《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

79.4K 9.1K 577

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၂၀

730 84 7
By wishywish0805

Chapter ● 20 ●

ချန်ခေါ့သည် မူလက "သူတို့" အကြောင်းကို ကျန်းယွီသော်အား မေးမြန်းရန် ရည်ရွယ်ထားသော်လည်း ကျန်းယွီသော်က မိမိနောက်ကို တစ်ကောက်ကောက်လိုက်ပြီး မိမိရှိသည့်နေရာတိုင်း လိုက်ပါမည့်ဆိုသည့်စကားကို ကြားလိုက်ပြီးနောက် ရုတ်တရက်ပင် မေးစရာများ ပျောက်ဆုံးကုန်သည်။

"မင်းစကားက ဘာအဓိပ္ပာယ်လဲဆိုတာ ငါ့ကိုတစ်ချက်လောက်ရှင်းပြလို့ရမလား"

ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။

ကျန်းယွီသော်က ပြတင်းပေါက်နားသို့သွားကာ အပြင်ဘက်သို့ကြည့်လိုက်သည်။

"ပြောလိုက်တဲ့ စကားလုံးအဓိပ္ပါယ်အတိုင်း အတိအကျပဲ ... ... ချန်ချင့်ရောက်ပြီ"

ချန်ခေါ့သည် ချန်ချင့် ရောက်မရောက်ကို လုံးဝဂရုမစိုက်သလို ထိုမနက်စာကို စားချင်စိတ်လည်းမရှိပေ။ သူသည် ထမင်းစားပွဲနားတွင် ရပ်ကာ မှင်သက်တွေဝေနေသည်။ အစကတည်းက အိပ်ရာနိုးခါစဖြစ်နေပြီး ခေါင်းလည်း ကောင်းကောင်းမကြည်သေးသည့်အပြင်၊ မနေ့ညကလည်း အိပ်ရေးဝအောင် မအိပ်ခဲ့ရသောကြောင့် ချန်ခေါ့၏ ဦးနှောက်ထဲတွင် ကျန်းယွီသော်၏စကားများကို နားလည်အောင် ချေဖျက်နိုင်စွမ်း လုံးဝမရှိနေပေ။

ကျန်းယွီသော်က တံခါးသွားဖွင့်ပေးသောအခါ ချန်ချင့်က မနက်အထုပ်ကြီးငယ်နှင့် အိမ်ထဲသို့ရောက်လာသည်။

ချန်ချင့်က မနက်စာများကို စားပွဲပေါ်တင်ရင်းပြောလာသည်။

"ခင်ဗျား အဲဒီသော့ကိုလည်း လွှတ်ပစ်လိုက်တော့ပါလား။ ဒီလောက်တောင် သူ့ကိုအမြင်ကတ်နေတာဆိုတော့"

"သူ လက်ဗွေသော့ ပြောင်းလိုက်တော့မယ်တဲ့"

ကျန်းယွီသော်က ဝင်ပြောသည်။

"လက်ဗွေသော့လား။ ဪ သဘောပေါက်ပြီ။ အရင်က ခင်ဗျားအိမ်မှာ လက်ဗွေသော့သုံးတာမဟုတ်လား။ အဲဒါကြောင့် အပြင်ထွက်ရင် ဘယ်တော့မှ သော့ယူစရာမလိုဘူး"

"နောက်ဆုံးတော့ မင်းသိသွားပြီ"

"ဒါဆို ခင်ဗျားအိမ်လည်း အရမ်းချမ်းသာနေတာ မဟုတ်ဘူးပဲ။ လက်ဗွေသော့က တော်တော်များများ သုံးနေကြတာ"

"အင်း"

ချန်ခေါ့သည် ချန်ချင့်နှင့် စကားဆက်ပြော၍မရတော့သလို ခံစားလိုက်ရသည်။

.

မနက်စာမှာ ချန်ခေါ့ အမြဲတမ်းစားချင်နေသော ပဲနို့နှင့် အီကြာကွေးဖြစ်သည်။ ချန်ခေါ့သည် အစားအသောက်များကို ကြည့်လိုက်သည်နှင့် ရုတ်တရက် စားချင်စိတ်ဖြစ်လာသည်။

ဤနှစ်လတာကာလအတွင်း ချန်ခေါ့သည် မနက်စာကို ဟုတ်တိပတ်တိ မစားဖြစ်ခဲ့ပေ။ မနက်ပိုင်း နောက်ကျမှ အိပ်ရာနိုးခြင်းမဟုတ်သော်လည်း အပြင်ထွက်စားရန် ပျင်းရိပြီး ကိုယ့်ဘာသာကိုယ်လည်း မချက်တတ်ပေ။ ထို့ကြောင့် နေ့လယ်စာ စားချိန်အထိ အချိန်ဆွဲလိုက်ပြီး အော်ဒါ ပါဆယ်မှာစားကာ မနက်စာကို နေ့လယ်စာနှင့် ပေါင်းစားလိုက်လေ့ရှိသည်။

မနက်စာမစားတာကြာလျှင် လူက ထုံထိုင်းတုံးအ သွားတတ်သည်ဟု သူကြားဖူးသည်။ သို့သော် ယခုတလော မိမိ၏ဦးနှောက်မှတ်ဉာဏ်ကျဆင်းသွားခြင်း ရှိမရှိကိုမူ သူကိုယ်တိုင်လည်း မသိတော့ပေ။

သို့သော် ခဏခဏတော့ စိတ်လွတ်ပြီး ငေးကြောင်ကြောင်ဖြစ်နေသည်။

"ဒီမှာတော့ ဒီမနက်စာတွေပဲ စားဖို့ရမယ်။ ခင်ဗျားကို Abalone လိုဟာတွေ ဝယ်ကျွေးဖို့ ကျွန်တော့်မှာပိုက်ဆံလည်း မရှိဘူး။ စန်းကောက တစ်ခါတလေ ပိုက်ဆံတောင် ပြန်မပေးဘူး"

"လစ်စမ်း ..."

"ခဏနေ လစ်မှာ။ ငါလည်း မစားရသေးဘူး"

ချန်ချင့်က ကျန်းယွီသော်အားပြန်ပြောပြီးနောက် စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။

ချန်ခေါ့လည်း ဝင်ထိုင်လိုက်ပြီး အထုပ်ထဲမှ မနက်စာများကိုကြည့်ပြီး အီကြာကွေးတစ်ခု ယူလိုက်သည်။

"ဒါတွေ ငါလည်း တော်တော်ကြိုက်တယ်"

ချန်ချင့်က ပဲနို့များကို ချန်ခေါ့နှင့်ကျန်းယွီသော်တို့အရှေ့တွင် ချပေးလိုက်သည်။

"ဒီမှာ ပဲနို့။ ပြီးတော့ ဆီကြော်မုန့်လည်းရှိတယ်။ ကျွန်တော်က ဆီကြော်မုန့်ကို ပိုကြိုက်တယ်။ ဒီမှာ အသားညပ်မုန့်တွေလည်း ပါတယ်။ ဒါပေမဲ့ အသားနဲ့ဟာတွေကုန်သွားလို့ အရွက်ညပ်တဲ့ဟာပဲ ဝယ်လာခဲ့တယ်"

"ကူချိုင်အရွက်လား"

"ဟုတ်တယ်"

"ဪ။ အဲဒါဆို ငါ အီကြာကွေးနဲ့ ဆီကြော်မုန့်နဲ့ပဲ စားတော့မယ်"

"ဘာလို့လဲ"

"ကူချိုင်အနံ့မကြိုက်လို့ပေါ့ဟ"

ကျန်းယွီသော်က စိတ်မရှည်စွာ ဝင်ပြောလိုက်သည်။

.

ချန်ချင့်က သက်ပြင်းချလိုက်ပြီး ချန်ခေါ့အား ကြည့်လိုက်သည်။

"ချေးများလိုက်တာ။ ဟေ့ Jaeger ... ခင်ဗျားက ဘယ်လို မိသားစုအသိုင်းအဝိုင်းကနေ လာခဲ့တာလဲ။ ခင်ဗျားအဖေက ဘာအလုပ်လုပ်တာလဲ"

ချန်ခေါ့က ဘာမှမပြောဘဲ အီကြာကွေးကို တစ်ကိုက်ကိုက်လိုက်သည်။

"စီးပွားရေးလုပ်ငန်းလုပ်တဲ့အသိုင်းအဝိုင်းကနေ လာတာပဲဖြစ်ရမယ်။ ဘာစီးပွားရေးလုပ်တာလဲ"

ချန်ခေါ့က ရယ်သာရယ်လိုက်ပြီး စကားမပြောဘဲ တိတ်ဆိတ်နေတုန်းဖြစ်သည်။

"ကိစ္စမရှိဘူး။ ကျွန်တော်လည်း ခင်ဗျားကို ငွေပေါတဲ့လူချမ်းသာလို့ မသတ်မှတ်ထားဘူး။ တကယ်တမ်း ချမ်းသာတဲ့လူဆိုရင် ယွမ်သန်းချီတဲ့ နာရီပဲပတ်ကြမှာ။ ခင်ဗျား ဟိုနာရီက တစ်သိန်း ခုနစ်သောင်းတန်ပဲရှိတာ"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်ပြလိုက်သည်။

ချန်ချင့်က ချန်ခေါ့အားကြည့်ပြီး စကားပြန်အလာကိုစောင့်နေသည်။ ခေတ္တစောင့်နေပြီး စကားသံမကြားရတော့ မကျေမနပ်ဖြစ်လာသည်။

"အဲဒါဆို ခင်ဗျားပြောလေ၊ ဒီမှာစောင့်နေတာ လည်ပင်းရှည်တော့မယ်"

ချန်ခေါ့က ကျန်းယွီသော်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မိမိကိုယ်ရံတော်ချုပ်က တစ်ပါးသူ၏ ကိုယ်ရေးကိုယ်တာ မိသားစုကိစ္စများကို ယဉ်ကျေးမှုမရှိစွာ အသေးစိတ်လိုက်မေးနေသည်ကို တားဆီးပေးလိမ့်မလားဆိုပြီး မျှော်လင့်တကြီးနှင့် ကြည့်လိုက်ခြင်းဖြစ်သည်။ သို့သော် ကျန်းယွီသော်က ဆီကြော်မုန့်ကို စားနေရင်း သူ့အား စိတ်ဝင်တစား ကြည့်နေသည်။

ချန်ခေါ့၏ အဖြေစကားကို ချန်ချင့်နှင့်အတူ စောင့်မျှော်နေသည့်ပုံ...။

ချန်ခေါ့က သက်ပြင်းချလိုက်သည်။

"ဒီအတိုင်း အိမ်ခြံမြေလုပ်ငန်းဘာညာ"

.

"ဪ ... ..."

ချန်ချင့်က ဪ... ကို တမင်သက်သက် ရှည်အောင်ဆွဲလိုက်ပြီး ဆက်ပြောသည်။

"အိမ်ခြံမြေလုပ်ငန်းလား။ အဲဒါဆို တကယ်ကို ဘာမှမဟုတ်ဘူးပဲ။ ကျွန်တော်တို့ ဒီပတ်ဝန်းကျင်မှာလည်း နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းတစ်ခုရှိတာပဲ။ နာမည်က ဘာဆိုလား ... ဘာ ကော်ပိုရေးရှင်းဆိုလား"

ချန်ချင့်က ကျန်းယွီသော်ဘက်သို့လှည့်ကြည့်ပြီး အကူအညီလှမ်းတောင်းသည်။ ကျန်းယွီသော်လည်း စားနေရင်း တန်ပြန် မေးလိုက်သည်။

"ဘာတုန်း ... ငါ ဘယ်လိုလုပ် သိမလဲ"

ချန်ချင့်သည် အသည်းအသန် မရမက အားထုတ်စဉ်းစားနေသည့်ပုံဖြင့် ဆက်ပြောသည်။

"ငါတို့ ဒီဘက် လမ်းမ နှစ်လမ်းကလည်း သူတို့ချဲ့ပြီး လုပ်တာပဲလေ။ ပိုင်ရှင်သူဌေးက 'ချန်' မျိုးရိုးနဲ့ ဟို ... ..."

ပြောနေရင်း တစ်ဝက်တစ်ပျက်နှင့် ချန်ချင့်က ချန်ခေါ့ဘက်သလို့လှည့်ကြည့်လာသည်။

"ခင်ဗျားမျိုးရိုးက ဘာဆိုလား"

"*ကျီး ..."

[T/N : Jaeger ကို တရုတ်လို ကျီးကျား (积家) လို့ခေါ်ပါတယ်။ ချန်ချင့်က ချန်ခေါ့ကို နာမည်မခေါ်ဘဲ ကျီးကျား (Jaeger) ဆိုပြီး ပါးစပ်စွဲပြီးခေါ်နေလို့ ချန်ခေါ့က ရွဲ့တာပါ။]

"စောက်လခွမ်း ... ခင်ဗျားမျိုးရိုးက 'ချန်' ဟုတ်တယ်မလား"

ချန်ချင့်က စားပွဲကို လက်ဝါးနှင့် ဘုန်းခနဲ ရိုက်ချလိုက်သည်။ ကျန်းယွီသော်မှာ ထိုအသံကြောင့် အလန့်တကြားဖြစ်သွားကာ လက်ထဲတွင်ကိုင်ထားသော ဆီကြော်မုန့်က စားပွဲပေါ်ပြုတ်ကျသွားသည်။ ချန်ချင့်က စိတ်လှုပ်ရှားစွာ ချန်ခေါ့အား ဆက်ကြည့်ပြီး ပြောလာသည်။

"ချန်ခေါ့ ... ခင်ဗျားက ခင်ဗျားအဖေရဲ့ မျိုးရိုးနာမည်ကို ယူထားတာမဟုတ်လား။ ဟုတ်တယ်မလား။ အဲဒီ ဘာကော်ပိုရေးရှင်းကပဲ မလား။ ဟုတ်တယ်မလား"

ကျန်းယွီသော်က ချန်ချင့်၏ လက်မောင်းကို လွှဲရိုက်လိုက်သည်။

"မြေနိုး ... မင်းရူးနေလား"

ချန်ချင့်က ထိုရိုက်ချက်ကို လုံးဝဂရုမစိုက်ဘဲ လက်မောင်းကို လက်နှင့်ပွတ်သပ်လိုက်သည်။

"လခွမ်း ... အဲဒါဆို ခင်ဗျားအိမ်က တော်တော်ချမ်းသာတာပဲ"

ကျန်းယွီသော်က ဆီကြော်မုန့်ကို ပြန်ကောက်ယူပြီး တစ်ကိုက်ကိုက်လိုက်သည်။ ခဏကြာပြီးနောက် ချန်ချင့်၏ လက်မောင်းကို နောက်တစ်ချက်ရိုက်လိုက်ပြန်သည်။ ရိုက်ချက်ကြောင့် ချန်ချင့်ကိုင်ထားသော အီကြာကွေးတစ်ပိုင်းသည် စားပွဲပေါ် ပြုတ်ကျသွားသည်။

"မင်း မနက်စာကိုယူပြီး လစ်လိုက်တော့။ မြန်မြန်လစ်"

ချန်ချင့်က အီကြာကွေးကိုပြန်ယူပြီး ပါးစပ်ထဲ မြန်မြန်သွပ်လိုက်ကာ ဖုန်းထဲမှ အချိန်ကိုကြည့်လိုက်သည်။ ပဲနို့ကိုယူလိုက်ပြီး အထုပ်ထဲမှ ကူချိုင်အဆာသွပ်မုန့်တစ်ခုကို ထပ်ယူကာ တံခါးပေါက်ဘက်သို့ လောလော လောလောနှင့် ထွက်သွားသည်။

"လစ်ပြီ"

ကျန်းယွီသော်က နောက်တစ်ခွန်းထပ်ဖြည့်ပြောသည်။

"နေရာတကာ လျှောက်မဖြန့်နေနဲ့"

"စိတ်ချ"

ချန်ချင့်လည်း အိမ်ထဲမှ ထွက်သွားတော့သည်။

.

ချန်ခေါ့သည် အမှန်တကယ်ပင် အရာရာကို သိပ်အလေးမထား၊ ဂရုမစိုက်တတ်သူဖြစ်သည်။ ထို့ကြောင့် ကျန်းယွီသော် ဖြည့်ပြောလိုက်သော နောက်ဆုံးစကားကို ကြားလိုက်မှသာ စိတ်ပူရန် သတိရတော့သည်။ မိမိမှာ ကော်ပိုရေးရှင်းတစ်ခု၏ အိမ်ကနေကန်ထုတ်ခံရသော သားတော်မောင် သခင်လေးတစ်ယောက်ဖြစ်မှန်း၊ ဘယ်သူမှန်းမသိသော လူအုပ်စုက သိသွားမည်ကို ချန်ခေါ့ လုံးဝမလိုလားပေ။ ထို့ပြင် အမှိုက်ပုံးလည်း တစ်ခေါက်မွှေနှိုက်ဖူးသေးသည်။

"အရေးကြီးကိစ္စဆိုရင် သူက ပါးစပ်လုံတယ်။ စိတ်မပူနဲ့"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားအဖေရဲ့ အဲဒီကော်ပိုရေးရှင်းက အရမ်းမိုက်တာလား"

ချန်ခေါ့က ကျန်းယွီသော်အားကြည့်လိုက်သည်။ ကျန်းယွီသော်သည် ထိုကော်ပိုရေးရှင်း ဘာညာကို လုံးဝမသိမှန်း ထိုအချိန်မှသာ ချန်ခေါ့သတိထားမိသွားကာ ရုတ်တရက် ရယ်ချင်သွားသည်။

သူ့အဖေက ဂုဏ်ယူဝင့်ကြွားနေသည့် လုပ်ငန်းမဟုတ်လား...။

ချန်ခေါ့က ရယ်လိုက်သည်။

"မဆိုးပါဘူး။ မင်းငါ့ကို ငှားထားပေးတဲ့ အဲဒီတိုက်ခန်းကလည်း သူ့လုပ်ငန်းထဲက ဖြစ်ချင်ဖြစ်နေမှာ"

"ဪ ... အဲဒီတိုက်ခန်းက ဈေးကတော့ တော်တော်ကြီးသား။ လူချန့်ဝယ်တုန်းကတော့ အရမ်းဆဲခဲ့တာ"

ကျန်းယွီသော်က ခေါင်းညိတ်ရင်းပြောလိုက်သည်။

ချန်ခေါ့က စကားမဆိုဘဲ ပဲနို့ကို ငုံ့သောက်လိုက်သည်။

"သကြားရှိလား။ ပေါ့ပေါ့ကြီးဖြစ်နေတာ သောက်လို့မကောင်းဘူး"

"မီးဖိုချောင်ထဲမှာ။ ကိုယ့်ဟာကိုယ် သွားယူ"

.

ချန်ခေါ့က ပဲနို့ကိုယူပြီး မီးဖိုချောင်ထဲသို့ ဝင်လာသည်။ မီးဖိုချောင်ကောင်တာပေါ်တွင် ဘူးအသေးများ အတန်းလိုက် တန်းစီရှိနေသည်။ ဘူးများထဲတွင် အမှုန့်များ၊ အခဲအသေးများ၊ အခဲအကြီးများ ကိုယ်စီရှိနေပြီး အရောင်များကလည်း ဆင်တူဖြစ်နေသည်။

ချန်ခေါ့သိသော သကြားမှာ ကုဗတုံး လေးထောင့်သကြားခဲသာရှိသည်။ တုံ့ဆိုင်းသွားပြီးနောက် ချန်ခေါ့သည် ဘူးတစ်လုံးကို ယူပြီး အဖုံးဖွင့်လိုက်သည်။ လက်ချောင်းများဖြင့် အနည်းငယ်ညှပ်ယူပြီး ပါးစပ်ထဲထည့်ကာ မြည်းစမ်းကြည့်သော် ငန်ကျိကျိဖြစ်နေသည်။ ထို့ပြင် သတိမထားမိဘဲ ပမာဏ ခပ်များများယူမိသွားသောကြောင့် ငန်လွန်း၍ တုန်ယင်သွားမတက် ဖြစ်သွားသည်။ သို့နှင့် ဘေစင်တွင် ပါးစပ် ပလုတ်ကျင်းလိုက်ရသည်။

ဆက်လက်၍ ခပ်ဆင်ဆင်နောက်တစ်ဘူးကို ယူပြီး သတိရှိစွာ လက်ချောင်းထိပ်နှင့် တစ်တို့ တို့ယူလိုက်သည်။

လျှာထုတ်ပြီး လျက်ကြည့်ရန်အလုပ်တွင် မီးဖိုတံခါးနားမှ ကျန်းယွီသော်၏အသံ ထွက်ပေါ်လာသည်။

"အဲဒီဟာပဲ"

"... ... ဪ"

ချန်ခေါ့က ကျန်းယွီသော်ကို လှည့်ကြည့်လိုက်သည်။

ကျန်းယွီသော်မှာ စားပွဲနားတွင် ပြန်ထိုင်လိုက်ပြီဖြစ်သည်။

ချန်ခေါ့က ဇွန်းတစ်ချောင်းကိုယူပြီး ပဲနို့ထဲသို့ သကြား လေးဇွန်း ခပ်ထည့်လိုက်သည်။ ထို့နောက် မွှေနှောက်လိုက်ပြီး ဧည့်ခန်းဘက်သို့ပြန်လာသည်။

"ထည့်လိုက်ပြီလား"

"အင်း။ သကြားက ဆားနဲ့ အရမ်းတူနေတော့ မခွဲတတ်ဘူးဖြစ်သွားတယ်"

"ကျွန်တော်လည်း တစ်ခါတလေမခွဲတတ်ဘူး ... ... ခင်ဗျား ဘယ်လောက်ထည့်လိုက်လဲ"

ကျန်းယွီသော်က တုံ့ဆိုင်းသွားပြီးမှ မေးလိုက်ခြင်းဖြစ်သည်။

ချန်ခေါ့က သောက်နေရင်း ကျန်းယွီသော်အား လက်ချောင်း လေးချောင်းထောင်ပြလိုက်သည်။

ကျန်းယွီသော်က ချန်ခေါ့အား ကြည့်နေရင်း ဘာစကားမှမဆိုပေ...။

.

ပဲနို့ကို တစ်ငုံသောက်လိုက်ပြီးနောက် ချန်ခေါ့သည်ခွက်ကို ချလိုက်ပြီး ခွက်ထဲမှ ပဲနို့ကို စိုက်ကြည့်နေသည်။

မြေနိုးတဲ့မှ....။ ဘာလို့ ဒီလောက်တောင် ချိုရဲနေရတာလဲ...။

လည်ချောင်းတောင် ကွဲတော့မယ်...။

ကျန်းယွီသော်က မတ်တတ်ရပ်ကာ သူ့အတွက် ပဲနို့ခွက်နှင့်အတူ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ခဏခန့်ကြာပြီးနောက် ပြန်ထွက်လာပြီး သူ့အတွက်ခွက်ကို ချန်ခေါ့အရှေ့တွင် ချလိုက်ပြီး ချန်ခေါ့၏ခွက်ကို လဲယူလိုက်သည်။

ချန်ခေ့ါက ကျန်းယွီသော်အား ကြည့်နေသည်။

"ဟင် ..."

"ကျွန်တော် တစ်ငုံပဲသောက်ရသေးတယ်။ ခင်ဗျား ကျွန်တော့်ခွက်ကို သောက်လိုက်။ ကျွန်တော် အချိုကြိုက်တယ်"

"ဟုတ်ပြီ"

ချန်ခေါ့က ကျန်းယွီသော်၏ခွက်ကို ယူပြီး မြည်းသောက်ကြည့်သည်။ မဆိုးဘူး...။

ကျန်းယွီသော်လည်း လဲယူလိုက်သော ခွက်ထဲမှ ပဲနို့ကို တစ်ငုံသောက်ပြီးနောက် ဒုက္ခရောက်သွားသောမျက်နှာဖြင့် မျက်မှောင်ကြုတ်သွားသည်။

"ခင်ဗျား ဘယ်ဇွန်းနဲ့ ခပ်ထည့်လိုက်တာလဲ"

"ဟို ... ပလတ်စတစ်ဇွန်းအဝိုင်းနဲ့ ... ... ပြန်လဲလိုက်ရအောင်"

ချန်ခေါ့မှာ အားနာသွားသည်။

"ကိစ္စမရှိဘူး။ ခင်ဗျား အေးဆေးသောက်"

ပြောပြီးနောက် ကျန်းယွီသော်သည် ပဲနို့တစ်ခွက်လုံးကို မော့သောက်လိုက်ပြီး ရေတစ်ခွက်သွားခပ်ကာ ထပ်သောက်လိုက်သည်။

မနက်စာစားပြီးနောက် ချန်ခေါ့သည် ပြန်ရန်ပြင်ဆင်တော့မှ အနွေးထည်အင်္ကျီမရှိတော့မှန်း သတိရသွားသည်။

"ရှော့ပင်းစင်တာတွေက ဒီအချိန်ဆို ဖွင့်လောက်ပြီလား"

ချန်ခေါ့က ပြောရင်း ပြတင်းပေါက်နားသို့သွားကာ အပြင်ဘက်သို့ကြည့်လိုက်သည်။

"လခွမ်း ... နှင်းကျနေတယ်ဟ"

"ကျွန်တော့်အင်္ကျီအရင်ဝတ်သွားလိုက်။ ဒီနေ့တော့ ဘယ်မှ လျှောက်မသွားနဲ့ဦး။ ပြီးတော့ ခင်ဗျားမှာလည်း အနွေးထည်အင်္ကျီက တစ်ထည်တည်းရှိတာမှမဟုတ်တာ"

ကျန်းယွီသော်က အိပ်ခန်းထဲသို့ဝင်သွားပြီး သူ့ဆောင်းတွင်းဝတ်အနွေးထည်အင်္ကျီကိုယူလာကာ ချန်ခေါ့အား ပေးလိုက်သည်။

ချန်ခေါ့က အင်္ကျီကို လှမ်းယူလိုက်ရင်း -

"ငါ့မှာ ဆောင်းတွင်းဝတ်အနွေးထည်အထူက နှစ်ထည်ပဲရှိတယ်"

"အဲဒါဆို အဲဒီကျန်နေတဲ့တစ်ထည်ပဲ အရင်ဝတ်ထား"

"အဲဒီတစ်ထည်က ပါးတယ်။ ပြီးတော့ လျှော်လိုက်ပြီးတော့ အထဲကဂွမ်းတွေက အဖုလိုက် အထစ်လိုက်တွေဖြစ်ကုန်တာ"

ချန်ခေါ့က သက်ပြင်းချလိုက်သည်။

ကျန်းယွီသော်က တံခါးကို တွန်းဖွင့်လိုက်သည်။

"... ... အဲဒါဆို ကျွန်တော့်အင်္ကျီကို အရင်ယူထားပြီး ဝတ်ထားလိုက်။ ခင်ဗျားကို ပြန်လိုက်ပို့ပေးမယ်"

"အေးပါ"

ချန်ခေါ့က သော့ကိုယူပြီး ကျန်းယွီသော်နှင့်အတူထွက်လာသည်။

.

အပြင်ရောက်သည်နှင့် ချန်ခေါ့က လည်ပင်းကို အနွေးထည်ထဲ ကျုံ့လိုက်သည်။ ယနေ့တွင် မနေ့ကထက် သိသိသာသာ အအေးပိုနေသည်။ ချန်ခေါ့သည် ဖုန်းကိုထုတ်ကြည့်လိုက်ရာ အပူချိန်မှာ ၁၀ ဒီဂရီခန့် ကျဆင်းနေသည်။

ကျန်းယွီသော်၏အင်္ကျီက ထူထဲနေ၍သာ တော်သေးတော့သည်။ ချန်ခေါ့သည် အင်္ကျီခေါင်းစွပ်ကိုလည်း ဝတ်လိုက်ပြီး ကျန်းယွီသော်အား ကြည့်လိုက်သည်။

ထိုလူမှာ တီရှပ်လက်ရှည်တစ်ထည်အပေါ်တွင် လေကာဝါဂွမ်းအနွေးထည်ကို ထပ်ထားသည်။ အင်္ကျီဇစ်မပိတ်ဘဲ ခေါင်းပေါ်တွင် နှင်းလျှောစီးခေါင်းစွပ် စွပ်ထားသည်။ သို့တိုင်အောင် ဆောင်းလေထဲတွင် အေးအေးသက်သာစွာ လမ်းလျှောက်နေသည်။

"မင်းမအေးဘူးလား"

ချန်ခေါ့က မနေနိုင်စွာ မေးမိသည်။

"နည်းနည်းအေးတယ်"

"အေးရင် အင်္ကျီဇစ်ပိတ်လေ။ ဘာတွေ ဟန်လုပ်နေတာလဲ"

"အကျင့်ပါနေလို့"

"ဘာအကျင့်ပါတာလဲ"

ချန်ခေါ့မှာ နားမလည်လိုက်ပေ..။

"ဒီအတိုင်း။ ဥပမာပြောရရင် ခင်ဗျား ဒီလိုဆောင်းတွင်းမှာ အနွေးထည်အထူ တစ်ထည်ပဲရှိတယ်။ ပထမဆုံး စအေးလာတာနဲ့ အဲဒီအနွေးထည်ကို ဝတ်လိုက်ရော၊ အဲဒါဆို နည်းနည်း ထပ်အေးလာရင်ဘယ်လိုလုပ်မလဲ၊ ပိုအေးလာရင်ရော ဘယ်လိုလုပ်မလဲ"

ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။

.

"အရမ်းအေးလာရင် လက်ရှည်ထပ်ဝတ်မယ်။ ပိုအေးလာရင် သိုးမွေးအင်္ကျီထပ်ဝတ်ရမယ်။ ပြီးတော့ ထပ်ပြီးတော့ အဲဒီလို အဲဒီလိုတွေ ပုံသွားမယ်။ နားလည်လား"

"ဘာ အဲဒီလို အဲဒီလိုတွေ လဲ။ မင်းမှာ အခု အနွေးထည်အထူ တစ်ထည်ပဲ ရှိနေလို့လား"

ချန်ခေါ့သည် အနွေးထည်ကို မျက်နှာတစ်ဝက်ခန့် ဖုံးအုပ်သွားအောင် ဆွဲတင်လိုက်သည်။

ကျန်းယွီသော်က အနွေးထည်ဇစ်ကို ဆွဲတင်လိုက်သည်။

"အရင်တုန်းကဆိုရင်တော့ ဟုတ်တယ် ... ... ဒါပေမဲ့ ကျွန်တော်လည်း အအေး အရမ်းမကြောက်တတ်ဘူး"

"ဟုတ်လား"

ချန်ခေါ့သည် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။

အရင်တုန်းကလား...။ ဘယ်လောက်ကြာတဲ့ အရင်တုန်းက လဲ...။ ဟို "သိပ်မကောင်းခဲ့ဘူး..." ဆိုတဲ့ ငယ်ငယ်တုန်းကလား ...။

.

ကျန်းယွီသော်က ဘာမှမပြောဘဲ ရုတ်တရက် ချန်ခေါ့လက်ထည့်ထားသော အင်္ကျီအိတ်ကပ်ထဲသို့ သူ့လက်တစ်ဖက် ထည့်လိုက်ပြီးနောက် ချန်ခေါ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ချန်ခေါ့ အသိပြန်ဝင်လာပြီးနောက် ရုတ်တရက် ခေါင်းက မူးထွက်သွားသလိုဖြစ်သွားသည်။ ကျောဘက်မှ လေတစ်ချက်တိုက်လာပြီး ရှေ့သို့ နှစ်လှမ်းခန့် ယိုင်သလိုဖြစ်သွားပြီးနောက် ကျန်းယွီသော်အား လှည့်ကြည့်လိုက်သည်။

"ဘယ်လိုနေလဲ"

"ဘာကိုလဲ"

ချန်ခေါ့သည် ကျန်းယွီသော်အား စိုက်ကြည့်နေတုန်းဖြစ်သည်။

"ကျွန်တော့်လက်က တောက်လျှောက်အပြင်မှာပဲ ထားထားတာတောင် နွေးနေတုန်းပဲလေ။ ခင်ဗျားလက်က တစ်ချိန်လုံး အိတ်ကပ်ထဲထည့်ထားတာတောင် အေးစက်နေတာ"

ထိုစကားကိုပြောလိုက်ချိန်တွင် ကျန်းယွီသော်၏မျက်နှာမှာ ကျေနပ်စိတ်အပြည့်နှင့်ဖြစ်သည်။

"ဪ"

ချန်ခေါ့သည် ကျန်းယွီသော် ပြောချင်သောစကားကို သဘောပေါက်သွားသည်။ ထို့နောက် နေရခက်စွာ အသံကိုမြှင့်ပြီး နောက်တစ်ခါ ထပ် "အော် ..." လိုက်ပြန်သည်။

"အဲဒီမှာ ဪ နေလိုက် ... ..."

ကျန်းယွီသော်က ချန်ခေါ့အား တစ်ချက်ကြည့်ပြီးပြောလိုက်သည်။

ချန်ခေါ့မှာ ပြန်ပြောစရာစကားများ ပျောက်ဆုံးကုန်သည်။

.

လမ်းဆုံသို့ရောက်အခါ ကျန်းယွီသော် ခြေလှမ်းရပ်ပြီး ကျောအနောက်ဘက်သို့ လှည့်ကြည့်လိုက်သောကြောင့် ချန်ခေါ့လည်း အတူလိုက်ပြီး လှည့်ကြည့်သည်။ သို့သော် ဆောင်းလေထဲတွင် ကိုယ့်ဦးတည်ချက်ကိုသာ ခေါင်းငုံ့ပြီး မြန်မြန်ဆန်ဆန် ဖြတ်သန်းသွားလာနေသော လူများကိုသာ တွေ့ရသည်။

"မင်း မနေ့က ပြောတဲ့ 'သူတို့' ဆိုတာ ဘယ်လိုဖြစ်တာလဲ"

"သူတို့ ကျွန်တော့်နောက်ကို လိုက်နေကြတာ နှစ်ပေါင်းတော်တော်ကြာနေပြီ"

"ဘယ်လိုလူတွေလဲ"

ကျန်းယွီသော်က ဘာမှမပြောပေ။

"မနေ့က မင်းဒဏ်ရာရတာ သူတို့ကြောင့်ပဲလား"

"အင်း"

ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။

ချန်ခေါ့က ဆက်ပြောနေသည်။

"ဘာလို့ ရဲမတိုင်တာလဲ"

"ရဲတိုင်ဖို့ ဟုတ်လား။ လမ်းပေါ်လွင့်နေတဲ့ကောင်တွေ ရဲတိုင်တာ ခင်ဗျားဘယ်မှာတွေ့ဖူးလို့လဲ"

"ဒါကျတော့ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်တာဖြစ်သွားပြီလေ ..."

ကျန်းယွီသော်က ရယ်လိုက်သည်။

"ဒီဒဏ်ရာတွေလား။ ဒါတွေက ဘာမှမဟုတ်ဘူး"

ချန်ခေါ့က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောဖြစ်ပေ။

"တစ်နေ့နေ့ ကျွန်တော် ဒဏ်ရာအကြီးကြီးရလို့ ထတောင် မထနိုင်တော့ရင် ခင်ဗျားကပဲ ရဲတိုင်ပေးပေါ့"

ချန်ခေါ့သည် ဘာပြောရမှန်းမသိဖြစ်သွားသည်။

တစ်ခါတလေတွင် ကျန်းယွီသော်က အရူးထပြီးစိတ်လွတ်သွားတတ်သည်ဟု ချန်ခေါ့ထင်မိသည်။ တစ်ခါတလေတွင်လည်း လွန်ကြူးအောင် အကဲဆတ်လွန်းသည်ဟုထင်သည်။ တစ်ခါတလေကျပြန်လည်း ကျန်းယွီသော်၏ ပြောစကားများက အမှန်တရားများဟု သူထင်မိပြန်သည်။

အကယ်၍ အမှန်သာဆိုလျှင် ချန်ခေါ့ကိုယ်တိုင်လည်း ပါဝင်ပတ်သက်နေသလိုဖြစ်နေပြီဖြစ်သည်။ ရဲတိုင်ရမလား...။

ရဲတိုင်ပြီး ဘာပြောရမလဲ...။

.

လမ်းတစ်ဝက်ခန့်ရောက်လာပြီးနောက် ကျန်းယွီသော်က ချန်ခေါ့အား တစ်ချက်တွန်းလိုက်ပြီး လမ်းကြားလေးတစ်ခုထဲသို့ကွေ့ဝင်လိုက်သည်။ ဈေးနှင့်တူသော နေရာတစ်ခုထဲသို့ရောက်သွားပြီး အထဲတွင် ဆိုင်တိုင်းနီးပါးက အမွှေးနံ့သာမျိုးစုံကို ရောင်းချနေသည်။ ဝင်လိုက်သည်နှင့် ထူးခြားဆန်းပြားသော အနံ့များက ကြိုဆိုနေသည်။

ချန်ခေါ့သည် ဤပတ်ဝန်းကျင်တွင် နေလာသည်မှာ နှစ်လတိုင်သွားပြီဖြစ်သော်လည်း ဤကဲ့သို့သော နေရာမျိုးရှိနေခြင်းကို ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။

ဈေး၏ ဘေးဘက်အပေါက်မှ ပြန်ထွက်လာပြီး လမ်းဖြတ်ကူးကာ လမ်းဆုံကိုကျော်သည်နှင့် ချန်ခေါ့နေထိုင်သော အိမ်ရာ၏နာမည်ကို ရေးထားသည့် ဂိတ်ပေါက်ဝကို မြင်လိုက်ရသည်။ သို့သော် ချန်ခေါ့ အဝင်အထွက်လုပ်နေကျ တံခါးပေါက်တော့မဟုတ်ပေ။

"ဒါက အနောက်ဂိတ်လား"

"အရှေ့ဂိတ်။ ခင်ဗျား ဝင်ထွက်နေကျအပေါက်က တောင်ဘက်ဂိတ်"

"ဪ"

တိုက်အောက်ရောက်သောအခါ ကျန်းယွီသော်က ခြေလှမ်းရပ်လိုက်သည်။

"ကျွန်တော် လိုက်မတက်တော့ဘူး"

"ဟုတ်ပြီ။ ကျေးဇူးပဲ"

ချန်ခေါ့က ခေတ္တတွေဝေသွားပြီးမှ ကျေးဇူးစကားပြောလိုက်ခြင်းဖြစ်သည်။

ကျန်းယွီသော်က အင်္ကျီအိတ်ကပ်ထဲမှ တစ်ခုခုကို နှိုက်နေသည်။

"ဒီကိုရောက်လာမှတော့ ဒီကလူတွေအတိုင်းပဲ ပြုမူပါလား။ ကျွန်တော်တို့ကောင်တွေကို ဒီလောက်အထိ မယဉ်ကျေးပြလည်း ရတယ်။ ခင်ဗျား တစ်ခါကျေးဇူးတင်တယ်ပြောလိုက်တိုင်း ခင်ဗျားနဲ့ စကားဆက်ပြောချင်စိတ် တစ်ခါပျောက်တယ်"

"ငါလည်း အကျင့်ပါပြီး ပြောဖြစ်နေတာ"

ချန်ခေါ့သည် ပြောလိုက်ပြီးနောက် အိတ်ကပ်ထဲမှ ဆေးလိပ်ဘူး စက္ကူခွံယူထုတ်လာသော ကျန်းယွီသော်ကို ကြည့်ပြီး ခေတ္တမျှ ပြောစရာစကားပျောက်နေသည်။

"မင်းကို တစ်ခုမေးလို့ရလား"

"မေး"

ကျန်းယွီသော်က အိတ်ကပ်ထဲမှ ဘောပင်တစ်ချောင်းကိုလည်း ယူထုတ်လာပြီး စက္ကူခွံအပေါ်တွင် တစ်ခုခုရေးနေသည်။

"မင်း နေ့တိုင်း ဒီစက္ကူခွံတွေ အထပ်လိုက်နဲ့ အပြင်ထွက်တာလား။ sticky note တွေ ဆောင်လို့မရဘူးလား။ များများလည်း ထည့်ယူလို့ရတယ်လေ"

"ဒီစက္ကူခွံက မာတော့ လွယ်လွယ်နဲ့ မကြေတတ်ဘူး။ ဒီမှာ ချန်ချင့်ရဲ့ ဖုန်းနံပါတ်။ တကယ်လို့ ခင်ဗျား ကိစ္စတစ်ခုခုရှိလို့ ကျွန်တော့်ကိုလည်း ဆက်သွယ်လို့မရရင် သူ့ဆီ ဆက်လိုက်လို့ရအောင်"

ကျန်းယွီသော်က ရေးပြီးသွားသော စက္ကူခွံကို ချန်ခေါ့အား ကမ်းပေးလိုက်သည်။

"အင်း"

ချန်ခေ့ါက စက္ကူခွံကို လှမ်းယူလိုက်သည်။

"အပေါ်တက်တော့။ သံသယဖြစ်စရာလူ ဘာညာမြင်ရင် ကျွန်တော့်ကို ဖုန်းခေါ်လိုက်"

မိမိသည် အပေါ်ပိုင်း အထပ်မြင့်တွင်နေကြောင်း၊ တိုက်အောက်မှ လူများကို မြင်နိုင်လျှင်တောင် ဦးခေါင်းထိပ်ကိုသာ လှမ်းမြင်နိုင်ကြောင်း ချန်ခေါ့မှာ ပြန်ပြောချင်သော်လည်း ခေါင်းကိုသာညိတ်လိုက်ပြီး တိုက်ထဲသို့ လှည့်ဝင်သွားသည်။

"ခင်ဗျားရဲ့ ဟို အဖုလိုက် အထစ်လိုက်ဖြစ်နေတဲ့ ဆောင်းတွင်ဝတ်အနွေးထည်ကလေ ..."

ကျန်းယွီသော်၏အသံက အနောက်မှ ထွက်ပေါ်လာပြန်သည်။

ချန်ခေါ့က ကြောင်သွားပြီး အနောက်ကိုလှည့်ကြည့်လိုက်သည်။

"ဟင် ... ဘာလဲ"

"အင်္ကျီချိတ်တစ်ခုယူပြီး အင်္ကျီအပေါ်ကို ရိုက်ပေးလိုက်ရင်ရပြီ။ အဲဒါဆို အထဲက ဂွမ်းတွေက ပြန်ဖွာပြီး ပြန့်သွားလိမ့်မယ်။ နောက်ဆိုလျှော်ပြီးရင် ဖြန့်ပြီးတော့ နေလှမ်း ..."

"... ... အာ"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

.

အိမ်ထဲရောက်လာပြီးနောက် ချန်ခေါ့သည် အနွေးထည်ကို ချွတ်ပစ်ပြီး heater အနားရှိ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ခေတ္တခန့်ကြာသွားပြီးမှသာ အရိုးထဲအထိ ခိုက်ခိုက်တုန်အောင် ချမ်းစီးသော အအေးဓါတ်များ လျော့ပါးသွားတော့သည်။

ဘာဖြစ်လို့ တက္ကစီငှားစီးပြီး မပြန်ရတာလဲ...။

ဟုတ်သားပဲ...။ ဘာဖြစ်လို့လဲ...။

ကျန်းယွီသော်က ကားငှားရန် တစ်ခွန်းမှမဟသောကြောင့် ချန်ခေါ့လည်း သတိမရတော့...။

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ဆိုဖာပေါ်တွင် ပစ်တင်ခဲ့သော ကျန်းယွီသော်၏အနွေးထည်ကို ခါလိုက်ပြီး ခေါက်လိုက်ကာ အိတ်တစ်လုံးထဲတွင် ထည့်ထားလိုက်သည်။

ခဏတာ ချီတုံချတုံဖြစ်သွားပြီးနောက် ချန်ခေါ့သည် အဖုလိုက် အထစ်လိုက် ဖြစ်နေသော ဆောင်းတွင်းဝတ်အနွေးထည်ကို ဗီရိုထဲမှ ယူထုတ်လာသည်။ မူလတုန်းက ထိုအင်္ကျီကိုလွှတ်ပစ်ရန် ချန်ခေါ့စဉ်းစားထားခြင်းဖြစ်သည်။

သို့သော် ယခုတွင် ကျန်းယွီသော်ပေးသော အကြံအတိုင်း စမ်းသပ်ကြည့်ဦးမည်။

သူသည် အင်္ကျီကိုကော်လာမှ ကိုင်ပြီး အင်္ကျီချိတ်ဖြင့် နှစ်ချက်ခန့် ရိုက်ချလိုက်သည်။

အဆင်ပြေပုံရသည်။

သို့နှင့် ချန်ခေါ့သည် အင်္ကျီချိတ်ဖြင့် အနွေးထည်ကို အပေါ်အောက် အတွင်းအပြင် ရှိသမျှနေရာအားလုံးကို တဖြန်းဖြန်း လိုက်ရိုက်သည်။ ထို့နောက် လက်နှင့် စမ်းကိုင်ကြည့်လိုက်သည်။ အရင်ကထက် နည်းနည်းပိုကောင်းသွားသည် ထင်သည်။

သို့သော် ခန္ဓာကာယလုပ်အားကို အသုံးပြုရသောအလုပ်ဖြစ်သောကြောင့် ချန်ခေါ့မှာ လက်မောင်းများ ညောင်းညာလာသည်။

ချန်ခေါ့သည် အင်္ကျီကို ဗီရိုထဲသို့ပြန်ပစ်ထည့်လိုက်သည်။ အသစ်တစ်ထည် ထပ်ဝယ်လိုက်တာပဲကောင်းပါတယ်လေ...။

ချန်ခေါ့သည် လဲဝတ်ရန် အဝတ်အစားများယူပြီး ရေချိုးခန်းထဲဝင်လာသည်။ ရေအရင်ချိုးလိုက်ပြီး အိပ်ရေး ပြန်ဖြည့်ရမည်...။

.

ရေချိုးခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းရှိ ပြတင်းပေါက်အရှေ့မှဖြတ်လာသောအခါ ခြေလှမ်းရပ်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။

ပုံမှန်ဆိုလျှင် ချန်ခေါ့သည် တိုက်အောက်ဘက်သို့ ငေးကြည့်လေ့မရှိပေ။ ယခုတွင် ရာသီဥတုကလည်း ပိုမို အေးစက်လာသောကြောင့် တိုက်အောက်ရှိ ပန်းခြံလေးထဲမှ ပန်းမန်မြက်ပင်တို့လည်း ခြောက်ကပ်ဝါကျင်နေပြီဖြစ်သည်။ ခြောက်ကပ်ကပ်၊ မှုန်မှိုင်းမှိုင်းနှင့် အသက်မဲ့နေလျက်ရှိသည်။ လူလည်း တစ်ယောက်တစ်လေမှ မရှိသောကြောင့် အလွန်အထီးကျန်ဆန်စရာကောင်းသည်။

သို့သော် ခေတ္တခန့်စိုက်ကြည့်နေပြီးနောက် ချန်ခေါ့မှာ အံ့သြပြီး မှင်တက်သွားသည်။ ပန်းခြံရေပန်းဘေးရှိ ခုံတန်းရှည်ကို ပြန်စိုက်ကြည့်လိုက်သည်။

မျက်စိမှားပြီး မြင်မိခြင်းမဟုတ်ကြောင်း အတည်ပြုရန် ချန်ခေါ့သည် ဖုန်းကိုသွားယူကာ ခုံတန်းရှည်ကို ဓါတ်ပုံရိုက်ယူပြီး ပုံကို အကြီးချဲ့ကြည့်လိုက်သည်။

ခုံတန်းရှည်ပေါ်တွင် ကျန်းယွီသော်ထိုင်နေသည်။ ပါးစပ်တွင် စီးကရက်ခဲထားကာ တံတောင်ကို ဒူးခေါင်းပေါ်တွင် ထောက်ထားပြီး ဖုန်းကြည့်နေသည်။

နဂိုကတည်းက အထီးကျန်စရာကောင်းနေသော ပန်းခြံမှာ အနှီမြင်ကွင်းကြောင့် ပိုဆိုးသွားတော့သည်။

ချန်ခေါ့သည် ပြတင်းပေါက်နားတွင် ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်မှာ ၁၀ မိနစ်ခန့် ရှိလိမ့်မည်ထင်သည်။ ကျန်းယွီသော်မှာ ထိုအတိုင်း ထိုင်နေကာ ပါးစပ်တွင် ခဲထားသော စီးကရက်လည်း မီးငြိမ်းသွားပြီဖြစ်သည်။ သို့သော် ဖုန်းထဲကိုသာ စိတ်နှစ်ပြီး ကြည့်နေသည်။

ကျင့်ကြံရေးသိုင်းဝတ္ထု ဖတ်နေခြင်းဖြစ်လိမ့်မည်...။

ချန်ခေါ့မှာ ကျန်းယွီသော်အား အင်မတန်လေးစားသွားကာ နောက်ထပ် ခဏခန့် ထပ်ကြည့်နေလိုက်သည်။ ကျန်းယွီသော်က ထပြန်ရန်အစီအစဉ်မရှိလောက်သေးသည်ကို သဘောပေါက်သွားပြီးနောက် ချန်ခေါ့သည် ဖုန်းကိုယူပြီး ကျန်းယွီသော်၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

ဖုန်းဝင်သွားပြီးနောက် ကျန်းယွီသော်က ချန်ခေါ့ရှိရာ ပြတင်းပေါက်ဘက်သို့ တစ်ချက်မော့ကြည့်လာပြီး ဖုန်းကိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ။ မသင်္ကာစရာကောင်းတဲ့လူ တွေ့လို့လား"

"စန်းကော။ မင်းကိုယ်တိုင်လည်း ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပါဦး။ တိုက်အောက်မှာ မင်းကလွဲရင် တခြားလူရှိသေးလို့လား"

ချန်ခေါ့က ပြတင်းပေါက်တံခါးကိုဖွင့်ကာ ပြတင်းပေါက်ဘောင်ပေါ်မှတဆင့် လက်ကို ဝှေ့ယမ်းကာ ပန်းခြံတစ်ဝိုက်ကို လက်နှင့် ညွှန်ပြလိုက်သည်။

"အဲဒါဆို ခင်ဗျားဘာတွေ စိတ်လှုပ်ရှားနေတာလဲ"

"ဘယ်မှာ စိတ်လှုပ်ရှားလို့လဲ။ ငါက မင်းကို အိမ်ပြန်လိုက်တော့ဖို့ ပြောမလို့"

"ခဏနေရင် ပြန်မှာ။ ဒီတစ်ခန်း ဖတ်ပြီးရင်"

"အခုချက်ချင်းပြန်လိုက်။ ကားငှားပြီးတော့ ပြန်။ အရမ်းအေးတယ်"

ပြတင်းပေါက်ကို စက္ကန့်ပိုင်းသာ ဖွင့်လိုက်သော်လည်း ချန်ခေါ့မှာ မျက်နှာတစ်ခုလုံး အေးခဲသွားသလို ခံစားရနေပြီ ဖြစ်သည်။

"အင်း"

ကျန်းယွီသော်က ပြောပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

"တကယ်လို့ ပုံမှန်မဟုတ်ဘဲ တစ်ခုခု မသင်္ကာစရာရှိရင် သေချာပေါက် ငါ မင်းဆီဖုန်းဆက်မယ်။ ဒီလို တောက်လျှောက်ကြီး စောင့်ကြည့်ဖို့မလိုဘူးလေ"

"အင်း"

ကျန်းယွီသော်က အိမ်ရာတံခါးပေါက်ဘက်သို့ လှည့်ထွက်သွားသည်။

"ဒါဆို ငါဖုန်းချပြီ"

ချန်ခေါ့သည် ကျန်းယွီသော်၏ ကျောပြင်ကိုကြည့်ရင်း အမျိုးအမည်မသိသော ခံစားချက်တစ်ခုဖြစ်လာကာ စိတ်ဓါတ်ကျသလို ညှိုးငယ်သွားသည်။

"အင်း"

***

နောက်ပိုင်းရက်များတွင် ချန်ခေါ့၏ တိုက်အောက်သို့ ကျန်းယွီသော် ထပ်မရောက်လာသလို ဆက်သွယ်လာခြင်းလည်းမရှိပေ။ ထိုမှသာ ချန်ခေါ့မှာ စိတ်သက်သာရာ ရတော့သည်။

ချန်ခေါ့သည် ကျန်းယွီသော်ကဲ့သို့ ကမ္ဘာ့အစွန်းတစ်ဖက်တွင် နေထိုင်သလို ဖြစ်နေသောသူနှင့် အဆက်အဆံ အသိအကျွမ်း မရှိခဲ့ဖူးချေ။ စိတ်တို စိတ်လှုပ်ရှားလွယ်ပြီး တစ်ချိန်တည်းတွင် အထီးကျန်နေသည်။ သည်အကျင့်စရိုက်နှင့်လူများက တစ်ရက်တစ်ရက် အလုပ်မရှိ အကိုင်မရှိ အလွန်အားလပ်နေ၍ စိတ်ဝင်စားစရာ ပျော်စရာတစ်ခုခုကို အမြဲတမ်းရှာဖွေနေတတ်ကြသည် ထင်သည်။

ယနေ့တွင် ချန်ခေ့ါသည် ခါတိုင်းနေ့ထက် ပို၍ စောစီးစွာနိုးနေသည်။ ရွှီတင်းက Live ဖျော်ဖြေမှုကို ၁၁ နာရီတွင် စတင်ရန် စီစဉ်ထားပြီး မိမိအချိန်လွန်အောင် အိပ်ပျော်နေမည်ကို စိုးရိမ်၍ ရွှီတင်းက မနက်စောစော ဖုန်းဆက်နှိုးလာသည်။

မျက်နှာသစ် ဆေးကြောသန့်စင်ပြီးနောက် အချိန်ကို ကြည့်ကြည့်ရာ စောနေသေး၍ ချန်ခေါ့သည် ဖုန်းကိုယူပြီး အော်ဒါ ပါဆယ်မှာစားရန် လုပ်လိုက်သည်။ မဟုတ်လျှင် ဖျော်ဖြေနေချိန် ဗိုက်ဆာလာလျှင် အခက်ကြုံလိမ့်မည်။

မနက်စာမှာ ရွေးချယ်စရာ အလွန်နည်းသည်။ ထိုဆိုင်အနည်းငယ်မှ မနက်စာများသာ ရွေးချယ်စရာရှိသည်။ ချန်ခေါ့သည် ဖုန်းစခရင်ကို အပေါ်အောက်ဆွဲကြည့်နေရင်း ပြတင်းပေါက်နားသို့သွားကာ ဆေးလိပ်တစ်လိပ် မီးညှိလိုက်သည်။

ကျန်းယွီသော်က လုပ်စရာမရှိဖြစ်ပြီး ပျင်း၍သာ မိမိကို အပျော် လာစောင့်ရှောက်နေသည်ဟု စိတ်ထဲတွင် ထင်နေသော်လည်း ချန်ခေါ့သည် ပြတင်းပေါက်ဘေးနားတွင် ရပ်မိသောအခါ တိုက်အောက်ဘက်သို့ ကြည့်ဖြစ်အောင် ကြည့်မိသေးသည်။

မသင်္ကာစရာကောင်းသည့်လူမရှိ...။ စိတ်ချလက်ချ အပြင်ထွက်၍ရသည်။

တကယ်တော့ မင်္သကာစရာ မကောင်းသည့်လူလည်းမရှိပေ။ သည်လောက်အေးစက်ချမ်းစီးနေသည့် ရာသီဥတုတွင် လေ့ကျင့်ခန်းထွက်လုပ်သည့် သန်မာထွားကြိုင်းသော ဦးလေး အန်ကယ်များပင် မရှိပေ။

နေ့တစ်ဝက်ခန့်ကြာအောင် လှန်လှောရှာဖွေသော်လည်း စားချင်သည့်အစားအစာ တစ်ခုမှမတောင် မရှိပေ။ ချန်ခေါ့သည် သက်ပြင်းချလိုက်ပြီး ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ ထို့နောက် နှိုးစက်လုပ်ပြီး ဆိုဖာပေါ်လှဲအိပ်လိုက်တော့သည်။

တစ်နာရီခန့် ကျော်လွန်သွားသောအခါ နှိုးစက်မြည်လာပြီး ချန်ခေါ့လည်း အပြင်သွားဖို့ပြင်ဆင်ရန် ထလာလိုက်တော့သည်။

တစ်ခုခုအရင်ဝင်စားလိုက်ပြီးမှ ပွဲလုပ်သည့်နေရာသို့ တစ်ခါတည်းသွားလိုက်မည်။

ချန်ခေါ့သည် ကျန်းယွီသော်၏ အနွေးထည်ကိုသာ ပြန်လည်ဝတ်ဆင်လိုက်သည်။ သည်ရက်ပိုင်းတွင် သူသည် စူပါမားကက်သို့ နှစ်ခေါက်သွားဖြစ်ခဲ့သည်။ နည်းနည်းထပ်လျှောက်ပြီး ရှော့ပင်းစင်တာအထိသွားရန် စဉ်းစားလိုက်တိုင်း အပျင်းစိတ်က နှောင့်ယှက်သောကြောင့် နောက်ဆုံးတွင် အမြဲလက်လျှော့ကာ မရောက်ဖြစ်ပေ။

အေးစက်နေသော ရာသီဥတုကြောင့် လူလည်း ရဲစွမ်းသတ္တိများပျောက်ဆုံးကုန်ပြီး အပြင်ထွက်ပြီး စားစရာဝယ်တာတောင် အဆုံးစွန်သော သူရသတ္တိထုတ်သုံးရသည်။

ကျန်းယွီသော်၏ ဤဆောင်းတွင်းဝတ်အနွေးထည်အင်္ကျီမှာ အလွန်ထူပြီး အလွန်လည်း နွေးထွေးသည်။ ပုံစံလည်း ကြည့်ကောင်းသေးသည်။ ကြုံကြိုက်လျှင် ဘယ်မှာဝယ်ခဲ့သည်ကို မေးမြန်းကြည့်ရမည်...။ သို့သော် အပြင်ကော်ရစ်ဒါသို့ ထွက်လာသည်နှင့် မြောက်လေအေးက မျက်နှာပေါ် တွင် လာရောက်မိတ်ဆက်ကာ ချမ်းအေးလွန်း၍ ချန်ခေါ့မှာ နှာချေသွားရတော့သည်။

ယနေ့တွင် ချန်ခေါ့သည် အရှေ့ဘက်ဂိတ်မှထွက်ရန် စဉ်းစားထားသည်။ ယမန်နေ့က ကျန်းယွီသော်နှင့် ပြန်လာစဉ်က သတိထားမိသည်မှာ ထိုဘက်လမ်းတွင် ပိုစည်ကားသလိုရှိကာ တက္ကစီပေါပြီး ငှားရလွယ်မည့်ပုံပေါက်သည်။

.

ခြေလှမ်းအနည်းငယ်ခန့် လျှောက်လာပြီးနောက် ချန်ခေါ့သည် မိမိနောက်မှ ခြေသံကြားလိုက်ရသည်။

ထိုခြေသံ၏ စည်းချက်မှာ မိမိခြေသံနှင့် ထပ်တူနီးပါးကျနေကာ နှင်းဖုံးနေသောမြေကြီးပေါ်သို့ ခြေချသံလည်း အချိန်တူနီးပါဖြစ်နေသည်။ သေချာသတိထားနားမထောင်လျှင် သတိမထားလောက်မည့် ခြေသံဖြစ်သည်။

ချန်ခေါ့သည် ချက်ချင်းခြေလှမ်းရပ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။

မိမိအနောက်တွင် ကျန်းယွီသော်ကို တွေ့လိုက်ရသောအခါ ချန်ခေါ့မှာ အနည်းဆုံး ၁၀ စက္ကန့်ခန့် စကားမပြောနိုင်ဖြစ်သွားသည်။

"ဘယ်သွားမှလဲ"

"... ... အနုပညာ ဖန်တီးဖို့"

"ဪ"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။

အေးစက်ချမ်းစီးနေသောရာသီဥတုကြောင့် နီမြန်းနေသော ကျန်းယွီသော်၏နှာခေါင်းထိပ်ကို တွေ့သောအခါ ချန်ခေါ့မှာ လက်ရှိတွင် ဖြစ်ပေါ်နေသောမိမိခံစားချက်ကိုတောင် ကိုယ်တိုင်မသိတော့ဘဲဖြစ်သွားသည်။ ဒေါသလား...။ ဘဝင်မကျမှုလား...။ စိတ်တိုမှုလား...။ သို့တည်းမဟုတ် နားလည်ရခက်သော ဘာမှန်းမသိသည့် ဘဝင်ခိုက်မှုလား...။

တစ်ယောက်ကိုတစ်ယောက် အတန်ကြာ စိုက်ကြည့်နေပြီးမှ ချန်ခေါ့ဆီမှ အသံထွက်လာသည်။

"တိုက်ခန်းလခ လာကောက်တာလား"

"တစ်ပတ်တောင် နောက်ကျနေပြီဆိုတာကို အခုမှ သိတာလား"

"ငါမေ့သွားလို့"

"သွားရအောင် ... အတူတူသွားမယ်။ ခင်ဗျား အနုပညာဖန်တီးတဲ့အလုပ်ပြီးမှ အခန်းလခရှင်း"

ကျန်းယွီသော်က ခေါင်းဆတ်ပြလိုက်သည်။

ထိုအချိန်မှသာ ကျန်းယွီသော်သည် ပြောစကားတည်ပြီး ဖြစ်အောင်လုပ်တတ်သူမှန်း ချန်ခေါ့နားလည်သွားတော့သည်။ တောက်လျှောက် နောက်က တကောက်ကောက်လိုက်နေမည်ပြောခဲ့သောစကားအတိုင်း တကယ်ပင် တကောက်ကောက်လိုက်မည့်ပုံ...။

"ဒီရက်ပိုင်း တိုက်အောက်မှာ တစ်ချိန်လုံးလာစောင့်ကြပ်နေတာတော့ မဟုတ်လောက်ဘူးမလား ..."

"မဟုတ်ပါဘူး။ ကိစ္စမရှိတဲ့အချိန် အားတော့မှ လာတာ"

ငါထင်တာတော့ ၂၄ နာရီ တစ်ရက်စလုံး မင်းအားနေတဲ့ပုံပါပဲ...။

သို့သော် ထိုစကားကို ချန်ခေါ့မှာ ပြောမထုတ်ရဲပေ။

"ခင်ဗျား ကျွန်တော့်ကို စိတ်ထဲမထားလည်း ရတယ်။ ကျွန်တော်က ဒီအတိုင်း ... ... ကျွန်တော့်ကြောင့် နောက်ထပ် လူတစ်ယောက် ထပ်ထိခိုက်သွားမှာစိုးလို့"

ချန်ခေါ့က သက်ပြင်းချလိုက်သည်။ ယခုအချိန်တွင် ကိုယ်ရံတော်ချုပ်သာ အနားမှာရှိနေရင် သိပ်ကောင်းမှာပဲ ဟူသောအတွေးက ရုတ်တရက်ဝင်လာသည်။ ချန်ချင့်သည် စကားများလေ့ရှိသောကြောင့် သူသာရှိလျှင် သည်လိုအချိန်တွင် သူ့ဆီမှ စကားတစ်ခုခုကြားရမည်ထင်သည်။

"ဒီနေ့ပွဲက ... ... သီးသန့်လုပ်တဲ့ပွဲလို ဖြစ်နေတာ။ ဖိတ်စာရှိမှ ပွဲထဲဝင်လို့ရမှာ"

ချန်ခေ့ါက ခက်ခဲအားနာစွာ ရှင်းပြလိုက်သည်။

"ကျွန်တော်လည်း အထဲဝင်မှာမှ မဟုတ်တာ"

ချန်ခေါ့က ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ကိုယ်ကိုလှည့်လိုက်တော့သည်။

"သွားရအောင်"

ကိုယ်ရံတော်ချုပ်ရေ မင်္ဂလာပါ...။

တစ်ခုလောက်မေးပါရစေ၊ မင်းတို့ စန်းကောက ဘာဖြစ်နေတာလဲ...။

.

"ခင်ဗျား မနက်စာစားပြီးပြီလား"

"မစားရသေးဘူး"

ကျန်းယွီသော်က အိတ်ကပ်ထဲတွင် ထည့်ထားသောလက်ကို ယူထုတ်လာပြီး လက်ထဲတွင် ပါလာသော တစ်ခုခုကို ချန်ခေါ့အရှေ့သို့ လှမ်းပေးလိုက်သည်။

ချန်ခေါ့ကြည့်လိုက်သောအခါ အပူငွေ့နွေးနွေးများ တငွေ့ငွေ့ထွက်နေသေးသော ကောက်ညှင်းဆုပ်ဖြစ်နေသည်။

"ဒီဟာ အရမ်းစားလို့ကောင်းတယ်။ မနက်အစောကြီးသွားတာတောင် တန်းစီဝယ်ရတာ။ အနည်းဆုံး နာရီဝက်လောက် တန်းစီရတယ်"

"အဲဒီတော့ မင်းက နာရီဝက်လောက်တန်းစီပြီး ဝယ်လာတယ်ပေါ့ ဟုတ်လား"

ချန်ခေါ့က ကောက်ညှင်းဆုပ်ကို ယူလိုက်သည်။

ကျန်းယွီသော်က ရယ်လိုက်သည်။

"မဟုတ်ပါဘူး။ ရောက်တာနဲ့ တစ်ခါတည်းတန်းဝယ်ပြီး ထွက်လာတာ"

ချန်ခေါ့က လက်ထဲမှ ကောက်ညှင်းဆုပ်ကိုကြည့်ပြီး တစ်ကိုက် ကိုက်လိုက်သည်။

ကောက်ညှင်းမှာ စေးပြီး အလွန်နူးညံ့ပျော့ပျောင်းသည်။ အထဲတွင် ပဲနီအနှစ်နှင့် နုပ်နုပ်စင်းလှီးထားသော ဝက်အူချောင်းတို့ကို အစာသွတ်ထားကာ အလွန်စား၍ကောင်းသည်။

"ဘယ်လိုနေလဲ၊ စားလို့ကောင်းတယ်မလား။ ခင်ဗျား ငါးမိနစ်လောက် နောက်ကျပြီးရောက်လာရင် ကျွန်တော်စားလို့ကုန်သွားမှာ"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။ ကျန်းယွီသော်၏ အပြုံးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ နှာခေါင်းတစ်လျှောက် ကျိန်းစပ်လာသလို ခံစားလာရသည်။

***

(ဆက်ရန်)

30 Jan 2021

Continue Reading

You'll Also Like

28.3K 746 23
Will Clarke fall in love with Bellamy not knowing who he really was ? Will she get her memory back before its to late?
136K 3.7K 60
"I'm sorry for leaving you", I whispered. "n-never leave ", she cried. "Shhh it's okay, I'm not leaving". *****************************************...
295K 21.5K 26
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
484K 17.1K 194
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...