လေဆိပ်မှာပျားပန်းခတ်သလိုလူတွေ ရှုပ်နေပေမယ့် နေးတို့က လူရှင်းသည့်ထောင့်တစ်နေရာမှာ ရပ်နေကြသည်။ မနေ့ညကပြဿနာကြောင့် နေးက ကိုခန့်နှင့် မျက်လုံးချင်းမဆုံမိအောင်နေသည်။ မျက်နှာကိုလည်း ပုံမှန်ထက် တင်းမာသည့်အနေအထားပြင်ထားသည်။
" ဟိုရောက်မှ ကိုယ်တို့ ဆက်ပြောကြတာပေါ့ ကိုဘုန်းခန့်ပိုင်... နောက်မှထပ်တွေ့ကြတာပေါ့ "
လျှန့်စကားကို ဘုန်းခန့်ပိုင်တွေးကြည့်ရင် ဘာအဓိပ္ပာယ်လဲဆိုတာ သိနိုင်ပါလိမ့်မည်။ သဘောရိုးထင်နေသည့် သုန်သုန်ကတော့ လျှန့်စကားကို ခေါင်းညိတ်လို့သာ ထောက်ခံသည်။ မျက်နှာလေးတင်းချီနေသည့် အဝါရင့်ရောင်မုန်ညင်းပန်းလေးကတော့ လျှန့်အနားမှာ ပန်းပုရုပ်ကလေး ချထားသလို မတုန်မလှုပ်လေး။
" လေယာဉ်ချိန်လည်းနီးပြီဆိုတော့ ကိုယ်တို့ပြန်တော့မယ်... အပြန်ဝင်စရာတစ်ခုရှိလို့ "
" ဟုတ်ကဲ့ ကိုဘုံလျှန်... သုန်သုန်တို့ သွားတော့မယ်နော်... ကိုနေးလက်ျာ သုန်တို့ကို ခွင့်ပြုပါဦး "
ဇွတ်တရွတ်နိုင်လှတဲ့မိန်းကလေးက လျှန်တို့ကို ခပ်သွက်သွက်နှုတ်ဆက်ရင်း ဘေးက ဘုန်းခန့်ပိုင်ရဲ့ လက်မောင်းကိုဆွဲကာ အနားကနေ လှည့်ထွက်သွားသည်။ အသက်မဲ့နေသူတစ်ယောက်လို မလှုပ်မယှက်ငြိမ်သက်နေသည့် ဘုန်းခန့်ပိုင်ကတော့ သုန်သုန်ဆွဲခေါ်ရာနောက်ကို လေးဖင့်စွာနဲ့ပါသွားသည်။
" နေးလက်ျာ ဒီကိုရောက်တုန်းသွားချင်တဲ့နေရာများရှိလား "
" မရှိပါဘူး... ဒုဥက္ကဌ "
" ဒုဥက္ကဌ လို့ပဲခေါ်နေတော့မှာလား "
" ဗျာ "
ကားပေါ်ရောက်တော့ ထိုင်ခုံခါးပတ်ပတ်နေတုန်း ကြားလိုက်ရသည့်စကားကြောင့် နေး ဒုဥက္ကဌရှိရာကို လှည့်ကြည့်လိုက်သည်။ ရွှန်းရွှန်းစားစားကြီး နေးကို စိုက်ကြည့်နေတဲ့ ဒုဥက္ကဌရဲ့ မျက်လုံးတွေကြောင့် ခပ်သွက်သွက်အကြည့်လွှဲလိုက်ရသည်။
" အလုပ်ချိန်ပြင်ပမှာတော့ မင်းဆီက ကိုယ့်နာမည်ခေါ်တာလေး ကြားချင်တယ် "
" မသင့်တော်ဘူးလို့ ထင်ပါတယ်... တခြားလူတွေကြားသွားရင်လည်း မကောင်းပါဘူး "
" ကာယကံရှင်ဖြစ်တဲ့ကိုယ်က သင့်တော်တယ်လေ... တခြားသူအမြင်လိုရအောင် သူတို့နာမည်ခေါ်ခိုင်းတာမှမဟုတ်ပဲ "
" ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ မသင့်တော်ဘူးလို့ထင်ပါတယ် "
နေးလက်ျာ၏ခေါင်းမာမှုကို လျှန် အလျှော့ပေးလိုက်သည်။ ဆက်ငြင်းလို့မနိုင်တော့တာကြောင့် မဟုတ်ပဲ ဒါက ချစ်ခြင်းမေတ္တာကြောင့်ဖြစ်တည်လာတဲ့ အောင်မြင်စွာအရှုံးပေးခြင်းဆိုတာကိုတော့ မုန်ညင်းပန်းလေးသိအောင် ကြေညာပြချင်သေးသည်။
" မင်းဆန္ဒမရှိသေးဘူးဆိုရင် မခေါ်ပါနဲ့... အချိန်တွေအများကြီးရှိပါသေးတယ်...အဟင်း... ကိုယ်တို့ ကျွန်းကိုပတ်ကြည့်ကြမလား "
မျက်ခုံးတစ်ဖက်ပင့်ပြီးပြောလာတဲ့ ဒုဉက္ကဌကြောင့် နေးမျက်မှောင်ကြုတ်သွားသည်။ အချိန်တွေအများကြီးရှိပါသေးတယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ ကျွန်းကိုပတ်ကြည့်ဖို့လား... သူ့နာမည်ခေါ်ဖို့လား...
" ဒုဥက္ကဌဆန္ဒရှိရင်တော့ သွားပါ ... ကျွန်တော့်ကို ဟိုတယ်မှာ ထားခဲ့ရင်ရပါတယ် "
" ဟင့်အင်း ... ကိုယ်က မင်းနဲ့အတူတူသွားချင်တာ "
လက်ခံလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးမိတာကြောင့် ငြင်းဖို့သာဆုံးဖြတ်လိုက်သည်။ မနေ့ညကလည်း ပင်ပန်းထားတာကြောင့် နေး ထပ်ပြီး ခေါင်းရှုပ်မခံချင်ပါ။
" ပြီးခဲ့တဲ့ရက်တွေမှာ ပင်ပန်းထားတယ်မလား နေးလက်ျာ... ဒီနေ့တစ်ရက်တော့ ကိုယ်တို့ဦးနှောက်ကို အနားပေးကြတာပေါ့ "
ငြင်းဖို့ပြင်ပြီးကာမှ ဒုဥက္ကဌပြောတဲ့စကားကလည်း မှန်နေတာမလို့ နေး ခေါင်းညိတ်ပြလိုက်သည်။ တစ်ခုခုဆိုလည်း လေးလေးတို့ပြောထားသလို ရှောင်ထွက်လိုက်ရုံပေါ့။
" အင်း... ကိုယ်တို့ ကျွန်းအရှေ့ဘက်ကိုသွားကြတာပေါ့... အဆင်ပြေလား နေးလက်ျာ "
" ရပါတယ် "
" ကိုယ် မြေပုံလိုတယ် နေးလက်ျာ "
" လမ်းမသိဘူးလား... ဒုဥက္ကဌ "
ပြုံးရင်းခေါင်းရမ်းတဲ့ ဒုဥက္ကဌကြောင့် နေး အနည်းငယ်ကြောင့်သွားပြီး ခေါင်းလေးစောင်းကာ လှည့်ကြည့်လိုက်မိသည်။
" မင်းမျက်ဝန်းတွေထဲမှာ ကိုယ် လမ်းပျောက်သွားလို့လေ... "
ပြန်မဖြေနိုင်ပဲ လိပ်ပြာတောင်ပံခတ်သလို ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတဲ့ မျက်တောင်ရှည်တွေကြောင့် လျှန် သဘောတကျရယ်လိုက်ရင်း ကားစက်နှိုးလိုက်သည်။ မုန်ညင်းပန်းလေးက ဒီတစ်ခါတော့ အလစ်အငိုက်မိသွားပြီထင်ပါ့။
ပြန်လှည့်ကြည့်လိုက်တော့ အဝါရောင်လေးက တစ်ဖက်ကိုလှည့်ကာ အပြင်ဘက်ကို ငေးကြည့်နေသည်။ ကားမှန်ဖွင့်ထားတာမလို့ တိုက်ခတ်လာတဲ့လေတွေက ထုံးဖွဲ့ထားပြီး ခပ်ဝဲဝဲဖြာကျနေတဲ့ နေးရဲ့ ဆံနွယ်လေးတွေကို လူးလားကျီဆယ်သည်။ ရှုမငြီးတဲ့ နတ်ဘုရားအလှတရားလေးပင်။
" ခဏလေး မဆင်းနဲ့ဦး... နေအရမ်းပူလို့ ကိုယ်ထီးယူခဲ့မယ် "
လေဆိပ်ကနေ အတန်ကြာမောင်းပြီးတဲ့နောက် နေးတို့ ကမ်းခြေတစ်နေရာကို ရောက်လာသည်။ ပြောချင်ရာပြောပြီး ကားပေါ်ကဆင်းသွားတဲ့ ဒုဥက္ကဌကြောင့် နေးလည်း ဂရုမစိုက်ပဲ နေကာမျက်မှန်တစ်လက်ကို ကောက်တပ်လိုက်ရင်း ကားပေါ်ကဆင်းလိုက်သည်။
" ဖိနပ်ချွတ်ခဲ့ပါလား နေးလက်ျာ... ဖိနပ်ထဲသဲတွေဝင်မယ် "
ထီးတစ်လက်နဲ့အတူ အနားကိုရောက်လာတဲ့လူကြောင့် နေးလည်း ခေါင်းညိတ်ပြရင်း အနက်ရောင်ရှူးဖိနပ်လေးကိုချွတ်ကာ လက်ကထိုင်ထားလိုက်သည်။
" ထီးက ကျွန်တော့်ကိုပေးပါ ဒုဥက္ကဌ ... ကျွန်တော်နောက်ကနေ လိုက်ဆောင်းပေးပါ့မယ် "
" ကိုယ်လုပ်ပေးချင်လို့... လမ်းတော့နည်းနည်းလျှောက်ရမယ် "
" ဟုတ်ကဲ့... "
ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့ ခြောက်သွေ့သွေ့လေအေးတွေက နေးရဲ့ မျက်နှာကို လာကျီစယ်သည်။ သဲသောင်ပြင်ပေါ် ဖိနပ်မပါပဲ လမ်းလျှောက်ရသည့် ခံစားချက်ကလည်း နူးညံ့လွန်းလှသည်။
" ရေထဲဆင်းချင်သေးလား "
" ဟင့်အင်း "
" စိတ်ရှုပ်စရာတွေများ ရှိနေသလား... နေးလက်ျာ "
" ဒီတိုင်း တွေးစရာနည်းနည်း ... "
လမ်းလျှောက်လာကြရင်း ပင်လယ်ရေတွေ တဝုန်းဝုန်းလာရိုက်ခတ်နေတဲ့ ကျောက်ဆောင်တွေနားရောက်တော့ လျှန်တို့နှစ်ယောက်အတူတူ ထိုင်ဖြစ်ကြသည်။ စကားမဆိုပဲ ပင်လယ်ကိုသာ ခပ်ငေးငေးကြည့်နေသည့် အလှတရားလေးကြောင့် လျှန်လည်း ထီးလက်ကိုင်ရိုးကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ရင်း နုဖတ်ဖတ်ခြေဖျားရဲရဲလေးတွေကို အသာငေးမိသည်။
" လေက လတ်ဆတ်နေတာပဲ "
လျှန့်ကို ပြောတာမျိုးမဟုတ်ပဲ တစ်ယောက်တည်း အသက်ပြင်းပြင်းရှိုက်ရင်း ခပ်တိုးတိုးဆိုနေတဲ့ နေးလက်ျာလေးကြောင့် ထပ်ပြီးပြုံးမိရပြန်သည်။
" ဗိုက်မဆာဘူးလား နေးလက်ျာ... မနက်ကလည်း မနက်စာမစားခဲ့ရဘူးမလား "
" ဟုတ်ကဲ့ "
" ကိုယ်တို့ ဆိုင်တစ်ဆိုင်ရှာပြီး စားကြမလား "
နေး ဘာမှမတုံ့ပြန်ခင် ဒုဥက္ကဌက ထိုင်နေရာကနေ ဆတ်ခနဲထသည်။
" လာ သွားရအောင် "
နေးဆီကို ကမ်းပေးနေတဲ့ လက်တစ်ဖက်ကြောင့် ထိုင်နေလျက်ကနေ မော့ကြည့်လိုက်သည်။ မနက်ခင်းရဲ့ နေရောင်နဲ့အပြိုင် ဒုဥက္ကဌကလည်း နေးကို ပြုံးပြနေသည်။ လက်တစ်ဖက်ကို ပြန်ကမ်းပေးလိုက်ရင်း အားယူထတော့ ဆတ်ခနဲဆွဲခံလိုက်ရတဲ့ လက်တစ်ဖက်ကြောင့် နေးတစ်ကိုယ်လုံး ဒုဥက္ကဌရဲ့ ရင်ခွင်ထဲ ပစ်ဝင်သွားသည်။
ကျောက်ဆောင်တွေပေါ်မှာဖြစ်တာကြောင့် ဟန်ချက်ပျက်ပြီး နှစ်ယောက်စလုံး ယိုင်ထိုးသွားတာမလို့ နေး မျက်စိနှစ်ဖက်လုံးကို ခပ်တင်းတင်း ဖိမှိတ်ထားလိုက်သည်။ တင်းကြပ်နေအောင် ပွေ့ပိုက်ခံလိုက်ရတဲ့ခါးကြောင့် ရုန်းဖို့ပြင်လိုက်ပေမယ့် နားတစ်ဖက်ထဲကို လေပူတွေ မှုတ်ထုတ်ခံလိုက်ရတာမလို့ နေးတစ်ကိုယ်လုံး တုန်ရင်သွားသည်။
" မြဲမြဲမှတ်ထားနော် နေးလက်ျာ ... မင်းက ကိုယ့်လက်တစ်ဖက်ကို ဆွဲကိုင်ပြီးပြီမလို့ တစ်သက်လုံး လွှတ်ပေးဖို့ အစီအစဉ်မရှိတော့ဘူး... ပြီးတော့ ဒီခါးလေးတွေရောပဲ "
" ဆက္ကဘုံလျှန်! လွှတ်စမ်း ခင်ဗျား ... "
ရုန်းလေတင်းကြပ်လေ ဖြစ်နေတာကြောင့် နေးမှာ ထောင်ချောက်ထဲ ပိတ်မိနေသည့် ကြွက်ဖြူလေးနှယ်။ မျက်စိရှေ့က ရင်အုံကြီးကို တတ်နိုင်သလောက် ထုရိုက်နေပေမယ့် တုပ်တုပ်မလှုပ်တာကြောင့် စိတ်ပင်ပန်းထားတဲ့ဒဏ်နဲ့ပေါင်းပြီး ခြေကုန်လက်ပန်းကျချင်နေပြီ။
" အခုတော့ ကိုယ့်နာမည်ခေါ်ဖို့ သင့်တော်သွားပြီပေါ့... ဟုတ်လား "
" လွှတ်ပေး "
" သိပ်ချစ်စရာကောင်းတာပဲ မင်း "
ဒေါသကြောင့်ရဲစွေးလာတဲ့ မျက်နှာလေးကို အားပါးတရဖိနမ်းပစ်ချင်ပေမယ့် အခုချိန်မှာ ပွေ့ပိုက်ပြီးလွန်ကြူးမိနေတာတောင် လွန်နေပြီမလို့ လျှန့်စိတ်ကိုထိန်းရင်း ထွေးပွေ့ထားမိတဲ့ခါးလေးကို ဖြေလျော့ပေးလိုက်သည်။
" ခင်ဗျား... "
ဒေါသသံလေးနဲ့အတူ အင်္ကျီလည်ပင်းကို လာရောက်ဆုပ်ကိုင်တဲ့ လက်ဖျားလေးတွေကိုလည်း ငုံကြည့်လိုက်သည်။ အားထည့်ထားတာကြောင့် သွေးစုပြီး ရဲစွေးနေတဲ့ လက်ချောင်းထိပ်ကလေးတွေ။ ပန်းပုရုပ်လေးက ခေါင်းအစ ခြေအဆုံး မြတ်နိုးချင့်စဖွယ်လေးရယ်။
" တောက်စ် ...! "
အင်္ကျီလည်ပင်းပေါ်က လက်တွေကို ဖယ်ခွာသွားပြီး ခပ်ပြင်းပြင်းတောက်တစ်ချက်ခေါက်ရင်း အနားကနေ ခပ်သွက်သွက်ထွက်သွားတဲ့ နေးက အထက်လူကြီးမလို့ ဆက်ပြီး ပြဿနာမဖြစ်ချင်လို့ စိတ်လျော့လိုက်ပုံပါပဲ။
" နေးလက်ျာ... ကိုယ့်ကို စောင့်ပါဦး "
နောက်ကို လှည့်မကြည့်စတမ်းထွက်သွားတဲ့ ကျောပြင်သေးသေးလေးကို သဘောတကျကြည့်ရင်း လျှန့်မှာ အမှီလိုက်ရပြန်ပါသည်။
>>>>>>>>>>
" ခဏ... ကားခဏရပ်ပေးပါဦး "
" ဘာဖြစ်လို့လဲ... နေးလက်ျာ "
ကမ်းခြေဘက်ကပြန်လာတဲ့လမ်းတစ်လျှောက် စကားတစ်ခွန်းမှမပြောတော့တဲ့နေးလက်ျာက ရုတ်တရက်ကားရပ်ခိုင်းတာကြောင့် လျှန် မေးလိုက်သည်။
" ဟိုနားလေးမှာ ရပ်နေတဲ့အဘွားကို လမ်းကူးပေးမလို့ "
နေးလက်ျာညွှန်တဲ့နေရာကိုကြည့်လိုက်တော့ လမ်းတစ်ဖက်ခြမ်းကနေ ကားလမ်းကူးဖို့တုံ့ဆိုင်းနေတဲ့ အဘွားတစ်ယောက်။ အသက်ကိုခန့်မှန်းကြည့်ရမယ်ဆိုရင် ခုနစ်ဆယ်ကျော်ရှစ်ဆယ်ဝန်းကျင်လောက်ရှိမည်။ သက်ကြီးရွယ်အိုတွေတစ်ယောက်တည်းလျှောက်သွားနေတာက အန္တရာယ်များလှသည်။
လျှန်က အဘွားကိုလှမ်းကြည့်ရင်း တွေးနေတုန်းရှိသေးသည်။ နေးလက်ျာကတော့ လမ်းကူးပြီး အဘွားဆီပင်ရောက်သွားပြီဖြစ်သည်။ အဘွားလက်ကိုတွဲရင်း ဘာတွေသဘောကျစရာတွေ့နေလဲတော့မသိ။ လျှန်နဲ့အတူရှိချိန်တိုင်း တိမ်မြုပ်ပျောက်ကွယ်နေတတ်တဲ့ သွားစွယ်ဖြူဖြူလေးရယ်၊ မြင်ရခဲလှတဲ့ပါးချိုင့်နက်နက်လေးနှစ်ဖက်ရယ်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ကားလမ်းကူးပြီးတဲ့နောက် ကားနားကိုလျှောက်လာတဲ့နေးလက်ျာနဲ့အဘွားကို လျှန် ကားပေါ်ကဆင်းပြီးစောင့်နေလိုက်သည်။
" ဟိုလေ ဒုဉက္ကဌ... အားတော့နာပေမယ့် ဒီကအဘွားကိုလှေဆိပ်လိုက်ပို့ပေးလို့ ရနိုင်မလား "
ကျောက်ဆောင်ပေါ်မှာဖြစ်သွားတဲ့ကိစ္စကို နေးလက်ျာကအနေခက်ပုံရသည်။ လျှန့်ကိုမျက်လုံးချင်းမဆုံပဲ စကားဆိုလာတော့ လျှန်နှုတ်ခမ်းစွန်းတို့ကော့တက်သွားရုံ ပြုံးလိုက်သည်။
" နေးလက်ျာ ဆန္ဒရှိတယ်ဆို... ကိုယ်က ဘာမဆိုဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ "
လျှန့်ကို မျက်လုံးတစ်ချက်စွေကြည့်ပြီး အဘွားကိုကားအနောက်ခန်းမှာထိုင်ခိုင်းရင်း နေးလက်ျာကိုယ်တိုင်လည်း ကားအနောက်ခန်းမှာဝင်ထိုင်သည်။
" ဟာ... အကြီးအကဲဘွားလေး ဘယ်ကဘယ်လိုဒီဘက်ရောက်လာလဲဗျာ့ "
လှေဆိပ်ရောက်တော့ အဘွားကိုသိပုံရတဲ့စက်လှေသမားတစ်ယောက်က အပြေးအလွှာလာပြီးကြိုသည်။
" ဒီကအစ်ကို အဘွားနဲ့သိတာလား "
စက်လှေမောင်းသူအမျိုးသားက အဘွားလက်ကိုတွဲထားတဲ့နေးလက်ျာတစ်လှည့် အနောက်မှာရပ်နေတဲ့လျှန့်ကိုတစ်လှည့်ကိုကြည့်ရင်း ခေါင်းညိတ်ပြသည်။
" အဘွားက မြေးနဲ့အတူဆေးမြစ်လာယူရင်း လူကွဲသွားတာလို့ပြောတယ်... ကားလမ်းကူးဖို့လုပ်နေတုန်း ကျွန်တော်နဲ့တွေ့လို့ခေါ်လာတာ... ဒန်ပူရီကျွန်းပြန်ပို့ပေးပါပြောလို့ "
" ဟုတ်တယ်... ဟုတ်တယ်... အကြီးအကဲဘွားလေးက ဆေးဆရာလေးနဲ့လိုက်လာနေကြ... ဒီတစ်ခါမှဘယ်လိုဖြစ်ပြီး လူကွဲသွားလဲမသိပါဘူး... ကျွန်တော်ခေါ်သွားပါမယ်... ပြီးမှ ဆေးဆရာလေးကို ဖုန်းဆက်ပြောလိုက်မယ်... ဒီကသူဌေးလေးတို့စုံတွဲကို ကျေးဇူးတင်ပါတယ်ဗျာ့ "
" ဗျာ... ကျွန်တော်တို့က "
" ရပါတယ်ဗျာ... ရေစက်ရှိလို့ဆုံရကြုံရတာပဲ... ကျေးဇူးတင်စရာမလိုပါဘူး "
စက်လှေမောင်းသူက နေးနဲ့ဒုဉက္ကဌကိုအထင်မှားနေတာကြောင့် ရှင်းပြမလို့ပြင်လိုက်ပေမယ့် အနောက်မှာတစ်ချိန်လုံးငြိမ်နေတဲ့ ဒုဉက္ကဌဆီက စကားသံထွက်လာသည်။ နေးအနောက်ကိုလှည့်ကြည့်လိုက်တော့ သူမဟုတ်သလို ရူတည်တည်နဲ့သာ ရပ်နေသည်။
" မြေးလေး... ဝဋ်ကြွေးတွေမကုန်သေးရင်တော့ ဆပ်ရဦးမှာပဲ... ကိုယ့်ဆီမှာရှိနေတဲ့ကံကောင်းခြင်းတွေကို သေချာသိမ်းထား... စေတနာကောင်းတဲ့မြေးလေးက ကံကောင်းမှာ "
အဘွားက နေးလက်ျာရဲ့ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်ပြီး မျက်ဝန်းအိမ်တို့စိုလဲ့လာသလိုပင်။ ဆံနွယ်တို့ကို ဖွဖွလေးသပ်ပေးပြီးတော့ စက်လှေမောင်းသူခေါ်ရာနောက်ကို လိုက်သွားတော့သည်။
" အဘွားနောက်လိုက်သွားချင်လို့လား "
စက်လှေထွက်သွားတဲ့အထိ ထိုနေရာမှာပဲ မလှုပ်မယှက်ရပ်နေတဲ့နေးလက်ျာကို လျှန် စ,လိုက်တော့ မျက်စောင်းနုနုလေးလွင့်ကျလာသည်။ ဒါက အသေးစားလူသတ်မှုဆိုတာကို နေးလက်ျာမသိလေရော့သလား။
" ဒုဉက္ကဌ အဲ့လိုပဲလုပ်နေကြလား "
" ဘာကိုလဲ "
" တစ်ဖက်သားက အထင်လွဲနေတာကို မရှင်းပြပဲ ချော်လဲရောထိုင်လုပ်တတ်တာ "
နေးလက်ျာစကားကြားတော့ လျှန် အသံထွက်ပြီး ရယ်မိသည်။ နေးလက်ျာမှာ ထိုသို့လည်း ကလေးဆန်ဆန်အမူအကျင့်လေးတွေလည်း ရှိတတ်ပါလား။
" ကျွန်တော်ပြောတာက ဟာသဖြစ်နေလို့လား "
" မဟုတ်ပါဘူး... ကိုယ်မသိသေး မမြင်ဖူးသေးတဲ့ မင်းရဲ့အမူအကျင့်လေးတွေက ချစ်စရာကောင်းနေလို့ သဘောကျမိတာပါ "
" အဲ့လိုပြောလည်း ကျွန်တော်ရင်မခုန်တာမို့ လိုရင်းကိုပဲပြန်သွားရအောင် "
" ဟုတ်ပါပြီကွာ... လိုရင်းကိုပြန်သွားရရင်တော့ ကိုယ်က ကိုယ့်အပေါ်ထားတဲ့တစ်ဖက်အမြင်ကို နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့သူ၊ တစ်ဖက်လူမထိပါးနိုင်တဲ့အထိ ကိုယ့်အနေအထားကို ထိန်းသိမ်းတဲ့လူမျိုး "
" အဲ့ဒါဆို ဘာဖြစ်လို့ ... "
" ကိုယ့်စကားမဆုံးသေးဘူးလေ... "
ဆက်မေးမလို့ပြင်နေတဲ့မုန်ညင်းပန်းလေးက လျှန့်စကားကြောင့်ရပ်တန့်သွားသည်။
" ဒါပေမယ့် တစ်ဖက်လူက မင်း ဖြစ်နေမယ်ဆိုရင် ကိုယ့်အတွက် ဘာဖြစ်ဖြစ်အဆင်ပြေတယ်... မင်း ဖြစ်နေဖို့ပဲလိုတာ "
ထိုနေ့က ကမ္ဘာကြီး၏တစ်ထောင့်တစ်နေရာတွင် မုန်ညင်းပန်းငယ်တို့ လှိုင်လှိုင်ပွင့်ခဲ့သည်။
>>>>>>>>>>
ဆက်ရန်
Yellowish_One 💛
(၆-၉-၂၀၂၃)