Chapter ● 33 ●
ချန်ခေါ့သည် ကျန်းယွီသော်က သူ့အား အနှီသုံးနှစ်ခွဲကလေးနှင့် နှိုင်းယှဉ်ပြီး နှိမ်သလိုလို စကားနာထိုးတိုင်း သူ့အနေနှင့် စိတ်အလိုမကျဖြစ်ပြီး စိတ်တိုရသည်။ သို့သော် ယခုတစ်ခေါက်တွင် စိတ်ဝင်စားစရာကောင်းပြီး သဘောတွေ့စရာကောင်းသည်ဟု အဓိပ္ပါယ်ပေါက်နေသဖြင့် သူသည်းခံလိုက်ရသည်။
သို့သော်လည်း သူသည် အနည်းငယ် အထွန့်တက်လိုက်သေးသည်။
"သုံးနှစ်ခွဲကလေးက အခုလောက်ဆိုရင် သုံးနှစ်နဲ့ကိုးလကျော်လို့ ဆယ်လလောက်ရှိရောပေ့ါဟ"
"တိကျလိုက်တာ။ တကယ်တော့ လေးနှစ်ပြည့်တော့မှာ။ အခုတောင် မွေးနေ့ရက်အရောက်ကို တစ်ရက်ချင်းစီမှတ်ပြီး ပြင်ဆင်နေကြပြီ။ သူ့အဖေဆိုရင် တစ်လကြိုပြီးတော့ တစ်ပတ်ကို လက်ဆောင်တစ်မျိုးဝယ်ပေးနေတာ"
ကျန်းယွီသော်က ရယ်ရင်းပြောလိုက်သည်။
ချန်ခေါ့က ငရုတ်ပွကင် တစ်ကင်ကိုယူပြီး တစ်ကိုက်ကိုက်သည်။
"ငါငယ်ငယ်တုန်းကနဲ့ အတူတူပဲ။ နှစ်တိုင်း မွေးနေ့ဆိုရင် လက်ဆောင်တွေ အစောကြီး ကြိုရတာ"
"အရမ်းမိုက်တာပဲ"
"ဘာမှကောင်းမနေပါဘူးကွာ။ ပစ္စည်းတွေက လွယ်လွယ်နဲ့ ပေါပေါများများရနေတော့ ပျော်ရွှင်တဲ့ခံစားချက်က မရှိတော့ဘူး။ မျှော်လင့်စရာလည်းမရှိတော့ဘူး။ လိုချင်တာတွေ အားလုံးရတယ်။ မလိုချင်တာတွေလည်း ရတယ်"
"မကြုံဖူးတော့ မသိဘူး။ *မတ်တတ်ရပ်ပြီးစကားပြောရင် ခါးမနာသလိုပေါ့"
[T/N : 站着说话不腰疼 zhànzhe shuōhuà bù yāoténg သူက အီဒီယမ်စကားစုပါ။ တကယ့်အဖြစ်ကိုသေချာမသိဘဲ စကားနဲ့ပဲ ဖောဖောသီသီပြောပြီး လက်တွေ့နဲ့ကွာခြားနေတယ် ဆိုတဲ့အဓိပ္ပါယ်ပါ။ ကိုယ်တိုင်မခံစားရရင် မသိနိုင်ဘူးလို့လည်း အဓိပ္ပါယ်ရပါတယ်။]
ချန်ခေါ့က တိတ်ဆိတ်သွားသည်။ ကျန်းယွီသော်၏အခြေအနေအရ ငယ်စဉ်ကဆိုလျှင် မွေးနေ့လက်ဆောင်မပြောနှင့်၊ မွေးနေ့ပွဲတောင် သေချာဖြတ်သန်းဖူးပုံမရပေ။
"မင်း မွေးနေ့က ဘယ်တော့လဲ"
ချန်ခေါ့က မေးလိုက်သည်။
"၆ လပိုင်း ၁ ရက်နေ့။ မှတ်ပုံတင်ပေါ်မှာတော့ အဲဒီလိုရေးထားတယ်"
ချန်ခေါ့က "အော်" ဟုသာ ပြန်ပြောသည်။
"ခင်ဗျားမွေးနေ့ကို တခြားလူတွေကကြည့်ပြီး အရယ်မခံရဖူးဘူးလား"
ကျန်းယွီသော်က မေးလာသည်။
ချန်ခေါ့က ကြောင်တောင်တောင်ဖြစ်သွားသည်။
"ဟင်"
"၂၂၂ လေ"
[T/N: တရုတ်ဂဏန်း နှစ်/၂ "二" er4 က ပေကျင်းဒေသိယစကားနဲ့ဆို stupid လို့လဲ အဓိပ္ပာယ်ရှိပါတယ်]
"မင်း ဘယ်လိုလုပ်ပြီးသိတာလဲ"
ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။
"ကျွန်တော့်ဆီမှာ ခင်ဗျားမှတ်ပုံတင်မိတ္တူရှိတယ်လေ။ ခင်ဗျားရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုက နည်းနည်းဘက်လိုက်နေတယ်လို့ မထင်ဘူးလား"
"တော်စမ်းပါ"
ချန်ခေါ့က အရက်တစ်ငုံသောက်လိုက်သည်။ မဖြစ်မနေဝန်ခံရမည့်အချက်မှာ ကျန်းယွီသော်သည် မကြာခဏပင် သူ့အား အံ့သြစေသည်။ အိမ်ငှားစာချုပ်အနောက်တွင်တွဲထားသော မှတ်ပုံတင်မိတ္တူကိုမပြောနှင့်၊ သူ့ကို တစ်ယောက်ယောက်၏မွေးနေ့ကို တမင်သက်သက်ပြောပြပြီး လာမှတ်ခိုင်းလျှင်တောင် သူ့အနေနှင့် မှတ်မိနိုင်မည်မဟုတ်ပေ။
ချန်ခေါ့သည် လက်တည့်ရာ အကင်တစ်ချောင်းကိုယူလိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ချလိုက်သည်။
သတိမထားမိဘဲ ဝက်ဓါတ်ချောင်းကင်ကို ယူလိုက်မိခြင်းဖြစ်သည်။
"ခင်ဗျားက စားရတာမကြိုက်လို့လား၊ ဒါမှမဟုတ် စားရတာ စိတ်မသန့်လို့လား"
ကျန်းယွီသော်က ထိုအကင်ကိုယူလိုက်ပြီး ကိုက်ဝါးနေသည်။
"တစ်ခုမှမဟုတ်ဘူး။ ငါပြောချင်တာက ...... ဒီဟာက ...... ဝက်လေ ......"
ကျန်းယွီသော်က တစ်ချက်သီးသွားပြီးနောက် သူ့ကို ကြည့်နေသည်။
"ခင်ဗျားကလည်း ဖြစ်နေလိုက်တာ။ ခင်ဗျားအဲဒီလိုပြောလိုက်တော့ ကျွန်တော်တောင် စားရမှာ တစ်မျိုးကြီးဖြစ်လာပြီ"
ချန်ခေါ့သည် ကျန်းယွီသော်အားစိုက်ကြည့်နေပြီး စောစောက မိမိပြော၍မဆုံးလိုက်သောစကားကို လျင်မြန်စွာ ဆက်ပြောလာသည်။
"ငိုး ... ငါပြောချင်တာက ဒီဟာက ဝက်ရဲ့ဟာလေ။ ဟိုလိုမျိုး နွားရဲ့ဓါတ်ချောင်းတွေ ဥတွေမှမဟုတ်တာ"
"နွားဓါတ်ချောင်းတွေ ဥတွေဆိုရင် ခင်ဗျားစားတယ်ပေါ့ ဟုတ်လား"
ကျန်းယွီသော်က ချက်ချင်းကောက်မေးလာသည်။
"ငါ ......"
ချန်ခေါ့သည် ကျန်းယွီသော်အား နားလည်သွားအောင် ဘယ်လိုရှင်းပြရမှန်းမသိဖြစ်သွားသည်။ ထိုအရာများကို ဘယ်တစ်ခုမှ သူမစားပေ။ သို့သော် နွား၏ဓါတ်ချောင်းနှင့်ဥက ပို၍ ကြားဖူးနားဝရှိပြီး အတွေ့ရများသည်။ ထို့ကြောင့် ဝက်၏ပစ္စည်းနှင့်စာလျှင် သူ့အနေဖြင့် အလွယ်တကူ ပို၍လက်ခံနိုင်သည်။
သူသေချာစဉ်းစားပြီး ပြောရန်စောင့်မနေဘဲ ကျန်းယွီသော်က လက်တစ်ဖက်မြှောက်ကာ အော်လိုက်သည်။
"စားပွဲထိုး"
"ဘာမှာမလဲဗျို့"
စားပွဲထိုးတစ်ယောက်ကလည်း ပြန်အော်မေးလာသည်။
ချန်ခေါ့က ချက်ချင်းသဘောပေါက်အသိဝင်သွားပြီး အသံကိုနှိမ့်ကာ ကျန်းယွီသော်အား အော်လိုက်သည်။
"ကျန်းယွီသော်"
"သိုးကျောက်ကပ် အကင်"
ကျန်းယွီသော်က နောက်တစ်ခွန်းထပ်အော်လိုက်ပြန်သည်။
"ချက်ချင်း လာပြီ"
စားပွဲထိုးက ပြန်ဖြေလိုက်သည်။
ချန်ခေါ့လည်း စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။ သို့သော် ကျန်းယွီသော်မျက်နှာပေါ်မှ ပြုံးဖြီးဖြီးအမူအရာကို မြင်တော့မှ သိသွားသည်။
"မြေနိုး မင်းတမင်သက်သက်လုပ်တာမဟုတ်လား"
"ဘယ်ကလာ ... ဒီလိုကမှ တမင်သက်သက်လုပ်တယ်လို့ခေါ်တာ"
ကျန်းယွီသော်က ရယ်ရင်းပြောလာသည်။
ချန်ခေါ့က အလိုက်သင့်မေးလာသည်။
"ဘယ်လိုလဲ"
"နွားချောင်း နွားဥကင်"
ကျန်းယွီသော်က ရုတ်တရက်ကြီးထအော်လိုက်သည်။
"လာပြီ"
စားပွဲထိုးကလည်း အာခေါင်ခြစ်အော်ပြီး ပြန်ဖြေလာသည်။
"... ... မင်းဘိုးအေလခွမ်း"
ချန်ခေါ့က ကျန်းယွီသော်၏အော်သံကြောင့်လန့်သွားခဲ့ကာ၊ လေးဘက်လေးတန်မှအကြည့်များကို ခေါင်းလှည့် ရှောင်ဖယ်ရန်လိုအပ် မလိုအပ်ကို အတန်ကြာသည်အထိ ဝေခွဲမရဖြစ်သွားသည်။
ကျန်းယွီသော်က အရက်တစ်ငုံသောက်လိုက်သည်။
"ဘာမှမဖြစ်ဘူး။ ဒါတွေက လူစားများတယ်။ ထူးထူးဆန်းဆန်းဆိုပြီး ဘယ်သူမှ အရေးတယူ လိုက်ကြည့်နေမှမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က လူဓါတ်ချောင်းလို့ပြောလိုက်တာမှမဟုတ်တာ"
"မင်းပါးစပ်ကို ပိတ်ထားလိုက်တော့"
ချန်ခေါ့က သက်ပြင်းချလိုက်သည်။
စားပွဲထိုးက သိုးကျောက်ကပ်ကင်၊ နွားချောင်း နွားဥကင်များကို ယူလာချပေးသောအချိန်တွင် ချန်ခေါ့သည် စိတ်ထဲတွင် ဖော်ပြ၍မရသော ကသိကအောက်ခံစားချက်မျိုးဖြစ်လာသည်။ ပြောစရာစကားပျောက်ပြီး ဆွံ့အနေခဲ့ပြီးနောက် ရုတ်တရက်ပင် ရယ်ချင်စိတ်ဖြစ်လာသည်။
"တကယ်လို့ ဒီဟာတွေကို ဘာအကင် ဘာအချောင်းဆိုပြီး ခင်ဗျားကိုပြောမပြရင် ခင်ဗျားလည်း အားရပါးရနဲ့ အကုန်စားမှာပဲလေ။ ဒီဟာကိုတော့ စားလို့ရတယ်မလား"
ကျန်းယွီသော်ကပြောရင်း သိုးကျောက်ကပ်ကင်တစ်ကင်ကိုယူပြီး ချန်ခေါ့ရှေ့တွင် ချပေးလိုက်သည်။
ချန်ခေါ့က သိုးကျောက်ကပ်ကင်ကိုယူပြီး စားကြည့်လိုက်သည်။
အမှန်တော့ ချန်ခေါ့အတွက် ကျန်းယွီသော်၏အပြုအမူနှင့်အကျင့်စရိုက်မှာ အင်မတန်ကြမ်းတမ်းရိုင်းပြသည်။ သို့သော် ချန်ခေါ့သည် ဟိုးအစကတည်းကပင် ကျန်းယွီသော်ကို မနှစ်မြို့ခြင်း၊ စက်ဆုပ်ခြင်း အလျှင်းမခံစားရပေ။ ယနေ့ ဤကဲ့သို့သောအကျင့်စရိုက်နှင့် ကျန်းယွီသော်ကိုကြည့်ပြီး ချန်ခေါ့သည် အထိန်းအချုပ်မဲ့ကာ အပူအပင်ကင်းပြီးလွတ်လပ်ပေါ့ပါးသော ရွှင်မြူးမှုတစ်မျိုးကိုတောင် ခံစားရသည်။
ချန်ခေါ့သည် နောက်ဆုံးတစ်ကင်ကျန်နေသော ဝက်ဓါတ်ချောင်းကင်တစ်ကင်ကို ယူလိုက်သည်။
"အမှန်တော့ ဒီဟာလည်း တကယ်ကိုစားလို့ကောင်းတယ်"
"စားစရာရှိတာ ခင်ဗျား ဒီအတိုင်း စားလိုက်လို့မရဘူးလား။ ဒီလိုအစိတ်အပိုင်းကိုစားနေတဲ့အချိန်မှာ စားကောင်းတယ်လေး မကောင်းဘူးလေးနဲ့ မှတ်ချက်တွေပေးမနေနဲ့။ ခင်ဗျားအဲဒီလိုပြောရင် ကျွန်တော်က လျှောက်စဉ်းစားမိတယ်"
ကျန်းယွီသော်က စားရင်းပြောလာသည်။
ချန်ခေါ့က ထိုစကားကိုကြားပြီး သက်ပြင်းချလိုက်သည်။
"ငါလည်း မင်းကို လက်မြှောက်လိုက်ပါပြီ ဟေ့ကောင်ရေ"
ယနေ့ညလယ်စာကို ချန်ခေါ့သည် စိတ်ချမ်းသာစွာစားလိုက်ရသည်။ တစ်လအတွင်းတွင် ပထမဦးဆုံးအနေနှင့် "အရမ်းစားလို့ကောင်းတယ်" ဟု ခံစားရစေသော ညစာတစ်နပ်လည်းဖြစ်သည်။
သို့သော် စားပွဲပေါ်တွင် မှာထားသောအကင်များ အများကြီးကျန်နေသေးပြီး နှစ်ယောက်စလုံးက ထပ်မစားနိုင်ကြတော့ပေ။
"ပါဆယ်ထုပ်သွားလိုက်မယ်။ ငါအိမ်ပြန်ယူသွားပြီး စားလိုက်မယ်"
"ကျွန်တော် ဒကာခံပြီးတော့ ခင်ဗျားက ပါဆယ်ထုပ်သွားဦးမယ်။ တော်တော်လည်း မျက်နှာပြောင်တယ်နော်"
ကျန်းယွီသော်က သူ့အားကြည့်ရင်းပြောလိုက်သည်။
ချန်ခေါ့လည်း အနည်းငယ်အားနာသွားသည်။
"ဪ ... မေ့သွားလို့။ ငါကျွေးတယ်လို့ ထင်ထင်နေမိတာ"
ကျန်းယွီသော်က ငွေရှင်းရန် စားပွဲထိုးကို ခေါ်လိုက်သည်။
"ဒါဆို ခင်ဗျားရှင်းမှာလား"
"မရှင်းဘူး"
ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။
"ခင်ဗျား မဟုတ်မှလွဲရော ... ... ပိုက်ဆံမရှိတော့လို့လား"
"ဟင်"
ကျန်းယွီသော်၏စကားကို ချန်ခေါ့နားမလည်လိုက်ပေ။
ကျန်းယွီသော်က ချန်ခေါ့အား တစ်ခုခုကိုသဘောပေါက်သွားသလို ကြည့်လိုက်သည်။
"ထမင်းစားဖို့ ပိုက်ဆံမရှိတော့လို့လား။ ကျွန်တော့်ကို ဗြုန်းစားကြီး ဘာလို့အကင်ဝယ်ကျွေးခိုင်းတာလဲလို့ စဉ်းစားနေတာ။ တစ်လတောင် အဆက်အသွယ်မလုပ်ဖြစ်ခဲ့တာ ဖုန်းပြန်ဆက်တော့တာနဲ့ တစ်ခုခုဝယ်ကျွေးခိုင်းတော့"
"လခွမ်း ... ဒီတစ်နပ်ကို ငါရှင်းမယ် ဟေ့ကောင်"
ချန်ခေါ့က ရယ်လိုက်သည်။
"မလိုပါဘူး။ ကျွန်တော်ကျွေးမယ်လို့ပြောခဲ့တယ်မလား။ ဒီပတ်ဝန်းကျင်ကဆိုင်တွေမှာက ကျွန်တော် ပိုက်ဆံမရှင်းရင်တောင် ရတယ်"
ချန်ခေါ့က ကျစ်ခနဲ စုတ်သပ်လိုက်သည်။
အကင်ဆိုင်ထဲမှထွက်လာပြီး လမ်းမပေါ်ရပ်လိုက်သည်နှင့် ချန်ခေါ့သည် လမ်းဦးတည်ရာကို မျက်စိလည်သွားသည်။ လမ်းမသိတော့ဘဲ ဘယ်ဘက်ကိုသွားရမှန်း ဝေခွဲမရဖြစ်သွားသည်။
ကျန်းယွီသော်က ဘယ်ညာပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
"လမ်းမမှတ်မိတော့လို့လား"
ချန်ခေါ့က ရယ်ရင်းမေးလိုက်သည်။
"မဟုတ်ပါဘူး"
ကျန်းယွီသော်သည် ညာဘက်ရှိ လမ်းဆုံလမ်းထိပ်ဘက်သို့ ဦးတည်လိုက်သည်။
ကျန်းယွီသော်က ဘယ်ဘက်သွားရမှန်းမသိဖြစ်ပြီး လမ်းရှာနေတာ လုံးဝမဟုတ်မှန်း ချန်ခေါ့သိသည်။ ကျန်းယွီသော်သည် များသောအားဖြင့် သည်ပုံစံအတိုင်းသာ လုပ်လေ့ရှိသည်။ လမ်းအချိုးအကွေ့၊ အိမ်အပြင်သို့အထွက် အစရှိသဖြင့် နေရာမြင်ကွင်းအသစ်ထဲသို့ မဝင်ရောက်ခင် အမြဲတမ်းပင် လေးဘက်လေးတန် ဘေးဘီဝဲယာကို အရင်ဆုံး အကဲခတ်ကြည့်ရှုလေ့ရှိသည်။
ကျန်းယွီသော်ကဲ့သို့ ချန်ခေါ့လည်း ဘေးဘီကို လိုက်ကြည့်လိုက်သည်။
"မင်းဘာကြည့်နေတာလဲ"
"တက်စီကားရှိမရှိ လိုက်ကြည့်နေတာ"
"ကားမငှားလည်းရပါတယ်။ ရာသီဥတုလည်း သိပ်မှမအေးတာ"
"အင်း"
ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။
ချန်ခေါ့က ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်ရင်း မိမိကပဲ အတွေးလွန်ပြီး ဆတ်ဆတ်အထိမခံဖြစ်နေတာများလားဟု တွေးမိသည်။ ဤသည်မှာ ယနေ့ညအတွင်း ဒုတိယအကြိမ်ဖြစ်နေပြီ။ ကျန်းယွီသော်ကို သူနားလည်သလောက်ဆိုလျှင် ကျန်းယွီသော်က "သူတို့" အကြောင်းကို ပြောပြတာပဲဖြစ်ဖြစ်၊ သို့မဟုတ် သူ့အား သတိထားရန် သတိပေးတာပဲဖြစ်ဖြစ် လုပ်လိမ့်မည်ဖြစ်သည်။ သို့သော် ယခုတွင် ဘာမှ ပြောမလာပေ။
ယခင်တစ်ခေါက်က "လူအမှတ်မှား" သည့်ကိစ္စဖြစ်ပြီးနောက် ကျန်းယွီသော်က "သူတို့" အကြောင်းမပြောဖြစ်ရန် တမင်တကာရှောင်နေသည်။
ဤအချက်များကြောင့် ချန်ခေါ့၏ နဂို ထင်မြင်ပိုင်းခြားချက်လည်း ရုတ်တရက် လှုပ်ရှားယိုင်နဲ့လာသည်။ အကယ်၍ ကျန်းယွီသော်သာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု တကယ်ရှိနေလျှင် "သူတို့" နှင့်ပတ်သက်သည့်အကြောင်းအရာများကို ဘယ်လိုလုပ်ပြီး တမင်သက်သက်ရှောင်ဖယ်ကွေ့ဝိုက်ပြီး ပြောဆိုနိုင်ဦးမှာလဲ။
လမ်းဆုံလမ်းထိပ်သို့ရောက်လာသောအခါ ကျန်းယွီသော်က ပြောလာသည်။
"ခင်ဗျားကို အိမ်ပြန်ပို့ပေးမယ်"
"ရပါတယ်ကွာ။ ငါက ကောင်မလေးလည်းမဟုတ်ဘူး။ ဘာ ပြန်ပို့စရာရှိလဲ"
ချန်ခေါ့က ရယ်ရင်းပြောသည်။
"မဟုတ်သေးဘူး ... ခင်ဗျားကိုပြောဦးမယ်။ ခင်ဗျားက ကျွန်တော်တို့ ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကောင်မလေးတွေထက်တောင် ဆိုးနေသေးတာ။ သူများက ခင်ဗျားလိုမျိုး မဖျတ်မလတ် မဖြစ်နေဘူး၊ အကင်းပါးသေးတယ်"
"ငါက ဘယ်မှာအကင်းမပါးလို့လဲ"
ချန်ခေါ့က မကျေမနပ်နှင့်မေးလာသည်။
ကျန်းယွီသော်က ခေတ္တတုံ့ဆိုင်းသွားပြီး သက်ပြင်းချလိုက်သည်။
"မထူးတော့ဘူး၊ ခင်ဗျားကို ပြောပဲပြောပြလိုက်တော့မယ်။ ဟိုရက်တုန်းက ခင်ဗျား ပန်းကန်ဆေးစက်သွားဝယ်တုန်းက ကျွန်တော် ခင်ဗျားနောက်မှာပဲရှိနေတာ"
ချန်ခေါ့က အလန့်တကြားနှင့် သူ့အားလှည့်ကြည့်လာသည်။
"ဘာ"
"ကျွန်တော်သာ ဝင်မတားလိုက်ရင် ခါးပိုက်နှိုက်က ခင်ဗျားအတွင်းခံဘောင်းဘီကိုပါ တခါတည်းခိုးသွားလောက်တယ်။ ခင်ဗျားနေရာမှာ ဒီပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့ ကောင်မလေးတစ်ယောက်ဆိုရင် အဲဒီခါးပိုက်နှိုက်က အစောကြီးကတည်းက လက်ဝါးစာမိနေပြီ"
"မင်းတကယ်ရှိခဲ့တာပဲ"
ချန်ခေါ့က အံ့သြနေတုန်းပင်။
"တကယ်ရှိနေခဲ့တာ ဟုတ်လား"
"ငါလည်း မင်းကိုတွေ့လိုက်သေးတယ်။ ငါ့ဟာငါ အမြင်မှားသွားတယ်လို့တောင် ထင်နေသေးတာ။ လခွမ်း အဲဒီလူက မင်းပါလို့ ငါထင်နေတာ။ မင်း လူတစ်ယောက်ကိုတောင် လည်ပင်းကနေ သိုင်းဖက်ထားသေးတယ် မဟုတ်လား"
ချန်ခေါ့က ပြောရင်းနှင့် စိတ်လှုပ်ရှားလာသည်။
ကျန်းယွီသော်က ကျစ်ခနဲ စုတ်သပ်သည်။
"စကားပြောရင် ကြည့်ပြော။ ကျွန်တော်က ဘယ်သူ့ကို လည်ပင်းသိုင်းဖက်ရမှာလဲ။ ခါးပိုက်နှိုက်ရဲ့လည်ပင်းကို ချုပ်ပြီး အောက်ဆင်းသွားတာ"
ချန်ခေါ့က ရယ်လိုက်သည်။ ဘာကြောင့်မှန်းမသိပေမဲ့ သူလည်း တော်တော်အူမြူးနေသည်။ အတော်ကြာအောင် ရယ်နေလိုက်ပြီးမှ ကျန်းယွီသော်၏ လက်မောင်းကို ဖတ်ခနဲ ရိုက်လိုက်သည်။
"ကျေးဇူးပါကွာ"
"အဲဒီနေ့တုန်းက ခင်ဗျားမျက်စိနားက ဒဏ်ရာအခြေအနေကို ကြည့်ချင်လို့။ ခင်ဗျားကို ပေါ်တင်ခေါ်ဖို့လည်း မကောင်းတတ်ဘူးလေ။ ခင်ဗျားကို နောက်ထပ် အဆက်အသွယ်မလုပ်တော့ဘူးလို့ စဉ်းစားနေတာ"
ကျန်းယွီသော်က အားနာနေပုံရသည်။
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ။ ကိုယ့်သူငယ်ချင်းမိတ်ဆွေကို သေလုနီးပါး ရိုက်လိုက်မိလို့လေ"
"ဒါဆို မင်းအရင်တုန်းက ချန်ချင့်ကိုရိုက်မိတုန်းကရော၊ ဒီလိုပဲလား။ သူနဲ့ အဆက်အသွယ်မလုပ်တော့ဘဲ ရှောင်နေလိုက်လား"
"အဲဒီလိုတော့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ မတူဘူးလေ။ ကျွန်တော် ခင်ဗျားကို မရှင်းပြတတ်ဘူး။ ကျွန်တော်နဲ့ချန်ချင့် နဲ့ ကျွန်တော်နဲ့ခင်ဗျားက မတူဘူး"
"ဘယ်လို မတူတာလဲ"
ချန်ခေါ့က ဆက်မေးနေသည်။
ကျန်းယွီသော်ပုံစံကြည့်ရသည်မှာ ဘယ်လိုရှင်းပြရမှန်းမသိ ခေါင်းခြောက်နေပုံရသည်။ အတန်ကြာ မျက်မှောင်ကြုတ်နေပြီးမှ ချန်ခေါ့အား တစ်ချက်ကြည့်လိုက်သည်။
"သူက ခင်ဗျားလို စကားမများဘူး။ ဟိုမေးဒီမေးနဲ့။ မတူဘူးဆိုမတူဘူးပေါ့။ ဘယ်လိုမတူဘူးဆိုတာ ကျွန်တော် ဘယ်လိုလုပ်သိမလဲ"
"ဟုတ်ပါပြီ။ မမေးတော့ဘူး"
ချန်ခေါ့က ရယ်လိုက်သည်။
ကျန်းယွီသော်က ချန်ခေါ့နှင့်အတူ အိမ်အပြန်လမ်းအတိုင်း လျှောက်လာနေပြီး၊ ချန်ခေါ့လည်း သူ့ကို အိမ်ပြန်ပို့ပေးရန်ပြောသော ကျန်းယွီသော်ကို မငြင်းဆိုနေတော့ပေ။ ရာသီဥတုက အနည်းငယ်ပူအိုက်နေချိန် ယခုကဲ့သို့ လူသူကင်းမဲ့နေသောလမ်းပေါ်တွင် လမ်းလျှောက်ရသည်မှာ တော်တော်လေးကို သက်သောင့်သက်သာရှိလှသည်။
"ကျွန်တော်နဲ့ချန်ချင့်က အတူတူကြီးပြင်းလာတာ။ အဲဒီတော့ အချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက် သိတယ်။ သူ ... ... ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော့်နောက်ပဲ လိုက်နေမှာ"
ကျန်းယွီသော်က ရုတ်ခြည်းပင် အသံတိုးတိုးနှင့်ပြောလာသည်။
ချန်ခေါ့က သူ့အားလှည့်ကြည့်သည်။
"ငါလည်း ပျောက်ကွယ်မှာ မဟုတ်ဘူးလေ"
"ပြောလို့မရဘူးလေ။ ခင်ဗျားနဲ့ကျွန်တော့်ကြား မတူတာတွေ တော်တော်များတယ်။ အရမ်းဝေးကွာလွန်းတယ်။ ခင်ဗျားသာ တကယ်လို့ အိမ်ကနေ နှင်ချမခံရရင် ခင်ဗျားဒီတစ်ဘဝလုံးမှာတောင် ကျွန်တော်တို့လိုလူမျိုးတွေအကြောင်းကို ဦးနှောက်ဆဲလ်တစ်ခုလောက်သုံးပြီး စဉ်းစားမိမှာမဟုတ်ဘူး။ ကျွန်တော်တို့လို လူတစ်သိုက်လည်း ဒီလောကမှာ တည်ရှိနေပါလားဆိုပြီးလည်း လုံးဝသိမှာမဟုတ်ဘူး"
"မင်းကလည်း ပြောလိုက်တာ တစ်ဆုံးအထိပဲ"
"ပြောချင်သဘောကတော့ အဲဒီအတိုင်းပဲ"
ချန်ခေါ့ကစဉ်းစားလိုက်သည်။
"မင်းနဲ့ချန်ချင့်တို့သိလာတာ ဆယ်နှစ်လောက်တော့ရှိရောပေါ့"
"အင်း။ ရှိလောက်ပြီ။ ကျွန်တော် ... ... ဒီကိုစရောက်လာကတည်းက သိလာတာ"
"ဘယ်ကနေ ရောက်လာတာလဲ"
"မမှတ်မိတော့ဘူး။ အဲဒီတုန်းက အရမ်းငယ်သေးတယ်"
"ဪ ချန်ချင့်ပြောတာကတော့ မင်းသာ သူ့ကိုမကယ်ခဲ့ရင် သူရေနစ်သေလောက်ပြီတဲ့"
ချန်ခေါ့က ခေါင်းညိတ်ရင်းပြောသည်။
"ကျွန်တော်သူ့ကို ကြိုးသွားဖြေပေးတော့ သူ့ဟာသူလည်း ကြိုးကိုစဖြေနေပြီ။ နောက်ခဏလောက်နေရင် ကြိုးက ပြေသွားမှာပဲ။ ဒါပေမဲ့လည်း ပြောလို့တော့မရဘူး။ အသက်မအောင့်နိုင်ဘဲ ရေမွန်းသွားရင် ပါးစပ်ထဲရေဝင်လိုက်တာနဲ့ သတိလစ်သွားမှာ"
"သူကတော့ မင်းကို အရမ်းလေးစားနေတာ၊ မတုန်မလှုပ်နဲ့ တည်ငြိမ်တယ်ဆိုပြီးတော့။ လူကယ်တာ နည်းလမ်းကျသားပဲ"
"ကျွန်တော် တီဗွီမှာကြည့်ပြီး အဲဒီနည်းလမ်းကိုသိခဲ့တာ"
"တီဗွီက ဟုတ်လား"
စာအုပ်ဖတ်လျှင်တောင် အရိုက်ခံရတဲ့ကလေးက တီဗွီကြည့်နိုင်တာလား...။
"ရှော့ပင်းစင်တာထဲက တီဗွီကိုပြောတာ။ အသက်ကယ်တဲ့ တီဗွီအစီအစဉ်။ အဲဒီနေ့မတိုင်ခင် ရက်ပိုင်းလောက်က ကြည့်ခဲ့တာ"
"အော်။ သင်ယူပြီးတော့ တစ်ခါတည်း အသုံးပြုလိုက်ရတာပဲ"
ချန်ခေါ့က ရယ်ရင်းပြောသည်။
"အင်း"
ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။
ချန်ခေါ့က သည်အကြောင်းအရာကို ဆက်မပြောတော့ပေ။ ယခု ကျန်းယွီသော်က သူငယ်စဉ်ကအကြောင်းများကို ပြန်ပြောပြချိန်တွင် အေးဆေးတည်ငြိမ်ပြီး ပေါ့ပါးစွာပြောနိုင်လာသည်ကိုကြည့်ပြီး ချန်ခေါ့က အနည်းငယ်ထူးဆန်းသလို ခံစားရသည်။
ချန်ခေါ့တိုက်ခန်း၏ တိုက်အောက်သို့ရောက်လာသောအခါ ချန်ခေါ့သည် ကျန်းယွီသော်အား အိမ်ပေါ်တက်ပြီး ခဏထိုင်ဖို့မခေါ်မိရန် သွားကိုတင်းတင်းကိုက်ပြီး ထိန်းချုပ်လိုက်သည်။
"ကျွန်တော် ပြန်တော့မယ်"
"အင်း။ ဟိုဘာလဲ ... တိုက်ခန်းလခက မင်းပဲလာကောက်လိုက်။ ချန်ချင့်ကို မလာခိုင်းနဲ့တော့"
"ကောင်းပါပြီ"
"အဲဒါဆို ...... ဝမ်အန်း"
ပြောပြီးနောက် ချန်ခေါ့က ဓါတ်လှေကားရှိရာသို့ လှည့်ထွက်သွားသည်။
တစ်အောင့်ခန့်အကြာတွင် ချန်ခေါ့၏နောက်ကျောဆီမှ ကျန်းယွီသော်၏အသံက ထွက်ပေါ်လာသည်။
"ဝမ်အန်းပါ"
ချန်ခေါ့က လှည့်မကြည့်ဘဲ လက်ယမ်းပြလိုက်ကာ၊ ဓါတ်လှေကားထဲဝင်လိုက်ပြီးတော့မှ ပြန်လှည့်လာသည်။ ထိုအချိန်တွင် ကောရစ်တာအဝင်ဝတွင် ကျန်းယွီသော်မရှိနေတော့ပေ။
.
ကောင်းသောညပါ။
ယခင်ကလည်း ချန်ခေါ့က ကျန်းယွီသော်အား ဝမ်အန်းဟုပြောပြီး နှုတ်ဆက်ဖူးသည်။ သို့သော် ထိုစဉ်က သူဘာမှပြန်မပြောခဲ့ပေ။
သူ့စိတ်ထဲတွင် အနှီသာမန်ဆန်ပြီး ရည်မွန်သောစကားလုံးက သူနှင့် တော်တော်ဝေးကွာသောနေရာတွင် တည်ရှိဟု ခံစားနေရသည်။ ထိုစကားလုံးကို ဘယ်သူနှင့်စကားပြောလျှင် အသုံးပြုရမှန်း သူမသိပေ။ ချန်ချင့်နှင့်လား။ လူချန့်နှင့်လား။
သေအောင် အရယ်ခံရမည်ထင်သည်။
ချန်ချင့်နှင့်လူချန့်တို့သာ သူ့အား ဝမ်အန်းဟုပြောလျှင် သူသည်လည်း တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထပြီး ယားယံလာသိုခံစားရမည်သာ...။
သို့သော် ချန်ခေါ့ပါးစပ်မှ ဝမ်အန်းဟုပြောလိုက်ချိန်တွင် သဘာဝကျပြီး ပေါ့ပေါ့ပါးပါးရှိလှသည်။ သူ့အတွက် နားထောင်ရတာလည်း စိတ်ထဲတွင် သက်တောင့်သက်သာရှိပြီး ပြန်လည်တုံ့ပြန်ချင်စိတ်လည်း ဖြစ်သွားသည်။ သူကိုယ်တိုင်က ပြောထွက်လာသော ဂွတ်နိုက်မှာ အနည်းငယ် ကပေါက်တိ ကပေါက်ချာ နိုင်ပြီး အိုးတိုးအမ်းတမ်းဖြစ်နေသော်လည်း ပြောပြီးနောက်ဖြစ်လာသော ခံစားချက်မှာ ဆန်းသစ်ပြီး နှစ်လိုအားရဖွယ်ကောင်းနေသည်။
[T/N : ဝမ်အန်း /晚安wǎn'ān/ အဓိပ္ပါယ်ကတော့ ကောင်းသောည/ဂွတ်နိုက်ပါပဲ။]
အိမ်ရာအပြင်ဘက်သို့ရောက်လာချိန်တွင် ချန်ချင့်ဆီမှ ဖုန်းဝင်လာသည်။
"စန်းကော၊ မင်း အဲဒီဘက်မှာ စားလို့ပြီးသွားပြီလား။ ဒီဘက်မှာ သောက်နေတုန်းပဲဟေ့၊ မင်း လာဦးမလား။ အော့ထူး မျက်နှာကိုလည်း နည်းနည်းထောက်တဲ့အနေနဲ့ မင်းမျက်နှာလေး ဘာလေး လာပြလိုက်ဦးပေါ့။ Jaeger ကိုလည်း အတူတူခေါ်ခဲ့လိုက်လေ။ ဆိုင်ထဲမှာ ငါတို့လူတွေချည်းပဲ"
ကျန်းယွီသော်က ဖုန်းထဲမှ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
"သူပြန်သွားပြီ။ ငါလာခဲ့လိုက်မယ်"
"အဲဒါဆို သူတို့ကို အကင်နည်းနည်းထပ်ကင်ခိုင်းလိုက်မယ်"
"အင်း"
ကျန်းယွီသော်က ဖုန်းချလိုက်ပြီးနောက် ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
ထောင့်ချိုးတစ်ခု ကွေ့လိုက်ပြီး ခေတ္တမျှ လျှောက်လာပြီးနောက် ကျန်းယွီသော်သည် နောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ နံရံထောင့်နားတစ်ခုဆီမှ အရိပ်တစ်ခုက တိုးထွက်လာပြီး အရိပ်မှာ မြေပြင်ပေါ်တွင် ခပ်ရှည်ရှည် ဆွဲဆန့်ပြီး ထင်ဟပ်နေသည်။
ကျန်းယွီသော်က ခြေလှမ်းကိုမရပ်လိုက်ဘဲ နောက်က လှုပ်ရှားသံကို သတိထားရင်း ရှေ့သို့သာဆက်သွားနေသည်။
ဤလမ်းပေါ်တွင် အကယ်၍ သူ့ကိုတစ်ခုခုလုပ်ချင်လျှင် သူတို့အတွက် အနည်းငယ် ခက်ခဲသည်။ ဤလမ်းတွင်ရှိသော လမ်းမီးတိုင်များက မြင့်မြင့်မားမားမရှိဘဲ မီးများကို ခပ်နိမ့်နိမ့်တွင် တပ်ဆင်ထားသည်။ ခပ်စိပ်စိပ်လည်း ရှိလှကာ အရင်ခေတ်ဟောင်းပုံစံဖြစ်နေသည်။ ထို့ကြောင့် ရှေ့နောက်လူးလာတုံ့ပြန်သည့် လည်ပတ်နှုန်းလည်း မြင့်မားကာ အရိပ်များကလည်း ခပ်ရှည်ရှည်ဖြစ်အောင် ဆွဲဆန့်ပြီး ထင်ပေါ်နေသည်။ တစ်ယောက်ယောက်က ကပ်လာသည်နှင့် လျင်မြန်လွယ်ကူစွာ သတိထားမိနိုင်သော အခြေအနေဖြစ်သည်။
ခေတ္တမျှလျှောက်လာပြီးနောက် ကျန်းယွီသော်သည် ထောင့်ချိုးတစ်ခု ကွေ့ရသည်ကို အခွင့်ကောင်းယူပြီး တစ်ချက်ဝေ့ကြည့်လိုက်သည်။ နောက်တွင် လူတစ်ယောက်မှ မရှိနေတော့ပေ။
အိတ်ကပ်ထဲမှ ဓားရိုးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသောလက်လည်း ထိုတော့မှသာ ဓားရိုးကို လွှတ်လိုက်တော့သည်။
ထိုလူသည် ချန်ခေါ့အိမ်ပြန်သည့်အချိန်ကတည်းက နောက်ကနေ တောက်လျှောက်လိုက်နေခဲ့သည်။ အကင်ဆိုင်ကထွက်လာကတည်းက သူမြင်နေခဲ့ပြီးသားဖြစ်သည်။ သူကြည့်သလို ချန်ခေါ့က ဟိုဟိုဒီဒီလိုက်ကြည့်သည့်အချိန်တွင်လည်း ထိုလူကို မြင်မိချင် မြင်မိလိမ့်မည်။ သို့သော် အကင်းမပါးသော နှေးကွေးသည့်သူဖြစ်၍ များများစားစား မတွေးတောမိခြင်းသာ ရှိလိမ့်မည်။
သူလည်း ချန်ခေါ့ကို မပြောပြခဲ့ပေ။
မိမိ၏ သည်လိုကိစ္စများကြောင့် ချန်ခေါ့က ထပ်ပြီးထိတ်လန့်နေရမည့်အဖြစ်ကို မလိုချင်တော့၍ဖြစ်သည်။
နောက်တစ်မျိုးပြောရလျှင်၊ ထိုနေ့က ရန်ဖြစ်ရိုက်ပုတ်ကြပြီးနောက် ချန်ခေါ့က သူ့ကိုကြည့်ခဲ့သော အကြည့်ကို သူ သေသေချာချာမှတ်မိနေသေးသည်၊ ထိုကဲ့သို့သောအကြည့်ကို သူထပ်ပြီးမမြင်ချင်တော့ပေ။
တချို့ကိစ္စများမှာ မိမိကိုယ်တိုင်သာ တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းရန် ကံကြမ္မာက သတ်မှတ်ထားပြီးသားဖြစ်သည်။
.
ချန်ခေါ့က အိမ်ပြန်ရောက်ပြီး အင်္ကျီချွတ်လိုက်တော့မှသာ မိမိတစ်ကိုယ်လုံးမှာ အကင်မီးခိုးနံ့နှင့် အရက်နံ့တို့ဖြင့် ပြည့်နှက်နံဟောင်နေသည်ကို သတိထားမိတော့သည်။
အချိန်မှာ အတော်နောက်ကျနေပြီဖြစ်ကာ သူလည်း အလွန်အိပ်ငိုက်နေပြီဖြစ်သည်။ ငါးမိနစ်ခန့် တစ်ယောက်တည်း ရေချိုးမချိုးကို စိတ်ထဲ တိုက်ပွဲဝင်နေလိုက်ပြီးတော့မှ လဲဝတ်ရန်အင်္ကျီများယူပြီး ရေသွားချိုးလိုက်သည်။
ရေပူများ ကိုယ်ပေါ်သို့ကျလာချိန်တွင် သောက်ထားသော အရက်ရှိန်နှင့် ဗိုက်တစ်လုံးလုံးအပြည့်သွပ်ထားသော အသားကင်မှ မူးဝေဝေအရှိန်တို့က ပေါင်းစည်းပြီး အတူတကွ တရိပ်ရိပ် လှိုက်တက်လာသည်။ ချန်ခေါ့သည် နဖူးဖြင့် နံရံပေါ်တွင် ထောက်မှီလိုက်ပြီး သက်ပြင်းအရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်သည်။
မိုက်တယ်
ဘာက မိုက်တာလဲ...။
သူမသိပေ။ သို့သော် အေးဆေးပြီး နေလို့တော်တော်ကောင်းသွားသည်။ စိတ်ထဲတွင်လည်း သက်သောင့်သက်သာနှင့် ရွှင်မြူးနေသည်။
ခေါင်းမော့လိုက်ချိန်တွင် ရေပူများက မျက်နှာပေါ်သို့ တတောက်တောက်နှင့် ရိုက်ခတ်ကျဆင်းလာသည်။
ရေပူပူနှင့် ရေချိုးခြင်းတွင် ကောင်းကျိုးအတော်များများ ရှိသည်။ တခါတရံတွင် ပင်ပန်းနွမ်းလျမှုကို ဖြေဖျောက်နိုင်ပြီး၊ တခါတလေတွင် အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေသည်။ တချို့အချိန်များတွင် အရက်အမူးရှိန်ကိုလည်း လျှော့ချနိုင်သည်။ တခါတလေတွင်... ...။ သူသည် အိပ်ငိုက်လွန်း၍ မတ်တတ်ရပ်ပြီး အိပ်ပျော်နိုင် မပျော်နိုင်ကို စမ်းသပ်၍ရသော အဆင့်အထိရောက်နေဖြစ်သည်။ သို့သော် ယခုတွင် ရေပူနှင့်ချိုးလိုက်သောအခါ အိပ်ငိုက်နေရင်းနှင့်ပင် ခေါင်းမော့ရင်ကော့ပြီး ရုတ်ခြည်းနိုးကြားသွားတော့သည်။
ချန်ခေါ့သည် ခဏမျှတွေဝေသွားပြီးနောက် တစ်ကိုယ်လုံး ရေစက်လက်နှင့် ရေချိုးခန်းထဲမှထွက်လာကာ ဧည့်ခန်းထဲတွင်ရှိသောဖုန်းကို သွားယူလိုက်သည်။
စောစောပိုင်းက ကျန်းယွီသော်ပုံကိုရိုက်ကူးထားသော ဗီဒီယိုဖိုင်ကိုရှာတွေ့သွားပြီးနောက် ဖွင့်လိုက်သည်။ ထို့နောက် ဖုန်းကို လက်ဆေးကန်ပေါ်တွင် တင်လိုက်သည်။ ...... နောက်ဆိုလျှင် ဖုန်းထားတဲ့စင် (phone stand) တစ်ခု ဝယ်ထားရမည်...။
အရက်သောက်ထားပြီးနောက် နောက်တစ်နေ့မနက်တွင် အိပ်ရာထချင်စိတ်မရှိနေပေ။ အထူးသဖြင့် အရက်သောက်ပြီး နွေဦးအိပ်မက် ထပ်မက်ထားသည့်အခါတွင် အိပ်ရာထချင်စိတ် လုံးဝမရှိပေ။
[T/N : နွေဦးအိပ်မက် ဆိုတာက wet dream, erotic dream ပါ။ လိင်မှုအတွေးတွေပါတဲ့ အိပ်မက်ပါ။]
ရွှီတင်းက သုံးကြိမ်ခန့် ဖုန်းကို ဆက်တိုက်ခေါ်နေသောကြောင့် ချန်ခေါ့လည်း ဘာအိပ်မက်မှ ဆက်မက်မနေနိုင်တော့ဘဲ ဖုန်းကိုင်လိုက်ရတော့သည်။
သူသည် အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ နေ့လယ်ရောက်ခါနီးဖြစ်သည်။
"ဆောရီးကွာ။ ငါမနေ့က အရက်နည်းနည်းသောက်ထားလို့"
"အရက်သောက်နိုင်နေသေးတယ်ဆိုတော့ အရမ်းမဆိုးသေးဘူးပဲ။ အနည်းဆုံးတော့ မင်းဘဝက ပုံမှန်ပဲဆိုတာ သက်သေပြနေသေးတယ်"
ချန်ခေါ့ကရယ်လိုက်ပြီး ထထိုင်လိုက်သည်။
"ဖြစ်နိုင်ပါတယ်လေ"
"မင်းကို ဖုန်းဆက်ရတာက ပြောစရာလေးရှိလို့။ ဟို ဗီဒီယိုရိုက်ကူးရေးက ရက်နည်းနည်းစောမယ်၊ ပြီးတော့ ရိုက်မယ့်နေရာလည်း အပြောင်းအလဲနည်းနည်းရှိသွားမယ်"
"ရသားပဲ။ ငါ့အချိန်က လွတ်လပ်တယ်။ တစ်နေကုန်အားနေတာ"
ချန်ခေါ့က သမ်းဝေရင်းပြောလိုက်သည်။
"နောက်တစ်ခုက ဗီဒီယိုအကြောင်းအရာလည်း နည်းနည်းပြောင်းလဲသွားမယ်။ မော်ဒယ်တစ်ယောက် ထပ်တိုးထားတယ်"
"အင်း။ ဘယ်လိုမော်ဒယ်လဲ"
ချန်ခေါ့က အလိုက်သင့်ပြန်မေးလိုက်သည်။ ဗီဒီယိုရိုက်ကူးရေးတိုင်းသည် တစ်ခေါက်နှင့်တစ်ခေါက် အကြောင်းအရာမတူသလို တီထွင်ဖန်တီးမှုပုံစံလည်းကွဲပြားသည်။ တခါတရံတွင် သဲပန်းချီအစီအစဉ်တစ်ခုတည်းသီးသန့် ရိုက်ကူးပြီး၊ တခါတလေတွင် ဇာတ်လမ်းနှင့်အခြားရုပ်ပုံလွှာမြင်ကွင်းတို့ကို ထပ်ပေါင်းထည့်သည်။ ယခင်ကလည်း မော်ဒယ်သုံးဖူးသည်။ သို့သော် သူနှင့်အတူ မြင်ကွင်းဘောင်တစ်ခုတည်းတွင် မရိုက်ကူးရသောကြောင့် သူ့အတွက် ဘာသက်ရောက်မှုမှ မရှိပေ။
ရွှီတင်းက ရယ်ရင်းပြောလာသည်။
"ကောင်လေးချောချောလေး။ ဟိုလိုမျိုး ရှေးဦး ကျောက်ခေတ်တုန်းက သဘာဝနဲ့လူသားတို့ပေါင်းစပ်ထားတဲ့ဟာလို ဘာညာလေ။ မင်း စိတ်ကူးကြည့်လို့ရလောက်တယ်မလား"
ချန်ခေါ့လည်း လိုက်ရယ်သည်။
"... ... ရတယ်။ အရင်တုန်းကနဲ့ သိပ်မကွာတဲ့ပုံစံပဲမလား"
"မဟုတ်ဘူး။ မော်ဒယ်က မင်းဘေးမှာရှိနေမှာ။ အဲဒါကြောင့် ငါလည်း မင်းနဲ့ အရင်တိုင်ပင်ရတာ။ တကယ်လို့ မင်းအဆင်မပြေဘူး၊ အသားမကျဘူးဆိုရင် ဘယ်လိုစီစဉ်ရမလဲ ငါ တစ်ချက်ပြန်ကြည့်မလို့"
ချန်ခေါ့သည် အဆိုပါရုပ်ပုံမြင်ကွင်းကို ပုံဖော်ကြည့်လိုက်ပြီးနောက် ဘယ်လိုခံစားချက်မှန်း မဖော်ပြတတ်နေပေ။ သို့သော် ရွှီတင်းရိုက်ကူးစီစဉ်သော ဗီဒီယိုများက တခါတလေတွင် နားမလည်နိုင်လောက်အောင် ဗလုံးဗထွေးနိုင်နေသော်လည်း ဟန်ပန်နှင့်ဆွဲဆောင်မှုကတော့ ရှိသည်။
"ရပါတယ်ကွာ။ ကိစ္စမရှိဘူး"
"မင်း မော်ဒယ်ရဲ့ပုံကို ကြည့်ဖို့လိုဦးမလား"
"မိဖုရားရွေးနေတာမို့လို့လားကွာ။ မလိုတော့ဘူး"
"အေးပါ။ အဲဒီနေ့ကျရင် ငါမင်းကို လာခေါ်လိုက်မယ်"
ရွှီတင်းက ရယ်ရင်းပြောသည်။
ချန်ခေါ့လည်း လိုက်ရယ်သည်။
"အင်း"
ယနေ့တွင် ရာသီဥတုအခြေအနေမဆိုးလှပေ။ ချန်ခေါ့သည် ဖုန်းဆက်ပြီးသွားပြီးနောက် ပြတင်းပေါက်ဘေးသို့လာပြီး ကြည့်လိုက်သည်။ နေရောင်က တောက်ပစွာ ဖြာကျထွန်းလင်းနေပြီး လေတိုက်လည်း မပြင်းထန်နေပေ။
ချန်ခေါ့သည် ပြတင်းပေါက်နားတွင် ခေတ္တမျှ ငေးရပ်နေလိုက်ပြီးနောက် အပြင်ထွက်ပြီး ဟိုဟိုဒီဒီလျှောက်သွားရင်း နေ့လယ်စာပါ တစ်ခါတည်း စားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ယခုတလောတွင် ချန်ခေါ့သည် အပြင်သို့သိပ်မထွက်ဖြစ်ခဲ့ပေ။ ထွက်ရန် လုံ့လစွမ်းအားမရှိသလို အေးစက်ချမ်းစိမ့်နေသောရာသီဥတုတွင် ဘယ်သွားရမှန်းမသိ ဖြစ်နေ၍လည်း ပါသည်။
ယနေ့တွင်လည်း တကယ်တော့ ဘယ်သွားရမှန်းသူမသိပေ။ သို့သော် အပြင်ထွက်ပြီး အနီးအနား ပတ်ဝန်းကျင်တွင် လျှောက်ကြည့်ချင်နေသည်။ အိမ်ရာ၏ အနီးအနားပတ်ဝန်းကျင်ကိုတောင် နှံ့အောင် သူမရောက်ဖူးသေးပေ။ သူ ရင်းနှီးနေသော သွားနေကျနေရာများမှာ ဘားများရှိသောလမ်း နှင့် ကျန်းယွီသော်အိမ်ရှိရာ ပတ်ဝန်းကျင်တို့သာ ရှိသည်။ စူပါမားကက်ကိုကျော်လွန်သွားသော ဟိုဘက်ခြမ်းကိုလည်း သူတစ်ခါမှ မသွားဖူူးသေးပေ။
ယနေ့တွင် ထိုဘက်သို့သွားပြီး တစ်ခုခုစားရန် သူစဉ်းစားနေသည်။
အနွေးထည်ကိုသေချာစွာဝတ်ဆင်ပြီး တံခါးအပြင်သို့ထွက်လာသည်။ အပြင်သို့ရောက်လာပြီး တံခါးပိတ်လိုက်သောအချိန်တွင် တံခါးပိတ်မသွားမီ ချန်ခေါ့သည် အလျင်အမြန်ပင် ခြေထောက်တစ်ဖက်ကို တံခါးအဟကြားတွင် ခံထားလိုက်သည်။ အိတ်ကပ်ထဲတွင် လက်ထိုးစမ်းသပ်ကြည့်၍ သော့က အိတ်ထဲတွင်ရှိနေတာသေချာတော့မှ တံခါးကို ပိတ်ချလိုက်သည်။
အကယ်၍ နောက်တစ်ခါ သော့မပါဘဲအပြင်ထွက်မိလျှင် ချန်ခေါ့သည် သော့ဖွင့်ပေးသည့်ဆားဗစ်ကိုသာ ခေါ်ရတော့မည်။ ထိုသို့မဟုတ်ဘဲ ကျန်းယွီသော်ကိုသာ ထပ်သွားရှာပါက ကျန်းယွီသော်က မိမိတွင် လူသိမခံဝံ့သော ရှက်စရာအတွေးစိတ်ကူးများရှိနေသည်ဟု ထင်သွားနိုင်ခြေရှိသည်။
လုံးဝ မရှိနေတာတော့ မဟုတ်ဘူးဆိုတာ သေချာနေပေမယ့်ပေါ့လေ....။
ထိုကဲ့သို့သော်အတွေးမျိုးမှာ မိမိတစ်ယောက်တည်း တစ်ကိုယ်စာ ပျော်ရွှင်ရန်အပျင်းဖြေသည့်အနေနှင့်သာ ကောင်းသည်။ လိင်တူတိမ်းညွတ်မှုအပေါ် အမြဲတမ်း အထိတ်တလန့်ဖြစ်နေတတ်သော ကျန်းယွီသော်အား သူ့အနေနှင့်လည်း နောက်ထပ် တစ်ဆင့်တိုးသော အတွေးများ စိတ်ကူးနိုင်စွမ်းလည်း မရှိနေပေ။ ကိုယ့်ဘာသာကိုယ် အတွေးထဲမှာ သာယာကြည်နူးနေနိုင်လျှင်ရပြီ...။
စူပါမားကက်ကို လွန်သွားပြီးနောက် နောက်ထပ်နှစ်လမ်းအကျော်တွင် အသစ်ဆောက်ထားသော စီးပွားရေးဇုန်တစ်ခုရှိသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ တည်ဆောက်ပြီးစီးသွားခဲ့ပြီး သည်နားတွင် စီးပွားရေးဇုန်တစ်ခုရှိမှန်း သူလည်း သိတောင်မသိခဲ့ပေ။
သို့သော် သည်ဘက်တွင် ကြည့်လိုက်လျှင် ကြွယ်ဝချမ်းသာပြီး စည်ကားနေပုံပေါက်သော်လည်း လာရောက်သူ လူသူနည်းပါးသည့်အထဲတွင် ပါဝင်သည်။
ချန်ခေါ့က လျှောက်ရင်းလျှောက်ရင်းနှင့် ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။ အရောင်းဝန်ထမ်းက ဘာမှာမလဲဟု ပြုံးပြီးမေးလာချိန်တွင် ချန်ခေါ့သည် လှည့်ထွက်လာပြန်သည်။ သူသည် ရုတ်တရက်ပင် မစ်တီးသောက်ချင်စိတ်ဖြစ်လာသည်။ ဘာဂျင်းနွားနို့ဆိုလဲ....။
ယခင်တစ်ခေါက်က သူ့ကို ကျန်းယွီသော်ဝယ်တိုက်ဖူးသော ဂျင်းစိမ်းနွားနို့ရောင်းသည့်ဆိုင်နာမည်ကို သူမှတ်မိနေသေးသည်။
သို့သော် အတန်ကြာလိုက်ပတ်ပြီး ရှာနေခဲ့သော်လည်း ထိုဆိုင်ကို လုံးဝရှာမတွေ့ခဲ့ပေ။ ဆိုင်ခွဲတွေမရှိနေဘူးပဲ...။
"အစ်ကိုရေ ... ကိုယ်ကာယကျန်းမာရေး စိတ်ဝင်စားလားရှင့်"
ရုတ်တရက်ပင် ဘေးနားမှ လူတစ်ယောက်က လက်ကမ်းကြော်ငြာစာရွက်တစ်ရွက် ကမ်းပေးလာသည်။
ချန်ခေါ့လှည့်ကြည့်လိုက်သောအခါ အတော်ကြည့်ကောင်းပြီး လှပပြေပြစ်သော ကောင်မလေးတစ်ယောက်ဖြစ်နေသည်။
"ကျွန်တော် ......"
ချန်ခေါ့က ကြော်ငြာစာရွက်ကို အလိုက်သင့်ယူလိုက်ပြီး နှစ်ချက်မျှကြည့်လိုက်ပြီးနောက် ရှေ့သို့ဆက်လျှောက်လာသည်။
သူသည် gym ကို မသွားဖြစ်သည်မှာ လအတန်ကြာရှိနေပြီဖြစ်သည်။ ယခင်ကသွားနေကျ gym ၏ မန်ဘာကတ်ကို သက်တမ်းအသစ်ထပ်တိုးပြီး ဘယ်နှခေါက်မှတောင် မသွားဖြစ်ခဲ့သေးပေ။ သို့သော် ယခင်က သူ့ကို လေ့ကျင့်ပေးသော ပါဆင်နယ် ထရိန်နာက အလုပ်ပြောင်းသွားပြီဖြစ်ကာ သူလည်း သွားချင်စိတ်မရှိတော့ပေ။ ရုပ်ရည်အတန်အသင့်ရှိပြီး ကြည့်ကောင်းသော ပါဆယ်နယ်ထရိန်နာနှင့်တွေ့ကြုံရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။
"ကျွန်မတို့ ဒီ gym က အခုမှ စပြီး အသစ်ဖွင့်ထားတာပါ"
ကောင်မလေးက သူ့နောက်လိုက်လာသည်။
"အခု မန်ဘာကတ်လုပ်ရင် ၂၀% ဒစ်စကောင့်ရမယ့်အပြင် ပါဆယ်နယ်ထရိန်နာနဲ့ နှစ်ချိန်စာ အလကားလေ့ကျင့်ဖို့ လက်ဆောင်ပေးပါတယ်။ အစ်ကို့ကိုကြည့်ရတာလည်း ပုံမှန် gym ဆော့နေကျပဲ မဟုတ်လားရှင့်။ ကျွန်မတို့ gym မှာ လာ ကစားကြည့်ပါလားဟင်။ အလကား ကစားကြည့်လို့ရပါတယ်။ သဘောကျမှ မန်ဘာကတ်လုပ်လို့ရပါတယ်နော်"
ချန်ခေါ့သည် ဤကဲ့သို့ ကောင်မလေးများ မားကက်တင်းဆင်းပြီး တစ်ခုခုလာရောင်းသည်ကို အင်မတန်ကြောက်လန့်သည်။ ရုပ်လေးတွေက ခပ်လှလှနှင့် လူနောက်ကို အတည်ပေါက်နှင့်လိုက်ကာ သူတို့အရောင်းပစ္စည်းများကို မိတ်ဆက်လေ့ရှိသည်။ ငြင်းချင်လျှင်တောင် ငြင်းရခက်သည်။
"အစ်ကို အထဲကို ဝင်ကြည့်ကြည့်လို့လည်းရပါတယ်နော်။ အထဲက နေရာနဲ့ စက်ကိရိယာတွေကိုကြည့်လို့ရ ......"
ကောင်မလေးသည် ချန်ခေါ့ရှေ့သို့ ဝိုက်တက်လာပြီး နောက်ဆုတ်လျှောက်ရင်းပြောနေကာ တိုက်ခတ်နေသောလေကြောင့် မျက်လုံးတောင်ဖွင့်၍မရဖြစ်နေသည်။
"ကျွန်မတို့စက်ပစ္စည်းတွေက နောက်ဆုံးပေါ်မော်ဒယ်တွေပဲ တပ်ဆင်အသုံးပြုထားတာ။ ပြီးတော့ အရေအတွက်လည်းများ ......."
"ဘယ်မှာလဲ"
ချန်ခေါ့က သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
ကောင်မလေးက ဘေးဘက်သို့ သွက်လက်စွာ ညွှန်ပြလိုက်သည်။
"နှစ်လွှာမှာပါ။ ကျွန်မ လိုက်ပြပေးမယ်လေ"
ထို gym က သိပ်တော့မဆိုးချေ။ ယခင်က ချန်ခေါ့သွားနေကျ gym ထက် ပိုကျယ်သည်။ အသစ်ဖွင့်ထားမှန်းလည်း သိသာနေကာ လူသိပ်မရှိဘဲ စက်ပစ္စည်းများလည်း သည်အတိုင်း လွတ်နေသည်။
"ဒါကတော့ ကျွန်မတို့ရဲ့ ပါဆင်နယ်ထရိန်နာ ရှောင်ယန် ပါ။ ရှောင်ယန် ... ..."
ကောင်မလေးက ဘေးနားတွင်ရှိသော ဘော်ဒီအချိုးအစားသိပ်မဆိုးလှသည့် လူရွယ်လေးများဆီသို့ လက်လှမ်းညွှန်ပြလိုက်သည်။
"ရှောင်ယန်က အစ်ကို့ကို လိုက်ပြပေးလိမ့်မယ်နော်။ တစ်ခုခု နားမလည်တာရှိရင် သူ့ကို အကုန်မေးလို့ရပါတယ်"
လူငယ်တစ်ယောက်က သူတို့ရှိရာဆီသို့လျှောက်လာရာ ချန်ခေါ့က အကဲခတ်ကြည့်လိုက်သည်။
....... ရုပ်ရည်ကတော့ မဆိုးပါဘူး။
ရှောင်ယန် က သူ့ရှေ့သို့ရောက်လာသောအခါ သူ့အားပြုံးပြလိုက်ပြီး မိတ်ဆက်လာသည်။
"မင်္ဂလာပါ အစ်ကို။ ကျွန်တော့် မျိုးရိုးနာမည်က ယန် ပါ။ ကျွန်တော့်ကို ရှောင်ယန် လို့ခေါ်လို့ရပါတယ်။ အစ်ကို့ကို gym ထဲ လိုက်ပြပေးမယ်နော်"
ချန်ခေါ့က အင်း ဟုသာ ပြန်ဖြေလိုက်သည်။
ရှောင်ယန်က gym အတွင်းထဲသို့ သူ့အား ဦးဆောင်ခေါ်သွားပြီး ခြေလှမ်းအနည်းငယ်ခန့်လျှောက်လိုက်ပြီးနောက် ပြန်လှည့်လာသည်။
"ချန်ကော ... ကျွန်တော့်ကို မမှတ်မိတော့ဘူး မဟုတ်လား"
"ဟင်"
ချန်ခေါ့သည် ကြောင်တောင်တောင်ဖြစ်သွားသည်။
***
(ဆက်ရန်)