" ဒီနေ့ညစာအတွက်ရော အခုလိုလိုက်ပို့ပေးတဲ့အတွက်ပါ ဒုဉက္ကဌကို ကျေးဇူးအများကြီးတင်ပါတယ် "
လျှန်တို့စားသောက်ပြီးတော့ နေးလက်ျာကို အိမ်ပြန်လိုက်ပို့ပေးဖို့ လျှန် တော်တော်လေးတောင်းဆိုလိုက်ရသေးသည်။
' မင်းရဲ့အထက်လူကြီးတစ်ယောက်ဖြစ်တဲ့ ကိုယ့်ဆန္ဒကို ဒီလိုကြီးငြင်းဆန်နေမှဖြစ်မှာလား ' ဆိုပြီး နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်မှသာ နေးလက်ျာဘက်က အလံဖြူပြ လက်နက်ချလိုက်ခြင်းဖြစ်သည်။
အခုလည်း ကားပေါ်ကမဆင်းခင် သူ့ကိုကျေးဇူးတင်ကြောင်း သတိတရနဲ့ ထပ်ပြောနေသည်မို့ သူ အသာပြုံးပြခေါင်းညိတ်လိုက်သည်။
" ကိုယ် တံခါးဖွင့်ပေးမယ် "
" နေပါစေ... ကျွန်တော့်ဘာသာပဲ "
နေးလက်ျာရဲ့ အငြင်းစကားကို မသိကျိုးနွံပြုရင်း လျှန်ကားပေါ်က အမြန်ဆင်းပြီး သူ့ဘက်ကတံခါးကို သွားဖွင့်ပေးတော့ နေးလက်ျာက အားတုံ့အားနာ အပြုံးတစ်ပွင့်နဲ့ တုံ့ပြန်လာသည်။
မည်သို့ပင်ဆိုစေကာမူ နေးလက်ျာ၏ အပြုအမူသေးသေးလေးတစ်ခုကပင် သူ့ရင်ကိုလှုပ်ခတ်နိုင်စွမ်းရှိသည်။
" ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်ဗျာ့ "
" ကျေးဇူးကို လေထဲကနေပဲ တင်နေတော့မှာလား "
လျှန်က စ,သလိုလို နောက်,သလိုလို ပြောလိုက်တော့ နေးလက်ျာက အံ့ဩနေဟန်ဖြင့် မော့ကြည့်လာသည်။
" ဗျာ!! "
" ဟုတ်တယ်လေ... မင်းက ကိုယ့်ကို ဒီအချိန်ပိုင်းအတွင်း ကျေးဇူးတင်စကားတွေပဲ ပြောနေတာလေ... တကယ်ကျေးဇူးတင်တယ်ဆို တစ်ခုခုတော့ ပြန်ပြီးကျေးဇူးဆပ်သင့်တယ် မဟုတ်ဘူးလား "
ဒုဉက္ကဌအပြောကို နေးအမှန်ပင် အံ့အားသင့်သွားမိသည်။ ဘယ်လိုပဲကျေးဇူးတင်စရာဆိုစေဦးတော့ အခုလိုကိစ္စသေးသေးမွှားမွှားလေးကို ပြန်ပြီးကျေးဇူးဆပ်ဖို့ပြောနေတာကတော့ မဟုတ်သေးဘူးလို့ထင်သည်။
ပြီးတော့ သေချာပြန်စဉ်းစားကြည့်ရင် ညစာရော အိမ်ပြန်ပို့တာရောက အကုန်သူ့ဆန္ဒတွေပဲလေ။ နေးက သိတတ်သမှုနဲ့ ကျေးဇူးတင်စကားပြောသင့်တယ်ထင်လို့ ပြောတာကို အခုကျ သူက ဘာဖြစ်ချင်ပြန်တာလဲ။
" ကျွန်တော်က ဘယ်လို... "
" ဘယ်လိုကျေးဇူးဆပ်ရမလဲဆိုတာ ကိုယ်စဉ်းစားလိုက်ဦးမယ်... ကိုယ် ပြန်တော့မယ်... မင်းလည်း အိမ်ထဲဝင်တော့လေ... နောက်ကျနေပြီ "
" ဟုတ်... ကားကိုဂရုစိုက်ပြီးမောင်းပါ "
ပြောချင်ရာပြောပြီး ပြန်သွားတဲ့ဒုဉက္ကဌရဲ့ ကားမီးရောင်လေး မြင်ကွင်းကနေ ပျောက်ကွယ်သွားမှသာ နေးခြံတံခါးဖွင့်ပြီး အိမ်ထဲဝင်လာသည်။
ခြံထဲကိုဖြည်းဖြည်းချင်းလျှောက်ဝင်လာရင်း တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားမိသည်ကြောင့် အိမ်အပေါ်ထပ် လသာဆောင်ကို မော်ကြည့်လိုက်တော့ ဝရန်တာလက်ရန်ပေါ် လက်နှစ်ဖက်ထောက်ပြီး နေးကို မမှိတ်မသုန်စိုက်ကြည့်နေသူကြောင့် နေးမျက်နှာကို ရှိရင်းစွဲထက် ပိုတည်လိုက်မိပြီး အိမ်ထဲကို မှင်သေသေနဲ့သာ ဝင်လာခဲ့သည်။
" ရွှေချိုးလေးရယ်... ဘယ်တွေသွားနေတာလဲ ... နောက်ကျလိုက်တာ "
နေး အိမ်ပေါက်ဝရောက်တော့ ဂရင်းက တံခါးကိုခပ်မြန်မြန်ဖွင့်ပေးပြီး အသံတိုးတိုးနဲ့ စကားဆိုလာသည်။ မျက်လုံးကလည်း မကြာခဏဆိုသလို အိမ်ပေါ်ထပ်ကို လှမ်းကြည့်လို့နေသည်။
" ဘယ်မှမသွားပါဘူး... အလုပ်နည်းနည်းရှုပ်နေလို့ နောက်ကျနေတာ "
မယုံဘူးဆိုတာသိပေမယ့် နေးကတော့ မျက်နှာသေနဲ့သာ မုသားစကားဆိုလိုက်သည်။ နေးအဖြေကိုကြားတော့ ဂရင်းက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး နေးအနောက်ကို လိုက်လာသည်။ ထိုအချိန်မှာပဲ အိမ်ပေါ်ထပ်ကနေ ဆင်းလာတဲ့သူနဲ့ နေးနဲ့ ဧည့်ခန်းထဲမှာ မျက်နှာချင်းဆိုင်အနေအထား ဆုံမိကြသည်။
" နေးနေး... ဘယ်သူနဲ့ပြန်လာတာလဲ "
" လေးလေး သိနေတာပဲ မဟုတ်ဘူးလား "
လေးလေးက ဘာမှထပ်မပြောပဲ နေးကို တစ်ချက်စိုက်ကြည့်ပြီးမှ
" သွားနားတော့... မနက်မှပြောရအောင် "
" ရွှေချိုးလေး နားတော့လေ... ပင်ပန်းလာတယ်မလား... "
လေးလေးအပြောကို နေး တုံ့ပြန်မှုမပြုမိ။ လေးလေးကတော့ နေးကို ထိုတစ်ခွန်းသာပြောပြီး သူ့အခန်းထဲဝင်သွားသည်။ ဧည့်ခန်းထဲမှာ ရပ်ကျန်နေခဲ့တဲ့ နေးကို ဂရင်းက နားဖို့ပြောလာမှ နေး ခေါင်းညိတ်ပြီး နှုတ်ဆက်ခဲ့သည်။ အခန်းဆီရောက်မှ တင်းထားခဲ့သော စိတ်အစဉ်ကို ဖြေလျှော့မိသည်။ ဒီနေ့တစ်နေ့လုံး သူစိတ်ရောကိုယ်ပါ ပင်ပန်းလွန်းနေပြီလေ။
>>>>>>>>>>
နေရောင်ခြည်နွေးမြမြက မှန်ပြတင်းပေါက်မှတစ်ဆင့် ခန်းဆီးလိုက်ကာများကို တိုးဝှေ့လျက် အခန်းတွင်းသို့ဖြာကျနေသည်။
အသိစိတ်တို့ရှိနေသော်လည်း မျက်လုံးမဖွင့်သေးပဲ အိပ်ရာထက်မှာ နေး ခိုကပ်နေမိသည်။ မိနစ်တစ်ချို့ကြာပြီးနောက် နေး နာရီကိုကြည့်မိတော့ ပုံမှန်အိပ်ရာထချိန်ထက် နာရီဝက်နီးပါးနောက်ကျနေပြီဖြစ်သည်။
အရင်တစ်ခါ မနက်အိပ်ရာထ, နောက်ကျလို့ နေး ပြဿနာရှာပြီးကတည်းက အိပ်ရာထချိန် နာရီဝက်နောက်ကျဖို့ မဆိုထားနှင့် ငါးမိနစ်လောက် နောက်ကျနေရင်ကို ဂရင်းက လာနှိုးတော့သည်။ ဒီနေ့ကျ ဘာဖြစ်လို့ပါလိမ့်။
နေး အလုပ်သွားဖို့အတွက် တစ်ခါတည်းပြင်ဆင်ပြီးမှ အောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာ စကားလက်ဆုံနေကြတဲ့ လူသုံးယောက်။ လေးလေးရယ် ဂရင်းရယ် ပြီးတော့ ဒုဉက္ကဌ ... နေးကိုတွေ့တော့ ပြောလက်စ, စကားကိုရပ်ပြီး အပြုံးတစ်ခုနှင့် ကြိုလာသည်။
" မောနင်း ... နေးလက်ျာ "
" ဒုဥက္ကဌက မနက်အစောကြီး ကျွန်တော့်အိမ်ကို ဘာကိစ္စ... "
လျှန့်ကိုတွေ့တော့ အံ့အားသင့်သွားတဲ့ နေးလက်ျာက ဧည့်ခန်းဆီလှမ်းလာရင်း အမေးဆိုလာသည်။
ဒီနေ့အတွက်တော့ သူ့ရဲ့ခရမ်းရောင်လာဗင်ဒါပန်းလေးက မနက်ခင်းရဲ့ နေရောင်ခြည်နွေးမြမှုနဲ့အတူ လတ်ဆတ်ပြီး နုနယ်ပျိုမြစ်မှုအသွင်ကိုဆောင်နေသည်။
" ကိုယ်... ဒီဘက်ကို ကိစ္စလေးတစ်ခုရှိလို့လာရင်းနဲ့ နေးလက်ျာရဲ့ကား ကုမ္ပဏီမှာကျန်ခဲ့တာ သတိရသွားလို့ "
လျှန် ပြောလိုက်တော့ နေးလက်ျာက သူ့ဆီကို ' ဒုဥက္ကဌရဲ့စကားက ယုတ္တိရှိမနေဘူးနော် ' ဆိုတဲ့သဘောမျိုးနဲ့ အကြည့်တစ်ချက်ပို့လာသည်။
" ဒါဆိုရင်တော့ ဒုဥက္ကဌကို အားနာရတော့မှာပဲ ... ကျွန်တော် ဒုဉက္ကဌနဲ့ လိုက်ဖြစ်မယ်မထင်ဘူး... လေးလေးက ကျွန်တော့်ကို ပြောစရာရှိနေသေးတာဆိုတော့ ... "
လျှန့်ကို အငြင်းစကားမဆိုပဲ ဦးလေးဖြစ်သူကို ခုတုံးလုပ်နေတဲ့ နေးလက်ျာကြောင့် လျှန်စိတ်ထဲ ကြိတ်ပြုံးမိသည်။
" ကိုယ် ... နေးလက်ျာရဲ့ လေးလေးကို ခွင့်တောင်းပြီးသားမို့ နေးလက်ျာ ကိုယ်နဲ့ လိုက်ခဲ့လို့ရပါတယ် "
လျှန့်စကားဆုံးတော့ ဦးလေးဖြစ်သူနဲ့ အကြည့်ချင်းစစ်ခင်းနေတဲ့ နေးလက်ျာပုံစံကို လျှန် အသည်းယားမိသွားသည်။ နေးလက်ျာက ကျောင်းမတက်ချင်လို့ ဂျီကျနေတဲ့ မူလတန်းကလေးနဲ့ တူနေသည်။ ဦးနော်ရန်ဇကလည်း အလျှော့မပေး။
မနေ့ညက နေးလက်ျာကို ပြန်ပို့တဲ့အချိန်က ဦးနော်ရန်ဇက သူတို့ကို အကဲခတ်ကြည့်နေမှန်း နေးလက်ျာ မသိလိုက်ပေမယ့် လျှန်ကတော့ သတိထားမိသည်။ အဲ့ဒါကြောင့်လည်း ဒီနေ့မနက် အကြောင်းပြချက်တစ်ခုနဲ့ နေးလက်ျာတို့အိမ်ကို တမင်လာခဲ့ခြင်းဖြစ်သည်။
ဦးနော်ရန်ဇကို ဘားမှာဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘက်က အမှားဖြစ်သွားခဲ့ရင် တောင်းပန်ကြောင်းပြောမိတော့ လူငယ်သဘာဝမို့ နားလည်ပေးလို့ရကြောင်း။ ဒါပေမယ့် နေးလက်ျာကို တန်ဖိုးမထားတဲ့ လုပ်ရပ်မျိုးတော့ သူ လက်မခံနိုင်ကြောင်း ပြောလာသည်။
နေးလက်ျာတို့မိသားစုဆက်ဆံရေးက ပွင့်လင်းပြီး တစ်ယောက်ရဲ့သဘောထားခံယူချက်ကို တစ်ယောက်ကလေးစားလက်ခံပေးသည့် ပုံစံမျိုးဖြစ်သည်။ သို့ပေသည့် ဦးနော်ရန်ဇကတော့ အားလုံးအပေါ် လွှမ်းမိုးသက်ရောက်မှုရှိသည်ဟု စကားစမြည်ပြောရင်းနဲ့ သူ သိလိုက်ရသည်။
အခုလည်းတူဝရီးနှစ်ယောက်ရဲ့ သွေးအေးတိုက်ပွဲကို လျှန် ပွဲကြည့်ပရိတ်သတ်အနေနဲ့ မသိချင်ယောင်ဆောင်ပြီး အကဲခတ်နေသည်။ နောက်ဆုံး မနေသာတဲ့အဆုံး ကြားဝင်စေ့စပ်ပေးလာသူက ဂရင်းဆိုသည့် အမျိုးသမီး။
" ဟုတ်တယ်... ရွှေချိုးလေးရဲ့ "
" ဂရင်း!!! "
" အယ်... မှားလို့... ဟုတ်တယ် နေးနေးရဲ့... ဒုဉက္ကဌက ဦးနော်ကို ပြောပြီးသားရယ်... နေးနေး အိပ်ရာမနိုးသေးလို့ စကားပြောရင်းစောင့်နေတာ ... ဂရင်းက သွားနှိုးပေးမယ် ပြောပေးမယ့် ဒီရက်ပိုင်းထဲ နေးနေးကို အလုပ်တွေအများကြီး လုပ်ခိုင်းထားမိလို့ အိပ်ပါစေပြောတာနဲ့ ဂရင်း လာမနှိုးတာ "
ဂရင်းပြောလိုက်မှ နေးလက်ျာတစ်ယောက် လျှန့်ကို အားတုံ့အားနာနဲ့ ကြည့်လာသည်။ ရှက်သွားပုံရတဲ့ နေးလက်ျာက ဖြူနုနုပါးမို့မို့ထက်မှာ အနီသွေးတို့ခြယ်လာသည်။ လျှန့်အတွက် ဒီနေ့အဖို့တော့ မနက်ခင်း နှလုံးသားအာဟာရကို ခရမ်းရောင်လာဗင်ဒါပန်းလေးရဲ့ အသွင်ပုံစံအမျိုးမျိုးနဲ့တင် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
" နေးနေး... ဒုဉက္ကဌ စောင့်နေတာကြာပြီ... အဆင်သင့်ဖြစ်ရင် သွားတော့လေ "
နောက်ဆုံးတော့ နေးလက်ျာတစ်ယောက် သုံးမဲတစ်မဲနဲ့ အပြတ်အသတ်ရှုံးနိမ့်ပြီး လျှန်နဲ့အတူပါလာတော့သည်။
>>>>>>>>>>
အဆက်မပြတ်တုန်ခါနေတဲ့ဖုန်းကို လျစ်လျှူရှုရင်း နေး အစီရင်ခံစာ အချက်အလက်ကို စစ်ဆေးနေသည်။ ကိုခန့်ခေါ်နေတာ သိပေမယ့် နေးစကားပြောချင်စိတ်မရှိတာကြောင့် မကိုင်ပဲနေမိသည်။ အရင်တစ်ခါ တွေ့ပြီးကတည်းက နေး ကိုခန့်နဲ့ အဆက်အသွယ်မလုပ်ဖြစ်။ နေးဘက်က သည်းခံနိုင်တဲ့ နောက်ဆုံးအတိုင်းအတာ ရောက်နေပြီဆိုတာကို ကိုခန့်ကို သိစေချင်သည်။
ဘေးနားက လက်ထောက်အတွင်းရေးမှူးမလေးက နေးကို ခဏခဏ ခိုးကြည့်နေတာ သိပေမယ့် နေး မျက်နှာတည်တည်ထားပြီး အလုပ်ကိုပဲ အာရုံစိုက်ထားသည်။
" အစ်ကို... TPC Construction က မေးလ်ပို့လာပါတယ်... အကြောင်းပြန်ကြားချက်ကိုလည်း စောင့်နေပါတယ်တဲ့... ညီမတို့ ဘယ်လိုလုပ်ရမလဲဟင် "
နေးကြည့်လိုက်တော့ --- ကမ်းခြေ ဟိုတယ်တည်ဆောက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ဖိတ်စာဖြစ်နေသည်။ နေး သိသလောက်တော့ ဉက္ကဌကြီးက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများနဲ့ နီးစပ်သူမဟုတ်။ နေးတို့လုပ်ငန်းစုတွင် ပြည်ပရှယ်ယာရှင်များသာ ရှိသည်။ အခု လိပ်မူပြီးပို့တာက ဉက္ကဌကြီးဆီ မဟုတ်ပဲ ဒုဉက္ကဌဆီဖြစ်နေသည်။ ဒုဉက္ကဌမှာ ဘာအစီအစဉ်တွေ ရှိနေတာပါလိမ့်။
" အစ်ကို ဒုဉက္ကဌကို တင်ပြလိုက်ပါမယ်... ပြီးရင် အကြောင်းပြန်ပေးမယ်နော် "
" ဟုတ်ကဲ့ ... "
နေး ဒုဉက္ကဌဆီကိုသွားတော့ စတော့ရှယ်ယာဈေးကွက်ကို အာရုံစိုက်နေတာကြောင့် ဘာမှမပြောပဲ အသာရပ်နေမိသည်။ ခဏကြာမှ နေးကိုကြည့်လာပြီး
" နေးလက်ျာ ... ကိစ္စရှိလို့လား "
" TPC Construction က --- ကမ်းခြေမှာ ဟိုတယ်တည်ဆောက်မှုအတွက် ဖိတ်စာပို့လာပါတယ် ... "
" အာ... ဟုတ်သားပဲ... ကိုယ် အလုပ်တွေများပြီး အကြောင်းပြန်ဖို့ မေ့နေတာ ... လက်ခံကြောင်း အကြောင်းပြန်ပေးပါဦး "
လျှန်ပြောလိုက်ပေမယ့် တစ်ခုခုပြောချင်နေပုံရတဲ့ နေးလက်ျာကြောင့် လျှန်ထိုင်နေရာမှ ထပြီး မတ်တပ်ရပ်နေတဲ့ သူ့အနားသွားမိတော့ ကိုယ်ကိုနောက်ယို့သွားတာမို့ လျှန် သဘောတကျ ရယ်မိသွားသည်။
[နေးလက်ျာ... မင်းရဲ့ မထင်မှတ်ထားတဲ့ အကျင့်စရိုက်လေးတွေက ချစ်ဖို့ကောင်းလွန်းနေတယ်...
မင်းအနှောင့်အယှက်ဖြစ်မှာစိုးလို့ ကိုယ်ထိန်းချုပ်ထားပေမယ့် မင်းရဲ့အပြုအမူသေးသေးလေးတွေက ကိုယ့်ရဲ့ ထိန်းချုပ်နိုင်မှုကို side affect ဖြစ်စေတယ်...
အဲ့ဒါတွေကို မင်းသိရဲ့လား ကိုယ့်ရဲ့ချစ်မဝလေးရဲ့.. ဟင်]
" ကိုယ့်ကို အဲ့လောက်တောင် ကြောက်တာလား... နေးလက်ျာ... မင်းက ကိုယ့်ကို ဘယ်လိုလူစားမျိုး ထင်နေတာလဲကွာ "
" အဲ့လို သဘောမျိုး မဟုတ်... မဟုတ်ပါဘူး... ဒီတိုင်းပဲ မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ "
လျှန် ပြောမိတော့ အမြန်ဖြေရှင်းချက်ပေးလာတဲ့ နေးလက်ျာက အပြာရောင်ဒေစီပန်းလေးနဲ့ တူသည်။ ထက်မြက်တိကျတဲ့ နေးလက်ျာနဲ့မတူအောင် ဖြစ်နေပေမယ့် အမြင်ဆန်းပြီး တွေ့ရခဲတဲ့နေးလက်ျာရဲ့ ဖုံးကွယ်ထားတဲ့ပုံစံတစ်ခု ဖြစ်ပေလိမ့်မည်။
Ring... Ring... Ring
လျှန့်ဖုန်းဝင်လာတာကြောင့် ခေါ်ဆိုသူကို ကြည့်လိုက်တော့ ဒယ်ဒီဖြစ်နေသည်။
" ကဲ... နေးလက်ျာ... ကိုယ်တို့ ဥက္ကဌကြီးဆီ သွားတွေ့ရတော့မယ်ထင်တယ် "
>>>>>>>>>>
" လာ... သားဘုံရော မောင်လက်ျာရော ထိုင်ပါဦး "
ဒယ်ဒီက လျှန် လာမယ်ဆိုတာကို ကြိုသိနေလောက်မှာ ဖြစ်သလို လျှန်ကလည်း ဒယ်ဒီဘာအကြောင်းကြောင့် ခေါ်တယ်ဆိုတာကို ခန့်မှန်းမိပါသည်။ ဒယ်ဒီက ရုံးခန်းအတွင်းက ဧည့်ခန်းစားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေပြီး လျှန်နဲ့ နေးလက်ျာက စားပွဲတစ်ဖက်တစ်ချက်စီမှာ ထိုင်သည်။
" သားဘုံ... ဘာတွေလုပ်နေတာလဲ "
" ဒယ်ဒီ Local Investment အကြောင်းကို မေးတာဆိုရင်တော့ ကိုယ့်မှာအဖြေရှိပါတယ် "
လျှန့်စကားကြားတော့ ဒယ်ဒီသာမက နေးလက်ျာကပါ လျှန့်အဖြေကို စိတ်ဝင်စားနေပုံရသည်။ လျှန့်အရှေ့က မျက်ဝန်းကြည်တောက်တောက်လေးကြောင့် တစ်ချက်ပြုံးလိုက်ပြီး ဒယ်ဒီ့လက်ထဲ file တစ်ခုဖွင့်ထားတဲ့ ipad ကို ထည့်ပေးလိုက်သည်။
" သားဘုံ မှန်းထားသလို ဖြစ်လာနိုင်ပါ့မလား "
ဒယ်ဒီက သူ့ရဲ့စီးပွားရေးအကြံပြုချက်ကို ဖတ်ပြီးမေးလာသည်။ ipad ကို နေးလက်ျာလက်ထဲထည့်ပေးပြီး အကြံပြုချက်ဖတ်စေသည်။
" ကိုယ့်အစီအစဉ်က ကိုယ်တို့အတွက် အရှုံးမရှိဘူးလို့ထင်တာပဲ... ငွေကြေးအမြတ်မရရင်တောင် တခြားအမြတ်တွေရလာနိုင်မယ်လို့ ကိုယ် ယုံကြည်တယ်... "
" မောင်လက်ျာကရော... ဒုဥက္ကဌရဲ့ အစီအစဉ်ကို ဘာသုံးသပ်ချက်ပေးချင်လဲ "
" ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အကျိုးတူပူးပေါင်းမှုမလုပ်ခင် လုပ်ငန်းအနေအထားနဲ့ သဘောတရားကို အရင်လေ့လာဖို့လိုမယ်လို့ထင်ပါတယ်... လုပ်ငန်းခွင်အနေအထားက မျှော်မှန်းထားတဲ့အတိုင်းအတာရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် အဆင်ပြေတယ်ဆိုရင် ဒုဥက္ကဌရဲ့စီမံကိန်းတင်ပြချက်က တကယ်ကိုအကောင်းဆုံးဖြစ်လာမှာ "
" ဒါဆိုလည်း ကိုယ်တို့ ကိုယ်တိုင်ကိုယ်ကျ သွားလေ့လာကြတာပေါ့... ဒယ်ဒီ ကိုယ်တို့ကို ခွင့်ပြုမှာလား "
" သားဘုံဘက်က ဒယ်ဒီ့ကို စိတ်မပျက်ရပါစေနဲ့ ... မောင်လက်ျာလည်း ဒုဥက္ကဌကို ဂရုစိုက်ပေးပါ... ဒါက အဖေတစ်ယောက်အနေနဲ့ တောင်းဆိုတဲ့စကားပါ "
ဒယ်ဒီက သူ့တင်ပြချက်ကို ၇၀ ရာခိုင်နှုန်းလောက်ပဲ ယုံကြည်မှုရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းက နေးလက်ျာရဲ့ သုံးသပ်ချက်ကနေ ရလာတဲ့ရလာဒ်ဖြစ်နေသည်မို့ နေးလက်ျာအပေါ်ထားတဲ့ ဒယ်ဒီရဲ့သဘောထားကိုလည်း လျှန် အကဲခတ်မိသည်။
" ဟုတ်ကဲ့... ဥက္ကဌကြီး စိတ်မပျက်ရအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် "
နေးလက်ျာရဲ့ အဖြေစကားက လျှန့်ကို အတွေးမလွန်ဖို့ တားမြစ်ထားပြီးသားဖြစ်နေသည်မို့ လျှန်စိတ်ထဲ ကြိတ်ရယ်မိသည်။ ဒယ်ဒီနဲ့တွေ့ပြီး လျှန်တို့နှစ်ယောက် ရုံးခန်းဆီပြန်လာပြီး ခရီးစဉ်အတွက် တိုင်ပင်နေတုန်း
" နေးလက်ျာ... မင်း ဖုန်းလာနေတာ တော်တော်ကြာပြီ... "
" ဟင်... "
တကယ်ဆို ဒယ်ဒီ့ရုံးခန်းမှာကတည်းကဆက်တိုက်ဖုန်းလာနေတာဖြစ်သည်။ အသံပိတ်ထားပြီး စီမံချက်ကို အာရုံစိုက်နေတဲ့ နေးလက်ျာက သတိမထားမိပေမယ့် မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး နေးလက်ျာကို အမြဲအရိပ်တကြည့်ကြည့်, ကြည့်နေမိတဲ့သူကတော့ ဖုန်းခေါ်ဆိုသူကိုပါ ဂရုပြုမိသွားသည်။
" ကိုင်လိုက်လေ... အရေးကြီးလို့ ထင်တယ် "
" အရေးမကြီးပါဘူး... မကိုင်လည်းဖြစ်တဲ့ဖုန်းပါ... "
လျှန့်ကိုပြောပြီး ဖုန်းစက်ပိတ်လိုက်တဲ့ နေးလက်ျာကြောင့် လျှန့်နှုတ်ခမ်းထက်မှာ အပြုံးတို့က ပီပီပြင်ပြင်ဖြစ်ထွန်းသွားသည်။ နေးလက်ျာကတော့ သတိမထားမိလိုက်။
" ကျွန်တော် ခရီးစဉ်အတွက် တစ်ဖက်ကုမ္ပဏီနဲ့ ဆက်သွယ်ပြီးရင် final plan ဆွဲလိုက်ပါမယ်... ဒုဥက္ကဌ တခြားညွှန်ကြားချင်တာများ ရှိသေးလားမသိ "
" မရှိတော့ပါဘူး "
" ဟုတ်ကဲ့... ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး "
သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့အပြာရောင်ဒေစီပန်းလေးက သူ့အပိုင်ပဲဖြစ်ရမည်။
>>>>>>>>>>
ဆက်ရန်
Yellowish_One 💛
(၅-၂-၂၀၂၃)