကပ်မလာရဲအောင် အတတ်နိုင်ဆုံး လုပ်ထားသည်။
ချန်ခေါ့က ဘာကြောင့် ထိုကဲ့သို့ တောက်လျှောက် ပေတေပြီးထိုင်နေမှန်း ကျန်းယွီသော် စဉ်းစား၍မရပေ။ လင်ရွှိကမူ နှစ်ကြိမ်ခန့် မတ်တပ်ရပ်မလိုနှင့် dance floor တွင် သွားကရန် ချန်ခေါ့အား ခေါ်ချင်သော်လည်း ချန်ခေါ့က ပြုံးသာပြုံးပြသောကြောင့် လင်ရွှိက ပြန်ထိုင်လိုက်ပြန်သည်။
ကချင်လျှင် ဘာကြောင့် တခါတည်း ကိုယ့်ဘာသာကိုယ် သွားမကတာလဲ။ ချန်ခေါ့ကို ဆွဲခေါ်မှ ရမှာလား။
ကျန်းယွီသော်သည် dance floor တွင် စိတ်လွတ်ကိုယ်လွတ် ကခုနေကြသော လူအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ များသောအားဖြင့် လူနှစ်ဦးက မျက်နှာချင်းဆိုင်ပြီး ကခုန်နေကြသည့် ပုံစံနှင့် အချို့လူများလည်း နှုတ်ခမ်းချင်း နမ်းရှုပ်ပြီး ကနေကြသေးသည်။
ထိုကဲ့သို့သော အကွာအဝေး၊ ထိုကဲ့သို့ ပြင်ဆင်ကာကွယ်ထားခြင်းမရှိသော အထိအတွေ့တို့ဖြင့် တစ်ခုခုလုပ်ပစ်ချင်လျှင် ပုရွက်ဆိတ်သတ်သည်ထက်တောင် လွယ်ကူနေသေးတော့သည်။ ဓားထိုးချက် တစ်ချည်းတည်းကို မပြောနှင့်ဦး၊ ဓားဆယ်ချက်ခန့်ထိုးလိုက်ပြီး အထိုးခံလိုက်ရသောလူက ကြမ်းပေါ်လဲကျသွားလျှင်တောင် သတိထားမိမည့်သူ ရှိလောက်မည်မဟုတ်ပေ။
ချန်ခေါ့က ဖန်ခွက်ကို ချလိုက်ပြီး လင်ရွှိအား တစ်ခုခု စောင်းငဲ့ပြောလိုက်သည်။ လင်ရွှိက ခေါင်းညိတ်လိုက်ပြီး ချန်ခေါ့က မတ်တတ်ရပ်လိုက်သည်။
ပြန်တော့မှာလား...။
ကျန်းယွီသော်က ချက်ချင်းပင် လက်ထဲမှ ဖျော်ရည်ခွက်ကို လှေကားထစ်ပေါ်တွင် တင်လိုက်ပြီး ချန်ခေါ့၏ ဘေးပတ်ပတ်လည်ကို ကြည့်နေသည်။
ချန်ခေါ့က စားပွဲနားမှထွက်လာပြီး ကျန်းယွီသော်ရှိရာဘက်သို့ လျှောက်လှမ်းလာသည်။ ကျန်းယွီသော်လည်း အလျင်အမြန်ပင် အမှောင်ရိပ်ထဲတွင် ပုန်းကွယ်လိုက်သည်။ သို့သော်လည်း ချန်ခေါ့၏ နှေးကွေးလေးလံသော သတိစိတ်အရဆိုလျှင် ယခုအချိန်တွင် ကျန်းယွီသော်က သူ့ရှေ့တည့်တည့်တွင် ရပ်နေလျှင်တောင် သူက မသိကျိုးကျွန်ပြုပြီး မမြင်ဘဲ ကျော်သွားနိုင်ခြေရှိသည်။
ချန်ခေါ့က dance floor ထဲသို့ဝင်သွားသည်။ ကနေသော လူအုပ်ကို ဖြတ်ကျော်လာချင်ပုံရသည်။ ချန်ခေါ့က မျက်မှောင်ကြုတ်ပြီး နောက်သို့ ခဏခဏလှည့်ကြည့်သည်ကို မြင်နေရသည်။ ... ... အကိုင်ခံရလို့များလား...။
Dance floor ကို ကျော်လာပြီးနောက် သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာ သုံးမီတာတောင် မရှိတော့ပေ။ ချန်ခေါ့က ကျန်းယွီသော်ကို မမြင်ဘဲ ကော်ရစ်ဒါဆီသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။
အိမ်သာသွားခြင်း ဖြစ်ရမည်။
ကျန်းယွီသော်သည် သန့်စင်ခန်းတံခါးကို လှမ်းမြင်နိုင်သောနေရာသို့ ပြောင်းရွှေ့ရန်သင့်မသင့်ကို ဝေခွဲမရဖြစ်နေသည်။ သို့သော် ချန်ခေါ့တို့ထိုင်ခဲ့သော ထိုစားပွဲဝိုင်းဘက်သို့ ဘာရယ်မဟုတ် တစ်ချက်လှမ်းကြည့်ကြည့်လိုက်ပြီးနောက် ကျန်းယွီသော်သည် ချက်ချင်ပင် ရပ်တန့်သွားသည်။
စားပွဲဘေးနားတွင် လူမရှိတော့ပေ။ လင်ရွှိကို မတွေ့ရတော့ပေ။
ကျန်းယွီသော်သည် ချက်ချင်းပင် စိတ်လှုပ်ရှားပူပန်လာပြီး လက်ကလည်း ဘောင်းဘီအိတ်ထဲသို့ တစ်ချက်စမ်းလိုက်သည်။ အိတ်ထဲတွင် ဘာမှမရှိနေပေ။ ဘားထဲဝင်လာသောအချိန်တွင် ဓားယူဆောင်ပြီး ဝင်လာခွင့်မရှိသောကြောင့် အပြင်ဘက်တွင် ထားခဲ့လိုက်ရသည်။
ကျန်းယွီသော်သည် ကော်ရစ်ဒါဘက်သို့ ဦးတည်သွားနေသော လူများဘက်သို့ စိုက်ကြည့်နေလိုက်သည်။ အကယ်၍ လင်ရွှိသာ ချန်ခေါ့၏အနောက်မှ သန့်စင်ခန်းလိုက်သွားပါက ထိုလူမှာ အမှန်တကယ်ပင် ပြဿနာတစ်ခုခုရှိနေသည့်သူ မလွဲဧကန် ဖြစ်ရမည်။
တစ်မိနစ်ခန့် မကျော်သေးမီအချိန်တွင် dance floor မှ ဖြတ်သန်းတိုးထွက်လာပြီး ကော်ရစ်ဒါဘက်သို့ ဦးတည်သွားနေသော လင်ရွှိကို ကျန်းယွီသော် တွေ့လိုက်ရသည်။
လင်ရွှိက ခြေလှမ်းလေးလေးနှင့် ဖြည်းဖြည်းလျှောက်သွားနေခြင်းဖြစ်ပြီး ခြေလှမ်းနေသောနှုန်းအရ အိမ်သာတက်ချင်နေသော ပုံစံမပေါက်ပေ။
ကျန်းယွီသော်က နောက်မှလိုက်သွားပြီး စားပွဲတစ်လုံးကို ဖြတ်ကျော်လာရသောအခါ သူသည် စားပွဲပေါ်မှ ခြေတံရှည်ဖန်ခွက်တစ်လုံးကိုလည်း လှမ်းယူလိုက်သည်။
လင်ရွှိက အနောက်တွင် ကျန်းယွီသော်၏ နောက်ယောင်ခံလိုက်ခြင်းခံနေရသည်ကို မသိနေပေ။ ခေါင်းတောင် လှည့်မကြည့်သလို ဘေးဘီဝဲယာကိုလည်း လျှောက်မကြည့်နေပေ။ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းနှင့် အိမ်သာတံခါးဝသို့ လျှောက်သွားနေသည်။
ကော်ရစ်ဒါလျှောက်လမ်းထဲတွင် လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေကြသည်ကို ကျန်းယွီသော်မြင်လိုက်ရသည်။ ဘာတွေလုပ်နေကြသည်ဆိုသည့် အသေးစိတ်ကိုတော့ သေချာကြည့်ရန် အချိန်မရှိပေ။ သူသည် လင်ရွှိကိုသာ အာရုံစိုက်ပြီး ကြည့်နေသည်။
လင်ရွှိက သန့်စင်ခန်းတံခါးဝသို့ရောက်သောအခါ ချက်ချင်း မဝင်သွားဘဲ နှစ်စက္ကန့်ခန့် တုံ့ဆိုင်းနေသည်။
ထို နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားမှုကြောင့် လင်ရွှိ၏ ချန်ခေါ့အားချဉ်းကပ်လိုသော ရည်ရွယ်ချက်ကို ကျန်းယွီသော် အတည်ပြုသွားနိုင်လိုက်သည်။
ကျန်းယွီသော်က တွေဝေမနေတော့ဘဲ လင်ရွှိရှိရာဆီသို့ တိုးလာကာ၊ လင်ရွှိက အသက်တစ်ချက်ရှူသွင်းပြီး အသက်ပြန်ရှူထုတ်ကာ စိတ်ခံစားချက်လှုပ်ရှားမှုကို ဖြေလျှော့ပြီး သန့်စင်ခန်းထဲသို့ လှည့်ဝင်ရန်လုပ်သော ထိုအခိုက်အတန့်တွင် ကျန်းယွီသော်က လင်ရွှိ၏ လက်တစ်ဖက်ကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် လင်ရွှိကို နံရံဘက်သို့ အားပြင်းပြင်းဖြင့် တွန်းလှည့်လိုက်ပြီးနောက် လင်ရွှိ၏ လည်မျိုကို တံတောင်နှင့် ဖိထားလိုက်သည်။
တစ်ချိန်တည်းတွင် ကျန်နေသော လက်တစ်ဖက်က နံရံပေါ်တွင် ညင်သာစွာ တစ်ချက်ရိုက်လိုက်ပြီးနောက်၊ အစွန်နားတွင် ကွဲကြေသွားသော ဖန်ခွက်ဖြင့် လင်ရွှိ၏ လည်ပင်းကို ချိန်ရွယ်ထားလိုက်သည်။
"စန်းကော"
လင်ရွှိက ထိတ်လန့်မှုထဲမှ သတိပြန်ဝင်လာပြီး ကျန်းယွီသော်အား သေချာမြင်သွားပြီနောက် အံ့သြတကြီးနှင့် ခေါ်လိုက်သည်။
ကျန်းယွီသော်က အသံကို တည်ငြိမ်အောင် ထိန်းပြီး ပြောသည်။
"ပြောစမ်း ... ခင်ဗျားကို ဘယ်သူလွှတ်လာတာလဲ"
"ဘာကြီး ..."
လင်ရွှိက ကျန်းယွီသော်အားကြည့်နေကာ လည်မျိုနားတွင် ဖိထားသော ကျန်းယွီသော်၏ တံတောင်ကို ဆွဲဖယ်ရန် ကြိုးစားနေသည်။
"မလှုပ်နဲ့။ ပြောစမ်း"
"ဘာပြောရမှာလဲ။ မဟုတ်သေးဘူး။ ဒါက ဘယ်လိုဖြစ်တာလဲ"
လင်ရွှိက အံ့သြနေသည့်တစ်ချိန်တည်းတွင် ထိတ်လန့်နေသော အမူအရာက မျက်နှာပေါ်တွင် ထင်းနေသည်။
မျက်လုံးထောင့်မြင်ကွင်းမှတဆင့် ကျန်းယွီသော် ထိုနမ်းရှုပ်နေကြသောအတွဲက ပြေးထွက်သွားပြီကို တွေ့လိုက်ရသည်။ ကော်ရစ်ဒါလျှောက်လမ်း၏ အခြားတစ်ဖက်ကလည်း စပ်စပ်စုစုနှင့် လှမ်းကြည့်လာသူ ရှိနေပြီဖြစ်သည်။ လင်ရွှိအား သည်နေရာမှ အမြန်ဆုံး ခေါ်ထုတ်သွားရန် လိုအပ်နေပြီ။
သို့သော် သူမလှုပ်ရှားရသေးခင်တွင်ပင် ချန်ခေါ့က သန့်စင်ခန်းထဲမှ ထွက်လာနေပြီဖြစ်သည်။
လင်ရွှိက လှမ်းအော်လိုက်သည်။
"ချန်ကော ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
ချန်ခေါ့က နေရာတွင်ပင် လူတစ်ကိုယ်လုံး ကြက်သေသေသွားကာ အတော်ကြာတော့မှ ပြောလာသည်။
"မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ"
"ကျွန်တော် အိမ်သာလာတက်တာ"
လင်ရွှိ ဖြေလိုက်သည်။
"မင်းကို မေးတာမဟုတ်ဘူး"
ချန်ခေါ့က အသိစိတ်ပြန်ကပ်လာချိန်တွင် အကြည့်က ပထမဦးဆုံးအနေဖြင့် ကျန်းယွီသော်၏ မျက်နှာပေါ်သို့ အရင်ကျရောက်သည်။ ထို့နောက် လင်ရွှိ၏ လည်မျိုပေါ်သို့ ဖိတင်ထားသော တံတောင်ကို ကြည့်သည်။ နောက်ဆုံးတွင် ပဲ့ကြေနေသော ဖန်ခွက်ပေါ်သို့ အကြည့်ရောက်သွားသည်။
ချန်ခေါ့၏ မျက်နှာပေါ်မှ ခံစားချက်အမူအရာများ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်ကို ကျန်းယွီသော် မြင်နေရသည်။ အံ့သြရာမှ နားမလည်သောရှုပ်ထွေးမှု၊ နောက်ဆုံးတွင် စိတ်ပျက်မှုတို့ရောပါနေသော ဒေါသအမျက် အစရှိသည်ဖြင့် ပြောင်းလဲသွားသည်။
"ကျန်းယွီသော်"
နာမည်ခေါ်လိုက်ပြီးနောက် ချန်ခေါ့က ကော်ရစ်ဒါလျှောက်လမ်း အခြားတစ်ဖက်ထိပ်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ၊ ထို့နောက်တွင် ကျန်းယွီသော်နားသို့ ကပ်လာပြီး တစ်လုံးချင်းစီပြောလာသည်။
"သုံးစက္ကန့်အချိန်ပေးမယ်။ သူ့ကို လွှတ်လိုက်စမ်း"
ကျန်းယွီသော်က မလှုပ်မယှက်နှင့် ချန်ခေါ့အား ကြည့်နေသည်။
ချန်ခေါ့က မိမိအား မယုံကြည်သည်ကို ကျန်းယွီသော် သိသလို ချန်ခေါ့၏ ယခုလက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော စိတ်ခံစားချက်အခြေအနေကိုလည်း သိသည်။ သူ တဇွတ်ထိုးနှင့် တိုးဝင်လာချိန်တွင် ဤကဲ့သို့သော အနေအထားဖြစ်ပေါ်လာမည်ကို သူခန့်မှန်းထားပြီးသားဖြစ်သည်။ ထို့သော် မှန်းထားသည့်အတိုင်း တကယ်တမ်း မျက်စိရှေ့တွင် ဖြစ်ပေါ်လာသောအခါ သင့်တော်သော ဖြေရှင်းနည်းတစ်ခုတစ်လေတောင် ခေါင်းထဲ မပေါ်လာပေ။ လင်ရွှိက ချန်ခေါ့အား အန္တရာယ်မပြုမီ အချိန်မီတားဆီးလိုစိတ်သာ သူ့ထံတွင် ရှိသည်။
ချန်ခေါ့က ကျန်းယွီသော်အား စိုက်ကြည့်နေပြီး အချိန်ကို စတင်ရေတွက်သည်။
"တစ် .. နှစ် ... ..."
ကျန်းယွီသော်၏ လက်က အနည်းငယ် တုန်ယင်နေသည်။ အကယ်၍ လက်ကို မဖယ်လွှတ်ပေးလျှင် ဘယ်လိုအကျိုးဆက်မျိုးဖြစ်လာမည်ကို သူသိနေသည်။
ယခုတွင် သူလက်ကိုလွှတ်ပေးလိုက်လျှင်လည်း ချန်ခေါ့က နောက်ဆိုလျှင် သူ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ရှိနေဦးမည် မဟုတ်ပေ။
"သုံး ..."
ကျန်းယွီသော်က ဖမ်းချုပ်ထားမှုကို လွှတ်ဖယ်ပေးလိုက်သည်။
လင်ရွှိက ကိုယ့်လည်ပင်းကို စမ်းလိုက်သည်။
"ချန်ကော ......"
"မင်း အရင်ပြန်လိုက်တော့။ နောက်မှပဲ မင်းကို ကိုယ် သက်သက်ပြန်ရှင်းပြမယ်"
လင်ရွှိက မလှုပ်ရှားဘဲ ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ဒါပေမဲ့ ......"
"ဘာမှမဖြစ်တော့ဘူး။ ကိုယ်နဲ့ စန်းကော ကြားမှာ နားလည်မှုလွဲသွားလို့"
လင်ရွှိက စက္ကန့်အနည်းငယ်ခန့် ဆက်ပြီး ရပ်နေလိုက်ပြီးမှ လှည့်ထွက်တော့သည်။
ချန်ခေါ့က ကျန်းယွီသော်ကိုင်ထားသော ဖန်ခွက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လက်လှမ်းလာကာ ညင်သာစွာလှမ်းယူလိုက်ပြီးနောက် ဘေးနားတွင်ရှိသော အမှိုက်ပုံးအပေါ်တွင် တင်လိုက်သည်။
"ကျန်းယွီသော် ..."
ကျန်းယွီသော်က "အင်း" ဟု ပြန်ထူးလိုက်သည်။
ချန်ခေါ့က ထိုငတိကို ကြည့်နေသည်။
"အနွေးထည်သွားယူ။ ပြန်မယ်"
"... ... အင်း"
ဘားဝန်ထမ်းနှင့်လုံခြုံရေးအစောင့်တို့ အပြေးရောက်လာသောအခါ သူတို့သည် ကော်ရစ်ဒါလျှောက်လမ်းမှ ထွက်လာပြီး ပစ္စည်းထားသိုခန်းသို့ ရောက်သွားပြီဖြစ်သည်။
အင်္ကျီကိုယူပြီး ထွက်သွားကြရန်အလုပ်တွင် တံခါးဝမှ လူတစ်ယောက်က ဝရုန်းသုန်းကား ဝင်လာသည်။
"စန်းကော"
ဝင်လာသည့်လူက ချန်ချင့်ဖြစ်မှန်း သေချာမြင်လိုက်ရသောအခါ ချန်ခေါ့မှာ အံ့တောင် မအံ့သြနိုင်နေတော့ဘဲ အားအင်ကုန်ခမ်းသလို ခံစားရသည်။
ချန်ခေါ့က ချန်ချင့်အား လှမ်းမေးသည်။
"ကားမောင်းလာကြတာလား"
"ဟုတ်တယ်"
ချန်ချင့်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
"ကားသော့ ငါ့ကိုပေး။ မင်းက ကားငှားပြီး ပြန်လိုက်"
ကျန်းယွီသော်က ချန်ချင့်အား ဘာကြောင့် ယုံကြည်ပြီး တာဝန်ပေးနေရသလဲဆိုသည်ကို တခါတရံတွင် ချန်ခေါ့သည် အထူးသဖြင့် နားလည်သဘောပေါက်သွားမိသလိုရှိသည်။ အကြောင်းမှာ ချန်ချင့်သည် ကျန်းယွီသော်နှင့်ပတ်သက်သော မည်သူကိုမဆို၊ သက်ဆိုင်သည့် မည်သည့်ကိစ္စကိုမဆို ချွင်းချက်မရှိ အကြွင်းမဲ့ယုံကြည်သောကြောင့်ဖြစ်သည်။
ယခုတွင် ဘာတစ်ခွန်းမှတောင် မမေးဘဲ ကားသော့ကို ထုတ်ယူပြီး ကမ်းပေးလာသည်။
"မနက်ကျရင် မင်းဆိုင်ကို မောင်းပို့ပေးရမလား"
"ရတယ်၊ ကိစ္စမရှိဘူး။ ဒီကားက သန်သက်ခါမှ လာယူမှာ။ ကျွန်တော် ကားပိုင်ရှင်နဲ့ ရင်းနှီးတယ်"
"အင်း။ မင်းလည်း ဒီမှာ ကြာကြာ မနေနေနဲ့တော့။ မြန်မြန်ပြန်လိုက်"
ချန်ခေါ့က ခေါင်းညိတ်ရင်း ပြောသည်။
ဘားအဝင်တံခါးပေါက်မှ ထွက်လာသည်နှင့် ချန်ချင့်က ကားငှားပြီး ပြန်သွားသည်။
ချန်ခေါ့က ကျန်းယွီသော်နှင့်အတူ ကားရပ်ထားသောနေရာသို့ လျှောက်သွားလိုက်သည်။
"ငါမောင်းလိုက်မယ်"
"ခုနက ခင်ဗျားသောက်လိုက်တဲ့ဟာတွေက အရက်တွေမဟုတ်ဘူးလား"
ချန်ခေါ့က သက်ပြင်းဖွဖွတစ်ချက်ရှူထုတ်လိုက်သည်။ ကျန်းယွီသော်က ဘားထဲသို့ ဘယ်အချိန်ရောက်လာပြီး၊ ဘယ်နေရာတွင် ပုန်းကွယ်ကာ၊ မိမိအား ဘယ်လောက်အထိကြာအောင် စောင့်ကြည့်နေခဲ့လဲ သူမသိပေ။
"ငါသောက်လိုက်တဲ့ဟာက ဖျော်ရည်ကြီး။ ကားပေါ်တက်"
"ကျွန်တော်လည်း အရက်မသောက်ထားဘူး"
"ငါသိတယ်။ မင်းဆီက အရက်အနံ့မရနေတော့ မင်းမသောက်ထားမှန်း ငါသိတယ်"
ချန်ခေါ့က ကားတံခါးကိုဖွင့်ပြီး ဒရိုင်ဘာခုံတွင် ဝင်ထိုင်လိုက်သည်။
ကျန်းယွီသော်က ကားပေါ်တက်လိုက်သည်။
ချန်ခေါ့က ကားစတီယာရင်ဘီးပေါ် လက်တင်ထားပြီး ကားစက်ကိုမနှိုးပေ။ လောလောဆယ်တွင် သူ့ခေါင်းထဲ၌ နောက်ကျရှုပ်ထွေးနေပြီး ဘာပြောရမှန်းမသိသလို၊ ပြောရမလား မပြောရဘူးလားလည်း ဝေခွဲမရဖြစ်နေသည်။
ခဏထိုင်နေလိုက်ပြီးနောက် သူ့ဖုန်းက ဖုန်းလာသံမြည်လာသည်။
ချန်ခေါ့က ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"တိတ်ဆိတ်လှချည်လား။ ဘားထဲမှာ မဟုတ်တော့ဘူးလား"
ရွှီတင်း၏အသံက ဖုန်းထဲမှ ထွက်လာသည်။
"အင်း၊ ထွက်လာခဲ့ပြီ။ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး။ ခုနက လင်ရွှိက ငါ့ဆီကို ဖုန်းဆက်လာလို့။ စန်းကော သောက်တာများသွားတယ်ထင်တယ်ဆိုပြီး ငါ့ကို မင်းဆီ လှမ်းမေးခိုင်းတာ"
ရွှီတင်းက ရယ်ရင်း ပြောလိုက်သည်။
ချန်ခေါ့က စိတ်သက်သာရသလို သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ လင်ရွှိက စောစောကဖြစ်သွားသော ကိစ္စကို ရွှီတင်းအားမပြောပြခဲ့ဘဲ ပြဿနာတစ်ခုခုဖြစ်မှာစိုး၍ ဆင်ခြေတစ်ခုရှာပြီး ရွှီတင်းအား အခြေအနေလှမ်းမေးကြည့်ရန် အသိပေးလိုက်ခြင်းဖြစ်သည်။
"ဘာမှမဖြစ်ဘူး။ ကားပေါ်ရောက်နေပြီ"
"အဲဒါဆို ပြီးတာပဲ။ ငါ ဖုန်းချလိုက်ပြီ"
"ကျေးဇူး"
ချန်ခေါ့က ရယ်လိုက်ပြီး ဖုန်းချလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချန်ခေါ့သည် ကျန်းယွီသော်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါ့ကို အကြောင်းပြတစ်ခုလောက်ပဲဖြစ်ဖြစ် ရှင်းပြစမ်းပါ။ လင်ရွှိကို ပြဿနာရှိတယ်လို့ မင်းထင်ရတဲ့ အကြောင်းရင်း"
"သူလည်း အိမ်သာသွားမယ်ဆိုတာ ခင်ဗျားမသိဘူးမလား။ ခင်ဗျား ထွက်လာပြီး ဘာမှမကြာဘူး။ သူလည်း လိုက်ထွက်လာတာ"
"ဒီလိုဘားတွေမှာ အရိပ်ပြပြီးတော့ အိမ်သာထဲမှာ တစ်ခုခုသွားလုပ်ကြတယ်ဆိုတာ မင်းသိရဲ့လား"
ကျန်းယွီသော်က မျက်မှောင်ကိုကြုတ်ပြီး ချန်ခေါ့အား လှည့်ကြည့်သည်။
"ဘာသွားလုပ်ကြတာလဲ"
ချန်ခေါ့က ဘာမှမပြောပေ။
ကျန်းယွီသော်က ချန်ခေါ့အား အတော်ကြာအောင် ကြည့်နေလိုက်ပြီးမှ ပြောလာသည်။
"ဒါဆို ခင်ဗျားသူ့ကို အရိပ်တစ်ခုခု ပြလိုက်လို့လား"
"မပြဘူး"
ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် လင်ရွှိက သူ့နောက်လိုက်လာမည်ကိုလည်း တကယ်မထင်ထားခဲ့သလို၊ လင်ရွှိအားလည်း ဘာအရိပ် ဘာအထာမှ မပေးခဲ့ပေ။ သူသည် ရိုက်ကူးရေးလေးတစ်ခု ပူးတွဲလုပ်လိုက်ရုံလေးဖြင့် လူတစ်ယောက်နှင့် ဘာညာသာရကာကိစ္စဖြစ်တတ်သော အကျင့်ရှိသည့်သူမဟုတ်ပေ။
"အဲဒါဆိုလည်း ပြီးတာပဲမဟုတ်ဘူးလား"
"တကယ်လို့ သူကလုပ်ချင်တယ်ဆိုရင် သူလည်း နောက်က လိုက်လာခွင့်ရှိတယ်"
ချန်ခေါ့သည် အမှန်တကယ်ကို ဘယ်လိုရှင်းပြမှန်းမသိဖြစ်နေသည်။ ကားခုံနောက်မှီကို မှီလိုက်ပြီး မျက်လုံးများကို ပိတ်ချလိုက်သည်။ ခဏခန့်ကြာသွားပြီးမှ စကားစပြောသည်။
"ကျန်းယွီသော်"
"အင်း"
"မင်းက ငါ့ကို ကာကွယ်ချင်လို့ဆိုတာ ငါသဘောပေါက်ပါတယ်။ ဒါပေမဲ့ ဒီလိုကြီးဖြစ်နေတာကို ငါတကယ် လက်မခံနိုင်ဘူး"
ကျန်းယွီသော်က ဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။
"ဒီနေ့ည ငါမင်းကိုမေးတဲ့မေးခွန်းတွေအားလုံးကို မင်း တစ်ခုမကျန် ငါ့ကို ပြန်ဖြေပေးရမယ်။ တကယ်လို့ မင်းမဖြေချင်ရင် ဖြေချင်စိတ်မရှိရင် နောက်လကျရင် ငါအိမ်ပြောင်းတော့မယ်။ ငါ့ဘဝက နဂိုကတည်းက လိုအပ်တာထက်ပိုပြီး စိတ်ရှုပ်စရာကောင်းနေပြီးသားပဲ။ ဒီလောက်ကိစ္စတွေအများကြီးကို ထပ်ပြီး ဖြေရှင်းနေရတာကို ငါသည်းမခံနိုင်တော့ဘူး"
"အိမ်ပြောင်းမှာ ဟုတ်လား"
ကျန်းယွီသော်က မှင်သေသွားသည်။
"ငါ့လို သူငယ်ချင်းမရှိခဲ့ဘူးလို့ မင်းသဘောထားလိုက်ပေါ့"
"မပြောင်းနဲ့"
ကျန်းယွီသော်က ရုတ်တရက်ပင် အသံကိုမြှင့်ပြီး ပြောလိုက်သည်။
ကျန်းယွီသော်၏အသံထဲမှ စိုးရိမ်ပူပန်မှုနှင့်စိတ်ဇောတို့ကြောင့် ချန်ခေါ့က အံ့အားသင့်သွားရသည်။ သူသည် မျက်လုံးကိုပြန်ဖွင့်ပြီး ကျန်းယွီသော်အား ခေါင်းလှည့်ကြည့်လိုက်သည်။ ကျန်းယွီသော်အနေဖြင့် အဘယ့်ကြောင့် ဤကဲ့သို့သော သာမန်ထက်ပိုလွန်စွာ တုံ့ပြန်လာသည်ကို သူတကယ်မသိတော့ပေ။
ကျန်းယွီသော်က ချန်ခေါ့ကို ကြည့်နေပြီး အချိန်အတော်ကြာတော့မှ နောက်တစ်ခါအသံထွက်လာပြီး စကားသံထဲတွင် လည်ချောင်းအက်သံပါဝင်နေသည်။
"ခင်ဗျား ဘာမေးချင်လို့လဲ"
"သူတို့က ဘယ်သူလဲ။ မင်း ဘာကို တွေ့လိုက်တာလဲ"
***
(ဆက်ရန်)