Chapter ● 32 ●
ကျန်းယွီသော်သည် ရာသီဥတု၏အေးစိမ့်မှုကို မကြောက်သော လူစားမျိုးဖြစ်သည်။ ယနေ့ထက် ၁၀ ဒီဂရီလောက်ပိုအေးသော နှင်းကျသည့်ရက်များတွင်တောင် သူသည် အပေါ်ထပ်အနွေးထည်တစ်ထပ်တည်းဝတ်ပြီး ကီလိုမီတာအနည်းငယ်ခန့် လေ့ကျင့်ခန်းလုပ်ရန် ပြေးနိုင်သည်။ သို့သော် ယခုကဲ့သို့သော ရာသီဥတုကိုမူ သူမနှစ်သက်ပေ။ လူမဆန်လောက်အောင် အေးခဲချမ်းစိမ့်လွန်းနေပြီး ရှူထုတ်လိုက်သောလေထုကပင် လေထဲတွင် ခဲသွားပြီးမှ ပျောက်ကွယ်သွားသလို ခံစားရသည်။
ယနေ့တွင် အကယ်၍ အော့ထူးသာ ပိုက်ဆံအလုမခံရလျှင် သည်လိုအချိန်တွင် သူသည်လည်း အိမ်ထဲမှ အိမ်ပြင်ထွက်လာဖြစ်လောက်မည်မဟုတ်ပေ။
"ဒီဘက်နားမှာပဲ။ သူတို့ ဒီဘက်ထဲကို ပြေးသွားတာ။ ဒီနားမှာဆိုရင် အဲဒီမှာပဲ လူပုန်းလို့ရတယ်မလား"
အော့ထူးက ရှေ့နားရှိ အဆောက်အဦးများဘက်သို့ ညွှန်ပြလိုက်သည်။
ကျန်းယွီသော်က မျက်မှန်ကို မျက်လုံးရှေ့သို့ရောက်အောင် တစ်ချက်ပင့်တင်လိုက်ပြီး အော့ထူးညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မြင်ကွင်းက ကြည်ကြည်လင်လင်ရှိသားပဲ...။
ထိုမျက်မှန်ကို ယနေ့မှ ချန်ချင့်က ကျန်းယွီသော်အား ပေးထားခြင်းဖြစ်သည်။ အဝါရောင်မှန်နှင့်၊ ချန်ချင့်၏စကားအရ ညဘက်ကားမောင်းလျှင် မီးရောင်၏ ရောင်ပြန်ကို ကာကွယ်နိုင်သော မျက်မှန်ဖြစ်သည်ဟူ၍။ ကျန်းယွီသော်က ကားမောင်းလေ့မရှိသော်လည်း ချန်ချင့်က ထိုမျက်မှန်ကို ညဘက်တပ်ထားလျှင် အမြင်အာရုံကို ပိုမိုကောင်းမွန်စေသည်ဟု ထင်မှတ်၍ လာပေးထားခြင်းဖြစ်သည်။
"လေကိုလည်း ကာပေးသေးတယ်။ ဘယ်လောက်ကောင်းလိုက်လဲ"
ချန်ချင့်က ပြောသည်။
မည်သို့ပင်ဆိုစေကာမူ ... ... ကျန်းယွီသော်သည် မျက်မှန်ကို အောက်ဘက်သို့ နည်းနည်းဆွဲချပြီး၊ ထိုမှတဖန် အပေါ်ပြန်တွန်းတင်ကာ နှိုင်းယှုဉ်ကြည့်လိုက်ပြီးနောက် မျက်မှန်မှာ မဆိုစလောက်လေးအသုံးကျပြီး မြင်ကွင်းကလည်း ပိုမိုကြည်လင်တောက်ပလာကြောင်း လက်ခံလိုက်သည်။
"သာ့ပင်းတို့ကောင်တွေအုပ်စုရော လာနေပြီလား"
ချန်ချင့်က မေးလိုက်သည်။
တစ်ယောက်ယောက်က ပြန်ဖြေလာသည်။
"ရှေ့နားက လမ်းဆုံကိုရောက်နေကြပြီ"
အော့ထူးကို အလစ်သုတ်လုယူသွားသောလူအုပ်စုမှာ လေးငါးယောက်လောက်ရှိသည်။ ယခု ပုန်းကွယ်တိမ်းရှောင်နေလိုက်ပြီဖြစ်၍ လူအုပ်စုပိုတောင့်လာလိမ့်မည်။ ထို့ကြောင့် ကျန်းယွီသော်တို့ဘက်လည်း လူအင်အားဖြည့်ရသည်။ လမ်းသရဲဂန်းစတားအချင်းချင်း အလစ်သုတ်လုယူမှုပဋိပက္ခသည် ရပ်ကွက်တွင်းလမ်းပေါ်အငြင်းပွားမှုထဲတွင်ပါဝင်သည်။ များသောအားဖြင့် ရန်ဖြစ်ရိုက်နှက်သည်အထိမဖြစ်တတ်ဘဲ အဓိကအားဖြင့် လူအင်အားနှင့်အရှိန်အဝါကိုသာ ယှဉ်ကြသည်။
ကျန်းယွီသော်က အော့ထူးညွှန်ပြသည့်ဘက်သို့ လျှောက်သွားသည်။
"သွားရအောင်။ မြန်မြန်ကိစ္စဖြတ်လိုက်မယ်။ အတတ်နိုင်ဆုံး လက်မပါနဲ့"
လူအုပ်စုဆီမှ "ဟုတ်" ဟူသော အသံထွက်လာသည်။
"ဟုတ်ပြီ"
ချန်ချင့်က ဖုန်းကို မြှောက်ကိုင်ပြီး အော်လိုက်ကာ တခြားလူများထက် စည်းချက်တစ်ခုစာ နှေးသွားသည်။
ကျန်းယွီသော်က သူ့အား လှည့်ကြည့်လိုက်သည်။
"မင်းအတွက် ကင်မရာတစ်လုံးပါ စီစဉ်ပေးရမလား"
"မလိုပါဘူးကွာ။ ဖုန်းနဲ့ဆိုလည်း တော်တော်ကြည်နေပြီ။ ကင်မရာဆိုရင် ငါသုံးတောင် မသုံးတတ်ဘူး"
ကျန်းယွီသော်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤအဆောက်အဦးအစုအဖွဲ့ရှိသောနေရာသည် ကျန်းယွီသော်ပိုင်နက်၏ အစွန်အဖျားဧရိယာဖြစ်သည်။ တိုက်များကို ဖြိုချပစ်ရန် စည်းတားထားလျက်ရှိပြီး နဂိုနေထိုင်သူများလည်း ရွှေ့ပြောင်းသွားကြပြီဖြစ်သည်။ ညအမှောင်က ကြီးစိုးလာပြီးနောက် အထပ်မြင့်တိုက်များ၏နှစ်လွှာမှစပြီး အပေါ်ထပ်များတွင် မီးလုံးမီးရောင်များမှာ ကျိုးတိုးကျဲတဲသာ လင်းထိန်နေသည်။
ပထမထပ်ရှေ့က လမ်းပေါ်တွင်တော့ မီးရောင်များ ဝင်းထိန်နေသည်။ လမ်းပေါ်ရှိ မီနီမတ်ဆိုင်အနည်းငယ်၊ ကားပြင်ဆိုင်၊ ကုန်စုံဆိုင် အစရှိသည်တို့က ဖွင့်လှစ်ရောင်းချနေသေးသည်။
တစ်ဖွဲ့အကြောင်းတစ်ဖွဲ့ အချင်းချင်းနားလည်ကြ၍ ကျန်းယွီသော်တို့အုပ်စုအတွက် ထိုအလစ်သုတ်သမားတစ်သိုက်ကို ရှာတွေ့ရန်သိပ်မခက်ခဲပေ။
သာ့ပင်းက သူနှင့်ပါလာသောလူတစ်အုပ်နှင့်အတူ လမ်းဆုံမှ ကွေ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် ကျဉ်းမြောင်းသော ကော်ရစ်တာအဝင်ဝ တစ်ခုထဲသို့ ဝင်သွားသည်။ ထိုအပေါက်ဝမှာ ဘိလိယက်ကစားရုံတစ်ခုထဲသို့ ဝင်သော ဝင်ပေါက်ဖြစ်သည်။
ဘိလိယက်ကစားရုံထဲတွင် ဘိလိယက်လာထိုးသူ လူအတော်များများရှိနေသည်။ တံခါးတွန်းဖွင့်လိုက်သည်နှင့် မျက်ဝန်းအစုံပေါင်း တစ်ဒါဇင်ကျော်ခန့်က တညီတညွတ်တည်းလှည့်ကြည့်လာကြသည်။ အကယ်၍သာ ဘိလိယက်လာထိုးသူအစစ်အမှန်သာဆိုလျှင် သူတို့ကိုမြင်သည်နှင့် တစ်ယောက်ရှိလျှင်တစ်ယောက် အယောက်တိုင်း လှည့်ထွက်သွားကြမည်ဖြစ်သည်။
"အဲဒီ အင်္ကျီအဝါနဲ့ကောင်"
အော့ထူးက အတွင်းဘက်သို့တစ်ချက်ကြည့်လိုက်ပြီးနောက် အသံတိုးတိုးနှင့်ပြောလာသည်။
အော့ထူးက အတည်ပြုပြောလိုက်သည်ကို ကြားလိုက်သည်နှင့် သူတို့အုပ်စုလည်း အခန်းအတွင်းသို့ လျှောက်ဝင်သွားကြသည်။
ဘိလိယက်ထိုးနေကြသူများလည်း အားလုံးရပ်တန့်သွားကြပြီး လက်ထဲတွင် ဘိလိယက်ထိုးတံကိုင်ထားရင်း သူတို့ကို စိုက်ကြည့်နေကြသည်။
ကျန်းယွီသော်က ထိုလူတစ်ယောက်ချင်းစီတို့၏ မျက်နှာကို ဝေ့ကြည့်လိုက်ပြီးနောက် နံရံဘေးနားတွင် ထိုင်နေသောလူ၏ မျက်နှာပေါ်တွင် အကြည့်ရပ်လိုက်သည်။
ထိုလူကို သူမတွေ့ဖူးသောကြောင့် သည်အနားတစ်ဝိုက်တွင်ကျင်လည်နေသူတစ်ယောက် လုံးဝမဖြစ်နိုင်ပေ။ အသစ်ရောက်လာသောသူ သို့မဟုတ် တခြားရပ်ကွက်မှ ရောက်လာသောသူဖြစ်ရမည်။ လူပုံက ရိုးရိုးစင်းစင်းနှင့် ရိုးသားပုံရပြီး ပုံမှန်မြို့နေရောင်းရင်း ငနဲ တစ်ယောက်နှင့်တူသည်။ သို့သော် မျက်လုံးကိုအကြည့်ကို ကြည့်သည်နှင့် ထိုလူသည် လောင်သာ့ ဖြစ်မှန်း ကျန်းယွီသော် အတပ်သိလိုက်သည်။
"ဒီနေ့ ကျွန်တော့်ညီတစ်ယောက်က သတိမထားမိဘဲ လမ်းပေါ်မှာ ပစ္စည်းတစ်ခုပြုတ်ကျသွားတယ်။ အဲဒီပစ္စည်းကို ဒီက ညီအစ်ကို ကောက်ရထားတယ်လို့ကြားထားလို့"
ချန်ချင့်က အင်္ကျီအဝါနှင့်လူကိုကြည့်ရင်း မေးလိုက်သည်။
အင်္ကျီအဝါနှင့်လူက မျက်မှောင်ကြုတ်လိုက်သည်။
"ငါမသိလိုက်ရပါလားဟ"
"ဒီလို ပါမွှားကိစ္စလေးကို မမှတ်မိတာက ပုံမှန်ပါပဲလေ။ ပိုက်ဆံအိတ်တစ်လုံးပဲဟာကို။ များများစားစားလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ထုတ်လာခါစ လစာအားလုံးက အဲဒီအထဲမှာရှိနေတာဗျာ။ ကျွန်တော့်ညီက ဆင်းရဲတယ်။ လစာကြီး ပျောက်သွားတာက သူ့အတွက် ပြဿနာအကြီးအကျယ် ......"
"ကျပျောက်သွားတယ်ဆိုလည်း ပျောက်တဲ့နေရာသွားရှာလေ။ ငါတို့က အမှိုက်ကောက်တဲ့ကောင်တွေလည်း မဟုတ်ဘူး"
ရိုးစင်းသောမြို့နေငနဲက ဝင်ပြောလေသည်။
ထိုစကားမှာ အနည်းငယ်ဘောင်ကျော်နေသည်။ ပုံမှန် လမ်းပေါ်ကျင်လည်နေသူလမ်းသရဲများသည် အချင်းချင်း တိုက်ရိုက်မငြိစွန်းလိုကြပေ။ သို့သော် ထိုလူ၏စကားမှာ မျက်နှာချင်းဆိုင်စိန်ခေါ်သော လှောင်ပြောင်သည့်အဓိပ္ပါယ်သက်ရောက်နေသည်။ တိုက်ရိုက် ရန်ခေါ်နေသည်နှင့် ဘာမှမထူးတော့ပေ။
"ဒီက အစ်ကိုကြီးရဲ့စကားက နည်းနည်းလေး မသင့်တော်နေဘူးဗျာ။ ကျုပ်တို့ တကယ်တမ်း ကိုယ့်ဟာကိုယ် ရှာတွေ့သွားရင် ခင်ဗျားတို့ အလုပ်ပြောင်းရတော့မှာပေါ့။ ဘယ်လောက်တောင် မကောင်းလိုက်လဲ"
ဘိလိယက်ကစားရုံအတွင်းမှ လေထုအခြေအနေမှာ လူအုပ် နှစ်ဖက်ကြားထဲတွင် မီးခြစ်ဆံထွန်းလိုက်သည်နှင့် မီးပုံပါတီတစ်ခု စတင်သွားနိုင်သည်အထိ ချက်ချင်းပင် တင်းမာသွားတော့သည်။
ကျန်းယွီသော်သည် စိတ်မရှည်ဖြစ်လာသည်။ နဂိုကတည်းကလည်း သူသည် စကားစစ်ထိုးပြီး ပါးစပ်နှင့် ရန်ဖြစ်တတ်သူမဟုတ်ပေ။ စောစောကလည်း ချန်ခေါ့နှင့် အကင်စားရန် ချိန်းထားသေးသောကြောင့် ပို၍တောင် စိတ်တိုလာသည်။
သူသည် ဖုန်းထုတ်ပြီး အချိန်ကိုတစ်ချက်ကြည့်လိုက်ကာ ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်ရှိလူကို မျက်လုံးပင့်ကြည့်လိုက်သည်။
"ပိုက်ဆံအိတ်"
အင်္ကျီအဝါနှင့်လူက အေးစက်စွာ ရယ်လိုက်သည်။
ကျန်းယွီသော်က ထိုဘက်သို့ လျှောက်သွားသည်။ သူလှုပ်ရှားသည်နှင့် သူ့နားမှတစ်အုပ်စုလည်း သူနှင့်အတူ အားလုံးက ရှေ့သို့ လိုက်တိုးလာသည်။
နံရံဘေးတွင် ထိုင်နေသော မြို့နေငနဲတစ်ယောက်မှလွဲလျှင် ထိုင်နေသောသူများအားလုံးလည်း မတ်တပ်ရပ်လာသည်။
တခြားတစ်ဖက်က နည်းလမ်းတကျ စည်းကမ်းအတိုင်းသွားလိုစိတ်မရှိမှန်း သိသာနေပြီး တိုက်ရိုက်ပြဿနာရှာချင်ကြသည်။ ကျန်းယွီသော် လှုပ်ရှားသည်ကိုမြင်သည်နှင့် ချက်ချင်းပင် စတင် တိုက်ခိုက်လာကြသည်။
ကျန်းယွီသော်နှင့်အနီးဆုံးရှိနေသောငနဲတစ်ကောင်က လက်ထဲမှ ဘိလိယက်ကျူတံကို မြှောက်ပြီး ကျန်းယွီသော်၏ မျက်နှာဆီသို့ လွှဲရိုက်လာသည်။
ကျန်းယွီသော်သည် ကျူတံပြုတ်ကျမလာခင်တွင်ပင် လက်ဆန့်ပြီး ကျူတံကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် ကျူတံကို ဆုပ်ကိုင်ပြီး အောက်သို့ ဖိချလိုက်သောအခါ ကျူတံလည်း ထိုလူ၏ လက်ထဲမှ လွတ်ထွက်လာသည်။
ထိုလူနောက်မဆုတ်ခင်တွင် ကျန်းယွီသော်သည် လက်ထဲမှကျူတံကို လွှဲကာ ထိုလူ၏ နားရွက်အောက်နားသို့ ဆတ်ခနဲ ရိုက်ချလိုက်သည်။
ထိုလူက ကြမ်းပြင်ပေါ်သို့ သေသပ်စွာ လဲကျသွားပြီး နည်းနည်းလေးတောင် နှောင့်နှေးခြင်းမရှိဘဲ သတိလစ်သွားသည်။
ရှေ့တက်လာရန် ခြေလှမ်းပြင်နေသော ငတိကောင်များလည်း ခြေလှမ်းရပ်သွားကြသည်။
ကျန်းယွီသော်က ကျူတံကိုပစ်ချပြီး အခန်းတစ်ပတ်ဝေ့ကြည့်လိုက်ကာ အင်္ကျီအဝါနှင့်လူဆီတွင် အကြည့်ရပ်ပြီး စောစောက စကားတစ်ခွန်းကို ထပ်ပြောပြန်သည်။
"ပိုက်ဆံအိတ်"
အင်္ကျီအဝါနှင့်လူက နှုတ်ခန်းထောင့်ကိုတွန့်ပြီး သရော်သလို ရယ်လိုက်ပြန်သည်။ သို့သော် ယခုတစ်ခေါက်တွင် အရင်တစ်ခေါက်ကလောက် လွတ်လပ်အေးဆေးနေသံမပေါက်တော့ပေ။ သို့တိုင်အောင် ထိုလူ၏ လှုပ်ရှားမှုက အလွန်လျင်မြန်သွက်လက်သည်။ ထိုလူသည် ကျန်းယွီသော်ဆီဆို့ ဝုန်းခနဲ ခုန်အုပ်လာချိန်တွင် ကျန်းယွီသော်ဘေးနားတွင် ရပ်နေသော သာ့ပင်းပင် တားဆီးရန် အချိန်မမီလိုက်ပေ။
ကျန်းယွီသော်က မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး သာ့ပင်း၏ ပခုံးကို ခေတ္တမျှ ထောက်ကူပေးလိုက်ပြီးနောက် အင်္ကျီအဝါနှင့်လူ၏ ရင်ဝကို ခုန်ပြီး ဆောင့်ကန်လိုက်သည်။
အင်္ကျီအဝါနှင့်လူက လေထဲမှ ခုန်အုပ်လာပြီး လေထဲတွင်ပင် ပြန်လွင့်သွားသည်။ အစမှအဆုံးအထိ ကြမ်းပြင်ကို တစ်ချက်မှတောင် မထိသွားပေ။
ကျန်းယွီသော်သည် တစ်ယောက်ချင်းစီကို ရိုက်နှက်နေရန် အလွန်စိတ်မရှည်ဖြစ်လာပြီး ဒေါသလည်းထွက်လာသောကြောင့် စားပွဲတစ်လုံးပေါ်သို့ ခြေတစ်လှမ်းတည်းနှင့် တစ်ခါတည်း ခုန်တက်လိုက်သည်။ လေးဘက်လေးတန်မှငနဲကောင်များ လှုပ်တောင်မလှုပ်ရသေးမီ သူသည် စားပွဲပေါ်မှခုန်ချပြီး မြို့နေငနဲ ရှေ့တွင် ရပ်လိုက်သည်။
မြို့နေငနဲလည်း ထိုအချိန်ကျမှ ခုန်ထလာပြီး လက်ကို အင်္ကျီထဲသို့ ထိုးသွင်းလိုက်သည်။
ကျန်းယွီသော်က ထိုလူ၏ ဦးခေါင်းကို တစ်ချက်ရိုက်လိုက်ပြီး ဆံပင်ကိုဆောင့်ဆွဲကာ ဘိလိယက်ခုံဘေးနားသို့ ဆွဲခေါ်လာသည်။ ထိုလူက အင်္ကျီထဲမှဓါးမြှောင်တစ်လက်လည်း ပါလာသော လက်ကို ထုတ်လာချိန်တွင် ကျန်းယွီသော်က ထိုလူ၏ မျက်နှာကို စားပွဲပေါ်တွင် ရိုက်ချလိုက်ပြီဖြစ်သည်။
မြို့နေငနဲ၏လက်ထဲမှဓါးလည်း ကြမ်းပေါ်သို့ပြုတ်ကျသွားသည်။ ခြေထောက်လည်း တဖြည်းဖြည်း ပျော့ခွေကျလာပြီး ကြမ်းပေါ်တွင် ဒူးထောက်ကျသွားပြီးနောက် ငြိမ်သက်သွားသည်။
"ပိုက်ဆံအိတ်"
ကျန်းယွီသော်က ပြောလိုက်သည်။
အင်္ကျီအဝါနှင့်လူက နံရံကိုထောက်မှီပြီး ခက်ခက်ခဲခဲမတ်တတ်ရပ်လာပြီးနောက် ပိုက်ဆံအိတ်တစ်လုံးကို ယူထုတ်လာကာ ချန်ချင့်နှင့်သာ့ပင်း ရှေ့သို့ ပစ်ထုတ်လာသည်။
သာ့ပင်းက ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ပြီး အော့ထူးအား ကမ်းပေးလိုက်သည်။
အော့ထူးက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်သည်။
"မှန်တယ်"
"သွားမယ်"
ကျန်းယွီသော်က ဆောင့်ဆွဲထားသော မြို့နေငနဲ၏ဆံပင်ကို ဖြေလွှတ်လိုက်သောအခါ မြို့နေငနဲလည်း ကြမ်းပြင်ပေါ် လျှောကျသွားသည်။
ဘိလိယက်ကစားရုံထဲတွင် တိတ်ဆိတ်သွားပြီး ကျန်းယွီသော်က တံခါးနားသို့အရောက်တွင် ချန်ချင့်က အခန်းအတွင်းသို့ ပြန်လှည့်ကာ အထဲရှိလူများအား ပြောလိုက်သည်။
"ကျွန်တော့်ညီငယ်ရဲ့ ပိုက်ဆံအိတ်ကို ဝိုင်းရှာပေးကြတဲ့ ဒီကညီအစ်ကိုအပေါင်းကို ကျေးဇူးတင်ပါတယ်"
လမ်းမပေါ်ပြန်ရောက်လာသောအခါ ကျန်းယွီသော်က ဖုန်းကိုယူထုတ်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။
"ဒီမှာပဲ ခွဲလိုက်ကြရအောင်။ အော့ထူး မင်းလည်း နောက်ဆိုရင်း ခေါင်းလေး ဘာလေးသုံး။ သူတို့ကို မချနိုင်ရင်တောင် မင်း မပြေးတတ်ဘူးလား။ အလုခံရတဲ့အထိ ကြောင်ရပ်နေရသေးလား"
"စန်းကောကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သွားသောက်မယ်လေ"
အော့ထူးက ပိုက်ဆံကို လှုပ်ယမ်းပြရင်း ပြောလိုက်သည်။
အားလုံးဆီမှ အားပေးသံထွက်လာသည်။
ကျန်းယွီသော်က ဘာမှမပြောဘဲ သူတို့နှင့်အတူ ပြန်လျှောက်လာသည်။
ထိုစဉ်တစ်ယောက်ယောက်က သက်ပြင်းချရင်း ပြောလာသည်။
"ဒီနေ့ စန်းကော က ငါတို့ကို မျက်စိဖွင့် အလင်းပြပေးလိုက်တာပဲ။ ငိုးတဲ့မှ ငါတို့ကောင်တွေတောင် မလိုဘူး။ တစ်ယောက်တည်းနဲ့ တစ်ခန်းလုံးကလူတွေကို ချလည်း အေးဆေးပဲ"
"အစကတည်းက အဲဒီကောင်တွေ စည်းတွေဘောင်တွေကို နားလည်မယ်ဆိုရင် စန်းကောလည်း လက်ပါစရာမလိုဘူး။ တကယ်ပဲ လာစိန်ခေါ်ရဲကြတယ်။ တစ်ကောင်ချင်းစီတက်လာပြီးတောင် သွေးတိုးလာစမ်းသေးတာ၊ အခုလောက်ဆို လိမ္မာကြပါပြီ"
သာ့ပင်းက ပြောလိုက်သည်။
ကျန်းယွီသော်က တောက်လျှောက် တိတ်ဆိတ်နေပြီး မြောက်လေထဲတွင် ခုန်ရင်းပေါက်ရင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေသော သူတို့စကားများကို နားထောင်နေသည်။
သည်ငတုံးကောင်များကို စိတ်လှုပ်ရှားစေသောကိစ္စဆို၍ သည်လိုအကြောင်းအရာများသာရှိသည်။ စန်းကောက တစ်ယောက်ချင်း၊ တစ်ယောက်နှင့်နှစ်ယောက်၊ တစ်ယောက်နှင့်တစ်အုပ်စု ရိုက်သည်ချသည်ဟူသောအကြောင်းအရာများ....။ သည်ပတ်ဝန်းကျင်အနားတစ်ဝိုက်မှ သူနှင့် ထိပ်တိုက်စိန်ခေါ်ရဲသည့်သူလည်း များများစားစားမရှိနေပေ။
သို့သော် ကျန်းယွီသော်သည် ထိုကဲ့သို့အဖြစ်အပျက်များဖြစ်ပေါ်ရန် လုံးဝမလိုလားပေ။ သူရိုက်နိုင်ချနိုင်နေသည့်အကြောင်းရင်းမှာလည်း၊ ပုံမှန်ဆိုလျှင် ကြမ်းပြင်ပေါ်တွင်လူးလိမ့်ပြီး လူကြီးများကို ဂျီကျဆိုးပေနေသင့်သည့်အသက်အရွယ်တွင်၊ အမြဲတမ်း အလင်းရောင်မမြင်နိုင်သော မျှော်လင့်ချက်မရှိသည့် အမှောင်ရိပ်ထဲတွင် ရှင်သန်နေခဲ့ရသောကြောင့်သာဖြစ်သည်။
သူတို့သောက်နေကျဆိုင်လေးနားသို့ရောက်ခါနီးတွင် ကျန်းယွီသော်က ချန်ချင့်အား တစ်ချက်ကြည့်လိုက်သည်။
ချန်ချင့်က သူ့ဘေးနားသို့ လျှောက်လာသည်။
ကျန်းယွီသော်က အသံကိုနှိမ့်ပြီးပြောလိုက်သည်။
"ငါမသွားတော့ဘူး။ မင်းပဲ သူတို့နဲ့အတူလိုက်သွားလိုက်တော့။ မင်းကောင်တွေကို နည်းနည်းတော့ ထိန်းဦး။ ရေချိန်လွန်ပြီး ပြဿနာတွေမဖြစ်စေနဲ့။ သောက်ပြီးတာနဲ့ အိမ်ကို တစ်ခါတည်း တန်းလစ်ခိုင်း ..."
"အင်း ... မင်းဘယ်သွားစရာရှိလို့လဲ။ အိမ်ပြန်တော့ဖို့လား"
ချန်ချင့်က ခေါင်းညိတ်ရင်း အသံတိုးတိုးနှင့် ပြန်မေးသည်။
"ငါ ချန်ခေါ့ဆီသွားမလို့။ သူ ငါ့ကို အကင်ဝယ်ကျွေးဖို့ပြောလို့"
"အဲဒါဆို သူ့လည်း ဒီကိုခေါ်လိုက်လေ။ အားလုံးအတူတူ စားလို့ရတာပဲကို ...... ဪ ဒါက အော့ထူးက ဒကာခံတာကြီးနော်။ မင်းဝယ်ကျွေးတာမှမဟုတ်တာ။ ဒါပေမဲ့လည်း ကိစ္စမရှိဘူးမဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူ့ကို ဝယ်ကျွေးလိုက်တာပဲလေ"
"ချီးကို ဝယ်ကျွေး။ သူက ဒီအကင်ကိုတောင် ဝယ်မစားနိုင်လို့လား"
ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။
ချန်ချင့်က ကျစ်ခနဲ စုတ်သပ်လိုက်သည်။
"အေးလေ ဟုတ်သားနော်။ သူက သခင်လေးပဲဟာကို။ ဒါနဲ့ မင်းပဲပြောတော့ ဒီရက်ပိုင်း သူနဲ့ မတွေ့တော့ဘူးဆို"
ကျန်းယွီသော်က ချန်ချင့်ကိုကြည့်ပြီး တိတ်ဆိတ်နေသည်။
"ဪ ... သူက အရင် မင်းကိုဆက်သွယ်တာထင်တယ်။ တကယ်တမ်းပြောရရင် ဒီလူက ငါတို့နဲ့ လမ်းကြောင်းတစ်ခုတည်းပေါ်ကလူမဟုတ်ပေမယ့်ပေါ့လေ။ ချန်ခေါ့က တကယ်မဆိုးဘူး။ နည်းနည်းလေးမှ အငြိုးမထားတတ်ဘူး"
ကျန်းယွီသော်က အင်း ဟုသာပြောလိုက်သည်။
.
အိမ်ရာဂိတ်ပေါက်ဝသို့ရောက်လာသောအခါ ကျန်းယွီသော်သည် ဖုန်းကိုယူထုတ်ပြီး ချန်ခေါ့ဆီသို့ ဖုန်းခေါ်လိုက်သည်။
"ခင်ဗျား ဆင်းလာလို့ရပြီ။ ကျွန်တော် တိုက်အောက်ရောက်တော့မယ်"
ချန်ခေါ့က ကြောင်သွားသည်။
"တိုက်အောက်ကို ဟုတ်လား။ မင်းငါ့ကို ဆိုင်နေရာပြောလိုက်ရင် ငါ့ဟာငါ လိုက်သွားလို့ရတယ်လေ"
"အပိုတွေပြောမနေနဲ့တော့။ ကျွန်တော် ရောက်တောင် ရောက်နေပြီကို"
"အေးပါ ဆင်းလာခဲ့ပြီ"
ကျန်းယွီသော်က ဖုန်းချလိုက်ပြီးနောက် ဘေးဘီဝဲယာ လေးဘက်လေးတန်ကို လှည့်ကြည့်လိုက်ပြန်သည်။ အိမ်ရာထဲတွင် မီးများ လင်းထိန်နေပြီး မီးရောင်များက ရှေ့နောက် ယိမ်းထိုးရောယှက်နေကာ ထွက်ပေါ်လာသော အရိပ်များလည်း လွင့်ပါးမှိန်ဖျော့သွားကုန်သည်။
ထိုကဲ့သို့အလင်းရောင်များသည် ကျန်းယွီသော်ကို စိတ်ပေါ့ပါးစေသည်။ အမှောင်ထုကို အထူးတလည်စိုက်ကြည့်နေစရာမလိုဘဲ ဗြုန်းခနဲ ရုတ်တရက်ပေါ်ထွက်လာသော အရိပ်များကိုလည်း သတိထားပြီးသား ဖြစ်စေသည်။
သို့သော် သူသည် ချန်ခေါ့နှင့် အဆက်အသွယ်မလုပ်ဖြစ်ခဲ့သည်မှာ တော်တော်ကြာခဲ့ပြီဖြစ်ကာ သည်အနားတဝိုက်ကိုလည်း မလာဖြစ်ခဲ့ပေ။ ယခုတွင် ချန်ခေါ့တစ်ယောက် ဘာအန္တရာယ်မှမရှိဘဲ ဘေးကင်းလုံခြုံနေလာက်မည်ထင်သည်။
သူ့ကိုစိတ်မအေးစေသောတစ်ခုတည်းသောအချက်မှာ၊ ချန်ခေါ့က မိမိအား ဘာကြောင့် ရုတ်တရက်ကြီးထပြီး ဆက်သွယ်လာသည်ကို နားမလည်နေခြင်းဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာသေးခင်က သူတို့နှစ်ယောက်ကြားတွင် အလွန်ဆိုးရွားသော ပဋိပက္ခတစ်ခု ဖြစ်ခဲ့သည်မဟုတ်လား...။
သူငယ်ချင်းကို ယုံကြည်ရမည်။
သူက ချန်ခေါ့ကိုသူငယ်ချင်းအဖြစ် သဘောထားသတ်မှတ်သောကြောင့် ချန်ခေါ့ကို မဖြစ်မနေယုံကြည်ကြည့်ရမည်။
တကယ်တော့ ချန်ခေါ့က သူ့ကိုဆက်သွယ်လာချိန်တွင် သူ့စိတ်ထဲတွင်လည်း သံသယစိတ်ထက် စိတ်ပေါ့ပါးသွားမှုက အလေးသာနေခဲ့သည်။
အန္တရာယ်ရှိမရှိဆိုသည်ထက်၊ သူငယ်ချင်းတစ်ယောက် မဆုံးရှုံးရသည့်အဖြစ်ကို သူပို၍ ဂရုစိုက်အလေးထားမိသည်။
.
ဓါတ်လှေကားထဲမှထွက်လာချိန်တွင် ချန်ခေါ့သည် ကော်ရစ်တာအပြင်ဘက်တွင်ရပ်စောင့်နေသော ကျန်းယွီသော်ကို တန်းမြင်သွားသည်။ သူ့ရှိရာဘက်ကို ကျောခိုင်းထားပြီး စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ခဲပြီး ရှိုက်ဖွာနေသည်။
တဒင်္ဂအတွင်း ချန်ခေါ့၏စိတ်ထဲတွင် ဖော်ပြ၍မတတ်သောခံစားချက်တစ်မျိုးဖြစ်လာသည်။ အချိန်အတန်ကြာကွဲကွာနေပြီး ပြန်လည်ဆုံတွေ့သည့် ခံစားချက်မျိုး...။
ကျန်းယွီသော်ရှိရာသို့ လျှောက်သွားချိန်တွင် ချန်ခေါ့သည် သူ၏ ပုံမှန်ထက်မြန်နေသောခြေလှမ်းကို ကျန်းယွီသော်မကြားမိစေလိုသဖြင့် ခြေလှမ်းကို ဖော့လျှောက်လိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် ကျန်းယွီသော်က လှည့်ကြည့်လာသည်။
"... ... မင်းတော်တော် နားပါးတာပဲ"
ကျန်းယွီသော်၏မျက်နှာကို မြင်လိုက်ရချိန်တွင် ချန်ခေါ့သည် ဆွံ့အသွားသည်။
ကျန်းယွီသော်က အဝါရောင်ညကြည့်မျက်မှန်တစ်လက်ကို တပ်ဆင်ထားသည်။ မျက်မှန်မှာ သာမန်မြင်နေကျ လေယာဉ်မှူးမျက်မှန် အမျိုးအစားဖြစ်သည်။ ဘယ်သူ့မျက်နှာပေါ်မှာပဲ တပ်တပ် ချန်ခေါ့အနေနှင့် နောက်တစ်ကြိမ် ပြန်လှည့်မကြည့်ဖြစ်မည့် ပုံစံဖြစ်သည်။
သို့သော် ယခုတွင် ချန်ခေါ့သည် ကျန်းယွီသော်ကို တစ်ကြိမ်တင်မက နှစ်ကြိမ် သုံးကြိမ်ခန့် ငါးစက္ကန့်ခန့် စိုက်ကြည့်ဖြစ်သွားသည်။ ပုံမှန်အချိန်တွင် ဖော်ရွေမှုလုံးဝမရှိသော မောက်မာထောင်လွှားသည့်မျက်နှာပေးနှင့် သာမန်ကိုလူချောသည် ယခုတွင် ... ...
တော်တော်ချောမောကြည့်ကောင်းနေသည်။
"ချီးကို နားပါးရမှာလား။ ဓါတ်လှေကားအသံ ဒီလောက်ကျယ်တာ။ ခင်ဗျားလို နှေးကွေးထိုင်းမှိုင်းတဲ့လူတွေပဲ မကြားမှာ"
"ဓါတ်လှေကားက ဘာအော်လို့လဲ"
"တင်း ... ပထမထပ်ရောက်ပါပြီ။ ကျွန်တော် ဒီထက် ဆယ်မီတာဝေးတဲ့နေရာမှာ ရှိနေရင်တောင် ဒီအသံကို ကြားရတယ်"
ကျန်းယွီသော်က လည်ချောင်းကိုဖြစ်ညှစ်ပြီး ဓါတ်လှေကား၏ အလိုအလျှောက်အော်သံအတိုင်း ပြောလိုက်သည်။
ချန်ခေါ့က ဓါတ်လှေကားကို ပြန်လှည့်ကြည့်လိုက်ပြီး ရယ်လိုက်သည်။
"ဪ နေ့တိုင်းကြားနေရတော့ ငါသတိတောင်မထားမိတော့ဘူး"
"အကင် စားမယ်မလား"
ကျန်းယွီသော်က ဆေးလိပ်ကိုမီးသတ်လိုက်ပြီး ချန်ခေါ့အား ကြည့်ရင်းမေးလိုက်သည်။
"အဆင်ပြေတာ စားလို့ရတယ်။ ငါက ဒီအတိုင်းပြောလိုက်တာ။ ဘာပဲဖြစ်ဖြစ် ရတယ်"
"ဒီလိုအချိန်မှာတော့ အကင်ပဲရတော့မယ်"
ကျန်းယွီသော်က အပြင်ဘက်သို့ လျှောက်လာသည်။
ချန်ခေါ့က ကျန်းယွီသော်ကို အမီလိုက်လျှောက်သည်။
"မင်း ခုနတုန်းက ... ... ကိစ္စတွေ အားလုံးဖြေရှင်းပြီးကုန်ပြီလား"
ကျန်းယွီသော်က ချန်ခေါ့ကို စောင်းကြည့်လိုက်လာသည်။
"အင်း ... စကားလုံးအသုံးက ယဉ်ကျေးလိုက်တာ"
ချန်ခေါ့က နောက်တစ်ခါ ပြန်မေးလိုက်သည်။
"ရန်ဖြစ်လို့ပြီးသွားပြီလား"
"ပြီးပြီ"
ကျန်းယွီသော်က ခေါင်းညိတ်ဖြေလိုက်သည်။
"ဒဏ်ရာ ရသေးလား"
"မရပါဘူး ပါမွှား ငါးလေးတစ်သိုက်ပဲ"
ရှေ့ဆက်ပြီး ဘာအကြောင်းအရာဆက်ပြောရမှန်း ချန်ခေါ့လည်း မသိတော့ပေ။ ကျန်းယွီသော်နှင့်အတူ ဘေးချင်းယှဉ်ပြီးသာ တိတ်ဆိတ်စွာ ဆက်လျှောက်နေသည်။ အိမ်ရာဝင်းအပြင်သို့ရောက်သည်အထိ နှစ်ယောက်သားမှာ ဘာစကားမှ မပြောဖြစ်ကြပေ။
ထိုတော့မှသာ ချန်ခေါ့သည် ကျန်းယွီသော်နှင့်မိမိမှာ ထင်ထားသလောက် မရင်းနှီးကြသည်ကို သတိထားမိသွားတော့သည်။ သူတို့နှစ်ယောက်မှာ တစ်လလောက် မတွေ့ဖြစ်ကြသည့်အပြင် ဘာမှမပိုပေ။ ဘယ်ကနေ ဘယ်လိုစပြီး ဖြည့်စွက်ရမှန်း သူမသိတော့ပေ။
ထို့ပြင် သူတို့ကြားတွင် ပြောစရာအကြောင်းအရာကလည်း အတော်ရှားပါသည်။ ချန်ချင့်ပြောဖူးသည်၊ သူတို့အားလုံးသည် လမ်းကြောင်းတစ်ခုတည်းပေါ်မှ လူများမဟုတ်ကြ။ လောလောဆယ်တွင် ချန်ခေါ့သည် ရှိသမျှအဖြေများ ဖြေရှင်းချက်များ ပြောစရာများကို ကြိုးစားပမ်းစား ရှာဖွေနေသော်လည်း သူ့ဦးနှောက်မှာ လုံးဝကို ဗလာဟင်းလင်းဖြစ်နေသည်။ အတင်းအကြပ် မဖြစ်မနေ စကားရှာပြောရမည်ဆိုလျှင်တောင် ဘယ်ဆိုင်မှာသွားစားကြမလဲ ဆိုသည့်စကားသာ ထွက်လာလောက်မည်ထင်သည်။
ထိုစဉ် ကျန်းယွီသော်က လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး ချန်ခေါ့အား မေးသည်။
"လမ်းလျှောက်သွားချင်လား ဒါမှမဟုတ် ကားငှားသွားချင်လား"
"ဘယ်လောက်ဝေးလို့လဲ"
"နီးတယ်။ ဒါပေမဲ့ ခင်ဗျားက မီတာသုံးရာကျော်တာနဲ့ ကားစီးသွားချင်တာ မဟုတ်လား"
"... ... မဟုတ်ပါဘူးကွာ"
"ဒါဆို လမ်းပဲလျှောက်သွားကြတာပေါ့။ ဈေးဘေးနားမှာပဲ"
ကျန်းယွီသော်က ညွှန်ပြရင်းပြောသည်။
"ဟုတ်ပြီလေ"
ချန်ခေါ့လည်း ခေါင်းညိတ်ရင်း ပြောလိုက်သည်။
တစ်အောင့်ခန့်လျှောက်လာပြီးနောက် ကျန်းယွီသော်က ချန်ခေါ့အား လှည့်မေးလာသည်။
"ခင်ဗျား မျက်လုံး ဘယ်လိုနေသေးလဲ"
"မျက်လုံးက ဘာမှမဖြစ်ဘူး။ မျက်လုံးကို မထိသွားဘူး။ မင်းလက်ရော"
ချန်ခေါ့က မိမိမျက်လုံးထောင့်ကို ကိုင်ကြည့်လိုက်သည်။
ကျန်းယွီသော်က ရယ်လိုက်သည်။
"ကောင်းနေတာ ကြာပေါ့။ လက်ပြတ်သွားတာမှ မဟုတ်တာ"
"အင်း"
ချန်ခေါ့လည်း ရယ်လိုက်သည်။
"အဲဒီနေ့တုန်းက ကျွန်တော် ......"
ကျန်းယွီသော်က ချောင်းဟန့်ပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။
"အဲဒီနေ့တုန်းက ကျွန်တော် ...... အိပ်မက်ဆိုးမက်ပြီး စိတ်ချောက်ချားသွားလို့ ...... လူအမှတ်မှားသွားတယ် ......"
"အင်း"
ချန်ခေါ့က ခေါင်းညိတ်လိုက်ရင်း စဉ်းစားကြည့်ပြီး မနေနိုင်ဘဲ ထပ်မေးလာသည်။
"ဘယ်သူနဲ့ အမှတ်မှားတာလဲ"
"ချူရန်မေ"
ချန်ခေါ့က ကြောင်သွားပြီး ရယ်လိုက်ပြီးနောက် ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။
ချန်ခေါ့က အနည်းငယ်အံ့သြသွားသည်။ ကျန်းယွီသော်သည် ယခင်က "သူတို့" အကြောင်းကို တစ်ခေါက်မက ပြောဖူးသည်။ အသေးစိတ်မပြောပြသော်လည်း တမင်သက်သက်တော့ ရှောင်ပြီးမပြောပေ။ ထို့ကြောင့် ချန်ခေါ့သည် ယခုတစ်ခေါက်တွင်လည်း ကျန်းယွီသော်က "သူတို့" ဟု ဖြေမည် ထင်ခဲ့သည်။
ကျန်းယွီသော်က "သူတို့" ဆိုသည်ကို ရှောင်ဖြေလိုက်သည်။
ဈေးဘေးနားတွင် အကင်ဆိုင် အတော်များများရှိသည်။ ယခုကဲ့သို့သော ရာသီဥတုထဲတွင် အကင်ဆိုင်ကသာ သည်အချိန်အထိ ဖွင့်လှစ်ရောင်းချနိုင်သည်။
မီးဖိုမှ အပူငွေ့၊ မီးကျွမ်းနေသော အသားကင်အမွှေးရနံ့၊ လေထုထဲမှ ဇီရာစေ့နှင့်ငရုတ်သီးမှုန့်အနံ့၊ ထို့နောက် နားထဲပြည့်မတက် ဆူညံသံ အစရှိသည်တို့အားလုံးသည်၊ ချည်သာကန့်လန့်ကာကို လှစ်ဖွင့်လိုက်သည်နှင့် လူကို လာရောက်နှုတ်ဆက်လိုက်ပြီး ချန်ခေါ့သည် တော်တော်ကို သက်သောင့်သက်သာရှိသွားသည်။
"ဘာလို့ အရင်တစ်ခေါက်က ဆိုင်ကို မသွားတာလဲ"
"ချန်ချင့်သာ့ပင်းတို့အုပ်စုက အဲဒီဆိုင်မှာသွားစားနေကြတာ။ ကျွန်တော်တို့ အဲဒီကိုသွားရင် သူတို့နဲ့အတူတူ တစ်ဝိုင်းတည်း ပေါင်းစားရမှာ"
"ဟင်"
ချန်ခေါ့က နားမလည်လိုက်ပေ။
"ရန်ဖြစ်ပြီးခါစ တက်ကြွနေကြတဲ့လမ်းသရဲတစ်သိုက်နဲ့ တစ်ဝိုင်းတည်း အကင်စားရမှာ ခင်ဗျား အဆင်ပြေနိုင်မှာမို့လို့လား"
ချန်ခေါ့က ထိုအဖြစ်သနစ်မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်သည်။ ယခင်ကစိတ်နှင့်ဆိုလျှင်တော့ သေချာပေါက်ကို သူလက်ခံနိုင်မှာ မဟုတ်ပေ။
သို့သော် ယခုတွင် ... ... အထူးတလည် လက်မခံနိုင်ဖြစ်နေတာလည်း မဟုတ်ပေ။
ကျန်းယွီသော်က အသားကင်တော်တော်များများကို မှာလိုက်သည်။ အသားအမျိုးအစားအတော်စုံလင်ပြီး ဆိုင်ထဲတွင် ရှိသမျှအားလုံးကို မှာလိုက်ခြင်းဖြစ်သည်။
ချန်ခေါ့က ထပ်ဖြည့်ရန်တောင်မလိုတော့ပေ။ သို့နှင့် ဟင်းသီးဟင်းရွက်ကင်အနည်းငယ်ကို ထပ်မှာလိုက်သည်။
နှစ်ယောက်သား ဝင်ထိုင်လိုက်ပြီးနောက် စားပွဲထိုးက *အော့ကောထို အရက် ၄ ပုလင်းကို စားပွဲပေါ်လာချပေးသည်။
[T/N : အော့ကောထို (二锅头 èr guō tóu)ဆိုတာကတော့ ပြောင်းနှံကနေပေါင်းခံပြီးချက်ထားတဲ့ အနံ့သိပ်မပြင်းတဲ့ အရက်ဖြူအမျိုးအစားတစ်မျိုးပါ။ အရက်ပါဝင်နှုန်းကတော့ ပျမ်းမျှအားဖြင့် ၅၀% ပါတဲ့။ အော့ကောထိုရဲ့အဓိပ္ပါယ်က ဒုတိယအကြိမ်ပေါင်းခံထားတဲ့အရက်ဦးပါ။ ဒီနာမည်က ချက်ထားတဲ့အရက်ရဲ့သန့်စင်မှုကို ညွန်ပြပါတယ်တဲ့။]
ချန်ခေါ့က အရက်ပုလင်းများကိုကြည့်ြ့ပီး အနည်းငယ် ဝေခွဲမရဖြစ်နေသည်။
"မင်းက ...... ၃ ပုလင်းသောက်ဖို့လား"
ကျန်းယွီသော်က ကျစ်ခနဲစုတ်သပ်လိုက်သည်။
"ခင်ဗျားမသောက်ရဲရင် ကျွန်တော် ၄ ပုလင်းစလုံးသောက်လိုက်လည်းရတယ်"
"အေးပါကွာ"
ချန်ခေါ့ကရယ်လိုက်ပြီးနောက် ပုလင်းနှစ်လုံးကို သူကိုယ်တိုင်၏ရှေ့တွင် ယူထားလိုက်သည်။
"စိတ်ချ။ ခင်ဗျား မထနိုင်တော့ဘူးဆိုရင် ခင်ဗျားကို သယ်ပြန်သွားပေးမယ်"
ကျန်းယွီသော်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
ဘာကြောင့်မှန်းမသိဘဲ ထိုစကားကြောင့် ချန်ခေါ့သည် အနည်းငယ်သိမ်မွေ့လှုပ်ခတ်သွားပြီး မဆိုစလောက်လေး စိတ်လှုပ်ရှားသွားသည်။
"ငါက မင်း မသယ်နိုင်မှာစိုးလို့ပါ"
ချန်ခေါ့သည် ကျန်းယွီသော်အား ကြည့်နေသည်။
ကျန်းယွီသော်က ဘာမှပြောင်းလဲမသွားပေ....။ တစ်လတာအချိန်အတွင်း ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားနိုင်သည်ကို ချန်ခေါ့သိသည်။ သို့သော် ချန်ခေါ့သည် ကျန်းယွီသော်၏မျက်နှာကိုကြည့်နေရင်း တစ်ခုခုက မတူတော့သလို ကွဲပြားနေသလို ခံစားရသည်။
သို့သော် ထိုကဲ့သို့သော ကွဲပြားကွာဟချက်မှာ ကျန်းယွီသော်နှင့်တော့ တစ်စိုးတစ်စိမှ မသက်ဆိုင်ပေ။ ချန်ခေါ့ကိုယ်တိုင်ဆီတွင် ဖြစ်တည်လာခြင်းဖြစ်သည်။
ယခုတွင် သူသည် ကျန်းယွီသော်ကိုကြည့်နေရင်း စိတ်ခံစားချက်မှာ ယခင်ကနှင့် မတူတော့ပေ။
"ကျွန်တော်ခုနက ခင်ဗျားဆီကိုလာတဲ့လမ်းမှာ ခင်ဗျားရဲ့ wechat moments ကို ဝင်ကြည့်လိုက်တာ"
ကျန်းယွီသော်က ဖုန်းကိုထုတ်ယူပြီး နှိပ်နေသည်။
ချန်ခေါ့က ကျန်းယွီသော်ကို ကြည့်နေဆဲပင်...။
"ဟင်"
"ဘာမှကို မရှိတာပဲ။ ကျွန်တော်က သဲပန်းချီဗီဒီယိုတွေ ဘာတွေတင်ထားမယ်လို့ ထင်နေခဲ့တာ"
ချန်ခေါ့က တစ်ခုခုကို သတိရသွားပြီး ဖုန်းကို ထုတ်ယူလိုက်သည်။
"ဟုတ်သားပဲ။ ဟိုရက် ဖျော်ဖြေတုန်းက ဗီဒီယိုရိုက်ထားတဲ့ဟာလေ၊ ရွှီတင်းက မင်းပါတဲ့တစ်ပိုင်းကို သက်သက် ဖြတ်ပြီး ငါ့ဆီပို့ထားပေးတယ်၊ ကြည့်မလား"
"မကြည့်ဘူး။ ပေါတောတောဖြစ်နေတာမလား။ လုံးဝမကြည့်ဘူး"
ကျန်းယွီသော်က ချက်ချင်းပြောလာသည်။
ဗီဒီယိုဖိုင်မှာ အလွန်တိုတောင်းပြီး ၁၀ စက္ကန့်ခန့်သာရှိသည်။ ကင်မရာရိုက်ချက်က ဘယ်ဘက်မှ ညာဘက်သို့ရိုက်သွားပြီး ကျန်းယွီသော်က အလယ်တွင်ရပ်နေသလိုဖြစ်နေသောကြောင့် ရိုက်ချက်တစ်လျှောက်လုံးတွင် သူ့ပုံရိပ်ပါနေသည်။
အမှန်တကယ်ကို အနည်းငယ် ပေါကြောင်ကြောင်ဖြစ်နေသော်လည်း စိတ်ကိုနှစ်ပြီး တည်ကြည်လေးနက်စွာ ကြည့်နေသည့်ပုံကလည်း အတော်လေးကို ...... ချစ်စရာကောင်းနေသည်။
"ငါမင်းကို ပို့ပေးလိုက်မယ်"
ပြောရင်း ချန်ခေါ့က ဗီဒီယိုဖိုင်ကို ပို့လိုက်သည်။
"မကြည့်ဘူးလို့ ပြောနေတယ်လေ"
ကျန်းယွီသော်က မျက်မှောင်ကြုတ်ရင်းပြောလာသည်။ သို့သော် ဖုန်းက မြည်လာပြီးနောက် ဖုန်းကိုငုံ့ကြည့်ရင်း တစ်ချက်နှစ်ချက်နှိပ်လိုက်ကာ ဖုန်းစခရင်ကိုကြည့်နေပြီးမှ တစ်အောင့်ကြာသော် ခေါင်းမော့လာသည်။
"လခွမ်း ကျွန်တော်က တော်တော်ကြည့်ကောင်းနေသားပဲ"
"...... အင်း။ ဟုတ်တယ်"
ချန်ခေါ့က မနေနိုင်ဘဲ ရယ်လိုက်တော့သည်။
ကျန်းယွီသော်က ဖုန်းစခရင်ကို ပြန်ကြည့်လိုက်ပြန်သည်။
"ပုံမှန်ဆိုရင် ချန်ချင့်လည်း ဗီဒီယိုအတိုလေးတွေ လိုက်ရိုက်ရတာကြိုက်တယ်။ ဖုန်းကိုဖွင့်ပြီး လခွမ်းလို လျှောက်ရိုက်တာ။ ကျွန်တော့်ပုံကို ရိုက်မိတိုင်း ဆိပ်ကမ်းမှာ အိတ်ကြီးကြီးတွေကို ထမ်းတဲ့ကူလီသမားနဲ့တူအောင် ရိုက်တာပဲ။ ကြည့်ရတာ ရိုက်ကူးတဲ့ စက်ပစ္စည်းပေါ်လည်း မူတည်သေးတယ်ထင်တယ်"
"လူကိုလည်း ကြည့်ရသေးပါတယ်"
ချန်ခေါ့က တစ်ချက်တွေဝေသွားပြီးနောက် ဖုန်းကိုထောင်ပြီး ကျန်းယွီသော်ကို ချိန်လိုက်သည်။
ကျန်းယွီသော်က သူ့ကိုကြည့်နေသည်။
"ကျွန်တော့်ကို ရိုက်ဖို့လား"
"အင်း။ ရိုက်လို့ရလား"
ချန်ခေါ့က ဖုန်းကင်မရာထဲတွင်ပေါ်နေသော ကျန်းယွီသော်ကိုကြည့်နေသည်။
"ရိုက်ပေါ့။ ကျွန်တော်ကလည်း ကျော်ကြားသူမှမဟုတ်တာ"
"မင်းက စန်းကော လေ။ ဒီပတ်ဝန်းကျင်က ကျော်ကြားသူ"
ချန်ခေါ့က စခရင်ပေါ်တွင် တစ်ချက်နှိပ်လိုက်ပြီး ကျန်းယွီသော်၏မျက်နှာကို အနီးကပ်ဆွဲချဲ့လိုက်သည်။ ထို့နောက် အဝေးသို့ ပြန်ပို့လိုက်ပြန်သည်။
စားပွဲထိုးက အကင်ပန်းကန်ကြီးတစ်ပန်းကန်သယ်လာပြီး သူတို့နှစ်ယောက်ကြားတွင် ချလိုက်သည်။
ကင်မရာမြင်ကွင်းထဲတွင် အကင်ငွေ့ပူပူများ ဖုံးလွှမ်းသွားသည်။
ကျန်းယွီသော်က အသားကင်တစ်ခုကို ယူလိုက်သည်။
"အရင်စားလိုက်။ ပြီးတော့မှ ရိုက်"
"အင်း"
ချန်ခေါ့ကပြောလိုက်ပြီးနောက် ဖုန်းကိုချရန်အလုပ်တွင် ကျန်းယွီသော်၏ လည်ပင်းညှပ်ရိုးက မြင်ကွင်းထဲရောက်လာသည်။ သို့နှင့် မနေနိုင်ဘဲ ကင်မရာကို အောက်နည်းနည်းဖိချပြီး လည်ပင်းညှပ်ရိုးကို စက္ကန့်အနည်းငယ်ခန့် ရိုက်ယူလိုက်သည်။
ကျန်းယွီသော်က အသားတစ်ကိုက်ကိုက်လိုက်ပြီးနောက် ချန်ခေါ့ကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျား ဘယ်နေရာကိုရိုက်နေတာလဲ"
ချန်ခေါ့က ဘာမှမပြောဘဲ ရယ်လိုက်ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲတွင် ထည့်သိမ်းလိုက်သည်။
"ဘယ်နားကိုရိုက်လိုက်တာလဲ"
ကျန်းယွီသော်က ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်သည်။ အောက်သို့ဆက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ဝုန်းကနဲ ပြန်မော့လာသည်။
"လခွမ်း ခင်ဗျား ......"
"တော်စမ်း။ မင်းကမှ လခွမ်း။ မင်း ဘယ်နားကိုကြည့်နေတာလဲ။ မင်းမျက်လုံးကို မင်းဘောင်းဘီခွကြားနားပို့ပြီး ကြည့်ကြည့်လိုက်။ ငါ ရိုက်စရာဘာရှိလဲ"
ချန်ခေါ့က ဖြတ်ပြောလိုက်သည်။
"ခင်ဗျားက အောက်နားကိုရိုက်တယ်ထင်လို့ပေါ့။ ကြိုက်သလို ရိုက်ပါလေ"
ကျန်းယွီသော်က ကျစ်ခနဲစုတ်သပ်ပြီး အသားကင်ဆက်စားနေသည်။
"ဟေ့ ခင်ဗျားရိုက်ယူသွားပြီးတော့ ခနနေအိမ်ပြန်ရောက်ရင် ......"
တစ်ပိုင်းတစ်စပြောလိုက်ပြီးနောက် ချန်ခေါ့ကိုတစ်ချက်ကြည့်လာသည်။ ဆက်မပြောတော့ဘဲ အသားကင်ကို နောက်တစ်ကိုက် ကိုက်လိုက်ပြန်သည်။
ချန်ခေါ့က သက်ပြင်းချလိုက်ကာ ပြောလာသည်။
"ကိုယ့်ကိုယ်ကို အရမ်းအထင်မကြီးနေနဲ့။ ခနနေ အိမ်ပြန်ရောက်သွားလို့ ငါ့ဟာငါ တကယ်တမ်း တစ်ခုခုလုပ်ချင်တယ်ဆိုရင်လည်း မင်းဒီအကင်စားနေတဲ့ဗီဒီယိုကြီးနဲ့ တက်ကြွနေတဲ့ ငါ့အပူစိတ်တွေလည်း ပြန်ငြိမ်းနေလောက်ပြီ"
"လခွမ်း ... ခင်ဗျားလည်း တော်တော်ပြောရဲတာပဲနော်။ ဒါတောင် ကျွန်တော့် ဝီချက်နာမည် သာ့ချွင့်ကို ကဲ့ရဲ့ ရဲသေးတယ်"
"...... ဒီနှစ်ခုက သဘောတရားမတူဘူးလေ"
"အဲဒါလည်း ခင်ဗျားပဲ ဆက်စပ်ပြီးလျှောက်တွေးနေတာပဲလေ။ 'သာ့ချွင့်' ဆိုတာက 'သော်' ပဲဟာကို"
[T/N : သာ့ချွင့် က အရှေ့တစ်ခန်းမှပြောထားတဲ့အတိုင်း ကျန်းယွီသော်နာမည်ထဲက "သော်" ဆိုတဲ့ တရုတ်စာလုံးကို အပေါ်အောက် ခွဲခြမ်းလိုက်တာပါ။ ခွဲလိုက်ပြီးဖြစ်လာတဲ့ 'သာ့ချွင့်' စာလုံးရဲ့အဓိပ္ပါယ်ကတော့ "အရွယ်အစားကြီးသော" ပါ။]
"ဟုတ်တယ်။ အဲဒါဆိုရင် 'ရှောင်ချွင့်' ဆိုတာကရော"
ချန်ခေါ့က ကူချိုင်အကင်တစ်ကင်ကို ယူလိုက်သည်။
ကျန်းယွီသော်က စကားမပြောဘဲ ရယ်လိုက်ပြီးနောက်၊ အရက်တစ်ပုလင်းကိုယူပြီး ချန်ခေါ့ကို လှုပ်ရမ်းပြလိုက်သည်။
ချန်ခေါ့က အရက်တစ်ပုလင်းကိုယူလိုက်ပြီး ဖွင့်ဖောက်လိုက်ကာ ကျန်းယွီသော်၏ပုလင်းနှင့် တစ်ချက်တိုက်လိုက်ပြီး တစ်ငုံမော့သောက်လိုက်သည်။
ထို့နောက် နှစ်ယောက်သားမှာ စကားမပြောကြတော့ပေ။ ချန်ခေါ့သည် အနည်းငယ်ဆာလောင်နေပြီဖြစ်ကာ အသားစားလိုက် အရက်သောက်လိုက်နှင့် အေးဆေးပေါ့ပါးစွာ စားသောက်နေသည်။ ဤတစ်လလုံးတွင် သူသည် အစားအသောက်များကို ပန်းကန်လုံး ပန်းကန်ပြားများထဲတွင် ခေါင်းမာစွာထည့်စားနေသော်လည်း တကယ်တမ်းတွင် သူသည် အသင့်စားခေါက်ဆွဲပြုတ်နှင့် ပါဆယ်အစားအသောက်များကိုသာ စားဖြစ်နေခဲ့သည်။ တော်တော်လေးကို သနားစရာကောင်းနေခဲ့သည်။ ယခုမျက်စိရှေ့တွင် အကင်အပြင် ကျန်းယွီသော်ပါရှိနေ၍ သည်အခိုက်အတန့်လေးမှာ တကယ်ပင် နှစ်လိုဖွယ်ကောင်းနေသည်။
ချန်ခေါ့သည် အူကင်နှင့်တူသော အကင်တစ်ချောင်းကိုယူလိုက်ပြန်ကာ စားကြည့်သည်။ အကင်က ဝါးလိုက်သော် ကြွပ်ရွနေသည်။
"ဒါကဘာအကင်လဲ။ အူလား။ ဘယ်လိုဖြစ်လို့ ကြွပ်ကြွပ်လေးဖြစ်နေတာလဲ"
ချန်ခေါ့က နောက်တစ်ကိုက် ကိုက်လိုက်ပြန်သည်။
ကျန်းယွီသော်က သူ့အားကြည့်နေသည်။
"ခင်ဗျား အရင်က မစားဖူးဘူးလား"
ချန်ခေါ့က တွေဝေသွားသည်။
"မစားဖူးဘူး။ ပိုးကောင်တွေတော့မဟုတ်ဘူးမလား"
"မဟုတ်ဘူး။ တချို့ကလိန်ကျတတ်တဲ့ဆိုင်တွေဆိုရင်တော့ ပိုးကောင်အတုလိုဘာလိုနဲ့ အစားထိုးပြီး ပုံမှားရိုက်တတ်ကြတယ်။ ဒီဆိုင်ကတော့ အဲဒီလိုမလုပ်ဘူး။ ဒီလေးငါးကင်လောက်ပဲကျန်တော့တာ။ နည်းနည်းနောက်ကျပြီးရောက်လာရင် စားတောင် စားလိုက်ရမှာမဟုတ်ဘူး"
"... ... ပိုးကောင်နဲ့ ဘာကိုပုံမှားရိုက်တာလဲ"
ကျန်းယွီသော်က ချန်ခေါ့ကိုကြည့်နေသည်။ တစ်အောင့်ခန့်ကြာပြီးနောက် ချန်ခေါ့လက်ထဲမှ တစ်ဝက်သာကျန်တော့သော "အူ" ကင်ကို လက်ဆန့်ပြီး လှမ်းယူလိုက်သည်။
"ခင်ဗျား တခြားဟာတွေစားလိုက်။ ဒီဟာတွေက နဂိုကတည်းက ခင်ဗျားစားဖို့ ယူလာပေးတာမဟုတ်ဘူး"
"ငိုး အဲဒီတော့ အဲဒါတွေက ဘာအကင်တွေလဲ"
ချန်ခေါ့က ရတက်မအေးဖြစ်လာသည်။
ကျန်းယွီသော်က သူ့ဘက်သို့တိုးလာပြီးပြောသည်။
"ခင်ဗျားကိုပြောပြရင် ကျွန်တော့်ကို မဆဲနဲ့နော်"
"အင်း"
ချန်ခေါ့လည်း အလိုလိုပင် ကျန်းယွီသော်ဘက်သို့တိုးလာပြီး မျက်နှာချင်းဆိုင်ကာ စိုက်ကြည့်နေသည်။
"လိ ..."
ချန်ခေါ့က မှင်တက်ကြောင်အမ်းသွားသည်။
ကျန်းယွီသော်က ထပ်ရှင်းပြလာသည်။
"ဝက်ဟာ။ ဝက်ရဲ့ဓါတ်ချောင်း"
"....... အာ"
ချန်ခေါ့က နေ့တစ်ဝက်ကြာတော့မှ စိတ်နှင့်လူပြန်ကပ်သွားကာ ထိုင်ခုံကျောမှီကို မှီလိုက်သည်။
"လခွမ်း"
ကျန်းယွီသော်က ထိုဝက်ဓါတ်ချောင်းကင်ကို တစ်ကိုက်စားလိုက်ပြီး ချန်ခေါ့ကို ခဏကြည့်နေပြီးမှ ရုတ်တရက်ရယ်လိုက်သည်။
"ဟေ့ သခင်လေး"
"ဟင်"
ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။
"ခင်ဗျား အံ့သြသွားတဲ့ပုံက တော်တော်ရယ်ရတယ်။ ကျွန်တော့်ဘေးအိမ်က ဟိုသုံးနှစ်ခွဲကလေးနဲ့တောင် နည်းနည်းတူနေတယ်"
ကျန်းယွီသော်က အူမြူးနေရင်း ပြောလိုက်သည်။
***
(ဆက်ရန်)