Chapter ● 12 ●
ချန်ခေါ့သည် မိမိမျက်စိရှေ့တွင် ဝုန်းခနဲ့အပိတ်ခံလိုက်ရသော တိုက်ခန်းတံခါးကို စိုက်ကြည့်နေပြီး ခဏအတွင်း တစ်ခုခုပြောလိုက်ရမလား ဒါမှမဟုတ် တိတ်တိတ်ဆိတ်ဆိတ်ပဲ စောင့်နေရမလား ဒါမှမဟုတ် လှည့်ပြန်ရမလား ဆိုသည်ကို ဝေခွဲမရဖြစ်နေသည်။
"ခဏစောင့်"
တိုက်ခန်းအတွင်းမှ ကျန်းယွီသော်၏ ပြာတာတာ အက်ရှရှအသံထွက်လာသည်။
ချန်ခေါ့သည် "အင်း" ဟု ပြန်ပြောလိုက်သည်။ ကျန်းယွီသော်၏အသံမှာ ဖုန်းဆက်တုန်းကအသံနှင့် ကွာခြားမှုမရှိချေ။ ပို၍တောင် အသံအက်ပြီး ပြာသွားသလို ဖြစ်နေသည်။ ဖျားနေလို့များလား...။
ချန်ခေါ့သည် မှတ်ဉာဏ်ထဲတွင် ထင်ကျန်နေသော ကျန်းယွီသော်၏ ဝတ်လစ်စားလစ်ပုံရိပ်ကို ကြိုးစားဖျောက်ဖျက်လိုက်ပြီး ကျန်းယွီသော်၏ မျက်နှာအရောင်ကို ဖြူဖျော့မှုရှိမရှိ ပြန်လည်တွေးတောနေသည်။
သို့သော်လည်း မအောင်မြင်ပေ။ သူ့ဘဝတွင် အဝတ် မဝတ်ထားသည့်လူတစ်ယောက်က တံခါးလာဖွင့်ပေးသည်ကို ပထမဦးဆုံးအနေနှင့် ကြုံတွေ့ရခြင်းဖြစ်သောကြောင့် ထိုးနှက်ချက်မှာ ကြီးမားလှသည်။ အခေါက်ရေပေါင်းမနည်း ကြိုးစားဖျောက်ဖျက်သော်လည်း နောက်ဆုံးတွင် ကျန်းယွီသော်၏ ခန္ဓာပုံရိပ်သာ ပြန်လည် ပေါ်ထင်လာသည်။
စိတ်ထဲတွင် ကျည်ဆန်ကွန်မန့်* တစ်ကြောင်းပင် မထိန်းနိုင်စွာ ပေါ်ထွက်လာသည်။
'ခန္ဓာအချိုးအစား မဆိုးဘူး' ဟူ၍.....။
[T/N : ကျည်ဆန်ကွန်မန့်* (弹幕 ) သန့်မု လို့ခေါ်တဲ့ comment ပါ။ တရုတ် ဗီဒီယို/manhua ကြည့်တဲ့ ဖတ်တဲ့ ပလက်ဖောင်းတွေမှာဆိုရင် screen ပေါ်မှာ ကျည်ဆန်လို ပျံသန်းပြီး ပေါ်ပေါ်နေတဲ့၊ ကိုယ်နဲ့အတူ တစ်ပြိုင်တည်း ကြည့်နေတဲ့သူတွေ ရေးကြတဲ့ real time ကွန်မန့်ပါ။]
လခွမ်းတဲ့မှပဲကွာ....။
ချန်ခေါ့တစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်တည်ငြိမ်အောင် ဖုန်းထုတ်ကြည့်ရန်အလုပ်တွင် အခန်းတံခါးက ထပ်ပွင့်လာပြန်သည်။
ငါးစက္ကန့်တောင် မပြည့်သေးသည့် ဤအချိန်တိုလေးအတွင်း လက်ရော ခြေရော ကျောက်ပတ်တီစည်းထားရသည့်လူတစ်ယောက်အနေနှင့် အင်္ကျီကောက်စွပ်လိုက်နိုင်သည့် အမြန်နှုန်းမှာ နတ်ဘုရားအဆင့်ထက်ကျော်လွန်ဖြစ်နေပြီဖြစ်သည်။
လခွမ်း ...။
"မင်း ... ..."
ချန်ခေါ့မှာ နဂိုပုံစံအတိုင်းပင် အဝတ်တစ်စမှတောင် မကပ်နေသည့် တံခါးပေါက်တွင်ရပ်နေသော ကျန်းယွီသော်ကို ကြည့်နေသည်။
ယခုတစ်ခေါက်လည်း ကျန်းယွီသော်၏ မျက်နှာအရောင် ဖြူလျော်နေခြင်းရှိမရှိကို သူ သဲသဲကွဲကွဲ မခွဲခြားနိုင်ပေ။
သူ့အာရုံကို ဖမ်းစားလိုက်သည့် ပထမဆုံးအရာမှာ ကျန်းယွီသော်၏ ရင်ဘတ်ပေါ်ရှိ အမာရွတ်ကြီးဖြစ်သည်။
ဒီလူရဲ့ ကိုယ်ခန္ဓာပေါ်မှာ အမာရွတ်တွေ ဘယ်လောက်တောင် ရှိနေတာလဲ.....။
ရင်ဘတ်ရော နောက်ကျောမှာပါ အကုန်လုံး အမာရွတ်နှင့် အပြည့်ဖြစ်နေသည်။
"အင်္ကျီဝတ်ရတာ နည်းနည်းအဆင်မပြေလို့။ ခင်ဗျားကို မေးပါရစေဦး။ ဂက်စ်ကတ်ကို စောက်ပိုက်ဆံ မဖြည့်တတ်ပြန်ဘူး မဟုတ်လား"
"မဟုတ်ဘူး။ စောက်ကတ်ကို ပိုက်ဆံသွားဖြည့်လိုက်ပြီးပြီ"
"ဒါဆို ဒီကို ဘာလာလုပ်တာလဲ"
ချန်ခေါ့သည် မိမိဝတ်ထားသော ကုတ်အင်္ကျီကို အလင်း၏အမြန်နှုန်းဖြင့် ဆွဲချွတ်ပြီး ကျန်းယွီသော်ထံ ပစ်ပေါက်လိုက်သည်။
ကျန်းယွီသော်က အင်္ကျီကိုဖမ်းယူလိုက်ပြီး ကိုယ်ရှေ့တွင် ကာလိုက်သည်။
ချန်ခေါ့မှာ အမှန်တကယ်ပင် ပြောစရာစကား ပျောက်ဆုံးနေပြီဖြစ်သည်။
"မင်းကြွသွားပြီလားဆိုပြီး လာကြည့်တာ"
"သေတော့ မသေသေးဘူး။ ဝင်လာပါ"
ကျန်းယွီသော်သည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ပြီး တံခါးကို ပိုကျယ်သွားအောင် ဖွင့်ပေးလိုက်သည်။
လခွီးကို ဝင်လာရမှာလား...။
ချန်ခေါ့သည် မြူတစ်မှုန်စာလောက်တောင် အိမ်ထဲဝင်ချင်သည့် ဆန္ဒမရှိပေ။ လောလောဆယ်တွင် ယခုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ရန်အတွက် စေတနာပိုလျှံစွာ သနားညှာတာမိသည်ကို နောင်တရနေပြီဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကျန်းယွီသော်တိုက်ခန်း၏ မျက်နှာချင်းဆိုင်ရှိ တိုက်ခန်းတံခါးဘက်မှ ရုတ်တရက် ဆူညံလာသည်။
ချန်ခေ့ါမှာ လန့်ဖျပ်သွားပြီး မြှားတစ်စင်း၏ အမြန်နှုန်းဖြင့် ကျန်းယွီသော်တိုက်ခန်းထဲသို့ အလျင်အမြန်ဝင်လိုက်ကာ တံခါးကိုလည်း လက်နောက်ပြန်နှင့် ပိတ်ချလိုက်သည်။
ယခုကဲ့သို့သော မြင်ကွင်းကို အနှီအိမ်နီးချင်းသာမြင်သွားပါက သူလို သူစိမ်းတစ်ယောက်ကို ဘယ်သူဘယ်ဝါဖြစ်မှန်း အိမ်နီးချင်းက မသိစေကာမူ သူ့အနေနှင့် မြစ်ဝါမြစ်သာမက ပစိဖိတ်သမုဒ္ဒရာထဲတွင် ခုန်ချဆေးကြောပစ်လျှင်တောင် ပြန်လည်သန့်စင်သွားမည်မဟုတ်တော့ပေ။
ကျန်းယွီသော်သည် ချန်ခေါ့၏ကုတ်အင်္ကျီကို ဆိုဖာပေါ်တွင် ပစ်တင်လိုက်ပြီး အိပ်ခန်းထဲသို့ ဖြည်းညှင်းစွာ လှည့်ဝင်သွားသည်။
ကျန်းယွီသော် လျှောက်သွားသည့်အမြန်နှုန်းမှာ ခုနက တံခါးကို ဖွင့်လိုက် ပိတ်လိုက် ထို့နောက် ပြန်ဖွင့်လိုက် လုပ်ခဲ့သည့်အမြန်နှုန်းထက် အဆပေါင်း ၅၇၀၀ ခန့် နှေးကွေးသွားသည်။ ခြေထောက်ဒဏ်ရာကြောင့်သာ ထိုကဲ့သို့ နှေးကွေးလေးလံနေမှန်း ချန်ခေါ့သိသော်လည်း သူသည် ကျန်းယွီသော်အား ပြေးသွားပြီး တွန်းပစ်ချင်စိတ်ကို မနည်းချုပ်တည်းထားရသည်။
နောက်ဆုံးတွင် အိပ်ခန်းထဲရောက်သွားပြီးနောက် ကျန်းယွီသော်ထံမှ စကားသံထွက်လာသည်။
"ကျွန်တော်က ချန်ချင့်လာတယ်လို့ ထင်လို့"
"မင်း နားလေးနေလား။ မင်းဘယ်သူလဲမေးတော့ ချန်ခေါ့လို့ ငါမပြောခဲ့ဘူးလား"
ချန်ခေါ့သည် ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ ကျန်းယွီသော်၏ ဆန်းကြယ်သော အကြောင်းပြချက်ကိုကြားရသောအခါ ကိုယ်ရံတော်ချုပ်ကို အဆိုပါပုံစံနှင့် လက်ခံတွေ့ဆုံသည့် ကျန်းယွီသော်ကို သူ ပို၍တောင် အံ့သြဆွံ့အသွားသည်။
"ခင်ဗျားအသံကို ကြားတယ်။ ဒါပေမဲ့ ချန်ချင့်လို့ ထင်သွားတာ။ ခင်ဗျား နားမလည်ဘူးလား"
"ငါ ... ..."
ချန်ခေါ့သည် မိမိတကယ်နားမလည်ကြောင်း ပြန်ပြောချင်နေသည်။ ချန်ခေါ့ဟူသော စကားနှစ်လုံးကို ကြားလျက်သားနှင့် ဘယ်လိုကြောင့် ချန်ချင့်လို့ ထင်ရတာလဲ....။ ထိုကဲ့သို့ ဦးနှောက်ထဲ ပဲပင်စိုက်ပျိုးသည့် အတွေးအခေါ်ကို ဘယ်သူက နားလည်နိုင်မှာလဲ...။
စကားကို ဆုံးအောင်မပြောမီ ချန်ခေါ့၏လက်သည် အမွေးပွပွအရာဝတ္ထုတစ်ခုကို ရုတ်တရက် ထိမိသွားသည်။
ကြွက်... ...။
ချန်ခေါ့သည် ရုတ်ခြည်းပင် ဆိုဖာပေါ်မှ ခုန်ထလိုက်ပြီးနောက် ခဏအကြာတွင်မှ ထိုအမွေးပွကောင်မှာ ကျန်းယွီသော်၏ ကြောင်ပေါက်စဖြစ်မှန်း သတိရသွားသည်။
ဆိုဖာပေါ်ကို ပြန်လှည့်ကြည့်လိုက်သောအခါ ဆိုဖာပေါ်တွင် ကြောင်ပေါက်လေးတစ်ကောင်က မျက်လုံးဝိုင်းဝိုင်းနှင့် ထိတ်လန့်စွာ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ လျှပ်စီးလက်သော အမြန်နှုန်းနှင့် ထခုန်လိုက်သည်ကို လန့်သွားတာ ဖြစ်လိမ့်မည်။
"ကြွက်ကို ဒီလောက်အထိကြောက်တတ်တဲ့ ယောက်ျားရင့်မာကြီးကို ပထမဆုံးတွေ့ဖူးတာပဲ"
"ငါဘယ်မှာ ကြောက်လို့လဲ"
ချန်ခေါ့သည် ကျန်းယွီသော်ဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်နှာပြန်လွှဲလိုက်သည်။ ကျန်းယွီသော်သည် အိပ်ရာဘေးတွင်ထိုင်လျက်သားနှင့် အခုအချိန်အထိ အဝတ်အစားမကပ်သေးပေ။ အတွင်းခံဘောင်းဘီကို ခြေထောက်တစ်ဖက်တွင် ထည့်ဝတ်လက်စရှိနေသည်။ မနေနိုင်သော ချန်ခေါ့သည် ကျန်းယွီသော်ဘက်သို့ပြန်ကြည့်လိုက်သည်။
"မင်းအင်္ကျီတွေ ဝတ်လို့ပြီးဦးမှာလား"
ကျန်းယွီသော်က ချန်ခေါ့အားကြည့်လိုက်ပြီး မျက်လုံးများကို မှေးလိုက်ပြီး ရယ်လိုက်သည်။
"ဘောင်းဘီကိုအရင် ဝတ်ရမှာမဟုတ်ဘူးလား။ ဘာလဲ အားကျလို့ ထပ်ကြည့်ချင်နေတာလား"
"ငါပြန်တော့မယ်"
ချန်ခေါ့က ပြောရင်း ကုတ်အင်္ကျီကို လှမ်းယူလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
အင်္ကျီကိုယူလိုက်သောအခါ ချန်ခေါ့သည် အနည်းငယ်လေးလံနေသော ကုတ်အင်္ကျီ၏ အလေးချိန်ကို သတိထားမိ၍ ငုံ့ကြည့်လိုက်ရာ ကြောင်ပေါက်စသည် အင်္ကျီလက်တွင် ကုတ်တွယ်ပြီး ပါလာသည်ကို တွေ့လိုက်ရသည်။
"ဆင်းစမ်း"
ချန်ခေါ့က အင်္ကျီကို တစ်ချက်ခါလိုက်သည်။
"ခင်ဗျား ဘာလာလုပ်လဲဆိုတာ ... ... မပြောရသေးဘူး"
ကျန်းယွီသော်တစ်ယောက် စကားခပ်များများပြောလိုက်ရ၍ထင်သည်။ တစ်ဝက်တစ်ပျက်နှင့် စကားသံမှာ ခြောက်ကပ်သွားပြီး အသံပျောက်လုနီးပါးဖြစ်သွားသည်။
ချန်ခေါ့သည် အင်္ကျီကို ခါနေရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်းအသံကို မင်းပြန်နားထောင်ကြည့်ဦး။ ခုနတုန်းက ဖုန်းလည်းမချ စကားလည်းမပြောတော့ ဘာများဖြစ်နေတာလဲဆိုပြီး လာကြည့်ကြည့်တာ။ တကယ်လို့ သေနေတယ်ဆိုလည်း ငါရဲတိုင်ပေးလို့ရအောင်"
ကျန်းယွီသော်က ဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။
ချန်ခေါ့သည် အင်္ကျီကို အချိန်အတော်ကြာအောင် လှုပ်ခါပေးနေသော်လည်း ကြောင်ပေါက်စမှာ မြဲမြံစွာ ကုတ်ထားပြီး လုံးဝမလွှတ်ပေးချေ။ လက်နှင့်ကိုင်ပြီး ဖယ်ချဖို့လည်း သူစိမ်းကိုလန့်တတ်သော ကြောင်ဖြစ်နေလျှင် သူ့ကို ကုတ်ခြစ်ပစ်မှာ ချန်ခေါ့က ကြောက်နေသေးသည်။
ခေတ္တမျှကြာပြီးနောက် ကျောဘက်မှ ကျန်းယွီသော်၏ စကားသံထွက်လာသည်။
"ကျေးဇူးပါ"
ချန်ခေါ့လှည့်ကြည့်လိုက်သောအခါ ကျန်းယွီသော်မှာ အတွင်းခံဘောင်းဘီနှင့်အတူ အားကစားဘောင်းဘီတစ်ထည်ကိုလည်း ဝတ်ဆင်လိုက်ပြီဖြစ်သည်။ အပေါ်ပိုင်းမှာ အင်္ကျီမကပ်သေးသော်လည်း စိတ်သက်သာရစရာ မြင်ကွင်းဖြစ်သွားပြီ ဖြစ်သည်။
စိတ်ပါလက်ပါနှင့် ရုတ်တရက် ကျေးဇူးအတင်ခံလိုက်ရသောကြောင့် ချန်ခေ့ါသည် ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။
ကျန်းယွီသော်က ဖြည်းဖြည်းချင်းလျှောက်လာပြီး ကြောင်ကို ကုတ်အင်္ကျီပေါ်မှ ဖယ်ယူလိုက်ပြီး ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ချန်ခေါ့အား မေးလိုက်သည်။
"ထမင်းမစားရသေးဘူးမလား"
"မစားရသေးဘူး။ ကြက်ဥနှစ်လုံး ပြုတ်စားဖို့လုပ်တာ ဂက်စ်က ဖွင့်လို့မရဘူးလေ"
စကားဆုံးသည်နှင့် ချန်ခေါ့သည် ချက်ချင်းနောင်တရသွားသည်။
ထင်သည့်အတိုင်းပင် ကျန်းယွီသော်က စားပွဲပေါ်က လက်ကိုင်ဖုန်းကို ယူလိုက်ပြီး ဖုန်းဆက်ရန် လုပ်နေရင်း လှမ်းပြောသည်။
"အဲဒါဆို အတူစားလိုက်ရအောင်"
"ရတယ်။ ငါ လုပ်စရာ ကိစ္စရှိသေးတယ်။ ခဏနေ အပြင်ထွက်ရင် အဆင်ပြေတဲ့နေရာမှာ စားလိုက်မယ်"
ချန်ခေါ့က အပီအပြင် ငြင်းဆိုသည်။
ကျန်းယွီသော်က မျက်လုံးကို ပင့်ပြီး သူ့အားကြည့်လိုက်သည်။
"ဘာကိစ္စလဲ"
"ဟို ... ..."
ချန်ခေါ့သည် သင့်တော်သောအကြောင်းပြချက်တစ်ခုကို မပေးနိုင်ဘဲဖြစ်နေသည်။ အဓိကအားဖြင့် တစ်ဖက်လူ၏ ယဉ်ကျေးမှုအရပြောသော လောကဝတ်စကားများကို အတည်ပေါက်မှတ်ယူတတ်သော ကျန်းယွီသော်၏အကျင့်ကို သူလုံးဝအသားမကျသေးခြင်းဖြစ်သည်။ ထိုကဲ့သို့ဖြစ်တိုင်း လေထုသည် ကသိကအောက်ဖြစ်သွားကာ လူကို အမြဲတမ်းသတိလက်လွတ်ဖြစ်သွားစေသည်။
ကျန်းယွီသော်သည် အသံအက်အက်နှင့်ပင် ချန်ခေါ့အားပြောနေရင်း ဖုန်းကိုလည်း ဆက်တိုက်နှိပ်နေသည်။
"ခင်ဗျား ချေးကို ကိစ္စရှိရမယ် ... နေ့တိုင်း စူပါမားကက်ပဲ သွားစရာရှိတာမဟုတ်ဘူးလား။ အဝေးဆုံး သွားဖူးတဲ့နေရာတောင် ကျွန်တော့်နယ်မြေအစွန်အဖျားကို မရောက်ဘူး"
"မင်းငါ့ကို နောက်ယောင်ခံလိုက်နေတယ်ပေါ့"
ချန်ခေါ့မှာ အံ့သြလွန်း၍ မျက်လုံးနှစ်လုံးပင် မျက်အိမ်ထဲက ခုန်ထွက်မတတ် ပြူးထွက်လာသည်။
"မလိုက်ပါဘူး။ ကျွန်တော်ပြောတယ်မလား၊ ဒါ ကျွန်တော့်ပိုင်နက်၊ ခင်ဗျားလို မသင်္ကာစရာလူကို ကျွန်တော်ကိုယ်တိုင် နောက်ယောက်ခံမလိုက်ရင်လည်း ခင်ဗျားကို နေ့တိုင်းစောင့်ကြည့်ပြီး ကျွန်တော့်ကို ... ..."
ကျန်းယွီသော်က အားထုတ်ပြီး လည်ချောင်းရှင်းလိုက်ကာ ချောင်းနှစ်ချက်ဟန့်လိုက်သည်။
"သတင်းပို့တဲ့လူတွေရှိတယ်"
ဘိုးအေကို မသင်္ကာစရာလူ...။
ချန်ခေါ့မှာ စကားပြောချင်စိတ်မရှိတော့ပေ...။
ကျန်းယွီသော်ဆက်နေသောဖုန်းကို တစ်ဖက်က ကိုင်လိုက်သည်။
"သာ့ပင်း ... 'ထင်းဖူလို' ဆိုင် ကိုသွားပြီး ငါ့ကို မနက်စာနှစ်ပွဲ တစ်ချက်သွားဝယ်ပေး ... ... ငါ ဘာမှမဖြစ်ဘူး။ အင်း ... ငါ့အိမ်ကို လာပို့လိုက် ... ... မင်းကြည့်ပြီး အဆင်ပြေသလိုဝယ်ခဲ့"
ဖုန်းဆက်ပြီးနောက် ကျန်းယွီသော်သည် စီးကရက်တစ်လိပ်ကို မီးညှိကာ ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး ချန်ခေါ့အား မျက်နှာချင်းဆိုင်ပြီး စိုက်ကြည့်နေသည်။
"ငါ တကယ် မစားတော့ဘူး"
"အဲဒါဆို ကျွန်တော်စားတာ ထိုင်ကြည့်နေ"
"မင်းက အမြဲတမ်း ဒီလိုပဲလား"
ချန်ခေါ့သည် ဒေါသတောင် မထွက်နိုင်တော့ဘဲ ကျန်းယွီသော်၏ ရူးကြောင်ကြောင်လုပ်ရပ်ကိုသာ လေးနက်စွာ အောချရမိတော့သည်။
"ဘယ်လိုလဲ"
ပြန်မေးလိုက်သော ကျန်းယွီသော်မှာ အသံပင်မထွက်တော့ဘဲ လေသံနှင့် ပါးစပ်၏ လှုပ်ရှားမှုကို ကြည့်ပြီးတော့သာ ခန့်မှန်းရသည်။
ချန်ခေါ့က သက်ပြင်းချလိုက်သည်။
"ထားလိုက်တော့။ မင်းစကားဆက်မပြောနဲ့တော့။ ငါနားထောင်ရင်း ပင်ပန်းပြီး လူရိုက်ချင်စိတ်ဖြစ်လာလို့"
ကျန်းယွီသော်က ပြုံးလိုက်ပြီး ဘာမှမပြောတော့ပေ။ ထို့နောက် စားပွဲပေါ် ခုန်တက်လာသော ကြောင်ကို ဖမ်းယူလိုက်ပြီး ပေါင်ပေါ်တင်ကာ လက်နှင့် ပွတ်သပ်ပေးနေသည်။
ချန်ခေ့ါသည် အဝတ်ကင်းမဲ့နေသော ကျန်းယွီသော်၏အပေါ်ပိုင်းခန္ဓာကို လုံးဝကြည့်ချင်စိတ်မရှိသော်လည်း ထိုကိုယ်ပေါ်ရှိ အမာရွတ်တို့မှာ အမြင်အာရုံကို လွန်စွာဖမ်းစားနေကာ အကြည့်လွှဲရခက်အောင် ဆွဲဆောင်နေသည်။
နောက်ဆုံးတွင် မနေနိုင်သောချန်ခေါ့က မေးလိုက်မိပြန်သည်။
"မင်း တစ်ခါရန်ဖြစ်တိုင်း အမြဲတမ်း မီးသဂြိုလ်ရုံနဲ့ တစ်ခါနီးတာလား"
"ဟင်"
ကျန်းယွီသော်သည် ရုတ်တရက်ကြောင်သွားပြီးနောက် မိမိ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီး ရယ်လိုက်သည်။
"အဲဒီအမာရွတ်ကျန်အောင်ခုတ်ဖို့ဆိုရင် ဓါးက အနည်းဆုံး မီတာ ၄၀ လောက်တော့ ရှိမှာပဲ"
ချန်ခေါ့သည် သက်မ တစ်ချက် ချလိုက်ပြန်သည်။ တစ်ကိုယ်လုံး ဤမျှအထိ ဒဏ်ရာအမာရွတ်အပြည့်နှင့် ဖြစ်နေတာတောင် ရယ်ထွက်နိုင်သေးသော ကျန်းယွီသော်ကို သူတကယ် နားမလည်နိုင်ပေ။
ကျန်းယွီသော်က ရယ်၍ ဝသွားပြီးနောက် လည်ချောင်းရှင်းလိုက်သည်။ သို့သော် အသံမှာ အက်ကွဲနေတုန်းဖြစ်သည်။
"ဒီအနားတဝိုက်မှာ ရန်ဖြစ်ရုံနဲ့ ဘယ်သူကမှ ကျွန်တော့်ကို ဒီလောက်အထိဖြစ်အောင် မရိုက်နိုင်ဘူး"
ချန်ခေါ့က အထင်သေးသလိုလှောရယ်လိုက်သည်။
"လေကတော့ ကြီးသားပဲ။ ကျပ်ပတ်တီးစည်းထားတာကိုသာ မမြင်မိရင် ငါယုံမိတော့မလို့"
"အဲဒါတော့ မတူတော့ဘူး။ ဒီနားကလူတွေက ကျွန်တော့်ကို ဓါးနဲ့ မစရဲကြဘူး။ ဒါတွေအားလုံးက ငယ်ငယ်ကတည်းက ကျန်ခဲ့တဲ့အမာရွတ်တွေ"
ကျန်းယွီသော်က ပြောရင်း စီးကရက်မီးကို သတ်လိုက်ကာ အနားတွင်ရှိသော တီရှပ်တစ်ထည်ကို ယူလိုက်ပြီး ကိုယ်ပေါ်ကို စွပ်လိုက်သည်။
ချန်ခေ့ါက အံ့သြသွားသော်လည်း ဘာမှမပြောပေ။
ကျန်းယွီသော်သည် လက်တစ်ဖက်တည်းဖြင့် အင်္ကျီကို ခက်ခက်ခဲခဲဝတ်နေရသည်။ အတန်ကြာအောင် ဝတ်နေသော်လည်း အဆင်မပြေသေးပေ။ လက်ဒဏ်ရာရသွားကတည်းက အင်္ကျီဝတ်ချိန် ချွတ်ချိန်တိုင်း အင်္ကျီများကို ဆွဲဖြဲချင်လောက်သည်အထိ စိတ်ညစ်ရသည်။ မနေ့က ဘယ်လိုချွတ်လိုက်မှန်းလည်း မမှတ်မိတော့ပေ....။
"တစ်ချက်လောက် လာကူပေးလေ။ ခင်ဗျားမျက်လုံးက မြင်ရော မြင်ရသေးရဲ့လား"
အင်္ကျီလည်ပင်းပေါက်မှ မျက်လုံးတစ်စုံထွက်လာပြီး ချန်ခေါ့အား ကြည့်ရင်း လှမ်းပြောသည်။
သူ့ကိုကြည့်ပြီး စိတ်လွတ်နေသော ချန်ခေါ့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ကိုထိန်းပြီး အင်္ကျီကို ဆွဲချပေးလိုက်သည်။
"အနားမှာ လူတစ်ယောက်မှမရှိရင် မင်းဘယ်လိုဝတ်လဲ"
"အခုနေ ခင်ဗျားက လူမဟုတ်ဘူးလို့ ပြောရင်တော့ ကျွန်တော်ကိုယ့်ဘာသာကိုယ် ဝတ်ရတာပေ့ါ"
ချန်ခေါ့သည် ခေတ္တမျှရပ်တန့်သွားပြီးနောက် ကျန်းယွီသော်၏လက်ကို ပြန်ဖမ်းထိန်းလိုက်ကာ စွပ်ပြီးသွားသော တီရှပ်ကို လက်မောင်းပေါ်သို့ ပြန်ဆွဲတင်လိုက်ပြန်သည်။
"ငါလူမဟုတ်ဘူး"
"ခင်ဗျားက ဘေးအိမ်က သုံးနှစ်ခွဲကလေးနဲ့ တစ်တန်းတည်းသားတွေလား ... ..."
ကျန်းယွီသော်မှာ အော်ဟစ်ပစ်လိုက်ချင်သော်လည်း လည်ချောင်းက မပူးပေါင်းသောကြောင့် နောက်ပိုင်း စကားတစ်ဝက်လောက်မှာ အသံပင်ထွက်မလာတော့ချေ။
"မင်းအအေးမိနေတယ် မဟုတ်လား။ ဆေးရုံသွားမပြဘူးလား"
ကျန်းယွီသော်သည် တီရှပ်ကို နောက်တစ်ခါ ပြန်ဝတ်ရန် အသည်းအသန် အားစိုက်ထုတ်နေသည်။
"မသွားဘူး"
သူ ဆေးရုံမသွားပါ။
ဆေးရုံအကြောင်းကို စဉ်းစားမိရုံနှင့်တင် နေမထိထိုင်မသာဖြစ်ပြီး ပျို့အန်ချင်စိတ်ဖြစ်လာသည်။
ပြီးခဲ့သည့်တစ်ခေါက်က ကျပ်ပတ်တီးစည်းရန်အတွက် ဆေးရုံတစ်ခေါက်ရောက်သွားသောကြောင့် အိပ်မက်ဆိုးများ သုံးလေးခါမက မက်ခဲ့ရသည်။ ပတ်တီးလဲရန်အတွက်တောင် ဆေးရုံကို သူနောက်တစ်ခေါက်မသွားဘဲ ရပ်ကွက်ထဲက ဆေးခန်းတွင်သာ သွားလဲနေခဲ့သည်။
တီရှပ်ကို အောင်မြင်စွာ ဝတ်လိုက်ပြီးနောက် ကျန်းယွီသော်သည် ချန်ခေါ့ကို သုံးလေးခေါက်ခန့်စိုက်ကြည့်လိုက်သည်။ ချန်ခေါ့က ချက်ချင်းထပြန်သွားမည့်အရိပ်အယောင် မရှိသည်ကို မြင်လိုက်ပြီးမှ သူသည် စီးကရက်နောက်တစ်လိပ်ကို မီးညှိပြီး ပါးစောင်တွင် ခဲထားလိုက်သည်။
"မင်း ဒီလိုဆေးလိပ်သောက်တဲ့နှုန်းနဲ့ဆိုရင် ဆွံ့အ,ဘာသာစကားသင်ဖို့ ပြင်ထားရတော့မယ်နဲ့တူတယ်"
ကျန်းယွီသော်က စကားပြောရန်အလုပ်တွင် ပြတင်းပေါက်အပြင်မှ အရိပ်တစ်ခု ဖြတ်သန်းလှုပ်ရှားသွားသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။ သူသည် ကမန်းကတန်း မတ်တတ်ရပ်လိုက်ပြီး လက်ညှိုးကို ပါးစပ်နားတွင်ကပ်ကာ ချန်ခေါ့အား စကားမပြောရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် အသံမထွက်စေဘဲ ခြေနှစ်လှမ်းတည်းဖြင့် ပြတင်းပေါက်အနားသို့ ခုန်ပျံကျော်လွှားသွားလိုက်ကာ ပြတင်းပေါက်လိုက်ကာကြားမှတဆင့် အပြင်သို့ ကြည့်လိုက်သည်။
အပြင်ဘက်တွင် လူမနည်းပေ။ ယနေ့သည် စနေနေ့ဖြစ်ပြီး အနားယူကြသောလူများက ယခုအချိန်ကျမှသာ အပြင်ထွက်စပြုကြသည်။
ကျန်းယွီသော်သည် မိမိ၏ သာမန်မျက်စိနှင့် မြင်နိုင်သည့် အကွာအဝေးအထိကို အဆောတလျင် ဖြန့်ကျက်ကြည့်လိုက်သည်။ မျက်စောင်းထိုးရှိ လူသွားလမ်းကြားလေးထဲသို့ ဝင်သွားသော နောက်ကျောအရိပ်ကိုသာ တွေ့လိုက်ရသည်။
ဒီလမ်းကြားပြန်ပဲ....။
နှစ်ခါရှိပြီ...။
ပြတင်းပေါက်ဘေးမှ ဖြည်းဖြည်းပြန်လျှောက်လာမှသာ ချန်ခေါ့သည် ကျန်းယွီသော်အား အသံတိုးတိုးနှင့် လှမ်းမေးသည်။
"မင်းခြေထောက်က ပတ်တီးက ရှိုးလုပ်ထားတာမဟုတ်လား"
"မဟုတ်ဘူး"
ကျန်းယွီသော်သည် ထိုင်ချလိုက်သည်။ စောနတုန်းက နှစ်ချက်လောက် ထခုန်လိုက်ပြီးနောက် ခြေသလုံးမှာ အနည်းငယ်ထုံကျဉ်သွားသော်လည်း ဆိုးဆိုးရွားရွားတော့ မဟုတ်ပေ။ အစကတည်းက ကျပ်ပတ်တီးမှာ ဖြည်လို့ရနေပြီဖြစ်သည်။
တကယ်တော့ ယနေ့တွင်ပင် သူဖြည်လိုက်ချင်သည်။ သို့သော် ကျပ်ပတ်တီးနှင့်ဆိုလျှင် ပို၍ စိတ်သက်သာရသလို ခံစားရသောကြောင့် မဖြည်သေးဘဲ နေနေလိုက်သည်။
ဒဏ်ရာရပြီးလျှင် နောက်တစ်ခါထပ်ပြီးနာကျင်ရန် ခက်ခဲသည်။
... ... နံရံကပ်ဗီရိုတံခါးကို တိုက်မိတာတော့ မပါဘူးပေါ့လေ...။
"စန်းကော ... ကျွန်တော်ရောက်ပြီ"
ပြတင်းပေါက်အပြင်ဘက်မှ သာ့ပင်း၏အသံ ဝင်ရောက်လာသည်။
ကျန်းယွီသော်က "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။ သာ့ပင်းသည် သူ့နောက်လိုက်ကောင်လေးများထဲတွင် အကင်းအပါးဆုံးနှင့် အရိပ်အကဲအသိတတ်ဆုံးကလေးဖြစ်သည်။ ပြတင်းပေါက်နားက ဖြတ်လျှင် အသံအရင်ပေးပြီး သူ့ကို အသိပေးတတ်သော တစ်ယောက်တည်းသောသူလည်းဖြစ်သည်။
ကျန်းယွီသော်က တံခါးသွားဖွင့်ရန် ထလိုက်ဖို့ပြင်ဆင်လိုက်သော်လည်း ချန်ခေါ့က မတ်တပ်ရပ်ပြီး တံခါးကို သွားဖွင့်လိုက်ပေးပြီဖြစ်သည်။
ချန်ခေါ့ကို မြင်လိုက်သော် သာ့ပင်းမှာ အနည်းငယ် အံ့သြသွားပုံနှင့် နှုတ်ဆက်လိုက်သည်။
"ခေါ့ကော ရောက်နေတာလား။ စန်းကော တစ်ယောက်တည်း နှစ်ပွဲစားမယ်ထင်နေခဲ့တာ"
"ဘာတွေဝယ်ခဲ့လဲ"
ကျန်းယွီသော်၏ စကားသံကို ကြားလိုက်သောအခါ သာ့ပင်းမှာ တုံ့ဆိုင်းသွားပြီး တစ်ခုခု မေးချင်သလိုပုံစံဖြစ်သွားသော်လည်း ဘာမှမမေးဘဲ ဆွဲလာသော အိတ်နှစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။
"ကျွန်တော်လိုက်ကြည့်ပြီး စားကောင်းမယ်ထင်တာတွေ နည်းနည်းစီဝယ်လာခဲ့လိုက်တယ်။ နှစ်ပွဲဆိုပြီး သက်သက်ခွဲထားတာမဟုတ်ဘူး။ တစ်ထုပ်တည်းမှာ ထည့်လို့မလောက်လို့ နှစ်ထုပ်ဖြစ်သွားတာ"
"ကိစ္စမရှိဘူး"
ကျန်းယွီသော်က ပြောရင်း ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအနည်းငယ်ဆွဲထုတ်ပြီး သာ့ပင်းအား ကမ်းပေးသည်။
"များတယ် စန်းကော"
"အဲဒါဆို ပိုတာ ငါ့ကိုပြန်အမ်းလေ။ ဒါမှမဟုတ် မင်း QR code ပေး။ ငါလွှဲလိုက်မယ်"
"အဲဒီလိုဆိုလည်း ကြည့်ရရုပ်ဆိုးတယ်ဗျာ။ ဒီလိုလုပ် ကျွန်တော်ပဲ ယူထားလိုက်တော့မယ်။ နောက်တော့မှ စန်းကောကို ညလယ်စာဝယ်ပေးမယ်"
သာ့ပင်းက ပြုံးရင်း ပြန်ပြောလိုက်သည်။
"ငါတို့နဲ့ အတူ ဝင်စားလိုက်ပါလား"
"မစားတော့ဘူး။ ခဏနေရင် ချင့်ကောနဲ့ စားလိုက်မယ်။ ဒီနေ့ သူတို့ဆိုင်မှာ အင်တာဗျူး သွားဖြေဖို့ရှိတယ်"
"အဲဒါဆိုလည်း အမြန်သွားလိုက်တော့"
သာ့ပင်းထွက်သွားပြီးနောက် ကျန်းယွီသော်သည် ထမင်းစားပွဲဘေးနားတွင် ထိုင်လိုက်သည်။ ပလတ်စတစ်အိတ်ဆော့နေသောမြောင်ကို စိုက်ကြည့်နေသည့် ဘေးနားရှိ ချန်ခေါ့ကို ကြည့်လိုက်သည်။
"စားလေ။ ဘာလဲ ခင်ဗျားကို ခွံ့ကျွေးရဦးမှာလား"
ချန်ခေါ့သည် ကျန်းယွီသော်၏ မျက်နှာချင်းဆိုင်ရှိခုံတွင် ဝင်ထိုင်လိုက်သည်။
"ဒီကြောင်မှာ နာမည်ရှိလား"
"မြောင်"
ကျန်းယွီသော်သည် အိတ်ကိုဖွင့်ပြီး အထဲမှ အစားအသောက်ဘူးများကို တစ်ဘူးပြီးတစ်ဘူး ယူထုတ်လိုက်သည်။ အစားအသောက်များမှာ ပူပူနွေးနွေးရှိနေသေးပြီး ကြည့်ရသည်မှာ အင်မတန်ကျေနပ်စရာကောင်းသည်။
ချန်ခေါ့က ဘာစကားမှမပြောဘဲ သူ့ကို ကြည့်နေသည်။ ကျန်းယွီသော်က နောက်တစ်ခါ ပြန်ရှင်းပြလိုက်သည်။
"မြောင် လို့ပဲခေါ်တာ"
"... ... ဪ။ သာမန်ခေါ်နေကျ ကြောင်နာမည်ပဲ "
ချန်ခေါ့က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"မီမီ ကမှ သာမန်ကြောင်နာမည်ပါ။ ဒီမုန့်က တခြားဆိုင်တွေကဟာနဲ့စာရင် အလုံးနည်းနည်းသေးတယ်။ ဒါပေမဲ့ အရမ်းစားလို့ကောင်းတယ်။ ခင်ဗျား စားကြည့်"
ကျန်းယွီသော်က *ဘဲဥငန်ပေါက်စီဘူးကို ချန်ခေါ့ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
[T/N : ဘဲဥငန်ပေါက်စီ - တရုတ်လိုက လျိုရှားပေါင်း (流沙包) လို့ခေါ်တယ်။ မြန်မာလိုဘယ်လိုခေါ်မှန်း မသိတာနဲ့ သူကလည်း ဘဲဥငန်အနှစ်ကို ဌာပနာထည့်ထားတဲ့ပေါက်စီဖြစ်နေလို့ ဘဲဥငန်ပေါက်စီလို့ ခေါ်လိုက်ပါတယ်။ မြန်မာလိုသိတဲ့သူရှိရင်လည်း ပြောပြပါဦး။]
"နှစ်လုံးလောက်ဆိုရင် ရပြီ။ ငါအများကြီးမစားနိုင်ဘူး"
"ဒီပေါက်စီက ကျွန်တော့်ဥလောက်တောင် မကြီးတာကို။ နှစ်လုံးပဲစားနိုင်တယ်လား"
ပေါက်စီကို လှမ်းယူရန်ပြင်လိုက်သော ချန်ခေါ့၏လက်မှာ လေထဲတွင် ရပ်တန့်သွားသည်။ စက္ကန့်အနည်းငယ်ခန့်ကြာသွားပြီးနောက် ကျန်းယွီသော်အားကြည့်ပြီး ပြောလိုက်သည်။
"အစာစားနေတဲ့အချိန်မှာ အဲဒီအစိတ်အပိုင်းနဲ့ မယှဉ်လို့မရဘူးလား"
"ခင်ဗျားက ဘာလို့ ဒီလောက်တောင် ဟိတ်ဟန်များနေရတာလဲ ... ... ပင်ပေါင်ဘောလုံးလောက်တောင် မရှိဘူး"
"ငါစားချင်စိတ်မရှိတော့ဘူး"
"အဲဒါဆို တခြားဟာတွေစား။ ဒါလည်း စားလို့ကောင်းတယ်"
ကျန်းယွီသော်က ဘဲဥငန်ပေါက်စီကို မိမိဘက်သို့ ဆွဲယူလိုက်ပြီး *ဝက်သားမုန့်ကြွပ်ဘူးကို ချန်ခေါ့အရှေ့သို့ တွန်းပို့လိုက်ပြန်သည်။
[T/N : ဝက်သားမုန့်ကြွပ် - တရုတ်လိုက ချားရှောင်းစူး (叉烧酥) လို့ခေါ်တယ်။ ကော်ပြန့်ကြော် စမူဆာကြော်ပုံစံလို ဂျုံမုန့်ကြွပ်ခပ်ထူထူထဲမှာ ကင်ထားတဲ့ဝက်သားထည့်တဲ့မုန့်။ သူ့ကိုလည်း မြန်မာလိုမခေါ်တတ်လို့ ဘာသာပြန်ပြီးတော့ပဲ ရေးလိုက်ပါတယ်။]
ချန်ခေါ့က ဝက်သားမုန့်ကြွပ်တစ်ခုကို တူနှင့်ညှပ်ယူလိုက်သည်။ ကျန်းယွီသော်က ဘဲဥငန်ပေါက်စီကို ယူပြီး ပါးစပ်ထဲထည့်ခါနီးတွင် ချန်ခေါ့က စကားတစ်ခွန်းထပ်ပြောပြန်သည်။
"မင်းအခု အဲဒီပေါက်စီစားတော့ ကိုယ့်ဥကိုယ်ကို စားနေသလိုမခံစားရဘူးလား"
ကျန်းယွီသော်၏လက်မှာ လေပေါ်တွင် ရပ်သွားပြီး ချန်ခေါ့အား ကြည့်လိုက်သည်။
ချန်ခေါ့သည် လက်ထဲမှ ဝက်သားမုန့်ကြွပ်ကို တစ်ကိုက် ကိုက်လိုက်ပြီး ဆက်ပြောသည်။
"ဒီဟာ ငါစားဖူးသလိုတော့ရှိတယ်။ ထင်းဖူလိုဆိုင်က မဟုတ်လား"
"မခံစားရဘူး"
"ဟင်"
ချန်ခေါ့က ကျန်းယွီသော်ကို ကြည့်လိုက်သည်။
ကျန်းယွီသော်သည် စားပွဲပေါ်မှတဆင့် ချန်ခေါ့ဆီသို့ ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
"ခင်ဗျား ... ကိုယ့်ဥကိုယ်ကို ငုံ့ကိုက်လို့မီတယ်ပေါ့။ သခင်လေးက မခေဘူးပဲ"
ကျန်းယွီသော်သည် ချန်ခေါ့နှင့် ရန်ဖြစ်ဖူး၍ အနှီပုဂ္ဂိုလ်မှာ ကိုယ်ခံပညာတတ်မြောက်မှန်းသိနေသော်လည်း အမှန်အတိုင်းပြောရလျှင် ချန်ခေါ့ကို ကြည့်လိုက်လျှင် တိုက်ခိုက်မှုစွမ်းရည်ညံ့ဖျင်းပုံပေါက်သည်။ ထို့ကြောင့် ချန်ခေါ့၏ လက်သီးချက်ကြောင့် သူ့မျက်လုံးထောင့်တွင် အညိုအမဲစွဲဖူးသည့်သမိုင်းကိုလည်း မကြာခဏ မေ့သွားလေ့ရှိသည်။
ကျန်းယွီသော်မှာ မိမိတောင် သေချာမမြင်လိုက်သည့်အရှိန်ဖြင့် ချန်ခေါ့က မိမိဆံပင်ကိုဆွဲပြီး ခေါင်းကို စားပွဲပေါ်တွင် အုန်းခနဲ ဆောင့်ချကာ ဖိထားခံလိုက်ရသည်။ ထိုအချိန်မှသာ ကျန်းယွီသော်သည် ချန်ခေါ့၏ တိုက်ခိုက်မှုစွမ်းရည်မှာ မနိမ့်ပါးလှကြောင်း သတိရသွားတော့သည်။
ကျန်းယွီသော်သည် စားပွဲပေါ်တွင် ခေါင်းဘေးတစ်ခြမ်းဖိကပ်နေသော အနေအထားဖြင့် မျက်စိရှေ့မှ ကြက်ခြေထောက်ဘူးကို ကြည့်နေသည်။
"ခင်ဗျားကို မနက်စာဝယ်ကျွေးတာ ခင်ဗျားက ကျွန်တော့်ကို ဒီကျေးဇူးပြန်ဆပ်တယ်ပေ့ါ"
"ငါကရော မင်းကို ဝယ်ကျွေးခိုင်းလို့လား"
ချန်ခေါ့သည် ခေါင်းဖိထားသောလက်ကို မလွှတ်ပေးသေးချေ။
"ဘာပဲဖြစ်ဖြစ် ခင်ဗျား ထွက်မသွားဘူးလေ။ ခင်ဗျားသွားချင်ရင်တောင် ကျွန်တော့် အခုအခြေအနေနဲ့ ခင်ဗျားကို တားနိုင်မယ်ထင်လို့လား"
"လခွမ်းလားဟ"
ချန်ခေါ့မှာ အလွန်တရာ အံ့သြသွားရသည်။
ထို့နောက် ဖိထားသည့်လက်ကို ဖြေလျှော့လိုက်သည်။ ကျန်းယွီသော်ခေါင်းပြန်ထောင်လာချိန်တွင် ချန်ခေါ့သည် မတ်တတ်ရပ်ပြီး ကုတ်အင်္ကျီကိုဝတ်ရင်း တံခါးပေါက်ဘက်သို့ လျှောက်သွားနေပြီဖြစ်သည်။
ကျန်းယွီသော်က သက်ပြင်းတစ်ချက်ချလိုက်သည်။ တကယ်တော့ သူသည် ချန်ခေါ့က ယခုကဲ့သို့ သူအသက်ရှိမရှိကို အထူးတလည်လာကြည့်ပေးသည့်အခြေအနေတွင် ချန်ခေါ့ကို ဒေါသဆွပေးလိုစိတ် လုံးဝမရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်သည် စကားပြောလျှင် အမြဲတမ်းအပေါက်အလမ်းမတည့်ဘဲ တောင်တစ်လမ်း မြောက်တစ်လမ်းနှင့် ဘယ်တော့မှ လမ်းကြောင်းတစ်ခုတည်းပေါ်တွင် မရှိနေကြပေ။ အရင်တုန်းက မိမိသည် ချန်ချင့်တစ်ယောက်တည်းနှင့်သာ ထိုကဲ့သို့ လမ်းကြောင်းလွဲနေသည်ဟု ထင်နေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ချန်ခေါ့နှင့်လည်း ထူးမခြားနားဖြစ်နေသည်။
သူလည်း မတ်တတ်ရပ်လိုက်ပြီး ချန်ခေါ့ကို တားရန် လက်ဆန့်လိုက်သည်။ ချန်ခေါ့က ဘာရည်ရွယ်ချက်မှမရှိဘဲ မိမိကိုကြည့်ရန်အတွက်သက်သက်လာခဲ့သည်ကို လုံးဝမယုံနိုင်သေးသော်လည်း၊ ချန်ခေါ့နှင့် ဖော်ရွေကောင်းမွန်သော ဆက်ဆံရေးကိုလည်း ထိန်းသိမ်းချင်နေသေးသည်။ အကယ်၍ တစ်ခုခုမှားနေလျှင်လည်း သူ့အနေနှင့် အမြန်သတိထားမိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ကျန်းယွီသော်သည် အလျင်အမြန်ထရပ်လိုက်သည့်အပြင် တောက်လျှောက်အိပ်ရေးပျက်ထားကာ ခုနတုန်းကလည်း ခေါင်းနှင့်စားပွဲအဆောင့်ခံထားရသောကြောင့် မတ်တတ်ရပ်လိုက်သည်နှင့် ဘာမှမမြင်ရတော့ဘဲ မိုက်ခနဲဖြစ်ပြီး အသည်းအသန်မူးဝေသွားသည်။
ချန်ခေါ့လှည့်ကြည့်သည့်အချိန်တွင် အမြင်အာရုံဝေဝါးနေပုံရသော ကျန်းယွီသော်က မိမိဆီသို့ ဒယိမ်းဒယိုင်လျှောက်လာနေသည်ကိုတွေ့လိုက်သည်။ ထိုင်ခုံကို ဝင်မတိုက်မိမီ ချန်ခေါ့သည် ကျန်းယွီသော်အား တွဲကူလိုက်ပြီးသားဖြစ်သွားသည်။
ချန်ခေါ့က မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုဖြစ်တာလဲ"
"ရုတ်တရက် ထရပ်လိုက်လို့"
ချန်ခေါ့က လက်လွှတ်လိုက်ရန်အလုပ်တွင် ကျန်းယွီသော်၏နဖူးပေါ်၌ ချွေးသီးချွေးပေါက်အလုံးကြီးများ တွဲခိုလျက်ရှိနေသည်ကို မြင်လိုက်ရ၍ အံ့သြသွားတော့သည်။ သူထထွက်မသွားခင်တွင် လုံးဝမရှိသေးသော ချွေးသီးများမှာ မိနစ်ပိုင်းအတွင်းတွင် နဖူးအပြည့်ဖြစ်နေသည်။
ချန်ခေါ့မှာ ချက်ချင်းထိတ်လန့်လာသည်။
"ရုတ်တရက်ထရပ်လိုက်ရုံနဲ့ ဒီလိုပုံစံ မဖြစ်ပါဘူး။ အရင်ဆုံး ထိုင်လိုက်"
ကျန်းယွီသော်က ဆိုဖာဆီသို့ ယိမ်းထိုးဦးတည်လိုက်ပြီး ချန်ခေါ့သည် ကျန်းယွီသော်၏လက်မောင်းတစ်ဖက်ကိုထိန်းရင်း တွဲလိုက်တွန်းလိုက်ဖြင့် ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။
"ချန်ချင့်ကို ခေါ်လိုက်။ ဆေးရုံမသွားဘူး"
"ဘာပြောတာလဲ"
ကျန်းယွီသော်က ဆိုးရွားနေသော အသံအက်အက်ကို ချန်ခေါ့က သေချာမကြားရပေ။
"ချန်ချင့်"
ကျန်းယွီသော်က မျက်ခုံးများတွန့်ပြီးပြောလိုက်ကာ အခြေအနေကောင်းကောင်းပုံမရပေ။
"သိပြီ"
ချန်ခေါ့သည် ကျန်းယွီသော်၏ နဖူးပေါ်ကို လက်နှင့် စမ်းသပ်လိုက်သည်။ နဖူးပေါ်မှ ချွေးများက လက်ထဲတွင်ပါလာသောကြောင့် ကျန်းယွီသော်၏ အင်္ကျီပေါ်တွင် သုတ်လိုက်သည်။ ကိုယ်ပူနေခြင်းမရှိသလို အဖျားတက်နေခြင်းမဟုတ်...။
"လခွီးတဲ့မှ"
"မင်းချွေးတွေလေ။ ငါ့အင်္ကျီမှာ သုတ်ရမှာလား"
ချန်ခေ့ါသည် တစ်ဖက်သို့လှည့်ပြီး စားပွဲပေါ်တွင် တင်ထားသော ကျန်းယွီသော်၏လက်ကိုင်ဖုန်းကို ယူလိုက်သည်။
ဖုန်း wallpaper မှာ သာမန်ခေါ်နေကျကြောင်နာမည်မဟုတ်သည့် မြောင်၏ဓါတ်ပုံဖြစ်သည်။ နေရောင်ခြည်အောက်တွင် တလက်လက်တောက်ပနေသော အမွှေးပွပွမျက်နှာလေးနှင့် ရိုက်ထားတာ တော်တော်ကောင်းသည်။
သို့သော် ချန်ခေါ့သည် သေချာကြည့်ချင်စိတ်မရှိဘဲ ဖုန်း call log ကို ဖွင့်လိုက်သည်။ ချန်ချင့်၏နာမည်ကို မတွေ့မိဘဲ ပထမဆုံးမျက်လုံးထဲဝင်လာသည်မှာ "ချန်-ငတုံး-ခေါ့" ဖြစ်သည်။
ချန်ခေါ့သည် တိုးတိတ်စွာ ကျိန်ဆဲလိုက်ပြီးနောက် ချန်ချင့်နံပါတ်ကို ဆက်ရှာနေသည်။
"ဒီ -ထျန်းဝမ်ကိုင့်တိဟူ- လား ..."
ကျန်းယွီသော်က အလိုမကျစွာ မျက်မှောင်ကို တွန့်ချိုးထားရင်း "အင်း" ဟု ဖြေသည်။
[T/N : - ထျန်း ဝမ် ကိုင့် တိ ဟူ 天王盖地虎 - ဒီစကားစုကတော့ တရုတ်ဂန္ဓဝင်ဝတ္ထုတစ်အုပ်ထဲမှာ ပါဖူးတဲ့ စကားစုပါ။ သူ့ရဲ့နောက်ဆက်တွဲကတော့ - ပေါင်း ထာ ကျိန့် ဟော် ယောင်း 宝塔镇河妖 - ဖြစ်ပါတယ်။ ဒီစကားစု နှစ်ကြောင်းကို ရုပ်ရှင်တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာမမြင်ဖူးတဲ့ စပိုင်နှစ်ယောက်က အချိန်းအချက်အနေနဲ့ တစ်ယောက်က အရှေ့စကားစုပြော၊ နောက်တစ်ယောက်က အနောက်စကားစုကို ပြောပြီးတော့ အချင်းချင်းအပြန်အလှန်အတည်ပြုဖို့ အသုံးပြုခဲ့ဖူးပါတယ်။ - ထျန်း ဝမ် ကိုင့် သိ ဟူ - ရဲ့ အဓိပ္ပါယ်ကတော့ "ကောင်းကင်နတ်မင်းက မြေပြင်ပေါ်က ကျားကို အုပ်ထိန်းတယ်" ဖြစ်ပါတယ်။]
ချန်ခေါ့သည် "ထျန်း ဝမ် ကိုင့် တိ ဟူ" ၏ နံပါတ်ကို ဆက်သွယ်ခေါ်ဆိုလိုက်သည်။ နှစ်ခေါက်သုံးခေါက်မျှ ဖုန်းသံမြည်သွားပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။
"စန်းကော"
"ငါ ... ချန်ခေါ့"
တစ်ဖက်ရှိ ချန်ချင့်၏အသံထွက်မလာတော့ပေ။ ချန်ခေ့ါဆိုတာ ဘယ်သူမှန်း ရုတ်တရက် မမှတ်မိတာဖြစ်လိမ့်မည်။ သို့နှင့် ချန်ခေါ့က ထပ်ပြောသည်။
"Jaeger"
"အာ ... ဒါနဲ့ စန်းကောဖုန်းက ဘာလို့ခင်ဗျားဆီမှာရှိနေတာလဲ"
ချန်ချင့်မှာ အံ့သြနေပုံရသည်။
ချန်ခေါ့က ကျန်းယွီသော်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါအခု ကျန်းယွီသော်ရဲ့အိမ်မှာ။ သူ့ကြည့်ရတာ"
"ခင်ဗျား သူ့ကိုဘာလုပ်လိုက်ပြီလဲ"
ချန်ချင့်က ရုတ်တရက်ထပြီး အော်မေးလိုက်သည်။
"ဘာမှမလုပ်ဘူး။ သူ့ပုံစံက ... ..."
ချန်ခေါ့က အလိုမကျစွာ မျက်မှောင်ကိုတွန့်ချိုးလိုက်သည်။ ယခုတစ်ခေါက်လည်း စကားမဆုံးမီ ဖြတ်မေးခံလိုက်ရပြန်သည်။
"ခင်ဗျားသူ့ကို ဘာမှမလုပ်ဘဲ ဖုန်းက ဘာလို့ ခင်ဗျားလက်ထဲရောက်နေရတာလဲ"
"လခွီးတဲ့မှပဲ မေဘေး ... ငါသူ့ကို ဓါးနဲ့ထိုးလိုက်ပြီ။ မင်းအခုချက်ချင်း ဒီကိုလာခဲ့။ နည်းနည်းနောက်ကျတာနဲ့ သေအောင် ထိုးသတ်လိုက်မယ်"
ချန်ခေါ့မှာ ပေါက်ကွဲနေပြီဖြစ်သည်။
ချန်ချင့်ဘက်မှ အသံတိတ်သွားကာ စက္ကန့်အနည်းငယ်ခန့်အကြာတွင်မှ အသိဉာဏ်ပြန်လည်ရောက်ရှိလာပုံရပြီး ထင်ရာလျှောက်အော်နေသံများ ရပ်တန့်သွားသည်။ ထို့နောက် ပြေးနေသည့်အသံနှင့်တူသော အလောတကြီးအသက်ရှူသံနှင့် မေးလာသည်။
"စန်းကော ဘယ်လိုဖြစ်တာလဲ"
"ခေါင်းမူးနေတာ ထင်တယ်။ အသံကလည်း အက်နေတယ်"
"ကျွန်တော် အခုချက်ချင်း ... ချက်ချင်း လာခဲ့မယ်။ ခင်ဗျားသူ့ကို ဆေးရုံမပို့လိုက်နဲ့။ ဆေးရုံမပို့လိုက်နဲ့နော် လုံးဝ ဆေးရုံမပို့လိုက်နဲ့။ သူဆေးရုံသွားလိုက်ရင် နောက်တစ်ခါ အစကနေပြန်မူးသွားလိမ့်မယ်"
ချန်ချင့်က တရစပ်ပြောလိုက်သည်။
"သိပြီ။ ငါအခု သူ့ကို ဘာလုပ်ပေးဖို့လိုလဲ"
"မလိုဘူး။ သူ့ကို စောင့်ကြည့်နေရင် ရပြီ။ သူခေါင်းမူးတာပဲ ရှိတာ။ ဖြစ်နေကျပဲ။ အစ်မချန့်ပြောတာကတော့ ဟို *လှပတဲ့ကိစ္စ ရောဂါဆိုလားပဲ။ ဒါပေမဲ့ ဆေးရုံးသွားမပြတော့ သေချာမသိရဘူး။ ကျွန်တော် ခဏနေရင်ရောက်မယ်။ ကားမောင်းလာခဲ့မယ်"
ချန်ချင့်က အပြေးတပိုင်းနှင့်ဖုန်းပြောနေသောကြောင့် လေတိုးသံများကိုပါ ကြားနေရသည်။
ချန်ခေါ့သည် ဘာဆက်ပြောရမှန်းမသိတော့သောကြောင့် ဂရုစိုက်မောင်းလာရန်ပြောပြီး ဖုန်းချလိုက်သည်။
[T/N : *လှပတဲ့ကိစ္စ ရောဂါနဲ့ပတ်သတ်ပြီး ရှင်းပြချက်က နောက်တစ်ခန်းမှာ ပါလိမ့်မယ်နော်။]
ဖုန်းချလိုက်ပြီးနောက် ချန်ခေါ့သည် စားပွဲဘေးတွင် ကြောင်တောင်တောင်နှင့် ခေတ္တမျှ မတ်တတ်ရပ်နေပြီးနောက် ထိုင်ခုံတစ်လုံးယူကာ ဆိုဖာဘေးတွင်ချပြီး ဝင်ထိုင်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် လှဲအိပ်နေသော ကျန်းယွီသော်အား ကြည့်လိုက်သည်။
"ရေသောက်မလား"
"မသောက်ဘူး"
ကျန်းယွီသော်က မျက်လုံးများကို မှိတ်ထားရင်း ဖြေလိုက်သည်။
ချန်ခေါ့သည် "အင်း" ဟုပြောလိုက်ပြီး လည်ချောင်းရှင်းသလို ချောင်းဟန့်လိုက်သည်။ ဘာဆက်လုပ်ရမလဲဆိုတာကိုလည်း သူမသိပေ။ သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှမကြုံဖူးသေးချေ။ ဘယ်သူပဲဖြစ်ဖြစ် ယခုကဲ့သို့ အခြေအနေမဟန်လောက်အောင် နေမကောင်းဖြစ်နေပါက ဘယ်သူမှ အိမ်မှာမနေကြပေ။ သူ့အနေနှင့်လည်း ဆရာဝန်နှင့်သူနာပြုများ အလုပ်ရှုပ်ပြေးလွှားနေသည်ကို လူနာခန်းထဲတွင်ရပ်ကြည့်နေရုံသာ...။
သို့သော် ယခုကဲ့သို့ တိတ်ဆိတ်နေသောအခါ အမြင်အရ အခြေအနေမှာ ဝတ်ကျေတမ်းကျေပုံစံပေါက်နေသည်။ ချန်ခေါ့သည်လည်း မိမိက ကျန်းယွီသော်အား အမှန်တကယ်ဓါးနှင့်ထိုးလိုက်သလို ကသိကအောက်ခံစားချက်မျိုးလည်း ဖြစ်ပေါ်လာသည်။
သို့နှင့် ချန်ခေါ့က ဖျစ်ညှစ်ပြီး ထပ်မေးသည်။
"တစ်ခုခုစားဦးမလား"
ကျန်းယွီသော်က ဘာမှမပြောဘဲ တိတ်ဆိတ်နေပြီး အသက်ကို ခပ်ဖြည်းဖြည်းရှူထုတ်လိုက်သည်။ ခဏကြာမှ အသံထွက်လာသည်။
"အတင်းဖျစ်ညှစ်ပြီး စကားရှာမပြောလည်းရတယ်။ ခင်ဗျားခေါင်းမူးနေတဲ့အချိန် တစ်ခုခုလာစားခိုင်းရင် ခင်ဗျားစားဝင်လို့လား"
"စားမဝင်ဘူး"
ချန်ခေါ့က အမှန်အတိုင်းပင်ဖြေလိုက်သည်။
"အဲဒါကြောင့် ပါးစပ်ပိတ်နေ"
ချန်ခေါ့သည် နေမကောင်းသောသူနှင့် စကားမများချင်သောကြောင့် ဘာမှပြန်မပြောဘဲ နေနေသည်။ ကျန်းယွီသော်၏နဖူးပေါ်မှ ချွေးစက်များ ပြန်ထွက်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားပြီး ဆိုဖာပေါ်ရှိ တဘက်တစ်ထည်ကို ဆွဲယူလိုက်ကာ ကျန်းယွီသော်နဖူးပေါ်မှ ချွေးများကို သုတ်ပေးလိုက်သည်။
"အဲဒီစောက်တဘက်က ကြောင်ကိုသုတ်တဲ့အဝတ်ကြီး"
ချန်ခေါ့သည် ဘေးနားရှိ မြောင်ကို ကြည့်လိုက်ပြီးနောက် မထိန်းနိုင်တော့ဘဲ အူမြူးလာသည်။ ဒီလိုအချိန်တွင် အသံထွက်အောင် ရယ်မောခြင်းမှာ အမှန်တကယ် မသင့်တော်ချေ။ သို့နှင့် အဆောတလျင် ပြန်ထိန်းလိုက်သည်။
"ဆောရီး"
ကျန်းယွီသော်၏ နှုတ်ခမ်းထောင့်များ ဆတ်ခနဲ တွန့်ပြီး ရယ်လိုက်သည်။
ရယ်လိုက်ပြီးနောက် တစ်ခွန်းထပ်ပြောသည်။
"ဆေးရုံမသွားဘူး"
"အင်း ... သိတယ်"
ချန်ခေါ့က သူ့ကိုကြည့်ရင်း ပြောသည်။
***
(ဆက်ရန်)
8th Jan 2020