ခိုင်မာနှောင်ကြိုး အပိုင်း ၂၇
"ဟဲလို....အမိန့်ရှိပါရှင့်။"
"အခု ပြောနေတာ ဘယ်သူလဲ။"
"ကျွန်မ Reception ကပါရှင့်။"
"အခု ဖုန်းက ဒေါက်တာမြူအေးသွင် ဖုန်း မဟုတ်လား။"
"ဟုတ်ပါတယ် ဆရာ့ဖုန်းပါရှင့်။'
"ဒေါက်တာက ဘယ်ရောက်နေလို့ နင်က ဒေါက်တာ့ဖုန်းကို ကိုင်ရတာလဲ။"
"ဟို...ဟို ဆရာက ခွဲခန်းဝင်နေလို့ပါ။"
"ဒေါက်တာ ခွဲခန်းဝင်နေတာနဲ့ ဒေါက်တာ့ဖုန်းကို လက်လွတ်စပယ် ကိုင်ရလား။နင် လူသစ်လား။နင့်နာမည် ဘယ်လိုခေါ်လဲ။နင် ငါ့ကို မသိဘူးလား။"
"ဟို..ဟို..ကျွန်မ..ကျွန်မ.."
"ဘယ်သူဖုန်းဆက်တာလဲ။"
"ဟို ...ဆရာ ..ဆရာ့ဖုန်းကို ကိုင်လိုက်မိတဲ့ အတွက် တောင်းပန်ပါတယ်။အရေးကြီးတဲ့ ဖုန်းထင်လို့ ကိုင်လိုက်မိတာပါ ဆရာ။"
"ရပါတယ်။အိမ်က အရေးကြီး ဖုန်းဆက်မှာစိုးလို့ ဆရာ ကိုင်ခိုင်းခဲ့တာပဲ။"
"ဟုတ်ကဲ့ ဆရာ။"
ကောင်မလေး ကမ်းပေးသော ဖုန်းကို ယူပြီး နားထောင်လိုက်တော့ တဖက်လူက စိမ်း ဖြစ်နေသည့်အတွက် သူ သက်ပြင်းချမိလေသည်။
"ဘာကိစ္စကြောင့် ကိုယ့်ရဲ့ဖုန်းကို အခြားလူ ပေးကိုင်ရတာလဲ အေး။ဖုန်းဆိုတာ အရေးကြီးတဲ့ အရာအားလုံး ထည့်သွင်းထားတဲ့ နေရာ မဟုတ်လား။"
"ကျွန်တော့် ဖုန်းထဲမှာ ဘာမှ သိပ်မရှိပါဘူး။သူလည်း ကျွန်တော် က ဖုန်းကိုင်ခိုင်းခဲ့လို့ ကိုင်တာပါ။ညက အဘွား သိပ်နေမကောင်းဘူး။ ညက အဘွားကို စောင့်ကြည့်ပေးနေရမှာကို ဒီမနက် ဂျူတီရှိလို့ ထွက်လာခဲ့ရတာ စိတ်က မဖြောင့်ဖြစ်နေလို့လေ။ခွဲခန်းဝင်ရတော့ ဖုန်းကို Reception အပ်ထားခဲ့ပြီး ဖုန်းလာရင် ကိုင်ထားဖို့ မှာခဲ့ရတာ။"
"ဘာပဲဖြစ်ဖြစ် အေး ဖုန်းကို လက်လွတ်စပယ် သူများကို ကိုင်ခိုင်းတာတော့ စိမ်း မကြိုက်ဘူး အေး။နောက်အဲ့လို မလုပ်ပါနဲ့။"
သူ့အပေါ် လွှမ်းမိုးလွန်နေသူ စိမ်း ကို တခါတလေ သူစိတ်ပျက်လွန်းသည်။သူ့စိတ်က ကြည်နေတာ မဟုတ်။အဘွား ကို စိတ်ပူတာက တကြောင်း၊ ခွဲခန်းဝင်ထားရလို့ ပင်ပန်းနေတာက တကြောင်းနှင့် သူ ဘာမဟုတ်တာကို ရေးကြီးခွင်ကျယ် လုပ်ပြောနေသော စိမ်း ကို သိပ်ပြီး စိတ်မရှည်ချင်။ဒါပေမဲ့လည်း သူ့၏ အမျက်ကိုတော့ အပြင်မထွက်အောင် နေလိုက်သည်။
"စိမ်း ကျွန်တော့်ဆီ ဘာကိစ္စ ဖုန်းဆက်တာလဲ။"
"မနက်က စက်ရုံမှာ ဝန်ထမ်းတယောက် accident ဖြစ်တယ်။"
"ဟင်..ဟုတ်လား။ဘာဖြစ်သွားသေးလဲ။"
"လက်ကို ထိသွားတယ်။နီးစပ်ရာ ဆေးရုံကို ပို့လိုက်တယ်။ဒဏ်ရာက နည်းနည်းတော့ နက်တယ်။အခု ဆေးခန်းပြပြီး မြတ်မောင် ကို အိမ်ပြန်လိုက်ပို့ခိုင်းလိုက်တယ်။"
"ဖြစ်ရလေ။ဂျူတီ ပြီးရင် စက်ရုံကို ကျွန်တော် လာခဲ့ပါ့မယ်။စိမ်း ကော စက်ရုံမှာ ရှိနေဦးမလား။"
"စိမ်း အခု ပြန်လာခဲ့ပြီ အေး။ဆိုင်မှာ လက်ဝတ်ရတနာ တဆင်စာ ဒီဇိုင်းအသစ် ထွက်မှာမလို့လေ။စိမ်း ရှိမှ ဖြစ်မှာ။"
"အိုကေလေ စိမ်း။"
စိမ်းနှင့် ဖုန်းပြောပြီးသွားတော့ စောနက ဖုန်းကိုင်သည့် ကောင်မလေးကို စိမ်း၏ မောက်မာမှုကို ဆောရီးဟု ဆိုရလေသည်။စိမ်း၏ မောက်မာမှုတွေ သူ့အသိုင်းအဝိုင်းမှာ ရှိနေသည့် လူတွေကို လိုက်ရှင်းရပေါင်းလည်း မနည်းတော့ ။ဘယ်လိုပဲ နားဝင်အောင် ပြောပြ၊ပြောပြ မရပေ။မျက်နှာပျက်ရပေါင်းလည်း များနေပြီ ဖြစ်သည့် အတွက် တခါတလေ စိမ်း ကို စိတ်ပျက်မိလေသည်။
ခွဲစိတ်ခန်း ဝတ်စုံပေါ်မှာ ဂျူတီကုတ်ကို ထပ်ဝတ်လိုက်ပြီး ပုံမှန်ဆို အဝတ်လဲပေမယ့် ခဏနေရင် ဂျူတီချိန် ပြီးပြီ ဆိုတော့ တခါထဲ အဝတ်လဲပြီး သွားရမည်။
"ဆရာ ဘာစားပြီးပြီလဲ။"
"breakfast ပဲ စားရသေးတယ်။"
"ဟယ်...အခုတောင် သုံးနာရီ ထိုးနေပြီ ဆရာရယ်။ဆာနေရောပေါ့။ဘာစားမလဲ။စားသောက်တန်း ကနေ ဘာမှာပေးရမလဲ။"
"နေပါစေတော့။ခဏနေ ဂျူတီ ထွက်တော့မှာ။အပြင်မှာပဲ စားလိုက်တော့မယ်။"
"အစားအသောက်တော့ ဂရုစိုက်ပါ ဆရာရယ်။အစာအိမ်ရောဂါ ဖြစ်နေပါ့မယ်။"
သူ့အကြောင်း သိနေသူ ဆရာမလေးတွေကလည်း ဝိုင်းပြောကြသည်။အလုပ်မအားတဲ့အချိန်ဆိုရင် တခါတလေ ညမိုးချုပ်မှ မနက်စာ စားဖြစ်သည့် အချိန်တွေတောင် ရှိသေးသည်။ဒါတွေဟာ နေ့စဉ်ကြုံနေရသည့်အတွက် သူ့အတွက် မဆန်းတော့ပါ။အခုလည်း ဂျူတီထွက်ပြီးရင် စက်ရုံကို ပြေးရဦးမည်။စိမ်း သည် သူ့စက်ရုံမှာ မန်နေဂျာအဖြစ် တာဝန်ယူထားသည်မှာ တလလောက်ပင် ရှိသေးသည်။ ပုံမှန်ဆို စိမ်း က သူ့အလုပ်တွေကို ပါဝင်လေ့ရှိသူ မဟုတ်။စိမ်းမှာ ရွှေနှင့် ကျောက်မျက်ရတနာဆိုင် အပြင် လက်ဝတ်ရတနာ အချောထည် သီးသန့်ရောင်းသည့် ဆိုင်လည်း ရှိသည်။ဒါ့အပြင် အလှကုန်ပဲ သီးသန့်ရောင်းသည့် ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါသေးသည်။စိမ်း၏ မိဘတွေက ကျောက်မျက်ရတနာ ကုန်သည်တွေ ဖြစ်သည်။ကျောက်မျက်ရတနာ လောကမှ စိမ်း မိဘတွေကို မသိသူမှာ ခပ်ရှားရှားပါ။ အစကတော့ သူ့စီးပွားရေးတွေကို စိမ်း က စိတ်ဝင်စားမှု မရှိပေ။လွန်ခဲ့သည် တလကျော်လောက်က စိမ်း သူ့စက်ရုံကို လိုက်လာပြီး လုပ်ငန်း ကို စိတ်ဝင်စားသည်ဟု ဆိုကာ ရှယ်ယာဝင် အဖြစ် ပါဝင်လာပြီး စက်ရုံမှာလည်း အလုပ်လုပ်ဖို့ ခွင့်တောင်းလာသည်။ရာထူးသာ ယူထားတာ စက်ရုံကို တခါတရံမှ ရောက်ခြင်း ဖြစ်သည်။မန်နေဂျာလို့သာ ပြောပေမယ့် စက်ရုံကို လာသည်တော့ မဟုတ်။သူ စိတ်ကူး ပေါက်မှ ရောက်လာသူ ဖြစ်သည်။ဒီနေ့တော့ စိမ်း စိတ်ကူးပေါက်လို့ သွားရင်းနဲ့မှ စက်ရုံကို ရောက်သွားပုံ ရသည်။စက်ရုံမှာ မတော်တဆ ဖြစ်တာနှင့် ကြုံတွေ့ရတော့ စိမ်း လည်း အနည်းငယ်တော့ လန့်သွားမှာပါ။
"ဟဲလို"
"ဆရာ..ကိုဇော်လတ် စက်နဲ့ မတော်တဆ ဖြစ်လို့။"
"အင်း...စောနက စိမ်း ဖုန်းဆက်တယ်။"
"ကျွန်တော်လည်း ဆရာ့ကို ဆက်မလို့ပဲ။ဆရာ ဆေးရုံမှာ ဂျူတီချိန် ဖြစ်နေမှာစိုးလို့ ကျွန်တော် မဆက်ပါ။"
"အင်း...ဟုတ်တယ်။စောနက ခွဲခန်းဝင်နေရလို့။"
"ဟာ..ဆရာ ဂျူတီမထွက်ရသေးဘူးလား။ဖုန်းဆက်မိတာ အားနာလိုက်တာ ဆရာရယ်။"
"ရပါတယ်။ခဏနေ ဂျူတီထွက်တော့မှာ။စက်ရုံကို လာခဲ့မယ်။ပြီးရင် ကိုဇော်လတ်အိမ်ကို သွားကြတာပေါ့။"
"ဟုတ်ကဲ့ ဆရာ။ဆရာ ဘာများမှာကြားချင်သေးလဲ ဆရာ။"
"စက်ရုံကို ဂရုစိုက်ထားလိုက်ပါ မြတ်မောင်။ ခဏနေလာခဲ့မယ်။"
"ဟုတ်ကဲ့ ဆရာ။"
မြတ်မောင် ကတော့ သူ၏ မန်နေဂျာ ဖြစ်သည်။လုပ်ငန်းခွင်မှာ အားကိုးရသော မန်နေဂျာလည်း ဖြစ်သည်။ သူ စိတ်ချယုံကြည်ရဆုံး လူယုံတယောက် ဆိုလည်း မမှားပေ။သူ စက်ရုံကို စပြီး တည်ထောင် ကတည်းက သူနှင့်အတူ လက်တွဲလုပ်ကိုင်လာသူလည်း ဖြစ်သည်။ဆရာဝန်အလုပ်ကော၊ စက်ရုံအလုပ်ပါ နှစ်ခုပြိုင်ပြီး လုပ်နိုင်ခြင်းသည် သူ၏ လုပ်ဖော်ကိုင်ဖက်များ သူ့အပေါ် ကောင်းမွန်သောကြောင့် ဖြစ်သည်။သူသည် ဆရာဝန် အလုပ်အပြင် အဝတ်အစား ချုပ်တာကိုလည်း အတော်လေးပင် ဝါသနာထုံသည်။ ဒါဟာ အမေ့ကြောင့်လည်း ဖြစ်မည် ထင်သည်။ဆရာဝန် ဖြစ်ခဲ့ရတာလည်း အမေ့ကြောင့် ဖြစ်သလို အဝတ်အစား ချုပ်တာ ဝါသနာ ပါခြင်းဟာလည်း အမေ အဝတ်ချုပ်တာကို ကြည့်ရင်း ဝါသနာပါသွားခြင်းပင် ဖြစ်သည်။အဘွားတို့က မန္တလေး ဇာတိ ဖြစ်သည်။ရက်ကန်းစက်တွေလည်း အများကြီး ပိုင်လေသည်။အခုတော့ အဘွားလည်း ရက်ကန်းမလုပ်နိုင်တော့။ အမေလည်း မရှိတော့သည့်အတွက် အဘွား၏ညီမ ဘွားလေးနှင့် သားသမီးတွေက ဦးစီးလုပ်ကိုင်လေသည်။အဘွားတို့ မောင်နှမတွေ အမွေခွဲကြတော့ အဘွားက ရက်ကန်းစက် သုံးခုနှင့် အိမ်နှင့်ခြံတလုံးရလေသည်။ အဘွားလည်း မန္တလေးမှာ မနေနိုင်သည့်အတွက် ရက်ကန်းစက်နှင့် အိမ်ကို ပြန်ရောင်းလေသည်။အဘွားအိမ်ကို ဘွားလေး၏သား သူ၏ဦးလေးမှ ပြန်ဝယ်လိုက်သည်။ ရက်ကန်းစက် တွေကိုတော့ ဘွားလေးက ပြန်လည်ဝယ်ယူလိုက်ခြင်း ဖြစ်သည်။မန္တလေးမှာ အမေ အပျိုဘဝကတည်းက တည်ထောင်ခဲ့သည့် အထည်ချုပ် စက်ရုံအသေးလေး ရှိလေသည်။အမေ အိမ်ထောင်ကျသွားတော့ မန္တလေးနှင့်ရန်ကုန် ကူးချည်သန်းချည် လုပ်နေသည့် အမေ့ကို ကြာလာတော့ အဖေက အပြစ်မြင်လာသည်။အိမ်ထောင်ရေး ထိခိုက်မည် စိုးသောကြောင့် အမေက အလျော့ပေးသည့် အနေဖြင့် မန္တလေးသို့ မသွားတော့ဘဲ ရန်ကုန်ကနေသာ ညွှန်ကြား ဆောင်ရွက်လေသည်။သူ့ကို မွေးပြီးတော့ အိမ်ထောင့်တာဝန်ကော၊ သားကိစ္စကောကြောင့် စက်ရုံကို ဦးစီးမလုပ်ကိုင် နိုင်တော့သည့် အတွက် အခြားလူကို လက်လွှဲရောင်းချ လိုက်ရခြင်းပင် ဖြစ်လေသည်။သူ အနည်းငယ် အရွယ်ရောက်လာတော့ အမေက အလုပ်ပြန်လုပ်ဖို့ အဖေ့ဆီက ခွင့်တောင်းလေသည်။အဖေက လုပ်ငန်းပြန်လုပ်ခွင့် မပေးသည့် အတွက်ကြောင့် ပညာတွေ အလကား မဖြစ်အောင် အိမ်မှာပဲ စက်ချုပ်သင်တန်း ဖွင့်လေသည်။အထည်ချုပ်သူ အမေ၊ သင်တန်းသူ အဒေါ်၊အမတွေ ကြားထဲမှာ ကြီးပြင်းခဲ့ရသူ သူကလည်း အဝတ်အစား ချုပ်ခြင်းကို စိတ်ဝင်စားလာသည် ဆိုတာ မဆန်းပေ။ အမေတို့ အဝတ်အစား ချုပ်တာကို ကြည့်ရင်း အမေ မသိအောင် စက်ပေါ်တက်လေသည်။အမေ သိသွားတော့ အမေက သူ့ကို ဆူလေသည်။ အမေ ဆူသည့် ကြားကပင် အမေကို အထည်ချုပ်တာ သေချာ သင်ကြားပေးဖို့ တောင်းဆိုလေသည်။အမေက အပေးအယူ တခုလုပ်သည်။ ဆယ်တန်းအောင်လို့ ဆေးကျောင်းအမှတ်မှီရင် သေချာသင်ကြားပေးမည်ဟု ဆိုလေသည်။သူ ဆယ်တန်းအောင်တော့ ဆေးကျောင်း အမှတ်ဝင်ပြီး ဆရာဝန် ဖြစ်ဖို့ ကြိုးစားရသည်။အမေကလည်း သူ့ကတိအတိုင်း အထည်ချုပ်တာကို သေချာသင်ကြားပေးပါသည်။ ဆေးကျောင်းတဖက်နှင့် တနေ့တနာရီလောက်ကို အထည်ချုပ်ဖို့ အချိန်ပေးသည်။အခြေခံလည်း ရှိထားသောကြောင့် သုံး၊လေးလ အတွင်းမှာပဲ သူ အတော်လေးကို တတ်မြောက်လာပါသည်။သူ ဆေးကျောင်း ဒုတိယနှစ်မှာပဲ အမေက ကင်ဆာရောဂါနှင့် ဆုံးပါး သွားလေသည်။သူ့အတွက် ကမ္ဘာပျက်သလိုပါပဲလေ။ကျောင်းဆက်တက်ချင်စိတ် မရှိအောင် စိတ်ဓာတ်တွေ ကျလေသည်။အမေ ဆုံးပြီး သိပ်မကြာခင်မှာပဲ အဖေက နောက်အိမ်ထောင် ပြုလိုက်တော့ သူ့မှာ စိတ်ဓာတ်ပိုကျလေသည်။အဘွားကြောင့်သာ သူ့စိတ်ဓာတ်တွေ ပြန်တက်လာပြီး ကျောင်းစာကို စိတ်ပြန်နှစ်လိုက်ခြင်းပင် ဖြစ်သည်။
အဖေ၏ နောက်အိမ်ထောင်နှင့် ရသော ကလေးကလည်း အတော်လည်း ကြီးလာလေသည်။အဖေ၏ နောက်အိမ်ထောင်မှ ပါသော အကိုနှစ်ယောက်ကတော့ စပြီး အိမ်ပေါ်တက် လာကတည်းက သူ့ကို မကြည်ဖြူတာ ဖြစ်သည်။သူက ဆေးကျောင်းတက်နေချိန် သူ၏ အကိုနှစ်ယောက်က ဆယ်တန်းမှာ နှစ်ကြာကြာ အရိုးထုတ်ကြသည်။အဖေက သူနှင့် ယှဉ်ပြီး အကိုနှစ်ယောက်ကို ဆုံးမလေ့ရှိသောကြောင့် စာတော်သူ သူ့ကို အကိုနှစ်ယောက်က အညှိုးထားလေသည်။သူ့ကြောင့် အဖေက ဆူသည်ဟု ဆိုကာ မျက်မုန်းကျိုးကြသည်။အဖေ ဆူလို့ စာကိုတော့ ကြိုးစားဖို့ မစဉ်းစားကြ။အကိုနှစ်ယောက်၏ ငြူစူမှုတွေ ကြားထဲကပဲ သူ ဆေးကျောင်းပြီးလေသည်။ဆေးရုံမှာ နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်သည်။နှစ်အနည်းငယ်အကြာမှာတော့ သူ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သည်။နှစ်အနည်းငယ် အကြာ နေထိုင်ပြီး အဘွား နေထိုင်မကောင်းဖြစ်သောကြောင့် သူအိမ်သို့ ပြန်လာခဲ့သည်။အိမ်ပြန်လာပြီး သိပ်မကြာခင်မှာပဲ သူ မတော်တဆ ဖြစ်လေသည်။သူပြန်သတိရလာချိန်မှာတော့ ဆေးရုံပေါ်မှာ ဖြစ်သည်။လပေါင်းများစွာ ဆေးရုံမှာ နေခဲ့ရသည်ထင်သည်။ သူ နိုးလာသည့် အချိန်မှာ လအချိန်တွေ အများကြီး ဖြတ်သန်းသွားရသည်ကို သိရသည်။ဆေးရုံပေါ်မှ အဖြစ်အပျက်တွေကိုတော့ အိမ်ကလူတွေ ဘယ်သူမှ မပြောပေ။သူ့အသိစိတ်ထဲမှာ ရှိနေတာက ဆေးရုံမှာ မေ့မျောနေပြီး လပေါင်းများစွာ ကြာသွားပင် ဖြစ်သည်။
***********
မြတ်မောင်နှင့်အတူ ကိုဇော်လတ် အိမ်ကို သွားခဲ့သည်။ သူ၏ ဝန်ထမ်းဆိုပေမယ့် အိမ်တော့ သူတခါမှ မရောက်ဖူးပေ။ရပ်ကွက်လေး ကတော့ အေးချမ်းလှသည်။ကန်ထရိုက်တိုက်အချို့လည်း ရှိသလို လုံးချင်းသစ်သားအိမ်လေးတွေလည်း ရှိသည်။နှစ်ထပ်တိုက်၊ တထပ်တိုက် အိမ်လေးတွေလည်း ရှိသည်။ကားကိုတော့ သူကိုယ်တိုင်ပဲ မောင်းလာလိုက်သည်။မြတ်မောင် ကတော့ ကိုဇော်လတ် အိမ်ကို ရောက်ဖူးသည့်အတွက် သူပဲ လမ်းပြလေသည်။
"ရှေ့လမ်းထဲကို ဝင်လိုက် ဆရာ။"
မြတ်မောင် ညွှန်ပြသည့် အတိုင်း လမ်းကျဉ်းလေးတခုကို ဝင်လိုက်သည်။လမ်းကျဉ်းဆိုပေမယ့် မြေနီလမ်းတော့ မဟုတ်။ကားနှစ်စီးတော့ ဝင်လို့ ရလောက်သည့် လမ်းဖြစ်သည်။လမ်းမှာလည်း ကလေးတွေ ဆော့နေတာကို တွေ့ရလေသည်။
"ဟိုရှေ့က အိမ်ပဲ ဆရာ။"
မြတ်မောင် ညွှန်ပြသည့် အိမ်ရှေ့မှာ ကားကို ရပ်လိုက်သည်။ကားရပ်လိုက်သည်နှင့် မြတ်မောင် က ဆင်းသွားလေသည်။
"ကိုဇော်လတ်ရေ..ကိုဇော်လတ်။"
မြတ်မောင် က ခြံဝကနေ အော်ခေါ်နေသည်။ခြံတံခါးကလည်း သစ်သားချောင်း ခပ်ကျဲကျဲလေးနှင့် ပြုလုပ်ထားပြီး အပြာရောင် ဆေးခြယ်ထားလေသည်။ဆေးရောင်ကတော့ တောက်တောက်ပြောင်ပြောင် မဟုတ်ဘဲ ဆေးတွေပြယ်တဲ့နေရာက ပြယ်နေပါပြီ။
"ဟေ့...ဘယ်သူလဲကွ။"
"ကျွန်တော် မြတ်မောင် ပါ။ဆရာလည်း ပါလာတယ်..ကိုဇော်လတ်။"
"ဟေ..ဟုတ်လား။အေး..လာပြီဟေ့။"
အသံနှင့်အတူ အိမ်ထဲကနေ ကိုဇော်လတ် ထွက်လာတာကို မြင်ရလေသည်။လက်မှာလည်း ပတ်တီးအဖွေးသားနှင့်ပါ။
"ဆရာပါ လိုက်လာတာလား။"
"ကိုဇော်လတ် သက်သာရဲ့လား။ဘာများလိုအပ်လဲ ဘာလုပ်ပေးရမလဲ လိုအပ်တာ လာကြည့်တာပါ။"
"ကျွန်တော် သက်သာနေပါပြီ ဆရာရယ်။လာ..ဆရာ အိမ်ပေါ်တက်။မြတ်မောင် လည်း လာ အိမ်ပေါ်တက်။"
ကိုဇော်လတ်က ဦးဆောင်ပြီး အိမ်ထဲသို့ သွားသည်။ကိုဇော်လတ်တို့ အိမ်ကတော့ ခြံနှင့်ဝန်းနှင့် သစ်သားအိမ်ကလေးပင် ဖြစ်သည်။ ခြံထိပ်ကနေ အိမ်ထဲအသွား လမ်းမှာတော့ အုတ်နီခဲလေးတွေကို အစီအရီစီထားသော လမ်းလေး ဖြစ်သည်။ခြံဝန်းနှင့် သစ်သားအိမ်ကလေးကို ဝေ့ဝိုက်ကြည့်ရင်း ရင်းနှီးသလို ခံစားရလေသည်။နှာခေါင်းထဲတွင် ရလိုက်သည့် ပန်းရနံ့။သူ့ခြေလှမ်းတွေ ရပ်တန့်မိသွားသည်။ရနံ့ကို သေချာရှူရှိုက်ကြည့်တော့မှ ဒါ စပယ်ပန်း ရနံ့ပဲ။စပယ်ပန်းရနံ့ကို သူမရှုရှိုက်မိအောင် ကြိုးစားနေရတာ ကြာပြီ။ accident ဖြစ်ပြီး ပြန်သတိရလာပြီး ကတည်းက ဆိုပါတော့။စပယ်ပန်းရနံ့ ရလိုက်တာနှင့် သူ့နှလုံးက အောင့်တက်လာသလို အသက်ရှုမဝသလိုလည်း ခံစားရလေသည်။အခုလည်း အဲ့လိုပဲ။
"ဆရာ..ဆရာ ဘာဖြစ်လို့လဲ။"
မြင်သွားသူ မြတ်မောင် က မေးခြင်းပင် ဖြစ်လေသည်။
"ရတယ် မြတ်မောင်။"
"ဆရာ ဘာများဖြစ်လို့လဲ ဆရာ။"
ကိုဇော်လတ် ကလည်း ရှေ့ကနေ သွားနေရင်း နောက်ပြန်လှည့်ကာ မေးလေသည်။
"ရတယ်။ဘာမှမဖြစ်ပါဘူး။ကိုဇော်လတ်တို့ အိမ်မှာ စပယ်ပန်းပင် စိုက်ထားတာလား။"
"ဟုတ်တယ်။ဟိုမှာလေ ဆရာ။"
ခြံထောင့်မှာ ရှိနေသော စပယ်ရုံကို လက်ညှိုးထိုးပြလေသည်။ပွင့်နေသော စပယ်ပန်းတွေဟာ ဖွေးဖွေးလှုပ်။
"ဟာ..စပယ်ပန်းပင်ပဲ။ဆရာက စပယ်ပန်းရနံ့ကို ရှုလို့ မရဘူး ကိုဇော်လတ်ရဲ့။"
သူ့အကြောင်း သိသူ မြတ်မောင် က ပြောလေသည်။
"ဟာ....ဟုတ်လား။အားနာလိုက်တာဗျာ။လာ...ဆရာ အိမ်ပေါ်မြန်မြန်တက်။"
ကိုဇော်လတ်၏ ရှေ့က အမြန်ဦးဆောင်မှုကြောင့် အိမ်ထဲသို့ ရောက်ခဲ့သည်။အိမ်ထဲကို လှည့်ပတ်ကြည့်ရင်း သူနှင့် ရင်းနှီးသလို ခံစားနေရသည်။မှိတ်လိုက်ဖွင့်လိုက် မီးလုံးတွေနှင့် မီးပူဇော်ထားသည့် ဘုရားစင်ကို အိမ်အဝင် ခေါင်းရင်းဘက်မှာတင် မြင်ရလေသည်။ ကော်ဇောခင်းထားတာမျိုး မဟုတ်ဘဲ သစ်သားကြမ်းခင်း ဖြစ်သည်။ပြောင်လက်နေပုံ အရ ကြမ်းခင်းကို သေချာတိုက်ထားပုံ ရသည်။အခန်းထောင့်မှာ စာအုပ်စင်လေးနှင့် စက်ချုပ်စက်လေးကို သူတွေ့သည်။မြင်လိုက်ရသည့်အတွက် သူ့ရင်ထဲမှာ တမျိုး ခံစားလိုက်ရသည်။ကိုဇော်လတ် က အခန်းထောင့်မှာ ခင်းထားသည့် ဖျာလေးကို ကြမ်းခင်း ပေါ်မှာ ခင်းပေးပြီး သူနှင့်မြတ်မောင် ကို ထိုင်စေပါသည်။
"ကျွန်တော့် အမျိုးသမီးက စက်ချုပ်တယ် ဆရာ။အပ်ထည်လက်ခံတယ်။ရပ်ကွက်ထဲက လူတွေ လာချုပ်ကြပါတယ်။သူ စက်ချုပ်ခ ရတော့ အိမ်စရိတ် ကာမိတာပေါ့ ဆရာရယ်။"
ကြမ်းခင်းပေါ်မှာ ဖျာခင်းထားပြီး ဖျာပေါ်မှာ အဝတ်ညှပ်လက်စတွေ ကို ကြည့်နေသော သူ့ကို သတိထားမိသွားသူ ကိုဇော်လတ် က ပြောခြင်း ဖြစ်သည်။
"အမျိုးသမီးက စက်ချုပ်တတ်တာလား။စက်ရုံမှာ အလုပ်လာလုပ်လဲ ရတာပဲ။"
"အိမ်မှာလည်း ကလေးတွေက ကျောင်းသားတွေ ဆိုတော့ ကလေးတွေရဲ့ ထမင်းချိုင့် ကိစ္စနဲ့ အိမ်မှာ ချက်ရေးပြုတ်ရေးတော့ အချိန်ပြည့်ဝန်ထမ်း လုပ်ဖို့အတွက်ကတော့ အဆင်မပြေဘူး ဆရာ။"
"ကလေးတွေကကော ဘယ်အရွယ် ရောက်နေကြပြီလဲ။"
"အကြီးကောင်က တက္ကသိုလ် တက်နေပြီ ဆရာ။အငယ်ကောင်လေး ကတော့ ဒီနှစ် ရှစ်တန်း တက်ရပြီ။"
"ဪ...ကလေးတွေ အတော်ကြီးနေပြီပဲ။"
"ဟုတ်ကဲ့ ဆရာ။ဆရာ ဘာစားခဲ့ပြီးပြီလဲ။ခဏလေး ကျွန်တော် လက်ဖက်သွားသုပ် လိုက်ဦးမယ်။"
"ဟာ...မလုပ်နဲ့။ကျွန်တော်လည်း ခဏနေရင် ပြန်မှာပါ။ကိုဇော်လတ် လက်က သက်သာရဲ့လား။"
"သက်သာပါတယ် ဆရာ။မနက်က ဆေးခန်းလည်း ပြပါတယ်။"
သူ ပါလာသည့် လက်ကိုင်အိတ်ထဲမှ ငွေသားတထပ်ကို ထုတ်လိုက်သည်။ဝယ်လာသည့် လက်ဆောင်ခြင်းနှင့်အတူ ငွေသားကိုပါ ကိုဇော်လတ် လက်ထဲသို့ ပေးလိုက်ပါသည်။ကိုဇော်လတ် က မယူဘူး ငြင်းနေမယ့် သူကော၊ မြတ်မောင်ပါ နားချပြောဆိုမှုကြောင့် နောက်ဆုံးတော့ လက်ခံလိုက်ပါသည်။
"ဆရာက ဆေးဖိုးလည်း အကုန်အကျခံထားတော့ ကျွန်တော် တကယ့်ကို အားနာပါတယ် ဆရာ။"
"အားနာစရာ မလိုပါဘူး။ကျွန်တော်တို့က အလုပ်အတူ လုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက် မိသားစုဝင်တွေပဲ မဟုတ်လား။အခုလို မတော်တဆ ဖြစ်ရလို့ ကျွန်တော်ကတောင် အားနာနေရတာပါ။ကိုဇော်လတ် လိုအပ်တာ ရှိရင် အချိန်မရွေး ပြောပြပါ။ကျွန်တော့်ကို အားနာစရာ မလိုပါဘူး။"
"ဘာမှ မလိုပါဘူး ဆရာရယ်။ဆရာ ပေးတဲ့ လစာရော၊ ဆရာ ဖြည့်ဆည်းပေးတာတွေ အကုန်လုံးက လုံလောက်တာထက်တောင် ကျော်လွန်နေပါပြီ။"
သူတို့ စကားပြောနေချိန်မှာပဲ ကိုဇော်လတ်၏ အမျိုးသမီး က အိမ်သို့ ပြန်ရောက်လာပါသည်။လက်ထဲမှာလည်း ခြင်းတောင်းနှင့်။ဈေးက ပြန်လာပုံရသည်။ကိုဇော်လတ် က သူ့မိန်းမနှင့် မိတ်ဆက်ပေးလေသည်။ ပြာပြာသလဲ ရှိလှသည်။ရှိတဲ့ မုန့်တွေချပြီး ဧည့်ခံတော့ သူ့မှာ အားနာရလေသည်။
"ဒါက ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ လက်ဖက်နှပ်ပါ ဆရာ။ဒါက ငံပြာရည်ကြော်။ဒါက ဒညင်းသီးဆားရေစိမ်။ ဒါက ပုဇွန်ခြောက်ငပိကြော်ပါ ဆရာ။အိမ်မှာက ကလေးတွေ ထမင်းချိုင့် ရှိတော့ ဒီလို အရံဟင်းလေးတွေကို အမြဲကြော်ထားရတယ်။ဒါတွေ ဆရာ့ကို ထည့်ပေးလိုက်ပါ့မယ်။ယူသွားပါနော် ဆရာ။"
ကိုဇော်လတ် အမျိုးသမီးက ဗူးလေးတွေနှင့် ထည့်ထားသည့် ဟင်းလျာတွေကို တခုချင်းစီ ရှင်းပြပြီး သူ့ကို ယူသွားဖို့ ပြောလေသည်။ စေတနာ အပြည့်နဲ့ ပေးနေတာ ဖြစ်သောကြောင့် သူ ဒညင်းသီး မစားကြောင်းကိုလည်း ပြောဖို့ရန် နှုတ်ကမထွက်။
"ဆရာက...."
တခုခု ပြောဖို့ ပြင်နေသော မြတ်မောင် ကို ပခုံးကို အသာပုတ်ကာ တားရလေသည်။သူ့အကြောင်း အကုန်သိနေသော မြတ်မောင် က သူ့အထာကို နပ်ကာ ဘာမှဆက်မပြောတော့။
"အမကြီး ပင်ပင်ပန်းပန်း နဲ့ ချက်ပြုတ်ထားတာတွေ မယူပါရစေနဲ့ဗျာ။အားနာလို့ပါ။"
"ဘာမှ အားမနာပါနဲ့ ဆရာ။ကျွန်မ ယောက်ျားကို လစာကောင်းကောင်းနဲ့ အလုပ်ပေးထား ကတည်းက ကျွန်မတို့က ဆရာ့ကို ကျေးဇူးတင် လှပါပြီ။ဒီပစ္စည်းတွေက ဘာမှ တန်ဖိုးမကြီးလှပါဘူး။ဆရာ့ကို စားစေချင်လို့ပါ။"
သူ့လက်ထဲသို့ ဟင်းဗူးများကို အတင်းထည့်ပေးနေသည်။ကိုဇော်လတ် ကပါ ယူဖို့ အတင်းပြောနေသည့် အတွက်ကြောင့် သူ့မှာ အားနာနာနှင့် လက်ခံလိုက်ရပါသည်။
"ဒါဆို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်ခင်ဗျ။ကိုဇော်လတ် အလုပ် မလာနဲ့ဦးနော်။သက်သက်သာသာနေပြီး ရက်ကြာကြာ အိမ်မှာ နားလိုက်ပါဦး။လိုအပ်တာ ရှိရင် ကျွန်တော့်ကို ဖုန်းဆက်နော်။"
"ဟုတ်ကဲ့ပါ ဆရာ။"
သူနှင့်မြတ်မောင် လည်း ပြန်ဖို့ရန် ထလိုက်သည်။ထိုအချိန်မှာပဲ အိမ်ပေါ်သို့ ကလေးလေး တယောက် တက်လာလေသည်။သူတို့ကို တွေ့တော့ ရယ်ပြသည်။ကျောင်းစိမ်းဝတ်စုံလေး ဝတ်ထားသည်။
"ဒါက အငယ်ကောင်လေးလေ ဆရာ။ကျောင်းက ပြန်လာပြီး အိမ်တန်းမပြန်ဘဲ လမ်းမှာ ဘောလုံးကန်ပြီးမှ အိမ်ပြန်လာတာလေ။"
"ကလေး က အချောလေးပဲ။"
ကလေး၏ ခေါင်းလေးကို အသာကိုင်ကာ ပြုံးပြ နှုတ်ဆက်လိုက်လေသည်။
"ဒါက ဖေဖေတို့ အလုပ်က သူဌေးလေ။"
"မင်္ဂလာပါ ဦးဦးခင်ဗျ။"
"အေး..မင်္ဂလာပါကွယ်။"
"ဟုတ်ကဲ့ မင်္ဂလာပါ ဦးဦး ခင်ဗျ။"
"သားက အသွက်ကလေးပဲ။"
ကလေး ကြည့်ရတာ ချစ်စရာလေးနှင့် သွက်လက်ချက်ချာလှပေသည်။သူ အိတ်ထဲမှ ပိုက်ဆံအနည်းငယ် ထုတ်ယူလိုက်ပြီး ကလေး ကို မုန့်ဖိုးပေးလိုက်ပါသည်။ကလေးက သူပေးသော မုန့်ဖိုးပိုက်ဆံကို မယူဘဲ အဖေကို လှမ်းကြည့်လေသည်။သူ ပေးသော မုန့်ဖိုးကို ယူဖို့ ဖခင်၏ ခွင့်ပြုချက်ကို လှမ်းတောင်းသည့် သဘော ဖြစ်သည်။
"မပေးပါနဲ့ ဆရာရယ်။ဆရာ ပေးတာတွေ များနေပါပြီ။"
"ကျွန်တော် က ကလေး ကို ချစ်လို့ မုန့်ဖိုး ပေးတာပါ။အများကြီးလည်း မဟုတ်ပါဘူး။ကလေး ယူပါစေ ကိုဇော်လတ်ရယ်...နော်။"
သူ ပြောလွန်းက ပြောမှပဲ ကိုဇော်လတ် က မုန့်ဖိုး ယူဖို့ ကလေးကို ခွင့်ပြုလိုက်သည်။အားလုံးကို နှုတ်ဆက်ပြီး သူပြန်လာလိုက်သည်။ အပြန်လမ်းမှာ အိမ်ကလေးကို နောက်ပြန်ကြည့်ရင်း သူတခုခုကို သတိရသလို လွမ်းမောစိတ်လေးတော့ ဖြစ်မိသည်။ ဒီအိမ်ပုံစံလေးကို သူ ဘာ့ကြောင့် ရင်းနှီးနေရသနည်း။
အပြန်လမ်းမှာတော့ နေဝင်ချိန် ဖြစ်လို့နေပါပြီ။မှောင်လွန်းနေသည် မဟုတ်ဘဲ သဘာဝ အလင်းရောင်တော့ ရှိနေသေးသည်။ ပင်ပန်းတာရော၊ သဘာဝ အလင်းရောင် နည်းနေသည့် အတွက် ကားမမောင်းချင်တာကြောင့် အပြန်မှာတော့ ကားကို မြတ်မောင် ကိုပဲ မောင်းခိုင်းလိုက်သည်။ လမ်းမထက်မှာ ဘောလုံးကန်နေသူ၊ ကြက်တောင်ရိုက်နေသူ၊ စကိတ်စီးနေသူ ကလေးတသိုက်ကိုလည်း တွေ့ရလေသည်။
"ကားကို ဂရုစိုက်မောင်း မြတ်မောင်။ကလေးတွေ ဆော့နေကြတာ။"
"ဟုတ်ကဲ့ ဆရာ။"
မြတ်မောင် ကတော့ ဟွန်းတချက် တီးလိုက် ကလေးတွေ ရှောင်သွားမှ မောင်းလိုက်နှင့် ကားကို ခပ်နှေးနှေးသာ မောင်းလေသည်။ လမ်းအဆုံးကျော်သွားတော့ လမ်းမှာ ဆော့နေသော ကလေးတွေ မတွေ့ရတော့သည့် အတွက် ကားကို ပုံမှန်အနေအထား ပြန်မောင်းလေ သည်။မြတ်မောင် က ကားကို ပုံမှန် အတိုင်းလေး ပြန်မောင်းတော့ အလုပ်လုပ်ဖို့ အတွက်သူ၏ MacBook ယူကာ အဖွင့်မှာ
"ဒုန်း"
"ဟာ..."
မြတ်မောင် ၏ အသံလည်း ဆူညံသွားပြီး သူလည်း အရှေ့ကို ယိုင်ထိုးသွားသည်။ပေါင်ပေါ်တင်ထားသော MacBook လည်း အောက်ဘက်သို့ ပြုတ်ကျသွားလေသည်။ Accident ဆိုတာကို အနည်းငယ် ကြောက်ရွံ့တတ်သူ သူလည်း လန့်သွားလေသည်။
"ဆရာ...ရရဲ့လား။"
"ငါက အရေးမကြီးဘူး။လူတိုက်မိသွားတယ် မဟုတ်လား။စက်ဘီးတခြား လူတခြား ဖြစ်သွားပြီ။အမြန်သွားကြည့်။"
ပါးစပ်ကလည်း ပြောရင်းဖြင့် ကားတံခါးကို အမြန်ဖွင့်ကာ လဲကျနေသော စက်ဘီးဆီ ပြေးရသည်။
"အဆင်ပြေရဲ့လား။ဘာဖြစ်သွားသေးလဲ။"
စက်ဘီးတခြားလူတခြားနှင့် နှစ်ယောက်က တယောက်တကွဲစီ။သူက တယောက်ဆီ သွားပြီး သွားထူပေးသည်။မြတ်မောင် က တယောက်ကို သွားထူပေးသည်။
"ရပါတယ်ဗျ။'"
"အကိုက လမ်းကြောင်းအမှန်ပါ။ညီလေးတို့က ကားရှေ့ကို အတင်းဝင်လာတာ အကို ဘရိတ်အုပ်တာ မြန်ပေလို့ ကံသီပြီး ဘာမှ မဖြစ်တာ။"
"မြတ်မောင် ကလေးတွေကို အပြစ်မတင်နေနဲ့လေ။ဘာဖြစ်လဲ သေချာမေးလေ။"
ခပ်လှမ်းလှမ်းမှာ ရှိနေသော မြတ်မောင် ကို လှမ်းဟောက်ရသေးသည်။ မြတ်မောင် ၏ ခန္ဓာကိုယ် ကွယ်နေသောကြောင့် တဖက်က သူကို မမြင်ရပေ။သူ ဆွဲထူပေးနေရသော ကလေးကိုသာ သက်သာရဲ့လား မေးရလေသည်။
"ရပါတယ်။ဘာမှမဖြစ်ပါဘူး။ဟို အကိုကြီး ပြောတာ မှန်ပါတယ်။ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် စရင်း နောက်ရင်းနဲ့ စက်ဘီးစီးလာရင်း ကားရှေ့ကို တည့်တည့်ဝင်တိုးတာပါ။"
"ဘယ်ဟုတ်ပါ့မလဲ။ကျန်းမာရေး စစ်ဆေးရမှာပေါ့။လာ...အကို့ ကားဆီ လိုက်ခဲ့။"
လက်အနည်းငယ် ထိသွားပုံ ရသည့် ကလေးကို ခေါ်ပြီး ကားရှိရာသို့ သွားကာ ကားထဲမှာ ခဏထိုင်စေပြီး မြတ်မောင်ဆီ ပြန်လာရသည်။မြတ်မောင် ကလည်း ကလေးကို ဘာတွေ ပြောနေသည်မသိ။ထိုင်နေရာကနေ အခုထိ မထူပေးသေး။
"မြတ်မောင် ကလေး ကို ခေါ်ခဲ့လေ။ဘာဖြစ်သွားသေးလဲ စစ်ဆေးရအောင်။"
ခေါင်းကိုငုံကာ သူ့ခြေထောက်ကို ကြည့်နေသူ ကလေး နားသွားပြီး အဆင်ပြေရဲ့လား မေးတော့ ထိုင်နေသော ကလေးက သူ့ကို မော့ကြည့်ကာ အံ့ဩသည့် ထိတ်လန့်မှု ဖြစ်ပြီး နောက်သို့ ကိုယ်ကို အနည်းငယ် ဆုတ်သွားသည်။
"ဘာဖြစ်လို့လဲ ကလေး။"
"ကိုကြီး....."
ကလေး၏ နှုတ်ဖျားမှ ခပ်တိုးတိုး ရေရွတ်သံ တခုကို သဲ့သဲ့လေး ကြားလိုက်ရသည်။မကြားတချက် ကြားတချက် ဘာမှန်း ရေရေရာရာ မသိလိုက်ပေမယ့် ကိုကြီး လို့ ခေါ်သံကိုတော့ သူကြားလိုက်ပါသည်။ထိုကလေးကို ကြည့်ရင်း သူ့ရင်ထဲ တမျိုး ခံစားသွားရတာကတော့ ကိုယ်တိုင်ပင် ဝန်ခံမိသွားပါသည်။
16.6.2022
1:30 pm.
***********
ဖတ်ရှုပေးသူ ချစ်မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။လိုအင်ဆန္ဒပြည့်ကြပါစေရှင်။