ရိုးမာန်ဘွဲ့တစ်ယောက် ဒီညနေတော့ အထီးကျန်နေသည်။ ဘုံလျှန်က မနက်ကအလုပ်ခရီးထွက်သွားသလို ယံကြီးကလည်း သူ့ကောင်မလေးနှင့်အတူ နိုင်ငံခြားဖက်ရှင်ပြပွဲတစ်ခုကို လိုက်သွားသည်။ သုံးယောက်သားပြန်ဆုံတာ သိပ်မကြာသေးရာကနေ အခုလိုရုတ်ချည်းတစ်ယောက်တည်း ကျန်ခဲ့တော့လည်း ယောင်ချာချာနိုင်လှသည်။
အလုပ်စားပွဲကို ကားသော့နဲ့ တတောက်တောက်ခေါက်နေရင်းကနေ ဉာဏ်အလင်းပွင့်သွားခဲ့သည်။ နေးလက်ျာက ဒီညနေ ဦးနော်ပြန်ရောက်မယ်လို့ ပြောထားခဲ့သည်။ အတွေးတို့ခေါင်းထဲရောက်လာသည်နှင့်တစ်ပြိုင်နက် နှုတ်ခမ်းထက်မှာအပြုံးစ,တို့ ခပ်ရေးရေးပေါ်လာသည်။ စိတ်ကူးထက်လက်တွေ့က ပိုမြန်သည်။ အပေါ်ဝတ်ဂျာကင်ကို ဝတ်လိုက်ပြီး ကားသော့ကို လက်ထဲလှည့်ရင်း အပြင်ထွက်လာခဲ့သည်။
" အစ်ကို ပြန်တော့မယ်... ကိစ္စရှိရင် ဖုန်းဆက်လိုက်ပါ... ညီလေးတို့ပြန်ရင် တံခါးတွေသေချာစစ်ဦး... စိတ်ချမယ်နော် "
" ဟုတ်ကဲ့... ကိုရိုးမာန် စိတ်ချပါ "
ကား showroom အပြင်ဘက်ကိုရောက်တော့ ရိုးမာန်ရဲ့ ဦးတည်ချက်က သူ့ကွန်ဒိုရှိရာနှင့် ဆန့်ကျင်ဘက်အရပ်ကို။ အထီးကျန်သူအချင်းချင်း ဖေးမကူညီသင့်သည်။ တရိပ်ရိပ်မောင်းနှင်းနေတဲ့ကားလေးက မိနစ်အချို့ကြာပြီးနောက်မှာတော့ သူသွားလိုရာအရပ်ကို ရောက်လာသည်။ ကားပါကင်မှာ တာဝန်ကျနေတဲ့လုံခြုံရေးက သူ့ကိုမြင်တော့ ကားတံခါးဖွင့်ပေးလာသည်။
" အစ်ကို... ဦးနော် ရောက်နေပြီလား "
ကားပေါ်ကမဆင်းသေးပဲ လုံခြုံရေးလူကြီးမင်းဆီ သတင်းအရင်ထောက်လိုက်သည်။
" ဘော့စ်... ခုနကပဲ ရောက်တယ်ဗျာ့... ဧည့်သည်တစ်ယောက်လည်း ပါလာသေးတယ် "
ရိုးမာန် ခေါင်းခပ်ဆတ်ဆတ်နှစ်ချက်ငြိမ့်ပြီး နှစ်ထပ်အဆောက်အဦထဲ ဝင်သွားသည်။ အထဲရောက်လို့ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ ဦးနော်က အောက်ထပ်ရဲ့ထောင့်ကျတဲ့စားပွဲတစ်လုံးမှာ ထိုင်နေသည်။
ရိုးမာန်ဝင်လာတာကိုတွေ့တော့ ဦးနော်ကတစ်ချက်ပြုံးပြရင်း ခေါင်းညိတ်အသိပြုသည်။ ဉီးနော်အရှေ့မှာထိုင်နေတဲ့အမျိုးသားကလည်း ရိုးမာန်ကို သမင်လည်ပြန်ကြည့်လာသည်။ မျက်လုံးအကြည့်တို့ကတော့ စူးရှရှနှင့် တိကျပြတ်သားသည့်အသွင်။ ရိုးမာန် ထိုလူကိုတစ်ချက်သာအကြည့်ပေးပြီး ' အပေါ်ထပ်မှာ ထိုင်မယ်နော် ' ဆိုတာကို ပါးစပ်လှုပ်ရုံလေး ဦးနော်ကိုပြောလိုက်သည်။
" အစ်ကို... ဘာသုံးဆောင်မလဲဗျာ့ "
အောက်ထပ်က ဦးနော်တို့စကားဝိုင်းကို အကဲခတ်နေတာကြောင့် ဝိတ်တာကောင်လေးအနားရောက်လာသည်ကို ရိုးမာန်သတိမထားမလိုက်။
" အစ်ကို... "
ဒုတိယအကြိမ်မြောက်ခေါ်သံကြားမှ ကောင်လေးဆီကို အကြည့်ပို့ဖြစ်သည်။
" ဟင်... အင်း... အော်... အစ်ကို့ကို ဘရန်ဒီတစ်ခွက်ပေးပါ "
" ဟုတ်ကဲ့... ခဏစောင့်ပါဗျာ့ "
ရိုးမာန် ခေါင်းညိတ်ပြသည်။ တကယ်တော့ သူကသောက်ချင်လို့လာတာမဟုတ်ဘဲ သူ့အကြောင်းနဲ့သူမို့ မျက်စိရှေ့ကမြင်ရာမီနူးတစ်ခုကို ကောက်မှာလိုက်ခြင်း။ ကောင်လေးခဏကြာတော့ ဘရန်ဒီတစ်ခွက်နဲ့အတူ ပြန်ရောက်လာသည်။
" သုံးဆောင်ပါ ခင်ဗျာ့ "
" ဟိတ်... ဟိတ် "
ဒုန်း!! ခလွမ်း!!
ရိုးမာန် အချိန်မီတားသော်လည်း မမီလိုက်။ ဝိတ်တာကောင်လေးမှာ ဖန်ကွဲစများနှင့် မိတ်ဆက်သွားပြီဖြစ်သည်။ ထိုကောင်လေးက သူ့ကိုခွက်ချပေးပြီးပြန်အလှည့် ဧည့်သည်တစ်ယောက်ကလည်း တစ်ဖက်ဝိုင်းကနေ ရုတ်တရက်ထထွက်လာသည်မို့ တိုက်မိပြီး ကောင်လေးလက်ထဲက ဖန်ခွက်များကျကွဲကုန်သည်။
" လင်းညို... သား ရရဲ့လား "
အပေါ်ထပ်ကအသံကြားတာကြောင့် ဦးနော်လည်း သူတို့ရှိရာကိုရောက်လာသည်။ ဦးနော်နဲ့အတူ ဟိုလူလည်းပါလာသည်။
" ကျွန်တော် တောင်းပန်ပါတယ်ဗျာ့ "
နှစ်ဦးနှစ်ဖက်အမှားမကင်းတာကြောင့် ဦးနော်ကပဲ ဆိုင်ရှင်အနေနဲ့ ကာစတန်မာကိုထပ်တောင်းပန်လိုက်သည်မို့ ထိုပြဿနာက ပြေပြေလည်လည်နဲ့ပဲ ပြီးသွားသည်။ မပြေလည်သေးတာက ထိုကောင်လေး...
" သားခြေထောက်လည်း ထိသွားတာဆိုတော့ ဦးနော်တို့ ဆေးခန်းသွားကြမယ်လေ "
ခြေဖဝါးမှာဖန်ကွဲစရှသွားသည်မို့ ဦးနော်က ထိုကောင်လေးကို ဆေးခန်းသွားဖို့ပြောသည်။ ကိုယ်တော်လေးက လက်မခံ။ အိမ်ပြန်ပြီးဆေးထည့်လိုက်ရင် ကောင်းသွားမှာပါ ဆိုတာကိုသာ တွင်တွင်ပြောနေသည်ကြောင့် အိမ်ပြန်ပို့ပေးဖို့သာပြင်ရသည်။
" ဦးနော်လည်း အခုမှ ခရီးဝေးကပြန်ရောက်လာတာမို့ နားပါ... ကျွန်တော် တက္ကစီနဲ့ ပြန်လိုက်ရင်ရပါတယ် "
" မဟုတ်တာ... ဦးနော် မပင်ပန်းပါဘူး... လင်းညိုကို လိုက်ပို့ပေးမယ်... ကားသွားထုတ်ဦးမယ်... ခဏစောင့် "
" လိုက်မပို့ပါနဲ့... ကျွန်တော် တကယ်ရပါတယ် "
ရိုးမာန်နဲ့ ဟိုလူကို အရှေ့မှာထားပြီး လိုက်ပို့မယ် မပို့ပါနဲ့ကို ငြင်းခုန်နေကြတဲ့ဦးနော်တို့နှစ်ယောက်ရဲ့ ပြဿနာကို ရိုးမာန်ဆက်မကြည့်နိုင်တော့၍ ကြားဝင်ဆုံးဖြတ်ပေးလိုက်သည်။
" ဦးနော်လည်း လိုက်မပို့နဲ့... ချာတိတ် မင်းလည်း တက္ကစီနဲ့မပြန်နဲ့... အစ်ကို လိုက်ပို့ပေးမယ် "
" နေပါစေ... ကျွန်..."
" အားနာစရာမလိုဘူး... မင်းလိုပဲ အစ်ကိုလည်း ဦးနော်ကို နားစေချင်တယ်... ပြီးတော့ ဦးနော်လိုပဲ ဒဏ်ရာကြီးနဲ့မင်းကိုတစ်ယောက်တည်းပြန်ခိုင်းဖို့ စိတ်မချဘူး... အဲ့ဒီတော့ အစ်ကိုပြန်လိုက်ပို့ပေးတာက အကုန်လုံးအတွက် အကောင်းဆုံးအဖြေပဲ "
ရိုးမာန်ပြောလိုက်တော့ ဦးနော်ကလည်း သဘောတူလက်ခံသည်။ ရိုးမာန်နဲ့ဆိုရင်တော့ သူ စိတ်ချကြောင်းလည်း ပြောသည်။ ဦးနော် ထိုသို့ပြောလိုက်တော့ ထိုကောင်လေးလည်း ထပ်မငြင်းလာတော့။
" နေးလက်ျာက ဦးနော် ဒီညနေပြန်ရောက်မယ်ပြောခဲ့လို့ ကျွန်တော် လာတွေ့တာ... ခရီးပန်းလာမှာဆိုတော့ စောစောနားနော်... ကျွန်တော် မနက်ဖြန်မှထပ်လာခဲ့မယ် "
ရိုးမာန် ချာတိတ်လေးကိုတွဲပြီး အပြင်ထွက်ခါနီး ဟိုလူကိုတစ်ချက်ကြည့်ပြီး ဦးနော်ကိုပြောလိုက်တော့ ဦးနော်ကပြုံးပြပြီး ခေါင်းညိတ်နှုတ်ဆက်သည်။
>>>>>>>>>>
မနက်ခင်းနှိုးစက်မမြည်ခင်မှာပဲ နေး နိုးလာခဲ့သည်။ ခေါင်းရင်းထက်က နာရီကိုကြည့်မိတော့ ခြောက်နာရီတောင်မထိုးသေး။ အရင်ကဆို နေးက နှိုးစက်သံကြားမှ အိပ်ရာထတတ်သူဖြစ်သည်။ ညကတော့ ပုံမှန်ထက်စောပြီးအိပ်ရာဝင်ဖြစ်တာရော အိပ်ရာအပြောင်းအလဲဖြစ်တာကြောင့်ပါ နေး ကောင်းကောင်းအိပ်မပျော်ခဲ့။ အတွေးတွေများနေတာလည်း တစ်ပိုင်းပါသည်။
မနေ့ညက ဒုဉက္ကဌနဲ့တွေ့ပြီး နေးသက်သာနေပြီမို့ တွေ့ဆုံပွဲကို အချိန်ထပ်ရွေ့စရာမလိုတော့ကြောင်း၊ မနက်ဖြန်မနက်ပိုင်းဆိုလျှင် အားလုံးအဆင်ပြေကြောင်း အစီရင်ခံဖြစ်တော့ အစကသိပ်လက်မခံချင်။ နေးက အလုပ်ကိစ္စတွေမပြီးသေးပဲ သူ့အတွက်ကြောင့် ဆွေးနွေးပွဲတွေကို နောက်ဆုတ်ထားတာ စိတ်မသက်မသာဖြစ်ကြောင်း ပြောလိုက်မှပဲ သဘောတူသွားသည်။
အချိန်စောပြီးနှိုးလာသည်မို့ တစ်ကိုယ်ရည်သန့်ရှင်းခြင်းအမှုကို အေးအေးဆေးဆေးအချိန်ယူပြီးလုပ်နေသည်။ နောက်ဆုံးအနေနဲ့ ဆံပင်ထုံးဖွဲ့မှုအပြီးမှာတော့ လည်တိုင်နဲ့လက်ကောက်ဝတ်ကို ရေမွှေးဆွတ်လိုက်သည်။ ဒီနေ့ ရှယ်ယာရှင်အသစ်တွေနဲ့ တွေ့ဆုံမှုရှိသည်ကြောင့် နေး နဂိုကထက်ပိုပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည်။
အကုန်ပြီးစီးသွားလို့ နာရီကြည့်လိုက်တော့ မနက်ရှစ်နာရီခွဲခါနီးနေပြီ။ ကိုးနာရီမှာ အစည်းအဝေးစ,မှာဖြစ်လို့ နေး ဒုဉက္ကဌကို သွားခေါ်ဖို့ပြင်သည်။
အခန်းတံခါးဖွင့်ပြီးထွက်လာတော့ ကိုခန့်က သူ့အခန်းရှေ့မှာ ဖုန်းပြောနေသည်။ နေး မသိကျိုးကျွံပြုပြီး ရှောင်သွားဖို့ပြင်တော့ နေးအရှေ့မှာ ပိတ်ရပ်လာသည်။ ပြောလက်စဖုန်းကိုမချသေးပဲ နေးကိုပခုံးတစ်ဖက်ကို ဆုပ်ကိုင်ပြီး ဟန့်တားလာတာကြောင့် နေး မျက်လုံးထောင့်ကပ်ပြီး မော့ကြည့်လိုက်သည်။ ခပ်စူးစူးဝင်လာတဲ့အမွှေးနံ့ကြောင့် နေး မျက်မှောင်ကြုတ်မိသွားသည်။ ကိုခန့်ကလည်း သတိထားမိသွားသည်။
" ရေမွှေးအနံ့က အရမ်းပြင်းလို့လား... ကိုခန့်သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားလို့ သုံးကြည့်တာ... နေးနေး အဆင်မပြေရင်~~ "
ပခုံးပေါ်တင်ထားတဲ့ကိုခန့်လက်ကို ဖယ်ချလိုက်ပြီး
" ကိုခန့်ကို ကျွန်တော့်ကို ဘာပြောချင်တာလဲ... လိုရင်းကိုပြောပါ... ကျွန်တော် ဒုဉက္ကဌကို သွားတွေ့ရဦးမယ် "
ကျစ်~~
နေး ပြောလိုက်တော့ ကိုခန့်စိတ်မရှည်သလို ကျစ်စုတ်သပ်သည်။ နောက်တော့ သက်ပြင်းရှည်တစ်ချက်ချပြီး
" နေးနေး... အဲ့လူက နေးနေး ထင်သလောက်မရိုးသားဘူး... အဲ့ဒါကို နေးနေးသိလား... သူ ဒီကိုလာရတဲ့အဓိကရည်ရွယ်ချက်က ..."
" အယ်... ကိုနေးလက်ျာတို့ အဆင်သင့်ဖြစ်နေကြပြီလား... "
" ဟုတ်ကဲ့..."
" ဒီမှာလေ သုန်သုန် ညကနားဆွဲကို ချွတ်အိပ်လိုက်တာ... အခုပြန်တပ်တော့ အဆင်မပြေဖြစ်နေလို့ ကိုဘုန်းကို အကူအညီလာတောင်းတာ "
" ကိုဘုန်း.. သုန်သုန်ကို နားဆွဲတပ်ပေးပါဦး "
နေးကိုနှုတ်ဆက်စကားဆိုရင်း ကိုခန့်ကိုနားဆွဲတပ်ခိုင်းနေတဲ့ကောင်မလေးက ထက်ထက်မြက်မြက်နှင့် ချစ်စရာကောင်းသည်။ ကိုခန့်ရင်ခွင်ထဲဝင်လုနီးနီး ခေါင်းလေးစောင်းထားပေးတဲ့သူ(မ)က ဒီလိုအနေအထားကို စိမ်းသက်နေဟန်မရှိ။ ပေါ့ပေါ့ပါးပါးနှင့် သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်ဆောင်နေသလိုပင်။ နားဆွဲကိုကိုင်ထားပြီး အားတုံ့အားနာမျက်နှာထားဖြစ်နေတဲ့ကိုခန့်ကို နေး အကြည်လင်ဆုံးပြုံးပြလိုက်သည်။
" ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး... ဒုဉက္ကဌဆီ သွားရဦးမှာမို့ "
နေး အခန့်ရှေ့က လူနှစ်ယောက်ကို ကျောခိုင်းလိုက်သည်။ လေးလေးနဲ့ဂရင်းတို့ မကြည်ဖြူလို့ ဆူပူသံတွေထွက်လာတိုင်း ကိုခန့်က နေးကိုချစ်ပါတယ် ဆိုတဲ့အယူခံစကားနဲ့ သူထပ်ပြီး လျှောက်လဲချက်ပေးနိုင်တော့မည်မထင်ပါ။
>>>>>>>>>>
ဒုဉက္ကဌအခန်းရှေ့ နေးတံခါးခေါက်လိုက်တော့ ရှပ်အင်္ကျီကိုကြယ်သီးအစုံမတတ်ရသေးတဲ့ ဒုဉက္ကဌက ဖုန်းကိုနားနဲ့ပခုံးကြားညှပ်ပြီး ပြောနေရင်းက တံခါးဖွင့်ပေးလာသည်။ နေးအပြင်ကပဲ စောင့်နေမယ်လို့ အသံတိတ်ပြောလိုက်ပေးမယ့် သန်မာလွန်းတဲ့လက်တစ်ဖက်က နေးလက်ကောက်ဝတ်ကိုဆွဲပြီး အခန်းထဲဝင်စေသည်။
အခန်းထဲရောက်တော့ အိပ်ရာထက်မှာပြန့်ကျဲနေတဲ့စာရွက်စာတမ်းတွေနဲ့ အားကုန်လုနီးပါးဖြစ်နေတဲ့လက်တော့ပ်ကြောင့် ဒုဥက္ကဌ မိုးလင်းတဲ့အထိအလုပ်လုပ်နေတယ်ဆိုတာကို နေးခန့်မှန်းမိသည်။ ဒုဥက္ကဌက ဖုန်းပြောရင်းနဲ့ ပစ္စည်းတွေရှင်းနေသည်မို့ နေးဝင်ကူညီလိုက်သည်။
" အာ... ဆောရီး ကိုယ့်ကိုနောက်တစ်ခေါက်လောက်ပြန်ပြောပေးလို့ရမလား... ကိုယ် အာရုံနည်းနည်းလွင့်သွားလို့ပါ "
လျှန့်အရှေ့မှာ လှုပ်စိလှုပ်စိနဲ့ စာရွက်စာတမ်းတွေကို နေရာတကျပြင်နေတဲ့နေးလက်ျာကိုကြည့်ပြီး တစ်ဖက်ကဖုန်းပြောနေတာကို သတိလက်လွတ်ဖြစ်သွားသည်။
" ဟုတ်လား... အဲ့ဒါဆို အခုမေးလ်ပို့ပေးလိုက်လေ... ကိုယ် ချက်ချင်းပြန်စစ်လိုက်မယ် "
နိုင်ငံခြားကုမ္ပဏီတစ်ခုအတွက် တာဝန်ယူထားတဲ့ဒီဇိုင်းမှာ အလွဲအမှားအနည်းငယ်ရှိနေကြောင်း ပြောလာတော့ လျှန် ချက်ချင်းပြန်စစ်ပေးရမှာမို့ ဖုန်းပြောရင်းတစ်ဖက်နဲ့ လက်တော့ပ်ကနေ မေးလ်စစ်ဖို့ပြင်သည်။ နေးလက်ျာကအလိုက်တသိနဲ့ အားသွင်းကြိုးတပ်ပေးလာသည်။ နေးလက်ျာသည် သူ့မေတ္တာကိုဥပေက္ခါပြုနေနိုင်တာကလွဲရင် တခြားအရာများတွင် အလွန်သိတတ်သည်။
ဖြတ်ခနဲပေါ်လာတဲ့အတွေးတစ်ခုကြောင့် မျက်စိရှေ့ကကောင်ငယ်လေးမတွေ့ခင် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
" နေးလက်ျာ... မင်း အဆင်ပြေမယ်ဆိုရင် ကိုယ့်ကို အကူအညီပေးနိုင်မလား "
လျှန်ပြောလိုက်တော့ အနားရောက်လာပြီး လျှန့်ကိုတစ်လှည့် လက်တော့ပ်တစ်လှည့်ကြည့်ရင်း ကြောင်အအလေးဖြစ်နေသည်။
" ကျွန်တော် ဘာကို ကူညီရ ~~~~ "
ဒီဇိုင်းနှင့်ပတ်သက်ရင် နေး သိပ်မကျွမ်းကျင်တဲ့အပိုင်းမို့ ဘာကူညီပေးနိုင်မှာလဲ တွေးနေစဉ်နေး စကားမဆုံးသေးခင်မှာပဲ နေးလက်ကိုဆွဲပြီး ရှပ်အင်္ကျီရဲ့အပေါ်ဆုံးကြယ်သီးမှာ နေရာယူစေသည်။ ရုတ်တရက်မို့ နေး နည်းနည်းလန့်သွားသည်။
" ကိုယ် အကူအညီတောင်းတာပါ... မင်း အဆင်မပြေလည်းရပါတယ် "
နေးကိုမကြည့်ပဲ ဒုဉက္ကဌက လက်တော့ပ်ကိုကြည့်ရင်း ပြောသည်။ နေး နာရီကိုတစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း ဒုဉက္ကဌနဲ့ မျက်နှာချင်းဆိုင်မှာ နေရာယူလိုက်သည်။
အခုအနေအထားက နေးလက်ျာက လျှန်နဲ့ လက်တော့ပ်တင်ထားတဲ့ဘားကောင်တာစားပွဲကြားမှာ ရောက်နေသည်။ လျှန်ကမတ်တပ်ရပ်ရင်း လက်တော့ပ်သုံးနေတာကြောင့် နေးလက်ျာရဲ့ အပြုအမူတစ်ခုချင်းစီကို မြင်နေရသည်။
အပေါ်စီးကမြင်နေရတဲ့ နဖူးကျဉ်းကျဉ်းလေးရယ် မျက်တောင်ရှည်ရှည်တွေရယ်က လျှန့်နှလုံးသားကို ဆန္ဒအလျောက်လက်နက်ချစေနိုင်သော အစွမ်းရှိသည်။
သွေးကြောမျှင်တွေယှက်ဖြာနေတဲ့ပါးမို့မို့လေးနဲ့ အခွင့်ထူးမှသာမြင်ခွင့်ရှိသော ပါးချိုင့်နက်နက်လေးနှစ်ဖက်က လျှန်ဘယ်တော့မှမလွတ်မြောက်ချင်တဲ့ မေတ္တာချောက်နက်လေးဖြစ်သည်။
အနီရောင်နှင်းဆီဖူးလေးမှာ ပျားပိတုန်းလေးလို ပျံဝဲနားခိုလိုသည်။ ဖော့ဖယောင်းလက်သွယ်တစ်စုံကိုလည်း မလွှတ်တမ်း ဆုပ်ကိုင်ထားရင် နေဝင်ချိန်တွေကို ကုန်ဆုံးခွင့်ရချင်သည်။
နေးလက်ျာကိုကြည့်ပြီး အတွေးများနေစဉ်မှာပဲ တစ်ဖက်ပါတနာကဖုန်းချသွားပြီဖြစ်သည်။ နေးလက်ျာရဲ့ သူ့ကိုအဝတ်အစားဝတ်ပေးခြင်းအမှုကလည်း သိပ်မကြာခင်မှာပဲပြီးစီးသွားသည်။ စားပွဲပေါ်တင်ထားတဲ့နက်ခ်တိုင်ကို ယူပြီး နေးလက်ျာလက်ထဲထည့်ပေးလိုက်သည်။
" မင်းကို အားကိုးလို့ဖြစ်တယ်ဟုတ် "
နေးလက်ျာနဲ့တစ်တန်းဖြစ်အောင် ကိုယ်ကိုကိုင်းချပြီး မျက်စိတစ်ဖက်မှိတ်ပြမိတော့ နေးလက်ျာတစ်ယောက် မျက်နှာကိုတစ်ဖက်လှည့်သွားသည်။ လျှန် ခပ်တိုးတိုးရယ်မောရင်း ကိုယ်ကိုပြန်မတ်လိုက်သည်။ နေးလက်ျာလက်ထဲက နက်ခ်တိုင်ကိုပြန်ယူဖို့အလုပ် နေးလက်ျာက လျှန်မထင်မှတ်ထားတာကို လုပ်လာခဲ့သည်။
" နေး~~~ "
" ကျွန်တော် နက်ခ်တိုင်စည်းလို့ရအောင် နေပေးနိုင်မလား... ဒုဉက္ကဌ "
" မင်းက ပထမဆုံးပဲ... ကိုယ့်ကိုနက်ခ်တိုင်စည်းပေးတာ "
လျှန် ဒုတိယမ္ပိ နေးလက်ျာနဲ့ မျက်နှာတစ်တန်းတည်းဖြစ်အောင်နေရင်း ပြောလိုက်သည်။ လျှန့်မျက်စိရှေ့က အဖြူရောင်သစ္စာပန်းလေးကတော့ မျက်နှာအနေအထားပြောင်းလဲခြင်းမရှိ။ တည်တည်ငြိမ်ငြိမ်ပင်။
" မင်းတစ်ယောက်ပဲ ဖြစ်စေချင်တယ်... ကိုယ် မျှော်လင့်လို့ရနိုင်မလား "
" ပြီးသွားပြီ... ဒုဉက္ကဌ အစည်းအဝေးနောက်ကျတော့မယ်... ကျွန်တော်တို့သွားကြရအောင် "
လျှန့်အမေးမှာ အဖြေရှိမလားပဲ ထွက်သွားဖို့ပြင်နေတဲ့ကောင်ငယ်လေးရဲ့ လက်ကောက်ဝတ်ကို အမိအရဆုပ်ကိုင်ရင်း သူ့ဘက်သို့ ပြန်လှည့်စေသည်။
" ဘာလုပ်~~~ "
ရှူး!!!
နေးလက်ျာရဲ့နှုတ်ခမ်းဖျားပေါ် လျှန် လက်ညှိုးတင်ရင်း တိတ်စေသည်။
" မင်း ကြားလိုက်လား "
" ဘာသံလဲ... ဟင် "
လျှန်မေးလိုက်တော့ မျက်ဆံလေးထောင့်ကပ်ရင်း ပြန်မေးလာတဲ့နေးလက်ျာရဲ့အသွင်လေးက သိပ်ချစ်ဖို့ကောင်းသည်။
" ကိုယ့်နှလုံးသားက မင်းကို ဦးညွှတ်ခစားနေတဲ့အသံလေ "
ချက်ချင်းဆိုသလိုရဲတက်သွားတဲ့နားသယ်စပ်လေးရယ် အပေါ်အောက်လှုပ်ရှားသွားတဲ့လည်တိုင်ကျော့ကျော့က အာဒံပန်းသီးလေးရယ်ကြောင့် လျှန့်နှုတ်ခမ်းဖျားတို့ လှုပ်တယ်ဆိုရုံလေးသာ ပြုံးမိသည်။
" ဒုဉက္ကဌ အစည်းအဝေးမသွားတော့ဘူးဆိုရင် ကျွန်တော် ပြန်တော့မယ် "
လျှန့်လက်ထဲကရုန်းထွက်ပြီး အခန်းအပြင်ဘက်ကိုထွက်သွားတဲ့ သစ္စာပန်းဖြူဖြူလေးကိုကြည့်ပြီး လျှန့်အပြုံးတို့အတောမသတ်နိုင်ခဲ့။
သစ္စာပန်းတို့သည် မည်သည့်ဉတု၊ မည်သည့်ဒေသတွင် မည်သည့်ပုံစံဖြင့် မည်သို့ပြုစုပျိုးထောင်ရမည်ကို လျှန်မသိ။ လျှန့်ရဲ့တစ်ပွင့်တည်းသောသစ္စာပန်းလေးကတော့ လျှန့်ရင်ခွင်မှီရာအရပ်တွင် လျှန့်ကိုမသိကျိုးကျွံပြုရင်းသာ ရှင်သန်ရပ်တည်လေသည်။
>>>>>>>>>>
ဆက်ရန်
Yellowish_One 💛
(၄-၇-၂၀၂၃)